၂၀၂၅ မေလ ၁၈ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ မန္တလေးက ငလျင်ဘေးသင့် ကယ်ဆယ်ရေးစခန်းမှာ ကုက္ကိုလ်ပင်လဲတာကြောင့် ၂ဦး သေဆုံး
📌 ၂။ လုကာဆေးရုံက ဆရာဝန်တွေနဲ့ ကျန်းမာရေးလုပ်သားတွေအားလုံး တော်လှန်ရေးပြီးမြောက်တဲ့အထိ ဆက်လက် တောင့်ခံပေးဖို့ KNDF တောင်းဆို
📌 ၃။ ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် နယူးယောက်အခြေစိုက် သီရိလင်္ကာဘုန်းကြီးကျောင်းက ကန်ဒေါ်လာ ၆ထောင် လှူဒါန်း
========================
၂၀၂၅ ခုနှစ် မေလ ၁၈ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ အကြမ်းဖက်စစ်တပ်က အင်္ဂပူမြို့နယ်မှာရှိတဲ့ ကျေးရွာတွေကို လေကြောင်းကနေ ထပ်မံ ဗုံးကြဲ
🚩 ၂။ ကမ္မမြို့က ရပ်ကွက်ဆေးခန်းကို စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲ
🚩 ၃။ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နိုင်ရေးနဲ့ အရပ်သားအစိုးရ အမြန်ရရှိရေး နိုင်ရာတာဝန်ထမ်းကြဖို့ ရွှေဘို PDF တိုက်တွန်း
🚩 ၄။ ပခုက္ကူစက်မှုန်ဇုန်က စစ်တပ်ဂိတ်ကို တိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က ၃ ဦး သေဆုံး
🚩 ၅။ တိုက်ပွဲတိုင်းမှာအရေးပါတဲ့ စနိုက်ဘာသေနတ်ဝယ်နိုင်ရေး Black Panther 3000 Campaign မှာ ပါဝင်ကြဖို့ ကျားသစ်နက် စစ်ကြောင်း နှိုးဆော်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ မန္တလေးက ငလျင်ဘေးသင့် ကယ်ဆယ်ရေးစခန်းမှာ ကုက္ကိုလ်ပင်လဲတာကြောင့် ၂ဦး သေဆုံး
မေလ ၁၈ရက်
မန္တလေးမြို့က ငလျင်ဘေးသင့် ကယ်ဆယ်ရေးစခန်းမှာ ကုက္ကိုလ်ပင်ပြိုလဲရာက လူ ၂ ဦး သေဆုံးသွားတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
မန္တလေး မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက် ၄၁ လမ်းနဲ့ ၈၉ လမ်းထောင့်မှာရှိတဲ့ အဘယာရာမရွှေဂူကျောင်းတိုက်မှာ ဖွင့်ထားတဲ့ ငလျင်ဘေးသင့်ကယ်ဆယ်ရေးစခန်းက လုံးပတ် ၅ ပေနဲ့ အမြင့် ပေ ၄၀ ခန့်ရှိတဲ့ ကုက္ကိုလ်ပင် ဒီနေ့ မေလ ၁၈ ရက် မနက်အစောပိုင်းမှာ ပြိုလဲတာကြောင့် အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးသေဆုံးသွားတာလို့ ဖော်ပြထားပါတယ်။
မိုးရွာသွန်းမှုများပြီး ယာယီလူနေမိုးကာတဲပေါ် ကုက္ကိုလ်ပင်လဲကျခဲ့တာလို့ သိရပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေ ညတွင်းချင်း သွားရောက်ကယ်ဆယ်ခဲ့ပြီး သစ်ပင်ကို ရှင်းလင်းခဲ့သလို သေဆုံးသွားသူတွေကိုလည်း လူမှုကူညီးရေးအသင်းက သူနာတင်ယာဉ်နဲ့ မန္တလေးပြည်သူ့ဆေးရုံးကြီးကို ပို့ဆောင်ပေးခဲ့ တယ်လို့ သိရပါတယ်။
မန္တလေးတွင် မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ငလျင်ဒဏ်သင့်သူအများစုဟာ ပြိုကျပျက်စီး သွားတဲ့ အိမ်တွေကို ပြန်မဆောက်နိုင်သေးဘဲ ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေရချိန်မှာ သစ်ပင်လဲကျတာနဲ့ ထပ်ကြုံရတာပဲ ဖြစ်ပါတယ်။
========================
📌📌 ၂။ လုကာဆေးရုံက ဆရာဝန်တွေနဲ့ ကျန်းမာရေးလုပ်သားတွေအားလုံး တော်လှန်ရေးပြီးမြောက်တဲ့အထိ ဆက်လက် တောင့်ခံပေးဖို့ KNDF တောင်းဆို
မေလ ၁၈ရက်
လုကာဆေးရုံက ဆရာဝန်တွေနဲ့ ကျန်းမာရေးလုပ်သားတွေအားလုံး တော်လှန်ရေးပြီးမြောက်တဲ့အထိ ဆက်လက် တောင့်ခံပေးဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က တောင်းဆိုလိုက်ပါတယ်။
အခက်အခဲတွေကြားက ပေါ်ထွက်လာတဲ့ လုကာဆေးရုံ တည်ထောင်မှု ၃ နှစ်ပြည့်အထိမ်းအမှတ် သဝဏ်လွှာပေးပို့ရာမှာ KNDF က အခုလို တောင်းဆိုလိုက်တာဖြစ်ပါတယ်။
မေလ ၁၇ ရက်နေ့မှာပြည့်မြောက်တဲ့ လုကာဆေးရုံ တည်ထောင်မှု ၃ နှစ်ပြည့်အထိမ်းအမှတ် သဝဏ်လွှာပေးပို့ရာမှာ ဆေးရုံ က ဆရာဝန်တွေနဲ့ ဝန်ထမ်းတွေအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ ဘေးအန္တရယ်အပေါင်းကနေ ကင်းဝေးပါစေကြောင်းလည်း ဆုတောင်းပေးထားပါတယ်။
လုကာဆေးရုံက ကျွမ်းကျင်ဆရာဝန်တွေနဲ့ အလုပ်သင်ဆရာဝန်တွေအပါအဝင် ကျန်းမာရေးဝန်ထမ်းအားလုံးဟာ စိတ်ရင်း စေတနာအမှန်နဲ့ တော်လှန်ရေးအကျိုး၊ လူထုအကျိုးရှေးရှုပြီး မာန်မာနနဲ့ ကိုယ်ကျိုးမငဲ့ဘဲ နိုင်ရာတာဝန်ထမ်းဆောင်ရင်း ဆေးကုသမှု ပေးနေတာတွေအတွက် လေးစားဂုဏ်ယူပါတယ်လို့လည်း အသိပေးဖော်ပြထားပါတယ်။
ပြည်သူ့အကျိုးပြု ဆေးရုံတရုံဖြစ်လာအောင် ဝိုင်းဝန်းကူညီ ပံ့ပိုးပေးခဲ့ကြတဲ့ အလှူရှင်တွေနဲ့ ဆေးရုံကို ကောင်းစွာစီမံခန့်ခွဲ နေတဲ့ တာဝန်ရှိသူ အားလုံးကိုလည်း ကျေးဇူးတင်တဲ့အကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF အနေနဲ့လည်း နိုင်ငံရေးရည်မှန်းချက် ပန်းတိုင်ရောက်တဲ့အထိ လုကာဆေးရုံနဲ့အတူ ရပ်တည်သွားမယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။
========================
📌📌 ၃။ ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် နယူးယောက်အခြေစိုက် သီရိလင်္ကာဘုန်းကြီးကျောင်းက ကန်ဒေါ်လာ ၆ထောင် လှူဒါန်း
မေလ ၁၈ရက်
နယူးယောက်မြို့ အခြေစိုက် New York Buddhist Vihara သီရိလင်္ကာဘုန်းကြီးကျောင်းက မြန်မာနိုင်ငံက ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် အမေရိကန်ဒေါ်လာ ၆ ထောင် လာရောက်လှူဒါန်းခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ရုံးအဖွဲ့က ပြောပါတယ်။
နယူးယောက်မြို့ အခြေစိုက် New York Buddhist Vihara သီရိလင်္ကာဘုန်းကြီးကျောင်းက ဘုန်းတော်ကြီးတွေ မေလ ၁၄ ရက်နေ့မှာ လာရောက်လှူဒါန်းခဲ့တာလို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ ၇ဒသမ၇ ပြင်းအားရှိ ငလျင်ဒဏ်ကြောင့် သဘာဝဘေးအန္တရာယ်ခံစားခဲ့ရသူတွေကို ကူညီပေးနိုင်ဖို့ လာရောက်လှူဒါန်းပေးခဲ့တာဖြစ်ပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက ကုလဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက လက်ခံရယူခဲ့တယ်လို့ သိရပါတယ်။
မြန်မာပြည်သူတွေ မတရားစစ်အာဏာသိမ်းမှုကြောင့် ဒုက္ခရောက်နေရတဲ့အချိန်မှာ ပြင်းအားကြီးတဲ့ ငလျင်ဒဏ်ကိုပါ ခံစား ရတာကြောင့် ပိုမိုဆိုးရွားတဲ့ အခက်အခဲတွေ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်ဖြတ်နေရတယ်လို့ ကုလဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။
မြန်မာပြည်သူတွေ အခက်အခဲရှိနေချိန်မှာ အခုလို လှူဒါန်းတဲ့အတွက် မြန်မာပြည်သူတွေကိုယ်စား ကျေးဇူးတင်ကြောင်းနဲ့ အမှန်တကယ် အကူအညီလိုအပ်နေသူတွေဆီရောက်အောင် အမျိုးသားညီညွတ်ရေးအစိုးရကနေတဆင့် ဆက်လက်ပေးပို့ ဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။
New York Buddhist Vihara သီရိလင်္ကာဘုန်းတော်ကြီးကျောင်းက သံဃာတော်တွေ လှူဒါန်းတဲ့ အမေရိကန်ဒေါ်လာ ၆ထောင်ကို ကုလဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက မေလ ၁၆ ရက်နေ့ကပဲ Funds for Future အဖွဲ့ပိုင် ဘဏ်ငွေစရင်းထဲ လွဲပြောင်းပေးထားတယ်လို့ သိရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ အကြမ်းဖက်စစ်တပ်က အင်္ဂပူမြို့နယ်မှာရှိတဲ့ ကျေးရွာတွေကို လေကြောင်းကနေ ထပ်မံ ဗုံးကြဲ
မေလ ၁၈ရက်
ဧရာဝတီတိုင်း ဟင်္သာတခရိုင် အင်္ဂပူမြို့နယ်မှာရှိတဲ့ ကျေးရွာတွေကို ဒီနေ့ မေလ ၁၈ ရက် မနက်အစောပိုင်းမှာ လေကြောင်းကနေ ထပ်မံ ဗုံးကြဲသွားတယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ ခြင်ကိုက်ကွင်းရွာ၊ ဘယ်ပြားကုန်းရွာနဲ့ စာစီကုန်းကွင်းရွာတွေဘက်ကို ဒီနေ့ မေလ ၁၈ ရက် မနက် ၆ နာရီ မိနစ် ၄၀ အချိန်ကစပြီး Y12 လေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်မှု ၁၈ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တာလို့ ဒေသတွင်းသတင်းရင်းမြစ်တခုဖြစ်တဲ့ ပုသိမ် သတင်းအထူးတပ်ဖွဲ့က အသိပေးပါတယ်။အကြမ်းဖက်စစ်ကောင်စီဟာ မနေ့ မေလ ၁၇ ရက် ညပိုင်းကလည်း အဲဒီနယ်မြေတွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့သေးတယ်လို့လည်း ဆိုပါတယ်။
အင်္ဂပူမြို့နယ် ခြင်ကိုက်ကွင်းရွာက စာသင်ကျောင်းနဲ့ အမှတ် ၃၁ သစ်စက်တို့ကိုလည်း မေလ ၁၅ ရက်နေ့ မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ကွမ်းယာဆိုင် မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ထို့အတူ မေလ ၁၅ ရက်နေ့ ည ၉ နာရီခွဲအချိန်မှာလည်း ကွင်းကောက်မှာရှိတဲ့ တတက ၅ က တက်လာတဲ့ paramotorက ဘယ်ပြားကုန်း၊စာစီကုန်းကွင်း၊ ခြင်ကိုက်ကွင်းရွာတွေဘက် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့သလို မေလ ၁၆ ရက် ည ၈ နာရီခွဲအချိန်မှာလည်း လေယာဉ် ၂ စင်းနဲ့ ဝါးတောကွင်း၊ ကြက်ပေါင်ကုန်းနဲ့ သံပုရာကုန်းရွာတွေဘက် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့ပါသေးတယ်။
အကြမ်းဖက်စစ်တပ်ဟာ စစ်သားအင်အားလိုအပ်နေတဲ့အတွက် စစ်မှုထမ်းဥပဒေကိုခုတုံးလုပ်ပြီး တပ်သားသစ်တွေ အဓမ္မစုဆောင်းကာ သင်တန်းတွေပေးပြီး ရှေ့တန်းစစ်မျက်နှာကို ပို့လွှတ်နေပေမယ့် တပ်သားသစ်တွေဟာ တိုက်စွမ်းရည် မပြည့်ဝတာနဲ့ ရှေ့တန်းအတွေ့အကြုံမရှိတာတွေကြောင့် ထွက်ပြေးတာတွေများနေတဲ့အတွက် လေကြောင်းကနေ ပြည်သူပိုင် အိမ်တွေဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေကို အဓိကထား တိုက်ခိုက်ဖျက်ဆီးနေတာပဲဖြစ်ပါတယ်။
========================
🚩🚩 ၂။ ကမ္မမြို့က ရပ်ကွက်ဆေးခန်းကို စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲ
မေလ ၁၈ရက်
မကွေးတိုင်း ပခုက္ကူမြို့နယ် ကမ္မမြို့အနောက်ဘက်ခြမ်းမှာရှိတဲ့ ရပ်ကွက်ဆေးခန်းတခုကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားတာကြောင့် ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒီနေ့ မေလ ၁၈ ရက် မနက် ၆ နာရီ ၁၇ မိနစ်ခန့်အချိန်မှာ ကမ္မမြို့အနောက်ဘက် ဂျိုးပျံရပ်ကွက်မှာရှိတဲ့ ဆေးခန်းကို တံတားဦးကတက်လာတဲ့ ဂျက်ဖိုက်တာက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုဖြစ်စဉ်မှာ ဆေးခန်းအဆောက်အအုံ ထိခိုက်ပျက်စီးခဲ့ပြီး ၂ ဦးဒဏ်ရာသွားတယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။
အဲဒီလေယာဉ်ဟာ ဒီနေ့မနက် ၆ နာရီလောက်က မင်းတပ်နဲ့ ထီးလင်းနားကနေ ပြန်ကွေ့ပြီး ပေါက်နဲ့ ကမ္မကြားက ဆေးခန်းကို တိုက်ခိုက်သွားတာဖြစ်တဲ့အတွက် ဒေသနေပြည်သူတွေအနေနဲ့ လေကြောင်းအန္တရယ်ကို သတိထားနေထိုင်ကြဖို့ ဒေသ သတင်းရင်းမြစ်တဦးက တိုက်တွန်းထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ တိုက်ပွဲဖြစ်တာမရှိဘဲ အကြောင်းမဲ့ တိုက်ခိုက်သွားတာလို့ နောက်ထပ်သတင်းရင်းမြစ် တဦးကရှင်းပြပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ ပြည်သူများပစ်မှတ်ထားတိုက်ခိုက်လာတဲ့အတွက် လေကြောင်းအန္တရာယ်ကို ကာကွယ်နိုင်မယ့် ဗုံးခိုကျင်းတွေ မဖြစ်မနေတူးထားဖို့တဲ့ လေကြောင်းအန္တရာယ်ကို လျှော့မတွက်ဖို့ လေကြောင်းအချက်ပေးစနစ်တွေထားရှိဖို့ ဒေသတွင် တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။
နိုင်ငံတဝန်းဖြစ်နေတဲ့ တိုက်ပွဲတွေမှာ အထိနာနေတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ မြေပြန့်ဒေသဖြစ်တဲ့ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်း အပါအဝင် မြန်မာနိုင်ငံအနှံ့က အရပ်သားပြည်သူနေထိုင်ရာ နေရာတွေ စာသင်ကျောင်း၊ ကျန်းမာရေးနဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့် ပြည်သူလူထု ထိခိုက်သေဆုံးမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေရပါတယ်။
========================
🚩🚩 ၃။ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နိုင်ရေးနဲ့ အရပ်သားအစိုးရ အမြန်ရရှိရေး နိုင်ရာတာဝန်ထမ်းကြဖို့ ရွှေဘို PDF တိုက်တွန်း
မေလ ၁၈ရက်
ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နိုင်ရေးနဲ့ မိမိတို့ကိုအုပ်ချုပ်မယ့် အရပ်သားအစိုးရကို မိမိတို့ကိုယ်တိုင် မဲပေးရွေးချယ်နိုင်ခွင့် အမြန်ဆုံးပြန်လည်ရရှိရေး နိုင်ရာတာဝန် ထမ်းဆောင်ကြဖို့ ရွှေဘိုခရိုင် အမှတ် ၂၆ တပ်ရင်း MDF-Shwebo က တိုက်တွန်း ပြောကြားလိုက်ပါတယ်။
ရွှေဘိုခရိုင် အမှတ် ၂၆ တပ်ရင်း MDF-Shwebo တည်ထောင်ခြင်း ၄ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပြည်သူလူထုကို အခုလို တိုက်တွန်း ပြောဆိုလိုက်တာဖြစ်ပါတယ်။မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် ကဆုန်လပြည့်နေ့၊ ခရစ်နှစ် ၂၀၂၅ ခုနှစ် မေလ ၁၁ ရက်နေ့မှာ ရွှေဘိုခရိုင် အမှတ် ၂၆ တပ်ရင်း MDF-Shwebo တည်ထောင်ခဲ့တာ ၄ နှစ်ပြည့်ခဲ့တာဖြစ်ပါတယ်။
တပ်ရင်းတည်ထောင်မှု ၄ နှစ်ပြည့် အခမ်းအနားကျင်းပမယ်ဆိုရင် ဒေသတွင်းမှာရှိတဲ့ ပြည်သူလူတု လေကြောင်းအန္တရာယ် ကျရောက်မှာ စိုးရိမ်တာရယ် တပ်တည် တပ်လှုပ်အခြေအနေကို စစ်တပ်ဘက်က မသိစေလိုတာတွေကြောင့် တပ်ရင်း တည်ထောင်ခြင်း ၄ နှစ်ပြည့် အထိမ်းအမှတ်နေ့ကို အခုမှ ထုတ်ပြန်ကြေညာရတာလို့ အသိပေးပါတယ်။
ရွှေဘိုခရိုင် အမှတ် ၂၆ တပ်ရင်း MDF-Shwebo အနေနဲ့ ၂၀၂၄ ခုနှစ် ရှမ်းမန်း စစ်ဆင်ရေးမှာ ပါဝင်ဆင်နွှဲတိုက်ပွဲဝင်ခဲ့ပြီး အောင်ပွဲတွေရခဲ့တာမှန်ပေမယ့် တာဝန်ကျေပြီလို့ မယူဆဘဲ မဟာမိတ်တိုင်းရင်းသားတပ်ဖွဲ့တွေလို ဗျူဟာမြောက်တဲ့ စစ်ဆင်ရေးကြီးတွေ ဆက်လက်ဆင်နွှဲလိုသေးတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ တိုက်ပွဲတွေဖော်ဆောင်နိုင်ဖို့ ပြန်လည်စုဖွဲ့ လေ့ကျင့်ပြင်ဆင် စုဆောင်းတာတွေလုပ်နေပြီး လူစိတ်မရှိတဲ့ ဖက်ဆစ် စစ်တပ်ကို အမြစ်ဖြတ်နိုင်ရေး မွန်းမံသင်တန်းတွေနဲ့ တပ်သားသစ်တွေအတွက် သင်တန်းတွေဖွင့် လေ့ကျင့်နေတယ်လို့ အသိပေးပါတယ်။
ဒါကြောင့် တော်လှန်ပြည်သူအပေါင်းတို့အနေနဲ့လည်း လူစိတ်မရှိတဲ့စစ်တပ်ကြောင့် ဘေးမသင့်ရလေအောင် စစ်ရေးသတိ စစ်ရေးအသိရှိရှိနဲ့ အန္တရာယ်ကင်းအောင်နေထိုင်ရင်း နိုင်ရာတာဝန်တွေကို ထမ်းဆောင်ကြဖို့ ရွှေဘိုခရိုင် အမှတ် ၂၆ တပ်ရင်း MDF-Shwebo က ဖတ်ခေါ်ထားပါတယ်။
လွတ်လပ်ပြီး တရားမျှတတဲ့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ်ပေါ်ပေါက်ရေး အသက်ပေးလှူသွားခဲ့ကြတဲ့ တပ်ရင်းက ရဲဘော် ၉ ဦးနဲ့တကွ နွေဦးအာဇာနည်အပေါင်းကို ဦးညွှတ်အလေးပြုရင်း အရေးတော်ပြီးမြောက်အောင်မြင်တဲ့အထိ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ရွှေဘိုခရိုင် အမှတ် - ၂၆ တပ်ရင်း MDF – Shwebo က ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၄။ ပခုက္ကူစက်မှုန်ဇုန်က စစ်တပ်ဂိတ်ကို တိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က ၃ ဦး သေဆုံး
မေလ ၁၈ရက်
မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၆ လမ်းမှာရှိတဲ့ စစ်တပ်ဂိတ်ကို တိုက်ခိုက်ခဲ့ရာမှာ စစ်သားနဲ့ပျူစောထီး ၃ ဦး သေဆုံးသွားတယ်လို့ Myingyan Black Tiger – MBT တပ်ဖွဲ့က ပြောပါတယ်။
ပခုက္ကူမြို့ စက်မှုဇုန် ၆ လမ်းမှာရှိတဲ့ စစ်တပ်ဂိတ်စခန်းကို မေလ ၁၅ ရက်နေ့ ညနေပိုင်းမှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်အုပ်စုဘက်က ပြနလည်ပစ်ခတ်တာကြောင့် တိုက်ပွဲဟာ မိနစ် ၃၀ ခန့်ကြာခဲ့ပြီး စစ်သား ၂ဦးနဲ့ ပျူစောထီးတဦး သေဆုံး ကာ အများအပြားဒဏ်ရာရသွားတယ်လို့ အသိပေးပါတယ်။
စစ်အုပ်စုဘက်က ထိခိုက်မှုများနေတာကြောင့် စစ်တပ်ဂိတ်စခန်းကို အပြီးသတ်သိမ်းပိုက်ဖို့ ကြိုးစားခဲ့ပေမယ့် စစ်တပ် ဘက်က စစ်ကူစစ်ကြောင်းတွေရောက်လာတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီဂိတ်စခန်းမှာ စစ်အုပ်စုဘက်က ၆ ယောက်ပဲရှိတယ်လို့ သတင်းရတဲ့အတွက် တော်လှန်ရေးအဖွဲ့တွေ သွားရောက် တိုက်ခိုက်ခဲ့တာဖြစ်ပေမယ့် စစ်အုပ်စုဘက်က ၂၅ လောက်ရှိနေတာရယ် စစ်ကူတွေ ရောက်လာတာရယ်ကြောင့် ပြန်ဆုတ်ခဲ့ရတာလို့လည်း သိရပါတယ်။
ဒီတိုက်ခိုက်မှုကို Myingyan Black Tiger – MBT တပ်ဖွဲ့၊ နဂါးမင်း PDF အဖွဲ့နဲ့ တော်လှန်ရေး - ပခုက္ကူ တပ်တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
========================
🚩🚩 ၅။ တိုက်ပွဲတိုင်းမှာအရေးပါတဲ့ စနိုက်ဘာသေနတ်ဝယ်နိုင်ရေး Black Panther 3000 Campaign မှာ ပါဝင်ကြဖို့ ကျားသစ်နက် စစ်ကြောင်း နှိုးဆော်
မေလ ၁၈ရက်
တိုက်ပွဲတိုင်းမှာအရေးပါတဲ့ စနိုက်ဘာသေနတ်ဝယ်နိုင်ရေး Black Panther 3000 Campaign မှာ ပါဝင်ကြဖို့ ပြည်တွင်း ပြည်ပက ထောက်ပို့ ပြည်သူတွေကို ကျားသစ်နက်စစ်ကြောင်းနဲ့ ပွဲစီစဉ်သူတွေက နှိုးဆော်ထားပါတယ်။
တိုက်ပွဲတိုင်းမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်နေတဲ့ စနိုက်ဘာသမားတွေရဲ့ စွမ်းဆောင်မှုကို လျော့တွက်လို့ မရသလို မျက်ကွယ်ပြုထားလို့လည်း မရတာကြောင့် လိုအပ်ချက်များစွာထဲက တခုဖြစ်တဲ့ စနိုက်ဘာလိုအပ်ချက်ကို ဖြည့်တင်းနိုင်ဖို့ ဒီကမ်ပိန်းကို ပြုလုပ်ရတာလို့ ဆိုပါတယ်။ပိုမိုကြီးမားကျယ်ပြန့်တဲ့ မဟာဗျူဟာနဲ့အတူ အလုပ်တွေလုပ်နိုင်ဖို့ ကျားသစ်နက်စစ်ကြောင်းနဲ့အတူ ပါဝင်ပေးကြဖို့ ကမ်ပိန်း စီစသ်သူတွေက တိုက်တွန်းထားပါတယ်။Black Panther 3000 Campaign ကို မေလ ၁၅ ရက်ကနေ ဇူလိုင် ၅ ရက်အထိလုပ်မှာဖြစ်ပြီး ကျပ်သိန်း ၃ထောင်ရဖို့ မျော်မှန်းထားတယ်လို့ သိရပါတယ်။
ပါဝင်အားဖြည့်လိုတဲ့ မိဘပြည်သူများအနေနဲ့ ကျားသစ်နက်စစ်ကြောင်း FR Page Black Panther Column Fundraising Team စစ်ကြောင်းထောက်ပို့နဲ့ နိုင်ငံတကာ ဖန်ရေစာ FR တွေဆီမှာ ပါဝင်အားဖြည့်နိုင်တယ်လို့လည်း သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment