၂၀၂၅ မေလ ၁၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းနှင့် Special Advisory Council for Myanmar (SAC-M) အဖွဲ့ဝင် Professor Yanghee Lee တွေ့ဆုံခဲ့
📌 ၂။ ဒီပဲယင်း၊ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းမှ ဗုံးကြဲတဲ့လုပ်ရပ် MRTV၊ မြဝတီ တို့က ပြောင်လိမ်ခိုင်းလိုက်ရင် ရတာပဲလို့ တွေးပုံရကြောင်း ဦးမင်းကိုနိုင် ပြောကြား
📌 ၃။ ဒီပဲယင်း အိုးတိန်တွင်းကျေးရွာစာသင်ကျောင်းအား လေကြောင်းဖြင့်တိုက်ခိုက်မှုIIMMယန္တရားထံ ဆက်သွယ်ကာ အထောက်အထားများ မျှဝေရန် တောင်းဆို
📌 ၄။ နွေဦးတော်လှန်ရေး၏ အောင်မြင်မှုအတွက် ပကဖ၏ လူထုစည်းရုံးရေးသည် အဓိကကျသော မဏ္ဍိုင်ဖြစ်
📌 ၅။ ကွတ်ခိုင်မှာ မူးယစ်ဆေးဝါး သယ်လာတဲ့ ကားသမား ၂ ဦးကို တအောင်းပြည် ရဲတပ်ဖွဲ့ ဖမ်းဆီးရမိ
📌 ၆။ အညာဒေသ ကလေးငယ်များ လေကြောင်းရန် ကာကွယ်ရေးအတွက် ဗုံးခိုကျင်းကမ်ပိန်း ပြုလုပ်
📌 ၇။ စာသင်ကျောင်းများအား စစ်ကောင်စီက ပစ်မှတ်ထား တိုက်ခိုက်နေမှုကို ရန်ကုန်မှာ သရုပ်ဖော်ဆန္ဒပြ
========================
၂၀၂၅ ခုနှစ် မေလ ၁၆ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ကျောက်တော်မြို့ ထပ်မံ ဗုံးကြဲခံရမှု ဒေသခံ ၇ ဦး သေဆုံး
🚩 ၂။ မင်းတပ်မှာ စစ်ကောင်စီ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ၁၃ နှစ် အရွယ် ကျောင်းသားတစ်ဦး အပါအဝင် ၂ ဦး သေဆုံး
🚩 ၃။ ညောင်ရွှေမြို့နယ်၊ ဘုရားတောင်ရွာနှင့် ကောလင်းမြို့နယ်၊ ကညို့အင်းရွာကို စစ်ကောင်စီမှ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်
🚩 ၄။ လေးပင်တောင်ရွာကို စစ်ကောင်စီက ဗုံးကြဲခဲ့ရာ မီးဖွားခါစ အမျိုးသမီး ၁ ဦး အပါအဝင် ၄ ဦး သေဆုံး
🚩 ၅။ ငါန်းဇွန်၊ သားကျင်နှင့် ရဘို(တောင်)ကျေးရွာ၊ ရွာလယ်ခေါင် အရပ်သားနေအိမ်များရှိရာသို့ စစ်ကောင်စီဗုံးကြဲရာ ၃ဦး သေဆုံး
🚩 ၆။ ဂန့်ဂေါမြို့နယ် လာပို့ကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်
🚩 ၇။ ယင်းမာပင်၊ ရေကြည်ပင်ရွာတွင် လက်နက်ကြီးထိမှန်မှုကြောင့် အထက်တန်းကျောင်းသူ ၁ ဦးသေဆုံး
🚩 ၈။ ထိုင်းနယ်စပ်အနီး မယ်လစခန်းကို KNU တပ်မဟာ (၇) စတင်တိုက်ခိုက်၊ ဒေသခံ ၄၀၀ ကျော် ထိုင်းဘက်သို့ ထွက်ပြေး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းနှင့် Special Advisory Council for Myanmar (SAC-M) အဖွဲ့ဝင် Professor Yanghee Lee တွေ့ဆုံခဲ့
မေလ ၁၅ရက်
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းနှင့် Special Advisory Council for Myanmar (SAC-M) အဖွဲ့ဝင် Professor Yanghee Lee တို့သည် တောင်ကိုးရီးယားသမ္မတနိုင်ငံတွင် မေလ ၁၄ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။
အဆိုပါတွေ့ဆုံမှုတွင် အကြမ်းဖက်စစ်တပ်၏ နိုင်ငံတကာရာဇဝတ်မှုကျူးလွန်နေမှုများအား နိုင်ငံတကာခုံရုံးများနှင့် တောင်ကိုးရီးယားသမ္မတနိုင်ငံတွင် တရားစွဲဆိုအရေးယူနိုင်ရေး ဆွေးနွေးခဲ့ကြပါတယ်။
အဆိုပါ ဆွေးနွေးမှုတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ တောင်ကိုးရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ဦးရန်နိုင်ထွန်း၊ တောင်ကိုးရီးယားနိုင်ငံရှိ ရှေ့နေများနှင့် အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များလည်း ပါဝင်တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ ဒီပဲယင်း၊ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းမှ ဗုံးကြဲတဲ့လုပ်ရပ် MRTV၊ မြဝတီ တို့က ပြောင်လိမ်ခိုင်းလိုက်ရင် ရတာပဲလို့ တွေးပုံရကြောင်း ဦးမင်းကိုနိုင် ပြောကြား
မေလ ၁၅ရက်
Radio NUG
ဒီပဲယင်း၊ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းမှ ဗုံးကြဲတဲ့လုပ်ရပ် MRTV၊ မြဝတီတို့က ပြောင်လိမ်ခိုင်းလိုက်ရင် ရတာပဲလို့ တွေးပုံရကြောင်း ဦးမင်းကိုနိုင်က ပြောပါတယ်။
"ဗုံးကြဲခံရတဲ့ ဆရာမနဲ့ စာသင်သားတွေရဲ့ ပုံရိပ်တွေက လူတွေကြားထဲမှာ ရှော့ရသွားတာပေါ့၊ သွေး လန့်သွားတယ်၊ တောက်ခေါက်တယ်၊ ဆူပွက်သွားတယ်။ အဲဒီအခါကျမှ ဖက်ဆစ်တပ်က ငါတို့ သံတမန်ရေး လူရာဝင်မှုကိုပါ သက်ရောက်ပြီဆိုတာ သိသွားတော့ ချက်ခြင်းဘဲ နောက်တစ်မျိုး ကြောက်အားလန့်အား ပြောင်းတာပေါ့။ ဒါက သူတို့ နာမည်ဖျက်ချင်လို့ ဒီလိုမဟုတ်ပါဘူး။ လုပ်ကြံဖန်တီးတဲ့ ပုံတွေပါလို့ ထအော်တာ။ MRTV ၊ မြဝတီတို့က ပြောင်လိမ်ခိုင်းလိုက်ရင် ရတာပဲလို့ တွေးနေတဲ့ ပုံပါဗျာ" လို့ ပြောပါတယ်။
"PDF တွေကပဲ လက်နက်စမ်းပြီး ပေါက်ကွဲသယောင်၊ ကောက်ကောက်ကျစ်ကျစ် ပြောင်လိမ်တော့တာပဲ၊ အရပ်စကားနဲ့ ပြောရင် အကျင့်ယုတ်တယ်ဆိုတာ ဒါမျိုးပဲဗျ၊ ရှိသမျှ လော်ဘီတွေအပါအဝင်၊ နိုင်ငံတကာ မီဒီယာတွေအထိနော်။ ကောက်ကျစ်စဥ်းလဲတဲ့ ဗျူဟာကို ကြေညာခိုင်းလိုက်တာ။ ဒါပေမယ့် တဆက်တည်းမှာ အရပ်ဘက်ကို ဗုံးကြဲခဲ့တာကို လက်တွန့်သွားလားဆိုတော့၊ ဒီလောက် ပွက်လောရိုက်နေတာ၊ ရခိုင်မှာလည်း ထပ်ကြဲတာပဲ၊ ဆိုလိုတာကဗျာ၊ ပြစ်မှုကြီးတွေကို ကျူးလွန်ခိုင်းမယ်၊ ကျူးလွန်လိုက်မယ်။ ပြီးရင် သူများကို လွှဲချလိုက်မယ်ရတာပဲ" လို့ ဦးမင်းကိုနိုင်က ထပ်လောင်းပြောပါတယ်။
========================
📌📌 ၃။ ဒီပဲယင်း အိုးတိန်တွင်းကျေးရွာစာသင်ကျောင်းအား လေကြောင်းဖြင့်တိုက်ခိုက်မှုIIMMယန္တရားထံ ဆက်သွယ်ကာ အထောက်အထားများ မျှဝေရန် တောင်းဆို
မေလ ၁၅ရက်
Radio NUG
စစ်ကိုင်းတိုင်း၊ ဒီပဲယင်း အိုးတိန်တွင်းကျေးရွာစာသင်ကျောင်းအား လေကြောင်းဖြင့် တိုက်ခိုက်မှုIIMMယန္တရားထံ ဆက်သွယ်ကာ အထောက်အထားများ မျှဝေရန် တောင်းဆိုလိုက်ပါတယ်။
"မေလ ၁၂ ရက် (တနင်္လာနေ့) တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အိုးတိန်တွင်းကျေးရွာရှိ စာသင်ကျောင်းတစ်ကျောင်းအား လေကြောင်းဖြင့် တိုက်ခိုက်မှုကို မျက်မြင်ကြုံတွေ့ခဲ့သူ၊ တိုက်ရိုက်သိရှိသူများအား ယန္တရားထံဆက်သွယ်ကာ အထောက်အထားများ မျှဝေရန် တောင်းဆိုလိုက်ပါတယ်။ ယင်းတိုက်ခိုက်မှုတွင် ကျောင်းသား ၂၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒါဇင်နှင့်ချီကာ ဒဏ်ရာရခဲ့တယ်"လို့IIMMယန္တရားကဖော်ပြပါတယ်။
ဤဗုံးကြဲတိုက်ခိုက်မှုသည် အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း ဖြစ်ပွားခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများအနက် တစ်ခုဖြစ်ပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြောင်း ကြေညာထားသည့် ကာလတွင် တိုက်ခိုက်ခြင်းလည်း ဖြစ်တယ်လို့ ယန္တရားကဆိုပါတယ်။
အရပ်သားများအား မခွဲခြားဘဲ လေကြောင်းမှတိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှု သို့မဟုတ် လူသားမျိုးနွယ်ကို ကျူးလွန်သည့် ရာဇဝတ်မှုမြောက်နိုင်ပါတယ်။ကလေးများကို တိုက်ခိုက်ခြင်းသည် အလွန်ထိတ်လန့်စက်ဆုတ်ဖွယ်ကောင်းပါတယ်။ ထို့ကြောင့် ယန္တရားအနေဖြင့် ကလေးများအား ထိခိုက်ကျူးလွန်သည့် အမှုများကို ဦးစားပေး စုံစမ်းစစ်ဆေးလျက်ရှိတယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၄။ နွေဦးတော်လှန်ရေး၏ အောင်မြင်မှုအတွက် ပကဖ၏ လူထုစည်းရုံးရေးသည် အဓိကကျသော မဏ္ဍိုင်ဖြစ်
မေလ ၁၅ရက်
Radio NUG
နွေဦးတော်လှန်ရေးတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ (ပကဖ) သည် လက်နက်ကိုင်တိုက်ပွဲများတွင် ပါဝင်ရုံသာမက၊ ပြည်သူလူထုနှင့် နီးကပ်စွာ ထိတွေ့လှုပ်ရှားကာ တော်လှန်ရေး၏ အောင်မြင်မှုအတွက် မရှိမဖြစ်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း ပကဖ အသံမှာ ဖော်ပြထားပါတယ်။
တော်လှန်ရေးတစ်ခု၏ အောင်မြင်မှုသည် စစ်ရေးအင်အားတစ်ခုတည်းပေါ်တွင် မူတည်ခြင်းမဟုတ်ဘဲ၊ ပြည်သူလူထု၏ ထောက်ခံမှု၊ ယုံကြည်မှုနှင့် တက်ကြွစွာ ပါဝင်မှုအပေါ် မူတည်လျက်ရှိတာကြောင့် ပကဖများသည် လက်နက်ကိုင်တိုက်ပွဲများအပြင်၊ ပြည်သူလူထုထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်ကာ တော်လှန်ရေးဆိုင်ရာ အသိပညာမျှဝေခြင်း၊ လူထု၏ စိတ်ဓာတ်မြှင့်တင်ခြင်းနှင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရန် စည်းလုံးညီညွတ်မှုကို တည်ဆောက်ပေးလျက်ရှိတယ်လို့ ဆိုထားပါတယ်။
ပြည်သူ့စစ်မဟာဗျူဟာ၏ အဓိကအချက်မှာ “ပြည်သူနှင့်အတူ တော်လှန်ခြင်း” ဖြစ်ပြီး ပကဖများသည် လူထုနှင့် အမြဲထိတွေ့ဆက်ဆံရင်း၊ တော်လှန်ရေး၏ ရည်မှန်းချက်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ မူဝါဒများနှင့် စစ်အုပ်စု၏ အားနည်းချက်များကို ရှင်းလင်းတင်ပြပြီး လူထု၏ ယုံကြည်မှုကို ရယူလျက်ရှိတယ်လို့ သိရပါတယ်။
မြို့နယ်အဆင့် ပကဖတာဝန်ခံများသည် တစ်လလျှင် အနည်းဆုံး လေးကြိမ်ခန့် လူထုနှင့် တွေ့ဆုံပြီး ၎င်းတို့၏ အမြင်များကို နားထောင်ကာ ဖြေရှင်းပေးလျက်ရှိသည့်အပြင်၊ ဒေသခံလူမှုအဖွဲ့အစည်းခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်များနှင့် သြဇာကြီးမားသူများနှင့်လည်း ပုံမှန်ထိတွေ့ဆက်ဆံရင်း၊ ဒေသအလိုက် လူထု၏ ယုံကြည်မှုကို တည်ဆောက်လျက်ရှိပြီး အထူးသဖြင့် လူမျိုးရေးနှင့် ဘာသာရေးလူနည်းစုများရှိသည့် ဒေသများတွင် ၎င်းတို့၏ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုများကို ပုံမှန်ပြုလုပ်ကာ၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် စုံလင်ကွဲပြားမှုကို လေးစားအသိအမှတ်ပြုသည့် မူဝါဒများကို အကောင်အထည်ဖော်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
တော်လှန်ရေးအောင်မြင်ရန်အတွက် ပကဖများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ကာကွယ်ရေးဝန်ကြီးဌာန၏ မူဝါဒ၊ ကျင့်ဝတ်နှင့် ဥပဒေများကို လိုက်နာရင်း လူထုစည်းရုံးရေးကို ပိုမိုစနစ်တကျ လုပ်ဆောင်ရန် လိုအပ်ကာ နွေဦးတော်လှန်ရေး၏ အောင်မြင်မှု၊ ပြည်သူလူထု၏ စည်းလုံးညီညွတ်မှုနှင့် ယုံကြည်မှုကို အခြေခံထားသည့် ပကဖများ၏ လူထုစည်းရုံးရေးလုပ်ငန်းများသည် စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ပြီး တရားမျှတပြီး လွတ်လပ်သည့် မြန်မာနိုင်ငံသစ်တစ်ခုကို တည်ဆောက်ရန် မျှော်လင့်ချက်ဖြစ်တယ်လို့ အသိပေးဖော်ပြထားပါတယ်။
========================
📌📌 ၅။ ကွတ်ခိုင်မှာ မူးယစ်ဆေးဝါး သယ်လာတဲ့ ကားသမား ၂ ဦးကို တအောင်းပြည် ရဲတပ်ဖွဲ့ ဖမ်းဆီးရမိ
မေလ ၁၅ ရက်၊
Radio NUG
ရှမ်းပြည်နယ် မြောက်ပိုင်း၊ တအောင်း တပ်မတော် (TNLA) တပ်မဟာ (၅) နယ်မြေ၊ ကွတ်ခိုင်မြို့နယ်၊ ကောင်းခါး လမ်းမပေါ်မှာ မူးယစ်ဆေးဝါး သယ်ဆောင်လာတဲ့ ကားသမား ၂ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ PSLF/TNLA က ထုတ်ပြန်ထားပါတယ်။
မေလ ၁၄ ရက်နေ့ မနက် ၁၁ နာရီခန့်မှာ တအောင်းပြည် ရဲတပ်ဖွဲ့က စစ်ဆေးမှု ပြုလုပ်နေစဉ် X-Trail အမျိုးအစား ကားတစ်စီးကို စစ်ဆေးရာမှာ ဘိန်းဖြူ ၁၆၈ ဗူးကို ဖမ်းဆီးရမိခဲ့တာပါ။
အဆိုပါ မူးယစ်ဆေးဝါးများကို သယ်ဆောင်လာတဲ့ အသက် ၂၇ နှစ်အရွယ် ဦးလှမောင်နဲ့ အသက် ၄၂ နှစ်အရွယ် ဦးခေါ်ဇင်တို့ နှစ်ဦးကို တအောင်းပြည် ရဲတပ်ဖွဲ့က စစ်ဆေးမှု ပြုလုပ်နေပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဥပဒေအရ အရေးယူသွားမယ်လို့ အသိပေး ထားပါတယ်။
========================
📌📌 ၆။ အညာဒေသ ကလေးငယ်များ လေကြောင်းရန် ကာကွယ်ရေးအတွက် ဗုံးခိုကျင်းကမ်ပိန်း ပြုလုပ်
မေလ ၁၅ ရက်
Radio NUG
အညာမြေတွင် နေ့စဥ်နှင့်အမျှ စကစအနေဖြင့် ပြည်သူများ တည်ရှိရာ နေရာများအား ပစ်မှတ်ထား ဗုံးကြဲလျက် ရှိတာကြောင့် ပြည်သူလူထုများ အသက်အန္တရာယ်မထိခိုက်စေရန်အတွက် ဗုံးခိုကျင်းကမ်ပိန်းလေး ပြုလုပ်လိုက်ကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ သတင်းဖော်ပြပါတယ်။
ဗုံးခိုကျင်းတစ်ခုကို သိန်း ၂၀ကျပ်ဖြင့် အခု ၃၀ ရည်ရွယ်ထားပြီး ကမ်ပိန်းကို မေလ ၁၅ရက်နေ့မှ ဇွန်လ ၁၅ရက်နေ့အထိ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
တတ်နိုင်တဲ့ဘက်ကနေ ပါဝင်အားဖြည့်ပေးကြဖို့ တိုက်တွန်းထားပြီး To Comrades - ရဲဘော်များသို့ Facebook page၊ အညာပစ်တိုင်းထောင်လေးများ Facebook pageနှင့် Telegram သို့ ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။
========================
📌📌 ၇။ စာသင်ကျောင်းများအား စစ်ကောင်စီက ပစ်မှတ်ထား တိုက်ခိုက်နေမှုကို ရန်ကုန်မှာ သရုပ်ဖော်ဆန္ဒပြ
မေလ ၁၅ ရက်၊
Radio NUG
စစ်ကောင်စီက ကလေးသူငယ်များရဲ့ စာသင်ကျောင်းများကို လေကြောင်းပစ်မှတ်ထားပြီး အကြိမ်ကြိမ် တိုက်ခိုက်နေမှုကို သရုပ်ဖော် ဆန္ဒပြတဲ့ လှုပ်ရှားမှု တရပ်ကို ရန်ကုန် တော်လှန်ရေး အင်အားစု YRF က ပြုလုပ်ခဲ့ပါတယ်။
မေလ ၁၂ ရက်နေ့မှာ စစ်ကောင်စီက စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၂၀ ဦးနဲ့ ဆရာမ ၂ ဦးအထိ သေဆုံးခဲ့ရကာ အများအပြား ထိခိုက်ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်ကို သရုပ်ဖော် ဆန္ဒထုတ်ဖော်ခဲ့တာလို့ ဆိုပါတယ်။
ရန်ကုန်မြို့လည်ခေါင်က သွေးစွန်း ကျောင်းလွတ်အိတ်နဲ့ ဖတ်စာအုပ်ပုံတွေဟာ စစ်ကောင်စီရဲ့ စက်ဆုပ် ရွံရှာဖွယ် အကောင်းဆုံး လုပ်ရပ်များဖြင့် ပြည်သူကို ဦးတည်ရန်မူခဲ့တာကို ဒီပဲယင်း ဖြစ်စဉ်မှာ မျက်ဝါး ထင်ထင် တွေ့မြင်ခဲ့ရပြီဖြစ်ကြောင်း သက်သေထူခြင်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ယခု လှုပ်ရှားမှူအနေဖြင့် စစ်ကောင်စီရဲ့ လူမဆန်တဲ့ လူမျိုးတုံး သတ်ဖြတ်မှုများ၊ စစ်ရာဇဝတ်မှုများကို မှတ်တမ်း တင်နိုင်ရန်နှင့် ကလေးသူငယ်များရဲ့ စာသင်ကျောင်းများအား လေကြောင်း ပစ်မှတ်ထားကာ အကြိမ်ကြိမ် တိုက်ခိုက်မှု ပြုလုပ်နေတာကို ကမ္ဘာနှင့်အဝန်း သိရှိနိုးကြားစေရန် ရည်ရွယ်တယ်လို့ YRF က အသိပေးထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ကျောက်တော်မြို့ ထပ်မံ ဗုံးကြဲခံရမှု ဒေသခံ ၇ ဦး သေဆုံး
မေလ ၁၅ရက်
Radio NUG
မေလ ၁၅ ရက်၊ နေ့လယ် ၂ နာရီခန့်တွင် ရခိုင်ပြည်၊ ကျောက်တော်မြို့ကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် ကလေးငယ်အပါအဝင် ဒေသခံ ၇ ဦး သေဆုံးပြီး ၄ ဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း DMG သတင်းဌာနမှ ဖော်ပြထားပါတယ်။
ကျောက်တော်မြို့ ရွာမရပ်ကွက်၊ ဆီဆိုင်တန်း၊ စိုက်ပျိုးရေးကျောင်းအနီးတစ်ဝိုက်ကို ပေါင် ၅၀၀ ဗုံး အပါအဝင် ကလက်စတာ ဗုံးများဖြင့် ဗုံးကြဲခဲ့တာဖြစ်ပြီး ထိခိုက်သူများကို ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ မင်းတပ်မှာ စစ်ကောင်စီ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ၁၃ နှစ် အရွယ် ကျောင်းသားတစ်ဦး အပါအဝင် ၂ ဦး သေဆုံး
မေလ ၁၅ ရက်၊
Radio NUG
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ် အမှတ် (၁) အတွင်းက ကျေးရွာ တစ်ရွာကို စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ကျောင်းသားတစ်ဦး အပါအဝင် (၂) ဦး သေဆုံးခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့က ထုတ်ပြန်ထားပါတယ်။
မေလ ၁၅ ရက်နေ့ မနက် ၉ နာရီခွဲ ဝန်းကျင်မှာ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်သွားခဲ့တာ ဖြစ်ပြီး ၁၃ နှစ်အရွယ် ကျောင်းသား တစ်ဦးနဲ့ အသက် ၄၀ အရွယ် အမျိုးသမီး တစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် ပြည်သူ ၁၁ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပြီး ကျေးရွာ စာသင်ကျောင်းနဲ့ အိမ်ခြေ ၄၀ ကျော် ထိခိုက် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူ မိသားစုဝင်များနဲ့ ထိခိုက်ဒဏ်ရာ ရရှိသူများကို မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က မြေပြင်ထိ သွားရောက်ထောက်ပံ့ ကူညီမှုများ ပြုလုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
မင်းတပ်မြို့သိမ်း တိုက်ပွဲပြီးနောက်ပိုင်း ၃ လကျော် ကာလအတွင်း စစ်ကောင်စီတပ်က ၁၃ ကြိမ်အထိ ဗုံးကြဲတိုက်ခိုက်ခဲ့ကာ ဗုံးဒဏ်ခံရတဲ့ ပြည်သူများ အနေနဲ့ လူသားချင်းစာနာ ထောက်ပံ့မှုများ လိုအပ်နေတယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ ညောင်ရွှေမြို့နယ်၊ ဘုရားတောင်ရွာနှင့် ကောလင်းမြို့နယ်၊ ကညို့အင်းရွာကို စစ်ကောင်စီမှ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်
မေလ ၁၅ရက်
Radio NUG
ညောင်ရွှေမြို့နယ်၊ အင်းလေးတောင်ဖက်ခြမ်းရှိ ဘုရားတောင်ရွာကို မေလ ၁၅ ရက်၊ နံနက် ၁ နာရီ ၃၀ မိနစ်တွင် စစ်ကောင်စီတပ်နှင့် လက်အောက်ခံ PNA ပြည်သူ့စစ်တို့က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်တိုက်ခိုက်မှုကြောင့် ရွာအတွင်းရှိ နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ရကြောင်း အင်းလေးဒေသလူ့အခွင့်အရေးမှ သတင်းထုတ်ပြန်ထားပါတယ်။
ထို့အပြင် စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်၊ ကညို့အင်းကျေးရွာသို့ မေလ ၁၄ ရက်၊ ည ၁၀ နာရီ ၁၃ မိနစ်တွင် စစ်ကောင်စီ၏ ဂျက်ဖိုက်တာတစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ကောလင်းမြို့နယ် ပအဖ မှ သတင်းထုတ်ပြန်ထားပါတယ်။
ဦးမြင့်သိန်းနှင့် ဦးဖိုးနီတို့၏ နေအိမ်များအနီး ပေါင် ၃၀၀ ဗုံးသီး ၂ လုံး ကျရောက်ခဲ့သော်လည်း ဗုံးများ ပေါက်ကွဲခြင်းမရှိခဲ့သဖြင့် ပြည်သူများ ထိခိုက်မှုမရှိခဲ့သော်လည်း နေအိမ်များ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ လေးပင်တောင်ရွာကို စစ်ကောင်စီက ဗုံးကြဲခဲ့ရာ မီးဖွားခါစ အမျိုးသမီး ၁ ဦး အပါအဝင် ၄ ဦး သေဆုံး
မေလ ၁၅ ရက်၊
Radio NUG
မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်း မြို့နယ်၊ လေးပင်တောင်ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မီးဖွားခါစ အမျိုးသမီး ၁ ဦး အပါအဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မေလ ၁၄ ရက်နေ့ မနက် ၉ နာရီ ၁၅ မိနစ်နဲ့ နေ့လည် ၂ နာရီ ၁၇ မိနစ်တို့မှာ ဂျက်ဖိုက်တာနဲ့ ပေါင် ၂၀၀ ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ကျေးရွာ ချောင်းထဲနဲ့ နေအိမ်တွေပေါ် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
ဗုံးစ ထိမှန်ခဲ့တာကြောင့် အသက် ၃၁ နှစ်အရွယ် မီးနေသည် မဝင်းသူဇာ၊ ခင်ပွန်းဖြစ်သူ ကိုဝင်းထွေးနဲ့ အိမ်လာလည်သူ ဒေါ်မြင့်မြင့်ဝေ၊ အိမ်နီးချင်း ဒေါ်ဝင်းကြည် (အသက် ၇၀ နှစ်) တို့ ၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် မဝင်းသူဇာရဲ့ ဖခင် ဦးမောင်သန်းလည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပြီး ကလေးကတော့ ထိခိုက်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဗုံးကျရောက် ပေါက်ကွဲခဲ့တဲ့ နေအိမ် ၅ လုံးလည်း ထိမှန်ပျက်စီး ခဲ့ရကာ နွား ၂ ကောင်လည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ ငါန်းဇွန်၊ သားကျင်နှင့် ရဘို(တောင်)ကျေးရွာ၊ ရွာလယ်ခေါင် အရပ်သားနေအိမ်များရှိရာသို့ စစ်ကောင်စီဗုံးကြဲရာ ၃ဦး သေဆုံး
မေလ ၁၅ရက်
Radio NUG
မေလ ၁၅ ရက် မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်တွင် ငါန်းဇွန်မြို့နယ်၊ သားကျင်နှင့် ရဘို(တောင်)ကျေးရွာ၊ ရွာလယ်ခေါင် အရပ်သားနေအိမ်များရှိရာသို့ ပစ်မှတ်ထားကာ စစ်ကောင်စီက Y-12 ထောက်ပို့လေယာဉ်ဖြင့် တိုက်ပွဲမရှိဘဲ ရွာနှစ်ရွာကို လှည့်ပတ်ကြဲချခဲ့၍ သက်ကြီးပိုင်း သုံးဦးသေဆုံးပြီး ငါးဦး ဒဏ်ရာပြင်းထန်ကြောင်း ဒေသသတင်းများအရ သိရပါတယ်။
သေဆုံးသူများမှာ သားကျင်ကျေးရွာမှ ဦးကျော်သန်း (အသက် ၇၀ နှစ်)၊ ဦးမြင့်သန်း (အသက် ၅၅ နှစ်)၊ ဦးနေဝင်း (အသက် ၅၃ နှစ်)တို့ဖြစ်ပြီး သားကျင်၊ ရဘို(တောင်)နှစ်ရွာပေါင်းတွင် ဒဏ်ရာပြင်းထန်သူ ငါးဦးအနက် အမျိုးသမီးများပါ ပါဝင်တယ်လို့ သိရပါတယ်။
သားကျင်ကျေးရွာကို ဗုံး ၂၁ လုံး၊ ရဘို(တောင်)ကျေးရွာကို ဗုံးလေးလုံးကြဲချခဲ့ခြင်းဖြစ်ပြီး လေကြောင်းမှ မတိုက်ခိုက်ခင် ၁၂ နာရီဝန်းကျင်ကလည်း ငါန်းဇွန်မြို့နယ် သံကုန်းကျေးရွာသို့ ဟောင်ဝှစ်ဇာလက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုဟိန်းမင်းထက်( အသက် ၁၈ နှစ် ) သေဆုံးသွားကြောင်း ငါန်းဇွန်မီးနဂါးအဖွဲ့ခေါင်းဆောင်က မဇ္ဈိမသတင်းဌာနကို ပြောကြားထားပါတယ်။
========================
🚩🚩 ၆။ ဂန့်ဂေါမြို့နယ် လာပို့ကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်
မေလ ၁၅ ရက်၊
Radio NUG
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် လာပို့ကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ စာသင်ကျောင်းဆောင် ပျက်စီးသွားတယ်လို့ ယောအလင်းတန်းက ထုတ်ပြန်ထားပါတယ်။
မေလ ၁၄ ရက်နေ့ ည ၁၁ နာရီ ၂၄ မိနစ်က တံတားဦး လေတပ်တက် MIG 29 တစ်စီးဖြင့် လာပို့ကျေးရွာ စာသင်ကျောင်းကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်သွားခဲ့တာလို့ ဆိုပါတယ်။
ဗုံးကြဲ တိုက်ခိုက်မှုကြောင့် စာသင်ကျောင်း ခန်းမဆောင် ခါးလယ်မှ ကျိုးကျ ပျက်စီးသွားခဲ့ပြီး ပြည်သူ တစ်ဦး တစ်ယောက်မှ ထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။
စစ်ကောင်စီက ယောဒေသ ဂန့်ဂေါခရိုင်အတွင်း နေရာ အတော်များများကို မေလ ၁ ရက်နေ့ မတိုင်ခင်ကတည်းက နေ့စဉ်ရက်ဆက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။
========================
🚩🚩 ၇။ ယင်းမာပင်၊ ရေကြည်ပင်ရွာတွင် လက်နက်ကြီးထိမှန်မှုကြောင့် အထက်တန်းကျောင်းသူ ၁ ဦးသေဆုံး
မေလ ၁၅ရက်
Radio NUG
မေ ၁၄ ရက်ည ၉ နာရီခွဲတွင် ယင်းမာပင်မြို့နယ်၊ ရေကြည်ပင်ရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လက်နက်ကြီးနဲ့ပစ်ခတ်ရာ ၁၈ နှစ်အရွယ် ၁၂ တန်းကျောင်းသူ မယမင်းသိမ့် ကိုထိမှန်သေဆုံးခဲ့ပြီး နေအိမ် ၁ လုံးလည်း မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။
စစ်ကောင်စီတပ်က လက်နက်ကြီး ၃ လုံးပစ်ခတ်ခဲ့တာဖြစ်ပြီး ရေကြည်ပင်ရွာထဲ၊ ရွာအနီး လယ်ကွင်းတွေထဲနဲ့ မြရိပ်ရွာအပြင်ကို ၁ လုံးစီကျရောက်ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။
လက်နက်ကြီးကျရောက်ပေါက်ကွဲတဲ့ အိမ်၊ ဆိုင်ကယ် ၂ စီး၊ စက်ဘီး ၂ စီး၊ သိုလှောင်ထားတဲ့ ကြက်သွန်၊ စပါး အစရှိတာတွေ မီးလောင်ဆုံးရှုံးခဲ့ပြီး အနီးအနားကအိမ်တွေမှာလည်း ခေါင်မိုးအပေါက်တွေ၊ နံရံအပေါက်တွေဖြစ်သွားတယ်လို့ သိရပါတယ်။
========================
🚩🚩 ၈။ ထိုင်းနယ်စပ်အနီး မယ်လစခန်းကို KNU တပ်မဟာ (၇) စတင်တိုက်ခိုက်၊ ဒေသခံ ၄၀၀ ကျော် ထိုင်းဘက်သို့ ထွက်ပြေး
မေလ ၁၅ရက်
Radio NUG
ထိုင်းနယ်စပ်အနီးရှိ စစ်ကောင်စီတပ်၏ မယ်လစခန်းကို မေလ ၁၅ ရက် မနက် ၄ နာရီခွဲခန့်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၇) မှ စတင်တိုက်ခိုက်နေကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရပါတယ်။
မယ်လစခန်း (မော်ကွီးလူ) သည် KNU တပ်မဟာ (၇) ၏ စစ်ရေးလှုပ်ရှားရာနယ်မြေအတွင်းတွင် တည်ရှိပြီး၊ ထိုင်းနယ်စပ်အနီး၊ လှိုင်းဘွဲ့မြို့နယ်၊ ဝေလယ်မူး (မယ်လ) ရွာအနောက်ဘက်တွင် တည်ရှိပါတယ်။
ထိုင်းသတင်းရင်းမြစ်တစ်ခုအရ၊ မေလ ၁၅ရက် မနက်ပိုင်းတွင် ဝေလယ်မူး (မယ်လ) အနီးဖြစ်ပွားနေသော တိုက်ပွဲများကြောင့် မယ်လရွာအပါအဝင် အနီးအနားရှိ ကျေးရွာများမှ ဒေသခံပြည်သူ ၄၀၀ ကျော်သည် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာခဲ့ကြောင်း သိရပါတယ်။
လှိုင်းဘွဲ့မြို့နယ်၊ ပိုင်ကျုံမြို့၊ ဒေါနတောင်တန်းအရှေ့ခြမ်းရှိ ထိုင်းနယ်စပ်တလျှောက်တွင် စစ်ကောင်စီတပ်စခန်းများဖြစ်သည့် ပူးလူထူ၊ ခလယ်ဒေး၊ တခေါဘီခီး၊ မော်ဖားသူးနှင့် တာလယ်ဗျူဟာတို့ကို ယခုနှစ်အတွင်း KNU တပ်မဟာ (၇) မှ သိမ်းပိုက်ထားပြီးဖြစ်ကာ မယ်လစခန်း၊ မော်ဖိုးခီ (မော်ဖိုးကေ) စခန်းနှင့် နော်တရာစခန်းတို့သာ စစ်ကောင်စီလက်အောက်တွင် ကျန်ရှိနေတယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment