၂၀၂၅ ဖေဖော်ဝါရီလ ၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ မြန်မာနိုင်ငံရှိ ရေဝပ်ဒေသများ ခြိမ်းခြောက်မှုများကို ပြင်းထန်စွာ ရင်ဆိုင်နေရ
📌 ၂။ ညောင်လေးပင်ခရိုင်တွင် ကရင်ကျန်းမာရေးနှင့် ကူညီကယ်ဆယ်ရေးဌာန (K.D.H.W) မှ ဦးစီးပြီး အပတ်စဉ် (၁၄) အခြေခံ ပြည်သူ့ကျန်းမာရေးလုပ်သား သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်
📌 ၃။ မြန်မာနိုင်ငံ ကျားဖျန့်တစ်ခုမှ အသက် ၃၁ နှစ်အရွယ် ဟောင်ကောင်အမျိုးသမီးတစ်ဦးကို ထိုင်းဘုရင့်တပ်မတော်နှင့် ထိုင်းတော်ဝင်ရဲတပ်ဖွဲ့တို့ ကယ်တင်
📌 ၄။ မန္တလေးမြို့ ၊ မြို့နယ်(၇)မြို့နယ်အတွင်း စစ်မှုထမ်းဥပဒေကြောင့် လူငယ် ၂၃၇ဦး မတရားဖမ်းဆီးခံရ
📌 ၅။ အာဏာသိမ်းသည့် ၄ နှစ်အတွင်း စစ်ကောင်စီကြောင့် ချင်းလူမျိုး ၁,၀၀၀ နီးပါး သေဆုံး
========================
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ဗန်းမော်မြို့တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀ ကျော် လက်နက်ချ
🚩 ၂။ သရက်ချောင်း မြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၇ ဦးသေဆုံး
🚩 ၃။ ကလေးမြို့နယ်၊ တင်သားရွာနှင့် ဒိုးနွယ်ရွာကို အကြမ်းဖက်စစ်တပ်က လေယာဉ်ဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်
🚩 ၄။ KNU နယ်မြေအတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် ကလေး ၃ ဦး အပါအဝင် ၅ ဦး ဒဏ်ရာရ၊ တစ်ဦး သေဆုံး
🚩 ၅။ အာဏာသိမ်း ၄ နှစ်တာ ကာလအတွင်း ကရင်နီ ပြည်နယ်မှာ စစ်ရှောင်ပြည်သူ ၁၇၆ ဦး သေဆုံးခဲ့ကာ အရပ်သား ၅၄၂ ဦးထိ သတ်ဖြတ်ခံခဲ့ရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ မြန်မာနိုင်ငံရှိ ရေဝပ်ဒေသများ ခြိမ်းခြောက်မှုများကို ပြင်းထန်စွာ ရင်ဆိုင်နေရ
ဖေဖော်ဝါရီ ၂
Radio NUG
မြန်မာနိုင်ငံရှိ ရေဝပ်ဒေသများသည် (၁) စိုက်ပျိုးမြေနှင့် ငါး ပုစွန်မွေးမြူရေးကန်များ ချဲ့ထွင်ခြင်း၊ (၂) သစ်တောပြုန်းတီးမှုနှင့် ဒီရေတောများဆုံးရှုံးခြင်း၊ (၃) စက်မှုလက်မှုလုပ်ငန်းနှင့် ညစ်ညမ်းမှုအမျိုးမျိုး၊ (၄) ရာသီဥတုပြောင်းလဲမှု၊ (၅) စနစ်ကျနမှု အားနည်းသော အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း စသည့် အဓိကခြိမ်းခြောက်မှုများကို ပြင်းထန်စွာ ရင်ဆိုင်နေရကြောင်း ဖေဖော်ဝါရီလ ၂ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ရေဝပ်ဒေသများနေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အသိပေးထားပါတယ်။
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် ပြည်သူ့အာဏာကို တရားမဝင် အကြမ်းဖက် အာဏာသိမ်းခံရမှုကြောင့် တနိုင်ငံလုံး မတည်မငြိမ် ဖြစ်ခဲ့ရပြီး ရေဝပ်ဒေသများ ထိန်းသိမ်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အကန့်အသတ်နှင့် စိန်ခေါ်မှုများစွာရှိနေသော်လည်း အနာဂတ်မျိုးဆက် လူသားများအတွက် စုပေါင်းအားဖြင့် မဖြစ်မနေ ကြိုးစားကာကွယ် ထိန်းသိမ်းရမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
ရေဝပ်ဒေသများသည် လူသားတို့၏ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့မှုအတွက် အဓိကကျသော ဝန်ဆောင်မှုများဖြစ်သည့်
- ဇီဝမျိုးစုံမျိုးကွဲ ကြွယ်ဝမှု၊
- ရေအရင်းအမြစ် ထိန်းညှိခြင်းနှင့် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိခြင်း၊
- ကာဗွန်စုပ်ယူမှု၊
- အသက်မွေးဝမ်းကြောင်းမှုနှင့် စားနပ်ရိက္ခာဖူလှုံရေး၊
- ယဥ်ကျေးမှုနှင့် အပန်းဖြေမှုတန်ဖိုး စသည့် အကျိုးကျေးဇူးများစွာကို ပေးဆောင်လျက်ရှိပါတယ်။
========================
📌📌 ၂။ ညောင်လေးပင်ခရိုင်တွင် ကရင်ကျန်းမာရေးနှင့် ကူညီကယ်ဆယ်ရေးဌာန (K.D.H.W) မှ ဦးစီးပြီး အပတ်စဉ် (၁၄) အခြေခံ ပြည်သူ့ကျန်းမာရေးလုပ်သား သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်
ဖေဖော်ဝါရီ ၂
Radio NUG
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ မူးမြို့နယ်၊ ဆောထိမြို့နယ်၊ လယ်ဒိုမြို့နယ်တို့ရှိ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် ကရင့်ကျန်းမာရေးနှင့် ကူညီကယ်ဆယ်ရေးဌာန (K.D.H.W) တို့မှ ပူးပေါင်းပြီး ရပ်ရွာတွင်း ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ချက်ဖြင့် (၆) လတာ အခြေခံပြည်သူ့ကျန်းမာရေးလုပ်သားသင်တန်း (Community Health Worker Training) ၏ အပတ်စဉ် (၁၄) ကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုမှ သတင်းထုတ်ပြန်ထားပါတယ်။
သင်တန်းသို့ ခလယ်လွီထူခရိုင် အုပ်ချုပ်ရေးပိုင်းမှ မူးမြိုနယ်၊ ဆောထိမြို့နယ်၊ လယ်ဒိုမြို့နယ်နှင့် ခရိုင်မှ ကိုယ်စားပြု သင်တန်းသားများအပါအဝင် ကာကွယ်ရေးပိုင်းမှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှ တပ်ရင်း (၇)၊ တပ်ရင်း (၈)၊ တပ်ရင်း (၉) နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ရင်း (၃) တို့မှ ကိုယ်စားပြုသင်တန်းသား (၁၁၀) ဦး ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
သင်တန်းအား လက်ရှိလုံခြုံရေးအခြေအနေများအရ နေရာ (၂) နေရာခွဲကာ ကျင်းပပြုလုပ်ခဲ့ရကာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၁) ရက်နေ့နှင့် (၃၀) ရက်နေ့တို့တွင် သင်တန်းဆင်းပွဲများ အသီးသီး ပြုလုပ်ခဲ့ကြပြီး သင်တန်း ဆင်းပွဲအခမ်းအနားသို့ ခရိုင်၊ မြို့နယ်နှင့် တပ်ပိုင်းဆိုင်ရာတို့မှ တက်ရောက်အမှာစကားနှင့် အားပေးစကားများပြောကြားခြင်းအပြင် သင်တန်းအတွင်း ထူးချွန်သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းတို့ကို ပြုလုပ်ခဲ့ကြကြောင်း ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၃။ မြန်မာနိုင်ငံ ကျားဖျန့်တစ်ခုမှ အသက် ၃၁ နှစ်အရွယ် ဟောင်ကောင်အမျိုးသမီးတစ်ဦးကို ထိုင်းဘုရင့်တပ်မတော်နှင့် ထိုင်းတော်ဝင်ရဲတပ်ဖွဲ့တို့ ကယ်တင်
ဖေဖော်ဝါရီ ၂
Radio NUG
ဖေဖော်ဝါရီလ ၂ရက်နေ့တွင် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် နယ်စပ်အနီး မြန်မာဘက်ခြမ်းတွင် လုပ်ကိုင်နေသော ကျားဖျန့်တစ်ခုမှ ဟောင်ကောင်အမျိုးသမီးတစ်ဦးကို ထိုင်းအာဏာပိုင်များက ကယ်တင်ခဲ့ကြောင်း The Nation သတင်းဌာနမှာ ဖော်ပြထားပါတယ်။
မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB) မှ အစောပိုင်းသတိပေးချက်အရ ဟောင်ကောင်နိုင်ငံသား ၁၂ ဦးဟာ မြန်မာနိုင်ငံရှိ ကျားဖျန့်များ သို့မဟုတ် အွန်လိုင်းလောင်းကစား ဝက်ဘ်ဆိုက်များအတွက် အတင်းအဓမ္မ အလုပ်ခိုင်းစေခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။
ထိုင်းစစ်တပ်က ရန်ကုန်ရှိ ထိုင်းသံရုံးမှ ရဲသံမှူး၏အကူအညီဖြင့် DKBA အကူအညီကို ရယူကာ ဟောင်ကောင်နိုင်ငံသူအား ထိုင်းဘက်သို့ ပြန်လည်ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
========================
📌📌 ၄။ မန္တလေးမြို့ ၊ မြို့နယ်(၇)မြို့နယ်အတွင်း စစ်မှုထမ်းဥပဒေကြောင့် လူငယ် ၂၃၇ဦး မတရားဖမ်းဆီးခံရ
ဖေဖော်ဝါရီ ၂
Radio NUG
စစ်မှုထမ်းဥပဒေကြောင့် မန္တလေးမြို့ (၇) မြို့နယ်အတွင်း ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့ မှ (၃၁) ရက်နေ့အထိ တစ်လတာအတွင်း မတရားအဖမ်းဆီးခံရသူ လူငယ်လူထု စာရင်းအား မြေပြင်သတင်းမီဒီယာများအပေါ်တွင် အခြေခံ၍ စာရင်းပြုစုခဲ့ပြီး မြေပြင်တွင် မတရားဖမ်းဆီးခံရမှုများမှာ ပိုမို များပြားနိုင်ကြောင်း မန္တလေးသပိတ်အင်အားစုမှ သတင်းထုတ်ပြန်ပါတယ်။
မတရားအဖမ်းဆီးခံရသူ လူငယ်များမှာ အောင်မြေသာဇံမြို့နယ်တွင် (၃၂) ဦး၊ ချမ်းအေးသာဇံမြို့နယ်တွင် (၂၇) ဦး၊ မဟာအောင်မြေမြို့နယ်တွင် (၄၆) ဦး၊ ချမ်းမြသာစည်မြို့နယ်တွင် (၃၀) ဦး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် (၃၅) ဦး၊ ပုသိမ်ကြီးမြို့နယ်တွင် (၃၄) ဦးနှင့် အမရပူရမြို့နယ်တွင် (၃၃) ဦး
စုစုပေါင်း (၂၃၇) ဦး ထက်မနည်း မတရားဖမ်းဆီးခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်တပ်၏ ဖမ်းဆီးရာတွင်လည်း နေ့/ညအချိန်မရွေး နေအိမ်များထဲသို့ ဧည့်စာရင်း အကြောင်းပြကာ ဝင်ရောက်ဖမ်းဆီးခြင်း၊ လမ်းမများပေါ်တွင် လုံခြုံရေးအကြောင်းပြ စစ်ဆေးကာ ဖုန်းများပါမကျန် စစ်ဆေးဖမ်းဆီးခြင်း၊ အလုပ်သွား၊ အလုပ်ပြန် အခြေခံလူတန်းစားလူငယ်လူထုအား ပစ်မှတ်ထားဖမ်းဆီးခြင်းများကို ဆက်တိုက်ကျူးလွန်လျက်ရှိပါတယ်။
ထို့ကြောင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ လူငယ်လူထုအနေဖြင့်
(၁) အချိန်မတော် နေအိမ်ပြင်ပသို့သွားလာခြင်း၊ မလိုအပ်ဘဲခရီးသွားလာခြင်း၊ ပျော်ပွဲရွှင်ပွဲများသို့ သွားလာခြင်းများကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါသည်။
(၂) အကြမ်းဖက်စစ်တပ်၏ မတရားဖမ်းဆီးစစ်မှုထမ်းခြင်း မခံရစေရန် မိမိပတ်ဝန်းကျင်ရှိ စစ်ကောင်စီယန္တရား၊ လှုပ်ရှားမှုများကို မျက်ခြေမပျက် လေ့လာအကဲခတ်ထားပြီး အန္တရာယ်တစ်စုံတစ်ရာ ကျရောက်လာနိုင်သော အခြေအနေရှိပါက ကြိုတင်ရှောင်ရှားထားကြရန်လိုအပ်ပါသည်။
(၃) မိသားစုနှင့် ခြိမ်းခြောက်အကြပ်ကိုင်ခံရခြင်းကဲ့သို့ မလွှဲမရှောင်သာအခြေအနေများနှင့် ကြုံတွေ့ရပြီး တပ်သားသစ်စုဆောင်းခံရမည်ဆိုပါက လိုအပ်သော ပြင်ဆင်မှုများကို ပြင်ဆင်ထားကြပါရန်နှင့် မိမိနေထိုင်ရာ ပတ်ဝန်းကျင်၊ လက်လှမ်းမီရာတို့တွင် မတရားဖမ်းဆီးခံရမှုများရှိပါက တော်လှန်ရေးအဖွဲ့အစည်းများကို သတင်းပေးပို့ရန်လည်း လိုအပ်ပါသည်။
(၄) နေအိမ်ပြင်ပသို့ သွားလာသောအခါတွင် မိမိတို့သွားရမည့် လမ်းများပေါ်တွင် စစ်ဆေးမှုများရှိနိုင်သော အခြေအနေရှိပါကလည်း VPN အပါအဝင် ဖျက်သင့်ဖျက်ထိုက်သည်များကို ကြိုတင်ဖျက်ထားကြရန်နှင့် ညအချိန်မတော် ဧည့်စာရင်းဝင်ရောက်စစ်ဆေးပါကလည်း VPNအပါအဝင် ဖျက်သင့်ဖျက်ထိုက်သည်များကို ဖျက်ထားကြပါရန် မန္တလေးသပိတ်အင်အားစုမှ လူငယ်လူထုတစ်ရပ်လုံးအား အလေးအနက်ထား တိုက်တွန်းထားပါတယ်။
========================
📌📌 ၅။ အာဏာသိမ်းသည့် ၄ နှစ်အတွင်း စစ်ကောင်စီကြောင့် ချင်းလူမျိုး ၁,၀၀၀ နီးပါး သေဆုံး
ဖေဖော်ဝါရီ ၂
Radio NUG
မြန်မာနိုင်ငံတွင် စစ်တပ်က နိုင်ငံတော်အာဏာကို လုယူခဲ့ပြီးနောက် ပစ်ခတ်တိုက်ခိုက်မှုများအတွင်း ချင်းလူမျိုး ၉၆၅ ဦးသေဆုံးခဲ့ကြောင်း ချင်းရေးရာအဖွဲ့ချုပ် (ICA)က ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းမှုကို ဆန့်ကျင်၍ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းမှုများ ပြုလုပ်ခဲ့သဖြင့် ချင်းလူငယ်များသည် နေရာအသီးသီး၌ တော်လှန်ရေးတပ်ဖွဲ့များ ဖွဲ့စည်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ အရပ်သား ၄၉၁ ဦး နှင့် ခုခံတော်လှန်ရေးတပ်ဖွဲ့ဝင် ၄၇၄ ဦးသေဆုံးခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အဆိုပါ သေဆုံးမှုများ၌ လေကြောင်းတိုက်ခိုက်မှု ၂၄၁ ကြိမ်တွင် ဗုံး ၁,၀၆၁ လုံးကြဲချခဲ့ရာ လူ ၂၄၉ ဦး သေဆုံးပြီး ၄၂၄ ဦးကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထို့အပြင် စစ်ကောင်စီတပ်များသည် ထိုးစစ်ဆင်ရာလမ်းကြောင်းတလျောက် မြေမြှုပ်မိုင်းများထောင်ကာ တပ်ပြန်လည်ဆုတ်ခွာချိန်တွင် ပြန်လည်ဖြုတ်ယူခြင်းမရှိသဖြင့် တောင်ယာသွားသောလမ်းကြောင်းရှိ မြေမြှုပ်များ နင်းမိသောကြောင့် ၇၇ ဦးသေဆုံးပြီး ၁၀၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် လူသေဆုံးမှုအပြင် နေအိမ် ၁,၂၈၀ ကျော်၊ အစိုးရအဆောက်အဦ ၃၈ လုံးကျော်နှင့် ဘာသာရေးအဆောက်အဦး ၃၉ လုံးပျက်စီးခဲ့ပါတယ်။
စစ်ကောင်စီတပ်သည် တော်လှန်ရေးအဖွဲ့များကို ထောက်ပံ့နိုင်သည်ဟု သံသယရှိသော ကျေးရွာ (သို့မဟုတ်) မြို့များရှိ အိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများပြုလုပ်ခဲ့သဖြင့် လူနေအိမ် ၃,၄၇၉ လုံးကျော် ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ဘေးဒဏ်မှ ကင်းလွတ်ရန် ဒေသခံများမှာ နီးစပ်ရာ ကျေးရွာများ၊ အခြားမြို့များနှင့် အိမ်နီးချင်း အိန္ဒိယနိုင်ငံအတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေရကာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ချင်းပြည်နယ်တွင် လူဦးရေ ၅၀၀,၀၀၀ နီးပါးရှိပြီး ပြည်နယ်အတွင်း စစ်ဘေးရှောင်သူ ၁၃၀,၀၀၀ နှင့် အိန္ဒိယနိုင်ငံအတွင်း ခိုလှုံသူ ၆၅,၀၀၀ ကျော်ရှိကြောင်း ICA အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။
ချင်းပြည်နယ်တွင် မြို့ပေါင်း ၂၀ ရှိသည့်အနက် ရိဒ်ခေါ်ဒါရ်၊ ရေဇွာ၊ ဝေဘူလ၊ နှာရိန်း၊ ဆူခွား၊ ပလက်ဝ၊ မင်းတပ်နှင့် ကန်ပက်လက်စသည့် မြို့ ၁၅ မြို့ကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားနိုင်သော်လည်း စစ်ကောင်စီ၏လေကြောင်းရန်နှင့် မြေမြှုပ်မိုင်းအန္တရာယ်များအပြင် ပညာရေး၊ ကျန်းမာရေးအပါအဝင် အခြေခံလိုအပ်ချက်များရှိနေသေး၍ ဒေသခံအချို့မှအပ အများစုမှာ ပြန်လည်အခြေချရန် အချိန်တခုထိ စောင့်ဆိုင်းရန် လိုအပ်နေကြောင်း အစီရင်ခံစာက သုံးသပ်ထားပါတယ်။
စစ်ကောင်စီက ဂျီနီဗာသဘောတူညီချက်များနှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းတို့ကို ချိုးဖောက်နေပြီး အမျိုးမျိုးနှိပ်စက်ညှဉ်းပန်းသတ်ဖြတ်နေမှုကို ရပ်တန့်ရန်နှင့် ချင်းပြည်သူများ၏ စားဝတ်နေရေးနှင့် အခြေခံလူနေမှုဘဝ ပြန်လည်ထူထောင်နိုင်ရေးအတွက် နိုင်ငံတကာအဖွဲအစည်းများ၊ ချင်းလူမျိုးနှင့် မြန်မာပြည်သူများ၏ ထိရောက်သော ကူညီမှုပံ့ပိုးမှုများ လိုအပ်လျက်ရှိကြောင်း ချင်းရေးရာအဖွဲ့ ချုပ်က အသိပေးထားပါသည်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ဗန်းမော်မြို့တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀ ကျော် လက်နက်ချ
ဇန်နဝါရီ ၂ ရက်၊
Radio NUG
ကချင်ပြည်နယ် ဗန်းမော်မြို့ကို သိမ်းပိုက်နိုင်ရေး KIA ပူးပေါင်းတပ်ဖွဲ့တွေ စစ်ကြောင်းထိုးနေရာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀ ကျော် လက်နက်ချခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့က ဗန်းမော်မြို့ နမ့်ဖားရပ်ကွက်မှာ စစ်ကောင်စီတပ်သား ၂၀ ကျော် လက်နက်ချအလင်းဝင်လာခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။
ထို့အပြင် အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်ကို ဇန်နဝါရီလ ၁ ရက်နေ့ မနက် ၅ နာရီခွဲခန့်မှာ အပြီးသတ် ထိုးစစ် စတင်နေတယ်လို့ အသိပေးထားပါတယ်။
KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က စကခ - ၂၁ ကို ပိတ်ဆို့ထားတာကြောင့် စစ်ကောင်စီတပ်ဘက်က လေကြောင်းဗုံးကြဲမှုတွေကိုသာ အဓိကထား အသုံးပြု ခုခံနေရတယ်လို့ ဆိုပါတယ်။
KIA က ဗန်းမော်မြို့နဲ့ မံစီမြို့သိမ်း စစ်ဆင်ရေးကို ဒီဇင်ဘာ ၄ ရက်နေ့က စတင်ခဲ့ရာ ၁ လကျော်ကြာ ဇန်နဝါရီလ ၈ ရက်နေ့မှာ မံစီမြို့က လက်ကျန် စစ်ကောင်စီ တပ်ရင်း ဌာနချုပ် ၃ ခုလုံးကို အပြီးသတ် သိမ်းပိုက်ိနုင်ခဲ့တယ်လို့ သိရပါတယ်။
ထို့နောက် ဗန်းမော်မြို့ကို ဇန်နဝါရီ ၂၄ ရက်နေ့မှာ ထိုးစစ်အရှိန်မြှင့်ခဲ့ရာ စကခ (၂၁) အနီးက သံချပ်ကာ တပ်ရင်း၊ လေယာဉ်ကွင်းနဲ့ စဖရ ရုံးတို့ကို သိမ်းပိုက် ထားနိုင်သလို ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ထိုးစစ်အရှိန် ထပ်မြှင့်ခဲ့ပြီး လက်ကျန် တပ်စခန်းများကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
========================
🚩🚩 ၂။ သရက်ချောင်း မြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၇ ဦးသေဆုံး
ဇန်နဝါရီ ၂ ရက်၊
Radio NUG
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်း မြို့နယ်ကို စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၇ ဦး သေဆုံးခဲ့တယ်လို့ ထားဝယ်ခရိုင် တပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီလာ ၁၄ ရက်နေ့မှာ ထားဝယ်ခရိုင် တပ်ပေါင်းစုနဲ့ ထားဝယ်ခရိုင် ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းပြီး ၃ ကြိမ်ထက်မနည်း ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၇ ဦး သေဆုံးခဲ့တယ်လို့ သိရပြီး ထိခိုက်ဒဏ်ရာ ရရှိမှု စာရင်းကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။
========================
🚩🚩 ၃။ ကလေးမြို့နယ်၊ တင်သားရွာနှင့် ဒိုးနွယ်ရွာကို အကြမ်းဖက်စစ်တပ်က လေယာဉ်ဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်
ဖေဖော်ဝါရီ ၂
Radio NUG
ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက်စစ်တပ်က တင်သားရွာကို လေယာဉ်ဖြင့် ထပ်မံဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းအရင်းအမြစ်များမှ သိရပါတယ်။
တင်သားရွာရှိ ရတနာမာန်အောင် ဘုန်းကြီးကျောင်းနှင့် ဦးဘိုဘို နေအိမ်ပေါ် ဗုံးသီး ကျရောက်ခဲ့ပြီး ပြည်သူ ၁ ဦး သေဆုံးကာ ၁ ဦးထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အလားတူ နံနက် ၁၁ နာရီ ၁၈ မိနစ်ခန့်တွင်လည်း ဒိုးနွယ်ရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။
========================
🚩🚩 ၄။ KNU နယ်မြေအတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် ကလေး ၃ ဦး အပါအဝင် ၅ ဦး ဒဏ်ရာရ၊ တစ်ဦး သေဆုံး
ဇန်နဝါရီ ၂ ရက်၊
Radio NUG
ကရင့်အမျိုးသား အစည်းအရုံး၊ ကော်သူးလေ ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေကြောင်းကနေ ဗုံးကြဲပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၃ ဦး အပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ ပြီး ၁ ဦးသေဆုံးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ဒူးပလာယာခရိုင်၊ ကျုံဒိုးမြို့နယ်၊ လောင်းကိုင်အုပ်စု၊ ဖားကျ ကျေးရွာကို ဖေဖော်ဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ဝန်းကျင်မှာ စစ်ကောင်စီရဲ့ စကခ ၁၂ လက်အောက်ခံတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၁၂ နှစ် အရွယ် ကျောင်းသားတစ်ဦး ဒဏ်ရာရခဲ့ပြီး အသက် ၂၀ အရွယ် အမျိုးသမီး တစ်ဦး နှလုံးဖောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဆောထိမြို့နယ်မှာလည်း ဇန်နဝါရီ ၃၁ ရက်နေ့က တိုက်လေယာဉ် ၃ စီးဖြင့် ဗုံး ၂ ကြိမ် ကြဲချခဲ့သလို အောလီဂန်း စက်သေနတ်များဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၁၆ နှစ်နဲ့ ၂ နှစ် အရွယ် ကလေး ၂ ဦးနှင့် အသက် ၇၃ နှစ်အရွယ် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ထို့အပြင် ပိန်းဇလုပ် အခြေစိုက် စစ်ကောင်စီရဲ့ ခလရ - ၂၆၄ တပ်ကနေ နေ့လည် ၁၂ နာရီခွဲခန့်မှာ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ အောပလား ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၃၇ နှစ် အရွယ် အမျိုးသမီး တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
မူးမြို့နယ် ကျောက်အိုးနဲ့ ကျောက်လှည်းဘီး တောထဲကို ဇန်နဝါရီ ၃၁ ရက်နေ့မှာ စစ်ကောင်စီက ပေါင် ၃၀၀ ဗုံး ၂ လုံး ကြဲချခဲ့ပါသေးတယ်။
========================
🚩🚩 ၅။ အာဏာသိမ်း ၄ နှစ်တာ ကာလအတွင်း ကရင်နီ ပြည်နယ်မှာ စစ်ရှောင်ပြည်သူ ၁၇၆ ဦး သေဆုံးခဲ့ကာ အရပ်သား ၅၄၂ ဦးထိ သတ်ဖြတ်ခံခဲ့ရ
ဇန်နဝါရီ ၂ ရက်၊
Radio NUG
စစ်တပ်က အာဏာသိမ်းယူခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၀၂၅ ဇန်နဝါရီ ၃၁ ရက်နေ့အထိ ကရင်နီပြည်မှာ စစ်ဘေးရှောင် ပြည်သူ (၁၇၆) ဦး သေဆုံးခဲ့ပြီး အရပ်သား ပြည်သူ (၅၄၂) ဦးထိ သတ်ဖြတ်ခံခဲ့ရတယ်လို့ PKPF Information Centre က ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲ ၁,၂၈၂ ကြိမ် ဖြစ်ပွားခဲ့ပြီး KNDF, KA နဲ့ PDF တပ်ဖွဲ့တွေဘက်က ရဲဘော် ၆၈၆ ဦး ကျဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ထို့အပြင် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ၁,၇၈၈ ကြိမ် ပြုလုပ်ခဲ့ကာ ဘာသာရေး အဆောက်အအုံ ၅၄ လုံး၊ နေအိမ် ၂,၈၉၇ လုံး၊ စာသင်ကျောင်း ၂၆ လုံးနဲ့ ဆေးရုံ/ဆေးခန်း ၁၆ လုံး ပျက်ဆီးခဲ့ရတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဘက်က တိုက်လေယာဉ် ၃ စီးနဲ့ စစ်သုံးကား ၆၈ စီး ပျက်စီးခဲ့ကာ တပ်ဖွဲ့ဝင်ပေါင်း (၃,၆၆၅) ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထို့အပြင် အရပ်သား ပြည်သူ ၁၄၇ ဦးဟာလည်း စစ်ကောင်စီရဲ့ မတရား ဖမ်းဆီးခြင်းကို ခံထားရတယ်လို့ သိရှိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment