၂၀၂၅ ဇွန်လ ၇ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ငလျင်ကြောင့် အိုးဘိုထောင်က နိုင်ငံရေးအကျဉ််းသား ၄၉ ဦးသေဆုံးခဲ့ရမှုကို စစ်ကောင်စီဘက်က ဖုံးကွယ်ထား
📌 ၂။ ကယန်းအမျိုးသားတပ်မတော် နိုင်ငံရေးဦးဆောင်ကော်မတီကို ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင် ၇ ဦးနဲ့ ဖွဲ့စည်း
📌 ၃။ မြန်မာ့အရေး ဝင်ရောက်စွက်ဖက်နေတဲ့ တရုတ်အစိုးရကို ဆန့်ကျင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြ
========================
၂၀၂၅ ခုနှစ် ဇွန်လ ၇ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့်နေ့မှာ ဗကသများအဖွဲ့ချုပ်က ဝမ်းမြောက်ကြောင်း သဝဏ်လွှာပို့
🚩 ၂။ ရန်ကုန်တိုင်းမှာ မေလအတွင်း အရပ်သားပြည်သူ ၁၈၀ ခန့် စစ်ကောင်စီရဲ့ ဖမ်းဆီးတာ ခံခဲ့ရတယ်လို့ Rangoon Scout Network ဆို
🚩 ၃။ ဖားကန့် ခွန်ဆာကုန်းမှာ စစ်တပ်ကပစ်တဲ့ လက်နက်ကြီးကျည်ပေါက်ကွဲပြီး အိမ်တွေမီးလောင်ပျက်စီး
🚩 ၄။ စစ်ကောင်စီတပ်ဖွဲ့ ဖားကန့်ဒေသမှာ တရွာဝင်တရွာထွက် စစ်ကြောင်းထိုးနေပြီး ကျောက်မျက်ကုမ္မဏီတွေကို ဖျက်ဆီး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ငလျင်ကြောင့် အိုးဘိုထောင်က နိုင်ငံရေးအကျဉ််းသား ၄၉ ဦးသေဆုံးခဲ့ရမှုကို စစ်ကောင်စီဘက်က ဖုံးကွယ်ထား
ဇွန်လ ၇ရက်
အခုနှစ် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် အိုးဘိုအကျဉ်းထောင်တွင်း အဆောက်အအုံပြိုကျ ပြီး သေဆုံးသူ ၇၀ ဦးကျော်ရှိခဲ့တဲ့အနက် နိုင်ငံရေးအကျဉ််းသား အကျဉ်းသူ ၄၉ ဦး သေဆုံးခဲ့တာကို စစ်ကောင်စီဘက်က ဖုံးကွယ်ထားတာကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
စစ်ကောင်စီက ဖုံးကွယ်ထားတဲ့ ငလျင်ကြောင့် အိုးဘိုထောင်က နိုင်ငံရေးအကျဉ််းသား ၄၉ ဦးသေဆုံးခဲ့ရမှု စာရင်းကပို ဒီနေ့ ဇွန်လ ၇ ရက်မှာ ထုတ်ဖော်လိုက်တာဖြစ်ပါတယ်။
အင်အားပြင်းငလျင်ကြောင့် အိုးဘိုအကျဉ်းထောင်တွင်း အဆောက်အအုံပြိုကျပြီး သေဆုံးခဲ့ရသူ ၇၀ ဦးကျော်အနက် PPNM ဘက်က စီစစ်စောင့်ကြည့်မှတ်တမ်းကောက်ယူမှုတွေအရ အနည်းဆုံး နိုင်ငံရေးအကျဉ််းသား အကျဉ်းသူ ၄၉ ဦး ပါဝင်ခဲ့တာကိုတွေ့ရတယ်လို့ ဆိုပါတယ်။
အခုလို အကျဉ်းသားတွေ သေဆုံးခဲ့ရတာနဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ရာ မပါဝင်ခဲ့ဘဲ သတင်းအမှောင်ချ ဖုံးကွယ်ထားတာကို တွေ့ရှိခဲ့ရတယ်လို့လည်း အသိပေးထားပါတယ်။
တနေ့တည်းမှာ အရေအတွက်များစွာ သေဆုံးခဲ့တာကို သိခွင့်ရခဲ့မယ်ဆိုရင် မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာက ကူညီ ကယ်ဆယ်မှုတွေနဲ့ ထောက်ပံ့ကူညီမှုတွေ လုပ်ပေးနိုင်ကြမှာဖြစ်ပေမယ့် မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်းက နိုင်ငံရေး အကျဉ်းသားတွေဟာ အုတ်နံရံလေးဖက်အတွင်း သတင်းအမှောင်ချခံထားရတဲ့အတွက် ပြင်ပမှာရှိတဲ့ မိသားစုဝင်တွေနဲ့ ပြည်သူလူထုဟာ ဖြစ်စဉ် အခြေအနေအမှန်တွေ မသိရတဲ့အတွက် ရက်လည်ဆွမ်းကျွေးတောင် မလုပ်ရသေးဘူးလို့လည်း စုံစမ်းသိရှိရတယ်လို့ PPNM ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိအချိန်အထိလည်း အိုးဘိုအကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသားတွေဟာ ထောက်ပံ့ကူညီမှုတွေ များစွာလိုအပ်နေဆဲဖြစ်တာကြောင့် လူ့အခွင့်အရေးနှင့်တရားမျှတမှုကို ဖော်ဆောင်နေကြတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ထောက်ပံ့မှုများ လုပ်ဆောင်ပေးကြဖို့ PPNM က တောင်းဆိုထားပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေ လိုအပ်နေတဲ့ ထောက်ပံ့ကူညီမှုတွေပေးနိုင်ဖို့ PPNM ဘက်က ဆောင်ရွက်နေတာဖြစ်တဲ့အတွက် ကူညီပံ့ပိုးလိုတဲ့ ပြည်သူလူထုအနေနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM လူမှုကွန်ယက် စာမျက်နှာကနေတဆင့် လှူဒါန်းနိုင်တယ်လို့ ဖိတ်ခေါ်ထားပါတယ်။
========================
📌📌 ၂။ ကယန်းအမျိုးသားတပ်မတော် နိုင်ငံရေးဦးဆောင်ကော်မတီကို ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင် ၇ ဦးနဲ့ ဖွဲ့စည်း
ဇွန်လ ၇ရက်
ကယန်းအမျိုးသားတပ်မတော် KNA က နိုင်ငံရေးဦးဆောင်ကော်မတီကို ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင် ၇ ဦးနဲ့ ဖွဲ့စည်း လိုက်တယ်လို့ ဒီနေ့ ဇွန်လ ၇ ရက်မှာ ကြေညာပါတယ်။
ဒီနေ့ ဇွန်လ ၇ ရက်နေ့မှာ ကယန်းအမျိုးသားတပ်မတော် KNA ရဲ့ နိုင်ငံရေးဦးဆောင်ကော်မတီဖွဲ့စည်းလိုက်တဲ့အကြောင်း လူစာရင်းနဲ့တကွ ထုတ်ပြန်လိုက်တာဖြစ်ပြီး နိုင်ငံရေးကြေညာစတမ်းကိုပါ တပါတည်း ကြေညာထားပါတယ်။
ကယန်းအမျိုးသားခေါင်းဆောင်ကြီး ငိန်းကယန်းထန် (ခ) ဦးရွှေအေးရဲ့ သားဖြစ်သူ ခွန်းဗဟန်းထန် က နိုင်ငံရေးဦးဆောင် ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ်လို့ KNA က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
KNA ရဲ့ နိုင်ငံရေးဦးဆောင်ကော်မတီ ဥက္ကဋ္ဌအဖြစ် ခွန်းဗဟန်းထန်၊ ဒုဥက္ကဋ္ဌအဖြစ် ခွန်းဆောင်ဒူ၊ အတွင်းရေးမှူးအဖြစ် ခွန်းမျိုးဦး၊ ကော်မတီအဖွဲ့ဝင်တွေအဖြစ် ခွန်းရဲခေါင်၊ ခွန်းငိန်းရွှေနန်း၊ ခွန်းသူရကျော်စံနဲ့ ခွန်းမောင်ညို တို့ဖြစ်တယ်လို့ သိရပါတယ်။
ခွန်းဗဟန်းထန်ဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် တာဝန် ယူခဲ့ဖူးပြီး မတ်လ ၇ ရက်နေ့ကပဲ တာဝန်ကနေ အနားယူခဲ့သူလို့လည်း သိရပါတယ်။
ကယန်းအမျိုးသားတပ်မတော် KNA ရဲ့ နိုင်ငံရေးကြေညာစာတမ်းမှာတော့ ကယန်းအမျိုးသားတို့ဟာ သမိုင်းအဆက်ဆက် ဖိနှိပ်မှုတွေကို တော်လှန်ခဲ့ကြသူတွေလို့ ဖော်ပြထားပါတယ်။
၂၀၀၀ ပြည်နှစ်မှာ ကယန်းနယ်မြေ ၄ ခုမှာရှိတဲ့ သက်ဆိုင်ရာ ကယန်းအဖွဲ့အစည်းတွေက ကယန်းဆိုတဲ့ အမည်နာမတခု တည်းအောက်မှာ မျိုးနွယ်စုတွေ ဆွေမျိုးစုတွေကို သတ်မှတ်နိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။
လက်ရှိမှာ ပြန့်ကျဲနေတဲ့ ကယန်းနယ်မြေဒေသ ၄ ခုကို မပေါင်းစည်းနိုင်သေးတဲ့အတွက် တပေါင်းတစည်းတည်းဖြစ်အောင် ပေါင်းစည်းရေးဟာ ကယန်းအမျိုးသားတို့ရဲ့ နိုင်ငံရေးမျှော်မှန်းချက်ဖြစ်ပြီး ပြည်နယ်တခုအဖြစ် စုစည်းရမယ်လို့ ယုံကြည် တယ်လို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကယန်းအမျိုးသားတော်လှန်ရေးတပ်တွေကို စုစည်းနိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ KNA ကို ဖွဲ့စည်းခဲ့ကာ နိုင်ငံရေးဦးဆောင်မှုဟာ အရေးကြီးတဲ့အတွက် နိုင်ငံရေးဦးဆောင်ကော်မတီကို ထပ်မံ ဖွဲ့စည်းခဲ့တာ လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကယန်းအမျိုးသားတို့ရဲ့ နိုင်ငံရေးမျှော်မှန်းချက်တွေကို KNA တခုတည်းက ဖော်ဆော်နိုင်မှာမဟုတ်တဲ့အတွက် တောင်တန်း၊ ပြည်မ မခွဲခြားဘဲ စစ်အာဏာရှင်တွေကိုတိုက်ဖျက်ဖို့ ဘယ်အဖွဲ့အစည်းနဲ့မဆို ပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၃။ မြန်မာ့အရေး ဝင်ရောက်စွက်ဖက်နေတဲ့ တရုတ်အစိုးရကို ဆန့်ကျင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြ
ဇွန်လ ၇ရက်
မြန်မာ့အရေး ဝင်ရောက်စွက်ဖက်နေတဲ့ တရုတ်အစိုးရကို ဆန့်ကျင်ကြောင်း နယူးယောက်စီးတီးမှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံရုံးရှေ့မှာ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေ ဆန္ဒပြခဲ့ကြပါတယ်။
တရုတ်အစိုးရဟာ စစ်ကောင်စီဘက်က ပေါ်ပေါ်ထင်ထင်ရပ်တည်ပြီး မြန်မာ့အရေးမှာ ဝင်ရောက်စွက်ဖက်နေတာတွေ ရပ်တန့်စေဖို့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေနဲ့ NYCBC အဖွဲ့ကဦးဆောင်ပြီး ဒေသစံတော်ချိန် ဇွန်လ ၆ ရက်နေ့ ညနေပိုင်းက အမေရိကန်ပြည်ထောင်စု နယူးယောက်စီးတီးမှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြ တာလို့ သိရပါတယ်။
နယူးယောက်စီးတီးမှာ ရောက်ရှိနေတဲ့ မြန်မာ့နွယ်ဖွားတွေဟာ တရုတ်သံရုံးရှေ့မှာ တရုတ်အစိုးရအနေနဲ့ စစ်ကောင်စီကလုပ် မယ့် တရားမျှတမှုမရှိတဲ့ အတုအယောင် ရွေးကောက်ပွဲကို မထောက်ခံဖို့နဲ့ စစ်ကောင်စီကို စစ်လက်နက်တွေ မထောက်ပံ့ဖို့ ဆန္ဒပြပွဲတွေ ဆက်တိုက်ပြုလုပ်ခဲ့ပြီး မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ထောက်ထားစာနာဖို့ တိုက်တွန်းခဲ့ကြပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက်ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့်နေ့မှာ ဗကသများအဖွဲ့ချုပ်က ဝမ်းမြောက်ကြောင်း သဝဏ်လွှာပို့
ဇွန်လ ၇ရက်
စစ်အာဏာရှင်ဆန်ကျင်ရေးကာလမှာ ပေါ်ပေါက်လာတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့်နေ့မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် - ဗကသ က ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့လိုက်ပါတယ်။
စစ်အာဏာရှင်ဆန်ကျင်ရေးကာလမှာ ပေါ်ပေါက်လာတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ - ဗမသ တည်ထောင်ခဲ့တာ ဒီနေ့ ဇွန်လ ၇ ရက်မှာ တနှစ်တိတိ ပြည့်မြောက်တဲ့အတွက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် - ဗကသ က သဝဏ်လွှာ ပေးပို့လိုက်တာဖြစ်ပါတယ်။
စစ်အာဏာရှင်ဆန်ကျင်ရေးလမ်းကြောင်းမှာ လျှောက်လှမ်းရင်း မဟာဖိုဝါဒကြီးစိုးနေတဲ့စနစ်ကို တွန်းလှန်နေတဲ့ အမျိုးသမီး သမဂ္ဂတွေနဲ့အတူ တိုက်ပွဲဝင်ရတာကို ဝမ်းမြောက်ဂုစ်ယူတယ်လို့ ဗကသ က ဆိုပါတယ်။
မဟာဖိုဝါဒကြီးစိုးရေးစနစ်ကို လက်ကိုင်တုတ်အဖြစ် အသုံးချနေတဲ့ စစ်အာဏာရှင်စနစ်အောက်မှာ နေထိုင်ရတဲ့ အမျိုးသမီးထုရဲ့ဘဝဟာ ဖိနှိပ်မှုမျိုးစုံကို အမျိုးသားတွေထက် ပိုမိုခံစားရတဲ့အတွက် အမျိုးသမီးထု မလွတ်မြောက်သေး သရွေ့ ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံရဲ့ တော်လှန်ရေး အနှစ်သာရ မပြည်စုံနိုင်ဘူးဆိုတာ နားလည်လက်ခံကြရမယ်လို့ လည်း ဗကသ က အသိပေးထားပါတယ်။
ဒါကြောင့် ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂအနေနဲ့ ဖိနှိပ်ခံပြည်သူလူထုဘက်က ဆက်လက်ရပ်တည်ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးနဲ့အတူ အမျိုးသမီးထု လွတ်မြောက်ရေး ရတဲ့အထိ တိုက်ပွဲဝင်ကြဖို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် - ဗကသ က တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၂။ ရန်ကုန်တိုင်းမှာ မေလအတွင်း အရပ်သားပြည်သူ ၁၈၀ ခန့် စစ်ကောင်စီရဲ့ ဖမ်းဆီးတာ ခံခဲ့ရတယ်လို့ Rangoon Scout Network ဆို
ဇွန်လ ၇ရက်
ပြီးခဲ့တဲ့ မေလအတွင်းမှာ ရန်ကုန်တိုင်းမှာရှိတဲ့ အရပ်သားပြည်သူ ၁၈ဝ ခန့် စစ်ကောင်စီတပ်တွေရဲ့ မတရားဖမ်းဆီးတာ ခံခဲ့ရ တယ်လို့ Rangoon Scout Network – RSN က အသိပေးထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ စစ်မှုထမ်းအတွက် ဖမ်းဆီးခံရသူ ၂၀ ဦး၊ တော်လှန်ရေးအဖွဲ့တွေနဲ့ ဆက်စပ်လုပ်ကိုင်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စွပ်စွဲဖမ်းဆီးခံရသူ ၄၀ ဦး ပါဝင်တယ်လို့ RSN ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်မှုထမ်းအတွက် ဖမ်းဆီးခံရသူတွေထဲမှာ တက္ကသိုလ်ကျောင်းသား ၂ ဦးပါဝင်ပြီး လူမှုကွန်ယက်ပေါ်ကနေ စစ်ကောင်စီကို ဝေဖန်ရေးသားတယ်ဆိုပြီး ၂ ဦး၊ တေးသံရှင် ချမ်းချမ်းနဲ့ ချိတ်ဆက်ပြီး ထောက်ပို့လုပ်တယ်လို့ စွပ်စွဲခံရသူ ၁ ဦးတို့လည်း ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
ဒါ့အပြင် ညအိပ်ချိန် ငလျင်လှုပ်မှာကြောက်လို့ တိုက်အောက်ဆင်းနေတဲ့ လူငယ်တဦးကို စစ်မှုထမ်းအတွက် ဖမ်းဆီးခေါ် ဆောင်သွားခဲ့ပြီး စစ်မှုမထမ်းလို၍ ကြိုးဆွဲချ သတ်သေခဲ့တဲ့ လူငယ်တဦးလည်း ရှိခဲ့တယ်လို့ RSN က အသိပေးပါတယ်။
ဖမ်းဆီးခံရသူတွေထဲက ၂၉ ဦး ပြန်လွတ်လာခဲ့ပေမယ့် ၂၆ ဦးကတော့ စစ်မှုထမ်းသင်တန်းကျောင်းတွေနဲ့ အကျဉ်းထောင် တွေကို ပို့ဆောင်ခံခဲ့ရပြီး ကျန်တဲ့ ၁၂၅ ဦးရဲ့ နောက်ဆက်တွဲအခြေအနေကို မသိရသေးဘူးလို့ RSN က ပြောပါတယ်။
ဒီအချက်အလက်တွေဟာ RSN ကို ပေးပို့လာတဲ့ သတင်းတွေ၊ ချိတ်ဆက်အဖွဲ့အစည်းတွေဆီကသိရတဲ့ သတင်းတွေနဲ့ မီဒီယာတွေမှာဖော်ပြတဲ့ သတင်းတွေကို ကိုးကားပြီး ပြုစုတွက်ချက်ထားတာဖြစ်တဲ့အတွက် မြေပြင်မှာ ဒိထက် ပိုမို ဆိုးရွားနိုင်တယ်လို့ RSN က ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၃။ ဖားကန့် ခွန်ဆာကုန်းမှာ စစ်တပ်ကပစ်တဲ့ လက်နက်ကြီးကျည်ပေါက်ကွဲပြီး အိမ်တွေမီးလောင်ပျက်စီး
ဇွန်လ ၇ရက်
ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက လုံးခင်းကျေးရွာမှာရှိတဲ့ ခွန်ဆာကုန်းမှာ စစ်တပ်က ပစ်ခတ်တဲ့လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အိမ်တွေမီးလောင်ပျက်စီကာ လူသေဆုံးမှုတွေရှိတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဖားကန့်မြို့ တပ်မကုန်းမှာရှိတဲ့ စစ်ကောင်စီတပ်က မနေ့ ဇွန်လ ၆ ရက် ည ၉ နာရီ ၅ မိနစ်ခန့်မှာ ဒရုန်းလွှတ်တင်ပြီး ခွန်ဆာကုန်းမှာရှီတဲ့ ဧရာဦးကုမ္မဏီ ယမ်းဂိုထောင်ကို Drop Bomb ချ ဖောက်ခွဲခဲ့တာလို့ ကချင်စစ်ရေးသတင်းရင်းမြစ်က အသိပေးပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ငြိမ်းချမ်းသာယာလို့ခေါ်တဲ့ ခွန်ဆာကုန်းက နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ပြီး လူသေဆုံးမှုတွေလည်း ရှိတယ်လို့ သိရပါတယ်။
ဒေသနေပြည်သူတွေကတော့ အိမ် ၁၂ လုံး မီးလောင်ပျက်စီးခဲ့ပြီး ကလေးငယ် တဦးအပါအဝင် အလောင်း ၉ လောင်း တွေ့ရှိထားတယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကောင်စီတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မှော်စီစာ၊ ကုဋေမှော်၊ ဆန်ခါ စတဲ့နေရာတွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကြောင်းဖြစ်ပြီး စစ်ကူစစ်ကြောင်းတွေရောက်လာချိန်မှာ ဖားကန့်တပ်မကုန်းကနေ ပတ်ဝန်းကျင်နေရာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာလို့ သိရပါတယ်။
========================
🚩🚩 ၄။ စစ်ကောင်စီတပ်ဖွဲ့ ဖားကန့်ဒေသမှာ တရွာဝင်တရွာထွက် စစ်ကြောင်းထိုးနေပြီး ကျောက်မျက်ကုမ္မဏီတွေကို ဖျက်ဆီး
ဇွန်လ ၇ရက်
ကချင်ပြည်နယ် ဖားကန့်မြို့ကို ရောက်ရှိလာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အခုတပတ်အတွင်း ဖားကန့်ဒေသမှာ တရွာဝင်တရွာထွက် စစ်ကြောင်းထိုးနေပြီး ကျောက်မျက်ကုမ္မဏီတွေကို ဖျက်ဆီးနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ် တွေက ပြောပါတယ်။
ဖားကန့်ဒေသကို စစ်ကောင်စီပူးပေါင်းစစ်ကြောင်း မေလ ၂၇ ရက်နေ့က ရောက်ရှိလာပြီးနောက်ပိုင်း ဖားကန့်ဒေသက ကျောက်စိမ်းတူးဖော်တဲ့ ကုမ္ပဏီအချို့ကို မီးရှို့ဖျက်ဆီးတာနဲ့ စက်ယန္တာရားတွေကို ဖျက်ဆီးတာတွေ နေ့စဉ်နီးပါးပြုလုပ်ခဲ့ တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီပူးပေါင်းစစ်ကြောင်းဟာ မေလ ၃၁ ရက်နေ့နောက်ပိုင်း လုံးခင်းကျေးရွာအုပ်စုမှာရှိတဲ့ မှော်စီစာကျေးရွာက တစ်သုံးလုံးကုမ္ပဏီ၊ တင်အောင်ကြိုင်ကုမ္ပဏီ၊ နေမင်းကမ္ဘာကုမ္ပဏီ၊ မြန်မာတကောင်းကုမ္ပဏီတွေကို ဝင်ရောက်စီးနင်းခဲ့ပြီး အဆောက်အအုံတွေနဲ့ စက်ယန္တရားတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အသိပေးပါတယ်။
ဇွန်လ ၃ ရက်နေ့မှာလည်း လုံးခင်းကျေးရွာအုပ်စုထဲက ကျောက်စိမ်းကုမ္ပဏီတခုမှာ ပြင်းထန်တဲ့ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ကုမ္ပဏီဝန်ထမ်း ၂ ဦး သေဆုံးခဲ့ကာ ဒဏ်ရာရသူတွေလည်းများတယ်လို့ ဒေသနေပြည်သူတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဒေသတွင်း သတင်းတွေကလည်း ဖော်ပြကြပါတယ်။
ဇွန်လ ၄ ရက်နေ့မှာတော့ ဖားကန့်ကိုရောက်နေတဲ့ စစ်ကောင်စီတပ်ကို လက်နက်နဲ့ရိက္ခာလာရောက်ပို့ဆောင်တဲ့ စစ်ရဟတ်ယာဉ်တစင်းကို KIA နဲ့ ပူးပေါင်းတပ်တွေ ဝိုင်းဝန်းပစ်ခတ်ခဲ့တာကြောင့် ဖားကန့် တပ်မကုန်းကို ဦးတည်ပျံသန်း လာတဲ့ စစ်ရဟတ်ယာဉ်ဟာ မြေပြင်ကို မဆင်းနိုင်ဘဲ လှည့်ပြန်သွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ လုံးခင်းကျေးရွာမှာတပ်စွဲပြီး ပတ်ဝန်းကျင်မှာရှိတဲ့ရွာတွေကို တရွာဝင်တရွာထွက် စစ်ကြောင်းထိုးတာ တွေ ပြုလုပ်ခဲ့တာကြောင့် ဇွန်လ ၅ ရက်နေ့မှာ ထိုးစစ်ဆင်လာ စစ်တပ်စစ်ကြောင်းနဲ့ KIA ပူးပေါင်းတပ်တို့ကြား ထိတွေ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။
မနေ့ ဇွန်လ ၆ ရက် ည ၉ နာရီအချိန်မှာလည်း ဖားကန့်တပ်မကုန်းက ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ တာကြောင့် ကလေးငယ်တွေနဲ့အမျိုးသမီးတွေအပါအဝင် လူ ၉ ဦး သေဆုံးခဲ့ရပြီး အိမ်တွေနဲ့ ကားတွေလည်း မီးလောင်ပျက်စီးသွားတယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြထားပါတယ်။
အကြမ်ဖက်စစ်တပ်ဟာ ဖားကန့်ဒေသက KIA နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတွေကို အခုလို စစ်ကြောင်း ထိုးနေတဲ့အတွက် လုံးခင်းကျေးရွာပတ်ဝန်းကျင်မှာ တိုက်ပွဲတွေပြင်းထန်လာမှာကို ဒေသခံတွေစိုးရိမ်နေကြပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment