၂၀၂၅ မေလ ၂၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် တောင်ကိုးရီးယားပြည်သူ့သမ္မတနိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ လူထုတွေ့ဆုံဆွေးနွေးပွဲမှာ အကြမ်းဖက်စစ်တပ်ကိုတရားစွဲဆိုနိုင်ရေးရှင်းလင်းပြောကြားခဲ့
📌 ၂။ ထိုင်းနိုင်ငံ၊ စမူပရာကန်မြို့နယ်ရှိ ဆေးဘဲဥထုတ်လုပ်သည့် အလုပ်ရုံမှ မြန်မာရွှေ့ပြောင်းအလုပ်သမား (၂၁)ဦးအား လုပ်အားခ (၅) လစာ မရှင်းပေးသဖြင့် အမှုဖွင့်တိုင်ကြားပေးခဲ့
📌 ၃။ ရွှေပြည်သာမြို့နယ်တွင် ဖွင့်လှစ်ထားသော True Green Co.,Ltd စက်ရုံတွင် အလုပ်သမားအငြင်းပွားမှု ဖြေရှင်းနေစဉ်အတွင်း စက်ရုံဘက်က အလုပ်သမားသမဂ္ဂခေါင်းဆောင်များအား အလုပ်မှထုတ်ပယ်ခဲ့
📌 ၄။ အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်မှုများကြောင့် အရပ်သားသေဆုံးမှုနှုန်းမှာ နေ့စဉ်နှင့်အမျှ မြင့်တက်လျက်ရှိ
📌 ၅။ ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်အနေဖြင့်၂၀၂၅ ပညာသင်နှစ်၊ စိုက်ပျိုးရေးတက္ကသိုလ် CDM ကျောင်းသား၊ ကျောင်းသူများအား နေ့သင်တန်းလျှောက်လွှာ ခေါ်ယူ
📌 ၆။ အမေစုရဲ့ အသက် ၈၀ ပြည့်မွေးနေ့အတွက် ဆုတောင်းပေးနိုင်မည့် Birthday Card များကို SUU 80 Birthday Campaign ရဲ့Fundraisers များထံမှာ စတင်ဝယ်ယူနိုင်ပြီဖြစ်
========================
၂၀၂၅ ခုနှစ် မေလ ၂၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ တမူး ပကဖ ရဲဘော် ၁၀ဦးကို အိန္ဒိယ အာသံရိုင်ဖယ်တပ်ဖွဲ့က သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရန်NUGညှိနှိုင်းဆောင်ရွက်နေ
🚩 ၂။ ဖယ်ခုံနှင့် ညောင်ရွှေမြို့နယ် ထိစပ်ရာ လွယ်လုံ၊ စန့်စွဲ၊ စန့်လိတ် ကျေးရွာများသို့ စကစနှင့် PNO စစ်ကြောင်းကို Droneနဲ့ တိုက်ခိုက်ရာ ဗိုလ်မှူး၊ တပ်မှူးအပါအဝင် ၅ဦးခန့် သေဆုံး
🚩 ၃။ သံတောင်မြို့နယ် တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်)အား ၁ဝ၇ မမ ရှော့ဒုံးများဖြင့် တိုက်ခိုက်
🚩 ၄။ ပဲခူးမြို့နယ်ရှိ စစ်ကောင်စီတပ် ကာကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ဖျက်စီး
🚩 ၅။ အုတ်ဖို့မြို့နယ်၊ ဆယ်ရွာတွင် ဇနီးဖြစ်သူကို ဓားနဲ့ ရက်စက်စွာ သတ်ဖြတ်ခဲ့တဲ့ ခင်ပွန်းဖြစ်သူအား ဖမ်းဆီးရမိ
🚩 ၆။ ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲ (၁) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် စကခ (၁၅) နှင့် ခမရ (၅၅၁) တပ်ရင်းက သုံ့ပန်းမိသားစုဝင် ၃၀၀ ကျော်ကို AA လွတ်ငြိမ်းခွင့်ပေး
🚩 ၇။ ရေနံချောင်းမြို့နယ်အတွင်း ပျက်စီးနေတဲ့လမ်းပိုင်းများကို ပအဖနှင့် ပကဖများ ပြုပြင်ပေး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် တောင်ကိုးရီးယားပြည်သူ့သမ္မတနိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ လူထုတွေ့ဆုံဆွေးနွေးပွဲမှာ အကြမ်းဖက်စစ်တပ်ကိုတရားစွဲဆိုနိုင်ရေးရှင်းလင်းပြောကြားခဲ့
မေလ ၁၉ ရက်
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် တောင်ကိုးရီးယားပြည်သူ့သမ္မတနိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ လူထုတွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၅ မေလ ၁၈ ရက်နေ့တွင် ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့၊ အလုပ်သမားဘက်စုံဖူလုံရေးရိပ်သာခန်းမ၌ ကျင်းပခဲ့ပါတယ်။
တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက အကြမ်းဖက်စစ်တပ်ကို နိုင်ငံတကာတရားဥပဒေများအရ ကိုရီးယားနိုင်ငံတွင် တရားစွဲဆိုနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားမှုများ၊ မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။
ဆွေးနွေးပွဲသို့ တက်ရောက်လာသူများမှ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များ၊ ပြည်သူ့ကာကွယ်ရေးနှင့် မြေပြင်လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ကြားကာလအုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတကာ အကူအညီပေးရေးကိစ္စရပ်များ၊ ရိုဟင်ဂျာအရေးကိစ္စများ စသည့် ဆွေးနွေးမေးမြန်းမှုများကို ပြည်ထောင်စုဝန်ကြီးက ပြန်လည် ဖြေကြား ဆွေးနွေးခဲ့ပါတယ်။
========================
📌📌 ၂။ ထိုင်းနိုင်ငံ၊ စမူပရာကန်မြို့နယ်ရှိ ဆေးဘဲဥထုတ်လုပ်သည့် အလုပ်ရုံမှ မြန်မာရွှေ့ပြောင်းအလုပ်သမား (၂၁)ဦးအား လုပ်အားခ (၅) လစာ မရှင်းပေးသဖြင့် အမှုဖွင့်တိုင်ကြားပေးခဲ့
မေလ၁၉ရက်
Radio NUG
ထိုင်းနိုင်ငံ၊ စမူပရာကန်မြို့နယ်ရှိ ဆေးဘဲဥထုတ်လုပ်သည့်အလုပ်ရုံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား (၂၁)ဦးအား လုပ်အားခ (၅) လစာ မရှင်းပေးသဖြင့် နစ်နာသူ အလုပ်သမားများမှ ဝန်ကြီးဌာနသို့ တိုင်ကြားအကူအညီတောင်းခံလာမှုအပေါ် စမူပရာကန်ခရိုင် ဆာဝါဒီကန်ရုံးတွင် သွားရောက် အမှုဖွင့်တိုင်ကြားပေးခဲ့တယ်လို့ NUGကဖော်ပြပါတယ်။
အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုများအား ဖော်ပြပါ ဖုန်း၊ Email complaint@molmyanmar.org နှင့် Social App တို့မှတစ်ဆင့်လည်း ဆက်သွယ်တိုင်ကြားနိုင်တယ်လို့ ဖော်ပြပါတယ်။
========================
📌📌 ၃။ ရွှေပြည်သာမြို့နယ်တွင် ဖွင့်လှစ်ထားသော True Green Co.,Ltd စက်ရုံတွင် အလုပ်သမားအငြင်းပွားမှု ဖြေရှင်းနေစဉ်အတွင်း စက်ရုံဘက်က အလုပ်သမားသမဂ္ဂခေါင်းဆောင်များအား အလုပ်မှထုတ်ပယ်ခဲ့
မေလ ၁၉ရက်
Radio NUG
ရွှေပြည်သာမြို့နယ်တွင် ဖွင့်လှစ်ထားသော True Green Co.,Ltd စက်ရုံတွင် အလုပ်သမားအငြင်းပွားမှု ဖြေရှင်းနေစဉ်အတွင်း စက်ရုံဘက်က အလုပ်သမားသမဂ္ဂခေါင်းဆောင်များအား အလုပ်မှထုတ်ပယ်ခဲ့တယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် မြန်မာက မေလ ၁၉ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
အမှတ် ၁၃၅ ၊ မဟာမြိုင်လမ်း ၊ ဝါးတရာစက်မှုဇုန် ၊ ရွှေပြည်သာမြို့နယ်တွင် ဖွင့်လှစ်ထားသော True Green Co.,Ltd စက်ရုံတွင် အလုပ်လုပ်ကိုင်နေသော ဝန်ထမ်းများသည် ကုန်ဈေးနှုန်းမြင့်တက်မှုများကြောင့် အနိမ့်ဆုံး လုပ်ခလစာ(၆၈၀၀)နှင့် လုံလောက်မှု မရှိသဖြင့် လုပ်ခလစာတိုးပေးရန် လုပ်ငန်းခွင် ညှိနှိုင်းဖျန်ဖြေရေးသို့ တင်ပြခဲ့တယ်လို့သိရပါတယ်။
အငြင်းပွားမှု ဖြေရှင်းနေစဉ်အတွင်း True Green စက်ရုံ မှ အလုပ်သမားသမဂ္ဂခေါင်းဆောင်များအား လုပ်ငန်းရှင်မှ မတိုးပေးနိုင်ကြောင်း အကြိမ်ကြိမ် ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။
ပြေလည်မှုမရသည့်အတွက် မြို့နယ်တွင်၆ ကြိမ်တိုင်တိုင် ညှိနှိုင်းခဲ့သော်လည်း လုပ်ငန်းရှင်မှ နည်းမျိုးစုံဖြင့် ငြင်းဆန်ခဲ့သောကြောင့် ပြေလည်မှု မရရှိခဲ့သည့်အတွက် တိုင်းပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့သို့ လွှဲပြောင်းခဲ့ပြီး မေလ၁၂ရက်နေ့ တိုင်းရုံး ရုံးချိန်းတွင် တိုင်းပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ဖြင့် ညှိနှိုင်းမှု ပြုလုပ်ရာတွင်လည်း လုပ်ငန်းရှင်နှင့် မန်နေဂျာတို့မှ မပေးနိုင်ကြောင်းသာ ဆက်လက်ငြင်းဆန်ခဲ့သဖြင့် တိုင်းအလည ရုံးသို့ အလုပ်သမားများအား လာရောက်ရန် ချိန်းဆိုခဲ့တယ်လို့ သိရပါတယ်။
သို့သော် တိုင်းရုံးမှ ဖြေရှင်းဆောင်ရွက်ပေးခဲ့ခြင်းမရှိဘဲ မန်နေဂျာမှ ကျန်ရှိသည့် EC (၄)ဦးအား အလုပ်မှ ထုတ်ကြောင်း ပြောခဲ့တယ်လို့သိရပါတယ်။
စက်ရုံအလုပ်သမားများမှ အလုပ်ထုတ်ရသည့် အကြောင်းရင်းကို မေးမြန်းသောအခါ ပြန်ဖြေရန် မလိုဟုပြောခဲ့သဖြင့် စက်ရုံရှိ သမဂ္ဂ အဖွဲ့ဝင်(၁၄၅)ဦးမှ ရုံးခန်းရှေ့၌ စုဝေးရောက်ရှိကာ မန်နေဂျာအား ဖြစ်စဉ်အသေးစိတ်ရှင်းပြရန် တောင်းဆို လျှက်ရှိပြီး အငြင်းပွားမှု ဖြေရှင်းနေစဉ်ကာလအတွင်း အလုပ်မှရပ်စဲခွင့်မရှိသည့် တားမြစ်ချက်ကို မန်နေဂျာမှ ဖောက်ဖျက် ကျူးလွန်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။
========================
📌📌 ၄။ အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်မှုများကြောင့် အရပ်သားသေဆုံးမှုနှုန်းမှာ နေ့စဉ်နှင့်အမျှ မြင့်တက်လျက်ရှိ
မေလ ၁၉ရက်
Radio NUG
အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်မှုများကြောင့် အရပ်သားသေဆုံးမှုနှုန်းမှာ နေ့စဉ်နှင့်အမျှ မြင့်တက်လျက်ရှိကာ အေအေပီပီ၏ မေလ ၁၉ ရက်နေ့အထိ ကောက်ယူထားသော အချက်အလက်များအရ ပြီးခဲ့သည့် သီတင်းပတ် မေ ၁၂ ရက်မှ ၁၈ ရက်အတွင်း အမည်နှင့်တကွ အတည်ပြုနိုင်သည့် အရပ်သားသေဆုံးသူ (၆၈) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ အရပ်သားသေဆုံးသူ (၂၅) ဦးရှိခဲ့တယ်လို့ ဖော်ပြပါတယ်။
မေလ ၁၂ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာရှိ စာသင်ကျောင်းကို လေကြောင်းမှ ဗုံးကြဲချတိုက်ခိုက်ခဲ့သောကြောင့် ကျောင်းဆရာမများအပါအဝင် ကျောင်းသား၊ ကျောင်းသူနှစ်ဒါဇင်ခန့်သေဆုံးခဲ့သလို ရာနှင့်ချီဒဏ်ရာရရှိခဲ့ပါတယ်။
ထို့ပြင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်နှင့် ရသေ့တောင်မြို့နယ်တို့ကိုလည်း စစ်အုပ်စုက မေလ ၁၃ ရက်နေ့ကစပြီး ၃ ရက်ဆက်တိုက် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၂၀ ဦးကျော် သေဆုံးခဲ့ရပါတယ်။
မေလ ၁၅ ရက်နေ့ တရက်တည်းမှာပင် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ပြည်သူများစွာ ထိခိုက်သေဆုံးခဲ့ရပါတယ်။
မေလ ၁၈ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ နွယ်အင်းကျေးရွာ၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကလေးအပါအဝင် ၄ ဦး သေဆုံးခဲ့ပါတယ်။
========================
📌📌 ၅။ ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်အနေဖြင့်၂၀၂၅ ပညာသင်နှစ်၊ စိုက်ပျိုးရေးတက္ကသိုလ် CDM ကျောင်းသား၊ ကျောင်းသူများအား နေ့သင်တန်းလျှောက်လွှာ ခေါ်ယူ
မေလ ၁၉ ရက်
Radio NUG
ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်အနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အုပ်စုမှ အာဏာသိမ်းခြင်းကို အကြမ်းမဖက်အာဏာဖီဆန်ခြင်း (CDM) ပြုလုပ်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို ပညာရပ်ကဏ္ဍအသီးသီး၌ ခေါ်ယူသင်ကြားပေးလျက်ရှိပါတယ်။
ယခု ၂၀၂၅ ပညာသင်နှစ်အတွက် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ CDM ပြုလုပ်ခဲ့ကြသော အတန်းစုံမှ B.Agr.Sc. ကျောင်းသား၊ ကျောင်းသူများကို စတင်သင်ကြားပေးသွားမယ်လို့သိရပါတယ်။
သင်တန်း လျှောက်လွှာများကို မေလ၂၀ရက်နေ့မှ စတင်ထုတ်ယူနိုင်ပြီ ဖြစ်ပြီး ဇွန်လ ၁၆ရက်နေ့မှစ၍ သင်ကြားရေးများ စတင်သွားမယ်လို့သိရပါတယ်။
လျှောက်လွှာများကို ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်၊ ကျောင်းသားရေးရာဌာနတွင် ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားဖြစ်စေ ရုံးချိန် နံနက် ၉း၀၀ နာရီမှ ညနေ ၄း၀၀ နာရီအတွင်း လာရောက် လျှောက်ထားနိုင်တယ်လို့သိရပါတယ်။
========================
📌📌 ၆။ အမေစုရဲ့ အသက် ၈၀ ပြည့်မွေးနေ့အတွက် ဆုတောင်းပေးနိုင်မည့် Birthday Card များကို SUU 80 Birthday Campaign ရဲ့Fundraisers များထံမှာ စတင်ဝယ်ယူနိုင်ပြီဖြစ်
မေလ ၁၉ရက်
Radio NUG
အမေစုရဲ့ အသက် ၈၀ ပြည့်မွေးနေ့အတွက် ဆုတောင်းပေးနိုင်မည့် Birthday Card များကို SUU 80 Birthday Campaign ရဲ့Fundraisers များထံမှာ စတင်ဝယ်ယူနိုင်ပြီဖြစ်တယ်လို့ မေလ၁၉ရက် အသိပေးကြေညာပါတယ်။
"၂၀၂၅ ခုနှစ် ဇွန် လ ၁၉ ရက်မှာ ကျရောက်မည့်အမေစုရဲ့ အသက် ၈၀ ပြည့်မွေးနေ့အတွက် ဆုတောင်းပေးနိုင်မည့် Birthday Card များကို SUU 80 Birthday Campaign ရဲ့ Fundraisers များထံမှာ စတင်ဝယ်ယူနိုင်ပါပြီခင်ဗျာ။ ကိုယ် စိတ်ကြိုက် ကဒ်လေးတွေကိုရွေးချယ်ပြီး အမေစုအတွက် မွေးနေ့ဆုတောင်းပေးနိုင်ကြပါပြီ"လို့ဆိုပါတယ်။
နိုင်ငံအလိုက် Fundraisers တွေကိုSUU 80 Birthday Campaignရဲ့ Face Book pagမှာ အသိပေးကြေညာထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ တမူး ပကဖ ရဲဘော် ၁၀ဦးကို အိန္ဒိယ အာသံရိုင်ဖယ်တပ်ဖွဲ့က သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရန်NUGညှိနှိုင်းဆောင်ရွက်နေ
မေလ ၁၉ရက်
Radio NUG
အိန္ဒိယ-မြန်မာနယ်စပ်တွင် တမူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ရဲဘော် ၁၀ ဦးကို အိန္ဒိယစစ်တပ်လက်အောက်ခံ အာသံရိုင်ဖယ်တပ်ဖွဲ့က သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရန် NUGညှိနှိုင်းဆောင်ရွက်နေ
ကြောင်း သိရပါတယ်။
မေလ ၁၄ ရက် မနက်ပိုင်းတွင် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ အာရှလမ်းမကြီးပေါ်ရှိ ကမ္မကြီးနှင့် ထန်းဇင်ကျေးရွာအကြား မြန်မာဘက်ခြမ်းတွင် နယ်စပ်လုံခြုံရေးအတွက် ကင်းစောင့်နေသော ပကဖ ရဲဘော်များကို အာသံရိုင်ဖယ်တပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။
အိန္ဒိယစစ်တပ်ကမူ ၎င်းတို့သည် အိန္ဒိယနယ်မြေအတွင်း ကျူးကျော်ဝင်ရောက်လာသဖြင့် ၃ နာရီခန့် တိုက်ပွဲဖြစ်ပွားပြီး သေဆုံးခဲ့သည်ဟု ပြောဆိုထားသော်လည်း ဒေသခံများ၊ ပကဖနှင့် နီးစပ်သူများက ရဲဘော်များအား ဖမ်းဆီးပြီးနောက် နှိပ်စက်သတ်ဖြတ်ခံရသည်ဟု ယူဆထားကြပါတယ်။
အလောင်းတွေကို ၁၄ ရက်နေ့မှာ တာဝန်ရှိသူတွေ သွားတောင်းတဲ့အခါ အာသံရိုင်ဖယ်တပ်က တိုက်ပွဲဖြစ်လို့ သေသွားတယ်လို ပြောခဲ့ကာ ၁၆ ရက်နေ့မှသာ ပြန်ပေးခဲ့တယ်လို့ သိရပါတယ်။
အလောင်းများတွင် ထုရိုက်ဒဏ်ရာများ၊ ဓားဒဏ်ရာများပါရှိသည်ဟု ပကဖနှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုကလည်း ဆိုထားပါတယ်။
မေလ ၁၆ ရက် မနက် ၁၀ နာရီခန့်တွင် အာသံရိုင်ဖယ်တပ်ဖွဲ့က အလောင်းများကို မြန်မာနိုင်ငံအတွင်းရှိ သုသာန်တစ်ခုသို့ ပို့ဆောင်ခဲ့ပြီး အိန္ဒိယစစ်တပ်၏ ထုတ်ပြန်ချက်အရ မဏိပူရပြည်နယ်၊ ချန်ဒယ်လ်ခရိုင်၊ နယူးဆမ်တယ်ရွာအနီး လက်နက်ကိုင်အဖွဲ့များ၏ လှုပ်ရှားမှုသတင်းအပေါ် စစ်ဆင်ရေးဆောင်ရွက်ရင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုကာ AK-47 ရိုင်ဖယ် ၇ လက်၊ RPG လောင်ချာ ၁ လက်၊ M4 ရိုင်ဖယ် ၁ လက်၊ တစ်လုံးထိုးရိုင်ဖယ် ၄ လက်နှင့် ခဲယမ်းမီးကျောက်များ သိမ်းဆည်းရမိခဲ့သည်ဟု ဖော်ပြထားပါတယ်။
India For Myanmar တာဝန်ရှိသူက “အင်မတန် အဖြစ်ဆိုးတဲ့ ဖြစ်စဉ်လို့ မြင်တယ်ပေါ့နော်။ ပကဖတွေကလည်း လက်နက်ကိုင်တယ် ဆိုပေမဲ့ အိန္ဒိယစစ်တပ်ကိုတော့ လုံးဝတုံ့ပြန်မှုမရှိဘဲ အသာတကြည် အဖမ်းခံပြီးတဲ့နောက်ပိုင်းမှ သတ်ဖြတ်ခံရတာမျိုးက ဖြစ်စဉ်အမှန်ဆိုရင်တော့ အိန္ဒိယအနေနဲ့ လုံးဝ တာဝန်ယူမှု၊ တာဝန်ခံမှု ကြီးတဲ့အပြင် အကောင်းဆုံး မဖြေရှင်းနိုင်ဘူးဆိုရင် နိုင်ငံတကာမျက်နှာစာမှာ အိန္ဒိယစစ်တပ်ရဲ့ ဂုဏ်သတင်းလည်း များစွာထိခိုက်လာနိုင်တယ်လို့ မြင်တာပေါ့နော်။” လို့ DVB သတင်းဌာနကို ပြောကြားထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဖြစ်စဉ်မှန်ကန်ကြောင်း အတည်ပြုသော်လည်း လက်ရှိတွင် သတင်းထုတ်ပြန်ရန် မဖြစ်နိုင်သေးကြောင်း၊ အိန္ဒိယဘက်နှင့် ဆက်လက်ဆောင်ရွက်နေပြီး နောက်ပိုင်းတွင် ထုတ်ပြန်မည်ဟု ပြောဆိုပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း
“ အိန္ဒိယ - မြန်မာ နယ်စပ် တမူးမြို့ အနီး ပကဖ အဖွဲ့ဝင် (၁၀) ဦး ကျဆုံးခဲ့ရသည့်ကိစ္စ နှင့်ပက်သက်၍ အမျိုးသားညီညွတ်ရေး အစိုးရ တာဝန်ရှိသူများ အနေဖြင့် လက်ခံရရှိသည့် သတင်းပေးပို့ တိုင်ကြားချက်များ အပြင် ကနဦး မြေပြင်အခြေအနေ ကြားနာ စစ်ဆေးမှု အစီရင်ခံစာ တွေ့ ရှိချက်များ အရ အိန္ဒိယ အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံ ၍ အမှုမှန်ပေါ်ပေါက်စေရေး ဆက်လက် ညှိနှိုင်းဆောင်ရွက်လျှက်ရှိပါကြောင်း" အသိပေးထားပါတယ်။
========================
🚩🚩 ၂။ ဖယ်ခုံနှင့် ညောင်ရွှေမြို့နယ် ထိစပ်ရာ လွယ်လုံ၊ စန့်စွဲ၊ စန့်လိတ် ကျေးရွာများသို့ စကစနှင့် PNO စစ်ကြောင်းကို Droneနဲ့ တိုက်ခိုက်ရာ ဗိုလ်မှူး၊ တပ်မှူးအပါအဝင် ၅ဦးခန့် သေဆုံး
မေလ ၁၉ရက်
Radio NUG
ဖယ်ခုံမြို့နယ်နှင့် ညောင်ရွှေမြို့နယ် ထိစပ်ရာ လွယ်လုံ၊ စန့်စွဲ၊ စန့်လိတ် ကျေးရွာများသို့ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ၎င်း၏လက်အောက်ခံတပ်ဖြစ်သော PNOပြည်သူ့စစ်၏ ဦးဆောင်ညွှန်ကြား (လမ်းပြ)မှုဖြင့် ချီတက်လာသည့် စစ်ကြောင်းအား PSP Drone Force (1006) နှင့် Falcon Wings ပူးပေါင်းဒရုန်းတပ်ဖွဲ့မှ d r o n eဖြင့် တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ထိုတိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ဗိုလ်မှူး (၁)ဦး နှင့် PNOပြည်သူ့စစ်မှ ဦးဆောင်ညွှန်ကြားသူ တပ်မှူး(၁)ဦး အပါအဝင် (၅)ဦးထက်မနည်း အထိနာ၍ သေဆုံးခဲ့ပြီး ၎င်းတို့၏ စစ်ကြောင်းသည် ပြန်လည်ဆုတ်ခွာပြေးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
၎င်းနယ်စပ်ဒေများတွင် စစ်ရေးအခြေနေတင်းမာမှုများရှိပြီး စစ်ကောင်စီတပ်မှ ပြည်သူများအားမတရားဖမ်းဆီး၍ စေခိုင်းခြင်းနှင့် ပြည်သူနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက် ရှိနေတယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ သံတောင်မြို့နယ် တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်)အား ၁ဝ၇ မမ ရှော့ဒုံးများဖြင့် တိုက်ခိုက်
မေလ ၁၉ရက်
Radio NUG
၂ဝ၂၅ ခုနှစ် မေလ ၁၉ ရက် မနက် ၇ နာရီ ၂ဝ မိနစ် အချိန်တွင် သံတောင်မြို့နယ်၊ ဘုရင့်နောင်တပ်မြို့ရှိ စစ်ရှုံးကောင်စီ၏ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) အတွင်းသို့ ၁ဝ၇ မမ ရှော့တိုက်ဒုံး ၅ လုံး ဖြင့်ပစ်ခတ်ရာ ၄ လုံးကို အောင်မြင်စွာ ပစ်ခတ် တိုက်ခိုက်နိုင်ခဲ့ကြောင်း BWM မှ သတင်းထုတ်ပြန်ပါတယ်။
စစ်ရှုံးကောင်စီ၏ တပ်မတော်ကြည်း တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) သည်စစ်ကောင်စီ၏ နောက်လိုက် စစ်ခွေး အရာရှိများကို ရာထူးတိုးမြှင့်ရန် သင်တန်းပေးသောနေရာ ဖြစ်ပြီး စစ်ကောင်စီ၏ နောက်လိုက်များသည် ဆက်လက် brain washed ခံရကာ ပြည်သူလူထုကို ဆက်လက် နှိပ်စက်မည်ဖြစ်သည့်အတွက် တပ်မတော်(ကြည်း) တိုက်ခိုက်ရေး သင်တန်းကြောင်းကို တိုက်ခိုက်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။
ပြည်သူများကို နေ့ညမရွေး နည်းမျိုးစုံဖြင့် ညှင်းဆဲသတ်ဖြတ်နေသော စစ်ကောင်စီနောက်လိုက်များသည်လည်း အချိန်မရွေး အသက်အန္တရာယ်ရှိနိုင်ကြောင်းကို သိရှိစေပြီး ပြည်သူဘက်မှမရပ်တည်ပဲ ပြည်သူများကို နှိပ်စက်နေသ၍ ပြည်သူ့ကိုယ်စား မဟာမိတ်အဖွဲ့တို့နှင့် လက်တွဲကာ ပြန်လည်လက်တုန့်ပြန်သွားမည်ဖြစ်ကြောင်း၊ မစ်ရှင်အတွင်း ထိခိုက် ဒဏ်ရာရ အပျက်အစီးသတင်းကို သေချာစီစစ်ပြီး ဆက်လက်တင်ပြပေးပါမည်ဖြစ်ကြောင်း၊ ဘက်ပေါင်းစုံမှ ကူညီကြသော နယ်မြေခံ တော်လှန်ရေး ညီအစ်ကိုမောင်နှမ များကိုလည်း အထူးကျေးဇူးတင်ကြောင်း ဖော်ပြထားပါတယ်။
အဆိုပါတိုက်ခိုက်မှုကို Mountain Knight Civilian Defense Forces (MKCDF) 3 Brave Warriors For Myanmar ဦးဆောင်မှုဖြင့် Anti-Coup People's Liberation Force (ACPLF) နှင့် အတူ KNLA တပ်မဟာ ၂၊ တပ်ရင်း ၅ နှင့် ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၄။ ပဲခူးမြို့နယ်ရှိ စစ်ကောင်စီတပ် ကာကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ဖျက်စီး
မေလ ၁၉ ရက်
Radio NUG
ပဲခူးမြို့နယ်၊ ဇီးတောကျေးရွာရှိ စစ်ကောင်စီတပ် ရှေ့တန်းကာကင်းစခန်းကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန (ပဲခူး)၊ အမှတ်(၃၇၀၁) တပ်ရင်းက မေလ ၁၈ရက်၊ မနက် (၂)နာရီအချိန်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။
တိုက်ခိုက်မှုအတွင်း G-4 (၂)လက်၊ G-3 (၂)လက်၊ G-2 (၁)လက်၊ M-1 ကာဘိုင် (၉)လက်၊ နှင့် ခဲယမ်းများ၊ ဆက်စပ်စစ်သုံးပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ပြီး တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ် ကာကင်းစခန်းကို ရှင်းလင်းဖျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၅။ အုတ်ဖို့မြို့နယ်၊ ဆယ်ရွာတွင် ဇနီးဖြစ်သူကို ဓားနဲ့ ရက်စက်စွာ သတ်ဖြတ်ခဲ့တဲ့ ခင်ပွန်းဖြစ်သူအား ဖမ်းဆီးရမိ
မေလ ၁၉ရက်
Radio NUG
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ချောင်းဂေါင်း အုပ်စု၊ ဆယ်ရွာ တိမ်မြုပ်ချောင်းကမ်းအနီး နေအိမ်တွင် ဇနီး ဖြစ်သူ မပူတူး အား ခင်ပွန်းဖြစ်သူ မိုးသဲ မှ (၁၇.၅.၂၀၂၅) ရက် မွန်းလွဲ ၁၁ နာရီ နာရီ ခန့်တွင်ခန့်တွင် ခန္ဓာကိုယ် အစိတ်အပိုင်းများကို ဓားဖြင့် ရက်ရက်စက်စက် ပိုင်းဖြတ်ခုတ်သတ်ကာ တိမ်းရှောင် ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
အဆိုပါ တိမ်းရှောင် ထွက်ပြေးသွားသူကို ဖမ်းဆီးအရေးယူ ပေးပါရန် မိသားစုများနှင့် ဒေသခံများမှ သာယာဝတီ ခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ ထံ အကူအညီ တောင်းခံလာသည့်အတွက် ပိုက်စိပ်တိုက် တောနင်းရှာဖွေခဲ့ရာ ထိုနေ့ မွန်းလွဲ ၅ နာရီခန့်တွင် လူသတ်တရားခံ မိုးသဲအား ဖမ်းဆီး ရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးရမိထားသည့် လူသတ်တရားခံ မိုးသဲ အား ထိုက်သင့်သည့် ပြစ်ဒဏ်များ ချမှတ်နိုင်ရန်အတွက် စစ်ဒေသ တာဝန်ရှိသူများမှ တဆင့် NUGတာဝန်ရှိသူများထံ လွဲပြောင်းပေးအပ် သွားမည်ဖြစ်ကြောင်း အသိပေးထားပါတယ်။
========================
🚩🚩 ၆။ ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲ (၁) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် စကခ (၁၅) နှင့် ခမရ (၅၅၁) တပ်ရင်းက သုံ့ပန်းမိသားစုဝင် ၃၀၀ ကျော်ကို AA လွတ်ငြိမ်းခွင့်ပေး
မေလ ၁၉ရက်
Radio NUG
မေလ ၁၈ ရက်နေ့တွင် ဘူးသီးတောင် မြို့သိမ်းတိုက်ပွဲ (၁) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် မြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့တဲ့ သုံ့ပန်းမိသားစုဝင်များထဲက ၃၀၀ ကျော်ကို အာရက္ခတပ်တော်(AA)က လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့ APM သတင်းဌာနမှာ ဖော်ပြထားပါတယ်။
ဘူးသီးတောင်မြို့ကို ၂၀၂၄ ခုနှစ်၊ မေ ၁၈ ရက်နိမာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တဲ့ ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲ (၁)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် မြို့သိမ်းတိုက်ပွဲအတွင်း လက်ရဖမ်းဆီးရမိခဲ့တဲ့ စကခ (၁၅) နှင့် ခမရ (၅၅၁) တပ်ရင်းက သုံ့ပန်းမိသားစုဝင် ၃၁၄ ယောက်ကို လွတ်ငြိမ်းခွင့်ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
လွတ်မြောက်လာသော သုံ့ပန်းမိသားစုဝင်တို့မှာ သက္ကမ၊ ခမီ၊ မြို၊ သက်တိုင်းရင်းသားလူမျိုး အပါအဝင် အိမ်ထောင်စု ၂၆ စုက လူဦးရေ ၆၉ ယောက်နှင့် ရက္ခိုင်လူမျိုး အိမ်ထောင်စု ၈၁ စုက လူဦးရေ ၂၄၅ ယောက် ပါဝင်ပြီး အားလုံးကို အာရက္ခတပ်တော်က အခမ်းအနားနှင့်တကွ မိသားစုဝင်လက်ထဲသို့ ပြန်လည် အပ်နှံလိုက်တယ်လို့ သိရပါတယ်။
မေ ၁၆ ရက်ကလည်း မင်းပြားမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းမိသားစုဝင် ၂၂၅ ယောက်ကို အာရက္ခတပ်တော်က ဒုတိယအကြိမ် ပြန်လွှတ်ပေးခဲ့ပါတယ်။
========================
🚩🚩 ၇။ ရေနံချောင်းမြို့နယ်အတွင်း ပျက်စီးနေတဲ့လမ်းပိုင်းများကို ပအဖနှင့် ပကဖများ ပြုပြင်ပေး
မေလ ၁၉ရက်
Radio NUG
မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်အတွင်း ပျက်စီးနေတဲ့ ကျေးရွာချင်းဆက်လမ်းပိုင်းများအား မိုးရာသီအမှီ ပြန်လည် ပြုပြင်ခြင်းလုပ်ငန်းများကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ပြည်သူ့ကာကွယ်ကွယ်ရေးအဖွဲ့တို့ ပူးပေါင်းကာ ဆောင်ရွက်နေကြကြောင်း ပကဖအသံမှာ သတင်းဖော်ပြထားပါတယ်။
ပကဖအဖွဲ့များဟာ အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရင်း ပြည်သူ့အကျိုးပြု လုပ်ငန်းများကိုလည်း ဆောင်ရွက်နေကြပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment