၂၀၂၅ မေလ ၂၂ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အသုံးမဝင်တော့တဲ့ ဘုံသဘောတူညီချက် ၅ ချက်ဟာ အနိစ္စရောက်သွားပြီလို့ SAC-M ဆို
📌 ၂။ ဒေါ်အောင်ဆန်းစုကြည်အသက်၈၀ ပြည့်မွေးနေ့အမှတ်တရ e-birthday card ပို့ဖို့သားငယ်ကိုထိန်လင်း ဖိတ်ခေါ်
📌 ၃။ PSLF/TNLA မော်တော်ယာဥ်မှတ်ပုံတင်ကြီးကြပ်ရေးဌာနက မော်တော်ယာဥ်မှတ်ပုံတင်လိုင်စင် လုပ်ပေးမယ်
========================
၂၀၂၅ ခုနှစ် မေလ ၂၂ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်မှာ စာသင်ကြားနေပြီး မင်းအောင်လှိုင်ပေးတဲ့ ၀ဏ္ဏကျော်ထင်ဘွဲ့ရထားသူ အငြိမ်းစား ဗိုလ်ချုပ် ချိုထွန်းအောင်ကို ပစ်ခတ်ရှင်းလင်း
🚩 ၂။ မင်းလှနယ်မှာ တော်လှန်ရေးတပ်ဖွဲ့က ဖမ်းမိထားတဲ့ စစ်တပ်သတင်းပေးလမ်းပြ ခုခံထွက်ပြေးတာကြောင့် ပစ်ခတ်ဖမ်းဆီး ရာက သေဆုံး
🚩 ၃။ ရွှေကူမြို့မှာ အရေးပေါ်ဆင်းသက်ခဲ့ရတဲ့ စစ်ရဟတ်ယာဉ်ကို တော်လှန်ရေးတပ်တွေ ထပ်မံဖျက်ဆီးနိုင်ခဲ့
🚩 ၄။ ပြည်သူချစ်တဲ့ စစ်သားကောင်းတွေဖြစ်ရေး အလင်းဝင်ကြဖို့ ညောင်ဦးပကဖ ဖိတ်ခေါ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အသုံးမဝင်တော့တဲ့ ဘုံသဘောတူညီချက် ၅ ချက်ဟာ အနိစ္စရောက်သွားပြီလို့ SAC-M ဆို
မေလ ၂၂ရက်
အသုံးမဝင်တော့တဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ဟာ အနိစ္စရောက်သွားပြီလို့ မှတ်ယူသင့်တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SAC-M က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
မလေးရှားနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးဟောင်း Dato’ Sri Saifuddin Abdullah နဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေး ကောင်စီ SAC-M ကို တည်ထောင်ရာမှာပါဝင်တဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာကျွမ်းကျင်သူဟောင်း ၃ ဦးတို့က ပူးတွဲထုတ်ပြန်ချက်တစောင် ထုတ်ပြန်ပြီး ပြောဆိုလိုက်တာဖြစ်ပါတယ်။
မလေးရှားနိုင်ငံဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်အနေနဲ့ ဧပြီလ ၁၈ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ တွေ့ဆုံခဲ့တာကို ကြိုဆိုလိုက်ပြီး မြန်မာနိုင်ငံက တရားဝင် နိုင်ငံရေး ဦးဆောင်သူတွေနဲ့ ထိတွေ့ဆက်ဆံခဲ့တာဟာ အရေးပါတဲ့ ခြေလှမ်းတခုဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုလို ဆက်ဆံလိုက်တာကြောင့် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်အပြီးမှာ အရေးပေါ် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးပို့နိုင်ဖို့ လမ်းကြောင်းတွေ ပွင့်သွားစေခဲ့တယ်လို့လည်း အသိပေးထား ပါတယ်။
ဒါကြောင့် အခုလနှောင်းပိုင်းမှာကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင်မှာ အာဆီယံဥက္ကဋ္ဌနဲ့ NUG တို့အကြား နောက်ထပ်တွေ့ဆုံမှုတွေ မဖြစ်မနေ ပြုလုပ်သင့်တယ်လို့ မလေးရှားနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးဟောင်းနဲ့ SAC-M ကို တည်ထောင်ရာမှာပါဝင်တဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာကျွမ်းကျင်သူဟောင်း ၃ ဦးက အကြံပြုထားပါတယ်။
စစ်အုပ်စုခေါင်းဆောင်လည်းဖြစ် စစ်ရာဇဝတ်သားလို့ စွပ်စွဲခံထားရတဲ့ မင်းအောင်လှိုင်အနေနဲ့ ဝန်ကြီးချုပ် အန်ဝါနဲ့ တွေ့ဆုံ ခဲ့တာရဲ့ ရည်ရွယ်ချက်ဟာ စစ်အုပ်စုရဲ့ ထွင်လုံးသက်သက်ဖြစ်တဲ့ အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးပေးဖို့သာ ဖြစ်တယ်လို့ ထောက်ပြထားပါတယ်။
ဧပြီလ ၂ ရက်နေ့ကစတင်သက်ရောက်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး ဆက်လက်မြဲမြံစေရမယ်လို့ မင်းအောင်လှိုင်ဆီက အာမခံချက်ရရှိခဲ့တယ်လို့ မလေးရှားနိုင်ငံဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က သတင်းထုတ်ပြန်ခဲ့ပေမယ့် ဒီအာမခံချက်ဟာ တွေ့ဆုံမှု မပြီးဆုံးခင်မှာပဲ လိမ်လည်မှုသက်သက်သာဖြစ်တယ်ဆိုတာ ပေါ်လွင်သွားခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါဟာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Volker Türk အတည်ပြုပြောကြားခဲ့တဲ့ စစ်အုပ်စုဟာ အရပ်သား တွေအပေါ် ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေ လျော့ပါးမသွားဘဲ ဆက်လက် ကျူးလွန်နေဆဲဆိုတဲ့အချက်ကို မလေးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်းနဲ့ SAC-M ကို တည်ထောင်တဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာကျွမ်းကျင်သူဟောင်း ၃ ဦးက ညွှန်းဆိုလိုက်တာ ဖြစ်ပါတယ်။
စစ်အုပ်စုရဲ့ နည်းဗျူဟာတွေနဲ့ အပြုအမူတွေဟာ ပြောင်းလဲမှုမရှိဘဲ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီ တွေကို လက်နက်သဖွယ်အသုံးချတာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဝင်ရောက်ခွင့်တွေကို ကြိုးကိုင်ခြယ်လှယ် တာနဲ့ ပိတ်ဆို့တားဆီးတာ စတဲ့နည်းလမ်းတွေကို အသုံးပြုနေဆဲဖြစ်တာကြောင့် အသုံးမဝင်တော့တဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ချက်ဟာ အနိစ္စရောက်သွားပြီလို့ မှတ်ယူသင့်တယ်လို့ မလေးရှားနိုင်ငံဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် ကို အသိပေးထားပါတယ်။
ဒါ့ကြောင့် အာဆီယံဥက္ကဋ္ဌတာဝန်ယူထားတဲ့ မလေးရှားဝန်ကြီးချုပ် အန်ဝါအနေနဲ့ ကွာလာလမ်ပူမှာကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံလုပ်ငန်းစဉ်သစ်တရပ်ကို အတည်ပြုချမှတ်နိုင်ရေး ဦးဆောင်ပြုလုပ် သင့်တယ်လို့လည်း အကြံပြုထားပါတယ်။
ဝန်ကြီးချုပ် အန်ဝါ အနေနဲ့ အခွင့်အလမ်းကောင်းတရပ်ပိုင်ဆိုင်ထားချိန်မှာ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့ နှစ်ပေါင်းများစွာ ဂုဏ်သိက္ခာကျဆင်းခဲ့ရတဲ့ အာဆီယံကို အများလက်ခံတဲ့ ယုံကြည်နိုင်မှုရအောင် ပြန်လည်စွမ်းဆောင်သင့်တယ်လို့လည်း မလေးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်းနဲ့ SAC-M ကို တည်ထောင်တဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာကျွမ်းကျင်သူ ဟောင်း ၃ ဦးက ထပ်မံ တိုက်တွန်းထားပါတယ်။
========================
📌📌 ၂။ ဒေါ်အောင်ဆန်းစုကြည်အသက်၈၀ ပြည့်မွေးနေ့အမှတ်တရ e-birthday card ပို့ဖို့သားငယ်ကိုထိန်လင်း ဖိတ်ခေါ်
မေလ ၂၂ရက်
ဒေါ်အောင်ဆန်းစုကြည်အသက်၈၀ ပြည့်မွေးနေ့အမှတ်တရ e-birthday card ပို့ဖို့သားငယ်ကိုထိန်လင်း ဖိတ်ခေါ်လိုက်ပါတယ်။
"အခုဆိုရင် မြန်မာနိုင်ငံရဲ့ မရေတွက်နိုင်တဲ့ မိသားစုတိုင်းမှာ ခွဲခွာခြင်းဆုံးရှုံးရခြင်းနဲ့ ရုန်းကန်ရခြင်းစတဲ့ အရာတွေကို နေ့စဉ်ဘဝတစ်ခုအဖြစ် မခံမရပ်နိုင်ဘဲ ဖြတ်ကျော်နေကြပါတယ်။ဒါပေမယ့်လည်း မျှော်လင့်ချက်ဆိုတာ ရှိတယ်လို့ ကျွန်တော် ယုံကြည်တယ်။
မေမေနဲ့ သူယုံကြည်ထားသမျှအရာတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ ကျွန်တော်က အားလုံးကို e-birthday card လေး ပို့ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ဒါက ဘာမှ မပြောပလောက်တဲ့ အရာလို့ ထင်ရပေမယ့် နက်ရှိုင်းတဲ့ အဓိပ်ပါယျမြားစှာ ပါဝင်နေပါတယ်။ ချစ်ခြင်းမေတ္တာစကား၊ ကျေးဇူးတင်စကား၊ ဒါမှမဟုတ် အားပေးစကားလေးတွေက မေမေ့အတွက်တော့ အမှတ်တရတစ်ခုဖြစ်လာနိုင်ပြီး မေမေဟာ တစ်ယောက်တည်း မဟုတ်ဘူးဆိုတာကိုလည်း တိတ်တဆိတ် ဖော်ပြပေးသလိုပါပဲ။ ကျွန်တော်တို့ ဒီ e-birthday card လေးကို ဒီဇိုင်းလှလှလေး ၃ ခု လုပ်ထားပါတယ်။ ဒီဇိုင်းတစ်ခုချင်းစီကို မေမေ့ကို နက်နက်ရှိုင်းရှိုင်းချစ်ခင်ကြသူတွေဖြစ်တဲ့ Nu Yin၊ Kyar Pauk နဲ့ ချစ်သုဝေတို့က ဒီဇိုင်းဆွဲပေးထားတာဖြစ်ပါတယ်။ မေမေက အခုချက်ချင်းစာတွေကို မဖတ်နိုင်သေးပေမယ့် အားလုံးတဲ့ ချစ်ခြင်းမေတ္တာ၊ ခွန်အားနဲ့ ကျေးဇူးတရားတွေကို ဒီ e-birthday ကတ်လေးတွေကနေတစ်ဆင့်ခံစားမိမယ်လို့ ယုံကြည်ပါတယ်"လို့ကိုထိန်လင်းက ပြောပါတယ်။
ကတ်တွေအားလုံးကို အွန်လိုင်းမှာ လုံခြုံအောင် သိမ်းထားမှာဖြစ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာတဲ့ အခါမှာအကုန်လုံးကိုပြန်ပြနိုင်မှာပဲဖြစ်တယ်လို့သိရပါတယ်။
"ဒီကတ်မှရရှိတဲ့ အကျိုးအမြတ်တွေအားလုံးကိုလည်း သူမှ နှလုံးသားထဲမှာ အမြဲနီးနီးကပ်ကပ်ထားပြီး အလေးပေးခဲ့တဲ့ ကလေးသူငယ်ရေးရာနဲ့ ပညာရေးအတွက် အဓိကထားပြီး အသုံးပြုသွားမှာဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ မေမေ ဒေါ်အောင်ဆန်းစုကြည်က သူမဘဝတစ်ခုလုံးကို မြန်မာနိုင်ငံ ဒီမိုကရေစီနဲ့ လူသားအခွင့်အရေးများအတွက်ပဲ မြုပ်နှံထားသူဖြစ်ပါတယ်။ သူမဘဝရဲ့ လေးပုံတစ်ပုံကိုလည်း ထောင်ထဲမှာ ဒါမှမဟုတ် အိမ်အကျယ်ချုပ်နေပြီး ဖြတ်သန်းခဲ့ရသူလည်းဖြစ်ပါတယ်။ ဒီလိုမျိုးတွေ ဖြတ်ကျော်လာခဲ့တယ်ဆိုတာကလည်း သူမအတွက် မဟုတ်ဘဲ လွတ်လပ်ရေး အိပ်မက်မက်နေတဲ့ သန်းနဲ့ချီရှိကြတဲ့ မြန်မာပြည်သူတွေ အတွက်ပဲ ဖြစ်ပါတယ်။ဒီမွေးနေ့လေးကို သာမန်မွေးနေ့တစ်ခုထက် ပိုတဲ့ အရာတစ်ခုအဖြစ် ပြောင်းလဲလိုက်ကြရအောင်"လို့ကိုထိန်လင်းကထပ်လောင်းပြောပါတယ်။
ထို့အတူ ဒေါ်အောင်ဆန်းစုကြည် အသက်(၈၀)နှစ်မြာက်မွေးနေ့ဂုဏ်ပြုပွဲ သြစတြေးလျဆစ်ဒနီမြို့မှာ ကျင်းပမယ်လို့သိရပါတယ် အခမ်းအနားကို ဇွန်လ (၁၅)ရက် ၂၀၂၅၊တနင်္ဂနွေနေ့Granville Centreမှာကျင်းပမှာဖြစ်ပါတယ်။မိတ်ဆွေအပေါင်းအသင်းများကိုလဲခေါ်ခဲ့စေချင်ပါတယ်"လို့ CRPH/NUG Support Groupက အသိပေးဆိုထားပါတယ်။
========================
📌📌 ၃။ PSLF/TNLA မော်တော်ယာဥ်မှတ်ပုံတင်ကြီးကြပ်ရေးဌာနက မော်တော်ယာဥ်မှတ်ပုံတင်လိုင်စင် လုပ်ပေးမယ်
မေလ ၂၂ရက်
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မော်တော်ယာဥ်မှတ်ပုံတင်ကြီးကြပ်ရေးဌာနက မေလ ၂၅ ရက် နေ့ကစပြီး မော်တော်ယာဥ် မှတ်ပုံတင်လိုင်စင် လုပ်ပေးမယ်လို့ PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။
PSLF/TNLA မော်တော်ယာဥ်မှတ်ပုံတင်ကြီးကြပ်ရေးဌာနက အိမ်စီးကား၊ လုပ်ငန်းသုံးကား၊ ခရီးသည်တင်ကားနဲ့ ကုန်တင် ကားတွေကို ပထမဆုံးအကြိမ် ယာဥ်မှတ်ပုံတင်လိုင်စင် ပြုလုပ်ပေးတာလို့ ဆိုပါတယ်။
မှတ်ပုံတင်ဖို့အတွက် လိုအပ်စာရွက်စာတမ်းတွေနဲ့ လုပ်ငန်းစဥ်အဆင့်ဆင့်ကိုလည်း သတ်မှတ်ထားတဲ့အတိုင်း ဆောင်ရွက် သွားမယ်လို့ သိရပါတယ်။
မော်တော်ယာဥ် မှတ်ပုံတင်ရာမှာ ကားအမျိုးအစားအလိုက်ပေးသွင်းရမယ့် အခွန်ငွေနဲ့ဝန်ဆောင်ခဟာ ကျပ်၂သိန်းကနေ ကျပ် ၅ သိန်းအထိ ပေးဆောင်ရမှာဖြစ်ပြီး ယာဥ်မှတ်ပုံတင်လိုင်စင်ထုတ်ပေးမယ့် စီမံချက်ကာလအနေနဲ့ မေလ ၂၅ ရက်က နေ ဒီဇင်ဘာ ၃၁ ရက်အထိ ၆ လ ပြုလုပ်ပေးမယ်လို့ PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စီမံချက်ကာလကျော်လွန်သွားချိန်မှာတော့ ယာဥ်မှတ်ပုံတင်လိုင်စင် မတင်ထားတဲ့ကားတွေကို ဥပဒေအတိုင်း အရေးယူ သွားမယ်လို့ သတိပေးထားပါတယ်။
မော်တော်ယာဥ်မှတ်ပုံတင်ကြီးကြပ်ရေးဌာနအနေနဲ့ လက်ရှိမှာ PSLF/TNLA အုပ်ချုပ်ရာ မြို့နယ် ၂ ခုဖြစ်တဲ့ နမ့်ခမ်းနဲ့ နမ့်ဆန်မြို့နယ်မှာ မှတ်ပုံတင်လိုင်စင် ပြုလုပ်ပေးမှာဖြစ်ပြီး ဒီမြို့နယ်တွေပြီးမှ အခြားမြို့နယ်တွေမှာ ဆက်လက် လုပ်ဆောင် ပေးမယ်လို့ သိရပါတယ်။
တအာင်းပြည်မှာရှိတဲ့ ယာဉ်တွေ မှတ်ပုံတင်လိုင်စင်ပြုလုပ်ရတာဟာ မော်တော်ယာဉ်နဲ့စပ်လျဉ်းတဲ့ ပိုင်ဆိုင်မှု၊ ရောင်းဝယ်မှု၊ ယာဉ်တိုက်မှု၊ယာဉ်ပျောက်ဆုံးမှု အစရှိတဲ့ ပြဿနာတွေလျော့ကျပြီး မော်တော်ယာဥ်တွေကို စနစ်ကျအသုံးပြုနိုင်ဖို့ ရည်ရွယ်တာဖြစ်တဲ့အတွက် မော်တော်ယာဉ်ပိုင်ဆိုင် အသုံးပြုသူတွေအားလုံးကို မော်တော်ယာဥ်လိုင်စင်နဲ့ ယာဥ်မောင်း လိုင်စင်တွေပြုလုပ်ပေးမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် သာကီနှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်မှာ စာသင်ကြားနေပြီး မင်းအောင်လှိုင်ပေးတဲ့ ၀ဏ္ဏကျော်ထင်ဘွဲ့ရထားသူ အငြိမ်းစား ဗိုလ်ချုပ် ချိုထွန်းအောင်ကို ပစ်ခတ်ရှင်းလင်း
မေလ ၂၂ရက်
နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှာ စာသင်ကြားပေးနေပြီး မင်းအောင်လှိုင်ပေးတဲ့ ၀ဏ္ဏကျော်ထင်ဘွဲ့ရထားသူ အငြိမ်းစား ဗိုလ်ချုပ် ချိုထွန်းအောင်ကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်လို့ Golden Valley Warriors အဖွဲ့က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
ရန်ကုန်တိုင်း မရမ်းကုန်းမြိုနယ် ၅ ရပ် ကွက်ရှိမှာ နေအိမ်မှာပဲ အငြိမ်းစား ဗိုလ်ချုပ်ချိုထွန်းအောင်ကို ဒီနေ့မနက် ၉ နာရီ ၂၀ မိနစ်ခန့်အချိန်မှာ ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တာလို့ ဆိုပါတယ်။
အငြိမ်းစား ဗိုလ်ချုပ်ချိုထွန်းအောင်ဟာ ၂၀၂၃ ခုနှစ်မှာ မင်းအောင်လှိုင်ကိုယ်တိုင်ပေးတဲ့ ဝဏ္ဏကျော်ထင်ဘွဲ့ ရရှိထားသူဖြစ် ပြီး Golden Valley Warriors မြို့ပြပြောက်ကျားရဲဘော်တွေ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ သိရပါတယ်။
ဗိုလ်ချုပ်ချိုထွန်းအောင်ဟာ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ် National Defense College-NDC မှာ နိုင်ငံတော် လုံခြုံရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဘာသာရပ်နဲ့ နိုင်ငံတကာဆက်ဆံရေး ဘာသာရပ် ၂ ခုကို သင်ကြားနေသူလို့ သိရပါတယ်။
စစ်အရာရှိကြီးတွေအတွက် ဖွင့်လှစ်ထားတဲ့ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ် NDC ဆိုတာ အနိမ့်ဆုံး ဗိုလ်မှူးကြီး အဆင့်ရှိသူတွေသာ တက်ရောက်ရတဲ့ စစ်တပ်အတွက် အရေးပါတဲ့ အဆင့်မြင့် စစ်သင်တန်းကျောင်းတခုဖြစ်တယ်လိုလည်း သိရပါတယ်
Golden Valley Warriors အဖွဲ့အနေနဲ့ ကာလအတော်ကြာ အချက်အလက်စုဆောင်း စုံစမ်းထောက်လှမ်းအတည်ပြုပြီးမှ ဗိုလ်ချုပ်ချိုထွန်းအောင်ကို ပစ်ခတ်ရှင်းလင်းခဲ့တာလို့ အသိပေးပါတယ်။
စစ်တပ်ကနေ ဗိုလ်မှူးချုပ်/ ဗိုလ်ချုပ်ရာထူးနဲ့ အငြိမ်းစားယူခဲ့ပေမယ့် အကြမ်းဖက်စစ်တပ်အတွက် စစ်ဘက်ဆိုင်ရာပညာ တွေ သင်ကြားပို့ချနေသူတွေကိုလည်း စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်ပြီး သုတ်သင်ခဲ့တာလို့လည်း သိရပါတယ်။
ဗိုလ်ချုပ် ချိုထွန်းအောင်ဟာ ဘရူးနိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံသံအမတ်အဖြစ် ဆောင်ရွက်ခဲ့ဖူးပြီး မြန်မာပြည်ပြန်ရောက်ချိန်က စတင်ကာ နေပြည်တော်မှာရှိတဲ့ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် NDC မှာ အကြမ်းဖက်စစ်တပ်အရာရှိကြီးတွေကို ဆက်တိုက်သင်ကြားပို့ချနေသူလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မင်းအောင်လှိုင်ဟာ သူအားကိုးရတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ အကြံဉာဏ်တွေကို ရယူပြီး ပြည်သူစစ်မဟာဗူဟာကို စစ်မှုထမ်းဟောင်းတွေနဲ့ လုပ်ဆောင်နေရာ တိုင်းအဆင့်ခေါင်းဆောင်တွေထဲမှာ အငြိမ်းစား ဗိုလ်ချုပ် ချိုထွန်းအောင်လည်း ပါတယ်လို့ သိရပါတယ်။
Golden Valley Warriors အဖွဲ့အနေနဲ့ စစ်တပ်အတွက် အလုပ်လုပ်ပေးနေတဲ့ အကြီးစားထောက်တိုင်တွေကို ဖြိုဖျက်နိုင်ဖို့ သတင်းထောက်လှမ်းနေသလို အကြမ်းဖက်လေတပ်က လေယာဉ်မှူးတွေရဲ့ အချက်အလက်တွေကိုလည်း စုဆောင်းနေတဲ့ အတွက် ဆက်စပ်သတင်းတွေရထားရင် ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ထံပေးပို့ပေးကြဖို့ တောင်းဆိုထားပါတယ်။
========================
🚩🚩 ၂။ မင်းလှနယ်မှာ တော်လှန်ရေးတပ်ဖွဲ့က ဖမ်းမိထားတဲ့ စစ်တပ်သတင်းပေးလမ်းပြ ခုခံထွက်ပြေးတာကြောင့် ပစ်ခတ်ဖမ်းဆီး ရာက သေဆုံး
မေလ ၂၂ရက်
ပဲခူးတိုင်း သာယာဝတီခရိုင် မင်းလှမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့က ဖမ်းမိထားတဲ့ စစ်တပ်သတင်းပေးလမ်းပြဖြစ်သူ စန်းဌေးဟာ တော်လှန်ရေးရဲဘော်တွေကို ခုခံပြီး ထွက်ပြေးတာကြောင့် ပစ်ခတ်ဖမ်းဆီးရာက သေဆုံးသွားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က ထုတ်ပြန်ပါတယ်။
မင်းလှမြိုနယ် စိန်ကန့်လန့်ရွာ ရွှေကြီးမြင့်ရပ်ကွက်မှာနေတဲ့ စစ်တပ်ကိုသတင်းပေးနေပြီး လမ်းပြအဖြစ်လုပ်ကိုင်နေတဲ့ စန်းဌေး ဆိုသူကို မေလ ၁၉ ရက်နေ ညနေ ၅ နာရီခန့်အချိန်မှာ စိန်ကန့်လန့်−မြိုချောင်း ရိုးမဖြတ်ကျော်လမ်းဘေးက ပျဥ်းကတိုးခင်းရွာအနီးမှာ ကျည် ၉၂ တောင့်၊ ဖုန်းတလုံး၊ ဆိုင်ကယ်တစီးနဲ့အတူ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က ရဲဘော်တွေ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိထားတဲ့ သတင်းပေး လမ်းပြ စန်းဌေး ကို နောက်တန်းအချုပ်မှာ ထိန်းသိမ်းထားပြီး ဒီနေ့ မေလ ၂၂ ရက် မနက် ၇ နာရီခန့်မှာ သူ့ကိုစစ်ဆေးမေးမြန်းဖို့ ကင်းတာဝန်ကျ ရဲဘော်တွေ အချုပ်ထဲကနေ ခေါ်ထုတ်လာချိန်မှာ တော်လှန်ရေးရဲဘော် တွေကို ခုခံထွက်ပြေးတဲ့ လိုက်လံ ပစ်ခတ်ဖမ်းဆီးရပြီး ကျည်ထိမှန် သေဆုံးသွားတာလို့ ရှင်းပြထားပါတယ်။
စန်းဌေး ဟာ ရိုးမအတွင်းက PDF စခန်းတွေနေရာကို သတင်းပေး လမ်းပြတာ စစ်ကောင်စီတပ်တွေနဲ့ပေါင်းပြီး ပြည်သူပိုင် ကျွဲ၊ နွားတွေကို ဖမ်းဆီး သတ်ဖြတ်ရောင်းချတာ တော်လှန်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့နေတယ်ဆိုပြီး ဒေသနေပြည်သူတွေ ကို ဖမ်းဆီးသတ်ဖြတ်ခိုင်းတာတွေ လုပ်ဆောင်ခဲ့သူလို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၃။ ရွှေကူမြို့မှာ အရေးပေါ်ဆင်းသက်ခဲ့ရတဲ့ စစ်ရဟတ်ယာဉ်ကို တော်လှန်ရေးတပ်တွေ ထပ်မံဖျက်ဆီးနိုင်ခဲ့
မေလ ၂၂ရက်
ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်တွေ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရွှေကူမြို့မှာ အရေးပေါ် ဆင်းသက်ခဲ့ရတဲ့ စစ်ရဟတ်ယာဉ်ကို ထပ်မံဖျက်ဆီးနိုင်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
ကချင်ပြည်နယ် ဗန်းမော်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်တွေအတွက် စစ်ကူလာပို့တဲ့ စစ်ရဟတ်ယာဉ် ၃စင်းကို မေလ ၂၀ ရက် နေ့မှာ KIA နဲ့ ပူးပေါင်းတပ်တွေ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ ရဟတ်ယာဉ်တစင်း ပျက်ကျခဲ့ပြီး လက်နက်ကြီးထိသွားတဲ့ တစင်းကတော့ ရွှေကူမြို့က ခလရ ၅၆ မှာ အရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့ ဆိုပါတယ်။
ခလရ ၅၆ မှာ အရေးပေါ်ဆင်းသက်ခဲ့ရတဲ့ ရဟတ်ယာဉ်ကို တော်လှန်ရေးရဲဘော်တွေ မနေ့ မေလ ၂၁ ရက်နေ့ နေ့လည် ၂ နာရီကျော်အချိန်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဖျက်စီးနိုင်ခဲ့တာလို့ အသိပေးပါတယ်။
အရေးပေါ်ဆင်းသက်ခဲ့ရတဲ့ ရဟတ်ယာဉ်ကိုတိုက်ခိုက်ရာမှာ ရဟတ်ယာဉ်ကိုကာရံထားတဲ့ ယာဉ် ၂စီးလဲပျက်စီးသွားတယ်လို့ ဒေသသတင်းရင်းမြစ်က ရှင်းပြပါတယ်။
မေလ ၂၀ ရက်နေ့က စစ်ရဟတ်ယာဉ်တွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ ရဟတ်ယာဉ်တစင်းရဲ့ main rotor ကို ထိမှန်ခဲ့ပြီး ရွှေကူမြို့အနီး ပျက်ကျပြီး မီးလောင်ကျွမ်းခဲ့ရာ သေဆုံးနေတဲ့ စစ်သား ၁၆ ယောက်နဲ့အတူ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ရေးလေ့လာစောင့်ကြည့်နေသူတွေအဆိုအရ KIA နဲ့ပူးပေါင်းတပ်တွေဟာ စစ်တပ်အာဏာသိမ်းယူထားတဲ့ ၄ နှစ်ကျော် ကာလအတွင်း စစ်ရဟတ်ယာဉ် ၄ စင်းနဲ့ လေယာဉ်တစင်း ပစ်ချဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
၂၀.၅.၂၀၂၅ ရက်နေ့ ဗန်မော်သို့ စစ်ကူလာပို့သည့် ရဟတ်ယာဥ် ၂ စင်းကို KIA နှင့်ပူးပေါင်းမဟာမိတ်တပ်များကပစ်ချလိုက်နိုင်မှုကို ဗိုလ်ချုပ်ကြီးဂွမ်မော်မှ သိန်း ၃၀၀ ကျပ်ဆုချီးမြင့်
========================
🚩🚩 ၄။ ပြည်သူချစ်တဲ့ စစ်သားကောင်းတွေဖြစ်ရေး အလင်းဝင်ကြဖို့ ညောင်ဦးပကဖ ဖိတ်ခေါ်
မေလ ၂၂ရက်
ပြည်သူချစ်တဲ့ စစ်သားကောင်းတယောက်ဖြစ်စေရေး စစ်ကောင်စီလက်အောက်ခံ စစ်သားနဲ့ရဲတွေ အလင်းဝင်ကြဖို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖိတ်ခေါ်လိုက်ပါတယ်။
မတရားဖမ်းဆီးခံရတာနဲ့ ပေါ်တာဆွဲခံရတာကြောင့် စစ်မှုထမ်းနေရတဲ့ ပြည်သူ့စစ်တွေနဲ့ မတရားအုပ်ချုပ် အနိုင်ကျင်နေတဲ့ မင်းအောင်လှိုင် လက်အောက်မှာ တာဝန်မထမ်းချင်တော့တဲ့ စစ်သားတွေနဲ့ ရဲတွေကို ပုဂံမြေက လက်ကမ်းကြိုနေမယ်လို့ ဆိုပါတယ်။
မိသားစုနဲ့အတူ အေးချမ်း လွတ်လပ်စွာနေလိုတဲ့ စစ်သားနဲ့ရဲတွေကို ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က နွေးထွေး စွာကြိုဆိုနေမှာဖြစ်ပြီး လက်နက်ယူဆောင်လာနိုင်သူတွေကို ထိုက်ထိုက်တန်တန် ဆုချီးမြင့်မယ်လို့ အသိပေးထားပါတယ်။
ညောင်ဦးမြို့နယ်အတွင်းမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ကရဲဘော်တွေရှိနေတာဖြစ်တဲ့အတွက် စစ်ကြောင်းထွက်လာချိန် ဒါမှမဟုတ် တိုက်ပွဲဖြစ်နေချိန်မှာ ထွက်ပြေးလာတာ အလံဖြူထောင်တာတွေ လုပ်နိုင်ပြီး အလင်းဝင်လာသူတွေတင်မက သူတို့ရဲ့ မိသားစုတွေရဲ့အသက်ကိုပါ ကာကွယ်ပေးမှာဖြစ်တဲ့အပြင် နေစရာ စားစရာတွေ စီစဉ်ပေးမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြည်သူ့စစ်သားဆိုတာ ပြည်သူတွေကို ကာကွယ်ပေးရမယ့်တာဝန်ရှိတဲ့အတွက် ပြည်သူတွေနဲ့လက်တွဲပူးပေါင်းပြီး အာဏာရူး မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကို အမိမြေကနေမောင်းထုတ်နိုင်ဖို့ စစ်ကောင်စီ လက်အောက်ခံ စစ်သားနဲ့ ရဲတွေ အလင်းဝင်ကြဖို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment