၂၀၂၅ ဇွန်လ ၁၄ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ စစ်အုပ်စုဟာ နိုင်ငံရေးအကျဉ်းသားများအား လွတ်မြောက်ခွင့်ပေးခြင်းကို လက်နက်သဖွယ် အသုံးပြုနေတယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ပြော
📌 ၂။ ဆေးဝါးစောင့်ရှောက်မှုမလုံလောက်တာကြောင့် CDM ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်သန်း မန္တလေး အိုးဘို အကျဉ်းထောင်မှာ ကျဆုံး
========================
၂၀၂၅ ခုနှစ် ဇွန်လ ၁၄ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ လုံလောက်တဲ့ စစ်ရေး နိုင်ငံရေး နယ်မြေလွှမ်းမိုးမှု မလုပ်နိုင်ရင် မွန်ဟာ တပါးသူလက်ထဲ ရောက်သွားမယ်လို့ နိုင်ကောင်းရွက် သတိပေး
🚩 ၂။ မဟာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ် ကျင့်သုံးပြီး ပဋိပက္ခဖန်တီးနေသူတွေကို အပြီးတိုင် တိုက်ဖျက်ကြဖို့ KNU ဥက္ကဋ္ဌ ပြော
🚩 ၃။ ထောက်ကြန့်မြို့ အမှတ် ၃ လမ်းနဲ့ အမှတ် ၇ လမ်းဆုံမှာရှိတဲ့ စစ်တပ်ဘန်ကာကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက် စစ်သား ၁ ဦးလဲကျသေဆုံး
🚩 ၄။ ဖားကန့်မှာ စစ်တပ်က ဒေသနေ အရပ်သားပြည်သူ ၃ ဦးကို ထပ်မံသတ်ဖြတ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ စစ်အုပ်စုဟာ နိုင်ငံရေးအကျဉ်းသားများအား လွတ်မြောက်ခွင့်ပေးခြင်းကို လက်နက်သဖွယ် အသုံးပြုနေတယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ပြော
ဇွန်လ ၁၄ရက်
ပြည်သူ့အစိုးရဆီကနေ အာဏာလုယူထားတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ နိုင်ငံရေးအကျဉ်းသားများအား လွတ်မြောက်ခွင့် ပေးခြင်းဆိုတာကို လက်နက်သဖွယ် အသုံးပြုနေတယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂဌာနချုပ်မှာ ဇွန်လ ၁၃ ရက်နေ့ကကျင်းပတဲ့ ကမ္ဘာပေါ်ရှိ အကျဉ်းထောင်များတွင် ဖြစ်ပေါ်နေသည့် စိန်ခေါ်မှုများအား ဖြေရှင်းခြင်း ဆိုတဲ့ တခါးဖွင့် ဆွေးနွေးပွဲမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
Mandela Rule -1 မှာ လူ့ဂုဏ်သိက္ခာ “Dignity” ကို အလေးထား ဖော်ညွှန်းထားပြီး အကျဉ်းကျသူအားလုံး ကို မွေးရာပါ ဂုဏ်သိက္ခာ၊ လူသားတဦးအပေါ် တန်ဘိုးထားမှုနဲ့အညီ ဆက်ဆံရမယ်လို့ ဖော်ပြထားပေမယ့် စစ်အုပ်စုဟာ အဲဒီစံချိန်စံညွှန်း ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတယ်လို့ အစည်းဝေးတက်လာသူတွေကို ရှင်းပြခဲ့ပါတယ်။
Mandela Rule 58 အရ အကျဉ်းကျနေသူတွေဟာ သူတို့ရဲ့မိသားစုဝင်တွေနဲ့ အကျဉ်းထောင် နံရံပြင်ပက ကမ္ဘာကြီးနဲ့ ဆက်သွယ်ခွင့် ရသင့်တယ်လို့ အခိုင်အမာဆိုထားပေမယ့် မြန်မာနိုင်ငံမှာ အဲဒီအခွင့်အရေး ဆုံးရှုံး နေတယ်လို့လည်း အသိပေးခဲ့ပါတယ်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့တောင် ပြင်ပနဲ့ ထိတွေ့ဆက်သွယ် ခွင့် နှစ်ရှည်လများ ပိတ်ပင်ခံထားရပြီး သူတို့အတွက် ဥပဒေကြောင်းအရ ကိုယ်စားပြုခွင့် ဖြုတ်ချခံထားရတဲ့အပြင် သူတို့ ချစ်မြတ်နိုးသူတွေနဲ့ ဆက်သွယ်ခွင့် ငြင်းပယ်ခံထားရတာတွေကြောင့် အစည်းဝေးတက်လာသူတွေကို အခုလို ရှင်းပြခဲ့တာ ဖြစ်ပါတယ်။
လာမယ့်သီတင်းပတ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် ၈၀ ပြည့်မှာဖြစ်တဲ့အတွက် အနယ်နယ် အရပ်ရပ်မှာရှိတဲ့ မြန်မာပြည်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်မွေးနေ့ ဆင်နွှဲနိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ စီစဉ်နေကြပြီး အမြန်ဆုံး လွတ်မြောက်စေဖို့နဲ့ ကျန်းမာရေးကောင်းစေဖို့ ဆုတောင်းမေတ္တာ ပို့သနေတာတွေရှိတယ်လို့လည်း တဆက်တည်း အသိပေးခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ကျောင်းသူကျောင်းသားတွေ ဆရာဝန်တွေ သတင်းထောက်တွေ ရွေးကောက်ခံ လွှတ်တော် အမတ်တွေနဲ့ ကလေးငယ်တွေအပါအဝင် လူပေါင်း ၂သောင်း ၉ထောင်ကျော် နိုင်ငံရေးရပ်တည်ချက်တွေကြောင့် ဖမ်းဆီးချုပ်နှောင် ခံထားရပြီး အများစုဟာ တရားလက်လွတ် ဖမ်းဆီးချုပ်နှောင်ခံရသူတွေဖြစ်တယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးက ဆက်ပြောပါတယ်။
ဒါဟာ စစ်တပ်အနေနဲ့ ငွေညှစ်လိုတဲ့ရည်ရွယ်ချက်နဲ့ ဖမ်းဆီးချုပ်နှောင်ခဲ့တာဖြစ်ပြီး ဖမ်းဆီးချုပ်နှောင်ခံထား ရသူတွေဟာ တရားမျှတမှုရှိတဲ့ တရားခွင်ဆုံးဖြတ်မှုကို တကြိမ်တခါမှ ခံစားခွင့် မရခဲ့ကြဘူးလို့လည်း အသိပေးခဲ့ပါသေးတယ်။
၂၀၂၂ ခုနှစ်တုန်းကဆိုရင် နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ ကိုဖြိုးဇေယျာသော်၊ ကိုကျော်မင်းယု (ခ) ကိုဂျင်မီ၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို စစ်အုပ်စုက မတရား ကွပ်မျက်စီရင်ခဲ့ပြီး နောက် ၂နှစ်အကြာ ၂၀၂၄ ခုနှစ် မှာလည်း စစ်အုပ်စုက ကိုကောင်းထက်နဲ့ လူငယ်အမျိုးသမီး နိုင်ငံရေးအကျဉ်းသူ မချမ်းမြေ့သူတို့ကို ထပ်မံကွပ်မျက်စီရင်ခဲ့ တယ်လို့ ရှင်းပြခဲ့ပါတယ်။
စစ်အုပ်စုလက်အောက်က အကျဉ်းချခြင်း လုပ်ငန်းစဉ်ဟာ ဥပဒေပြုရေးအာဏာတရပ်မဟုတ်ဘဲ လွှမ်းမိုးချုပ်ကိုင်ဖို့ဖြစ်တဲ့ အတွက် မြန်မာနိုင်ငံက အကျဉ်းထောင်တွေကို အကန့်အသတ်မရှိ ဝင်ရောက်ခွင့် ရစေရေး ကုလသမဂ္ဂနဲ့ ICRC တို့အနေနဲ့ တောင်းဆိုသင့်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။
ဒါအပြင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး ချက်ချင်းပြန်လည်လွှတ်ပေးဖို့ စစ်အုပ်စုအပေါ် ပစ်မှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေ ချမှတ်ဖို့ အသက်ရှင်ကျန်ရစ်သူတွေအတွက် ပြန်လည်ကုစားရေးအစီအစဉ်မှာ ရင်းနှီးမြှုပ်နှံဖို့ တောင်းဆိုခဲ့ ပါတယ်။
ဒါကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စစ်အာဏာရှင်စနစ်နဲ့ မတရား စစ်အာဏာသိမ်းမှုချုပ်ငြိမ်းရေး အားထုတ် နေတဲ့ မိမိတို့ရဲ့ ကြိုးပမ်းမှုတွေကို ကူညီအားဖြည့်ပေးကြဖို့ပါ တိုက်တွန်းခဲ့ပါတယ်။
========================
📌📌 ၂။ ဆေးဝါးစောင့်ရှောက်မှုမလုံလောက်တာကြောင့် CDM ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်သန်း မန္တလေး အိုးဘို အကျဉ်းထောင်မှာ ကျဆုံး
ဇွန်လ ၁၄ရက်
အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားဖမ်းဆီးတာကိုခံရပြီး ဆေးဝါးစောင့်ရှောက်မှု မလုံလောက်တဲ့အတွက် CDM အလယ်တန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်သန်း မန္တလေးအိုးဘိုအကျဉ်းထောင်မှာ ကျဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် - PPNM က ဒီနေ့ ဇွန်လ ၁၄ ရက်မှာ ထုတ်ပြန် ပါတယ်။
CDM အလယ်တန်းကျောင်းအုပ်ဆရာမကြီးဒေါ်မြင့်မြင့်သန်းဟာ မန္တလေးအိုးဘိုအကျဉ်းထောင်မှာ ပုဒ်မ - ၅၂ ကနဲ့ ထောင် ဒဏ် ၅ နှစ် ချမှတ်ခံထားရပြီး အကျဉ်းထောင်အတွင်း ဆေးဝါးလုံးလောက်စွာ စောင့်ရှောက်မှုမပေးနိုင်တာကြောင့် သွေးကြောပေါက်ပြီး မေလ ၇ ရက်နေ့မှာ ကျဆုံးခဲ့တာလို့ ဆိုပါတယ်။
ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်သန်းဟာ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပြီး တီဘီ ရောဂါအခံရှိတာကြောင့် ဆေးဝါးစောင့်ရှောက်မှု ပုံမှန်လိုအပ်နေသူတဦးလို့ သိရပါတယ်။
ဆရာမကြီး ရောဂါပြင်းထန်လာတဲ့အတွက် ထောင်ပြင်ပမှာ ဆေးကုသခွင့်ပေးဖို့ ထောင်အာဏာပိုင်တွေဆီမှာ တောင်းဆိုခဲ့ ပေမယ့် ထောင်အာဏာပိုင်တွေက ဆေးကုသခွင့်မပေးခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဆရာမကြီးဟာ တီဘီရောဂါအခ့ကြောင့် ဆေးပြင်းတွေ သွင်းနေရသူဖြစ်ပြီး အဲဒီဆေးပြင်းတွေကြောင့် သွေးကြောပေါက် ချိန်မှာ အချိန်မီ ဆေးဝါးကုသခွင့်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုမရတာကြောင့် သေဆုံးခဲ့ရတာလို့လည်း PPNM က အသိပေး ပါတယ်။
မြန်မာနိုင်ငံက အကျဥ်းထောင်တွေမှာ ဆေးဝါးစောင့်ရှောက်မှု လုံလောက်အောင် မပေးတာကြောင့် အကျဉ်းကျခံနေရသူ တွေဟာ ရောဂါတွေဖြစ်ပွားနေပြီး ဆေးကုသခွင့် ဆုံးရှုံးနေတဲ့အတွက် အသက်မဆုံးရှုံးသင့်ဘဲ အသက်ပေးရတဲ့အထိ ဖြစ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားမျာကွန်ရက် - PPNM က ထုတ်ပြန်ပါတယ်။
အခုလို အကျဥ်းထောင်တွေမှာ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမပေးတာကြောင့် မသေသင့်ဘဲ သေဆုံးရသူ အရေအတွက်ဟာ ဇွန် ၁ ရက်နေ့အထိ ၁၁ ဦး ရှိနေပြီလို့ PPNM မှတ်တမ်းတွေအရ သိရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ လုံလောက်တဲ့ စစ်ရေး နိုင်ငံရေး နယ်မြေလွှမ်းမိုးမှု မလုပ်နိုင်ရင် မွန်ဟာ တပါးသူလက်ထဲ ရောက်သွားမယ်လို့ နိုင်ကောင်းရွက် သတိပေး
ဇွန်လ ၁၄ရက်
တော်လှန်ရေးလှိုင်းဂယက်မှာ လုံလောက်တဲ့ စစ်ရေး နိုင်ငံရေး လှုပ်ရှားမှု၊ နယ်မြေလွှမ်းမိုးမှု မလုပ်နိုင်ရင် မွန် ၁၀ မြို့နယ်ဟာ တပါးသူလက်ထဲ ရောက်ရှိသွားနိုင်တာကို အထူးသတိရှိဖို့ လိုအပ်တယ်လို့ နိုင်ကောင်းရွက်က ပြောကြားထားကြောင်း လဂွန်းအိမ် စာစဉ်၊ ဇွန် ၁၄ မှာရေးသားထားပါတယ်။
မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ရဲ့ သဘာပတိလည်း ဖြစ်၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေး ဒုဝန်ကြီးဖြစ်သူ နိုင်ကောင်းရွက်က MSFC တတိယအကြိမ် ကောင်စီညီလာခံ မိန့်ခွန်းမှာ အခုလို သတိပေးပြောဆိုခဲ့တာပါ။
မွန်လူမျိုးတို့ဟာ အမျိုးသားလွတ်မြောက်ရေး ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရရေးအတွက် တော်လှန်ရေးအချိုးအကွေ့များစွာ ဖြတ်သန်းပြီး ခေတ်အဆက်ဆက် တိုက်ပွဲဝင်လာခဲ့ပေမယ့် နွေဦးတော်လှန်ရေးကာလတိုင်အောင် ရည်မှန်းပန်းတိုင်ဟာ ရုပ်လုံးမပေါ်သေးပါဘူးလို့ နိုင်ကောင်းရွက်က ဆိုပါတယ်။
မွန်တော်လှန်ရေးအင်အားစုတွေအနေနဲ့ လက်ရှိမြေပြင်အနေအထားကို လက်တွေ့ကျကျ သုံးသပ်ဖို့ လိုအပ်နေပြီး အချိန်မနှောင်းခင် အင်အားတွေ စုပေါင်းဖွဲ့စည်းတည်ဆောက်ကာ ဘဝတူတော်လှန်ရေး အင်အားစုတွေနဲ့ လက်တွဲဖို့ကိုလည်း နိုင်ကောင်းရွက်က တိုက်တွန်းပါတယ်။
နောက်တချက်အနေနဲ့ တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပါဝင်တဲ့ မွန်ပြည် ကိုယ်စားပြု တော်လှန်ရေးအစိုးရတရပ် ဖွဲ့စည်းဖို့ လိုအပ်နေသလို အနာဂတ်မွန်ပြည်ဖက်ဒရယ်ယူနစ်အတွက် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး မဏ္ဍိုင်တွေကို အခုကတည်းက ဖွဲ့စည်းထားဖို့ လိုအပ်တဲ့အကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
“ပြည်သူ့ဝန်ဆောင်မှုများ၊ လုံခြုံရေးနှင့် ကာကွယ်ရေးစနစ်များကိုလည်း ဖွဲ့စည်းထားဖို့ လိုပါတယ်၊ စနစ်ဆိုးကို တော်လှန်ရာမှာ စနစ်ကောင်းတခုကို အစားထိုးနိုင်ဖို့ လိုပါတယ်၊ ထိုအတွက် အခုကတည်းက ကြိုတင်ပြင်ထားဖို့ လိုပြီး အုပ်ချုပ်ရေးကို အစားထိုးနိုင်ဖို့ မိမိတို့ဘက် အဆင်သင့်ဖြစ်နေဖို့ လိုအပ်ပါတယ်” လို့ MSFC သဘာပတိက ပြောပါတယ်။
ဝန်ကြီးချုပ်ဟောင်း ဦးနု တပ်ပေါင်းစုဖွဲ့ပြီး တော်လှန်ရေးထဲ စဝင်ခဲ့ချိန် ၁၉၇၀ ခုနှစ်ကနေ ၁၉၈၇ ခုနှစ် နှစ်ခြမ်းကွဲခဲ့တဲ့ မွန်ပြည်သစ်ပါတီ ပြန်လည်ပေါင်းစည်းနိုင်ခဲ့ခြင်း အချိန်ကာလကို မွန်တို့ရဲ့ ပထမမျိုးဆက် မွန်တော်လှန်ရေးခရီး၊ ၁၉၈၈ ခုနှစ်ကနေ နဝတစစ်အစိုးရနဲ့ အပစ်ခတ်ရပ်စဲခဲ့တဲ့ ၁၉၉၅ ခုနှစ်အထိကို မွန်တော်လှန်ရေးရဲ့ ဒုတိယမျိုးဆက် နိမ့်ပါးမှု ဖြစ်စဉ်သမိုင်းအဖြစ် နိုင်ကောင်းရွက်ရဲ့ အဖွင့်မိန့်ခွန်းမှာ ညွှန်းဆိုခဲ့ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူ့တော်လှန်ရေးနဲ့အတူ မွန်တော်လှန်သမိုင်းအချိုးအကွေ့ တတိယမျိုးဆက်ဟာ ဖက်ဒရယ်ဒီမိုကရေစီ တော်လှန်ရေးခရီးကို ဘဝတူ တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲကာ ၄ နှစ်တိုင်တိုင် လျှောက်လှမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မွန်ပြည်ဖက်ဒရယ်ကောင်စီ မဖွဲ့စည်းခင် ကနဦးဖွဲ့စည်းလိုက်တဲ့ မွန်ပြည်ကြားကာလ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ MSICC ကနေ အမျိုးသားညီညွတ်ရေးအစိုးရ NUG အဖွဲ့မှာ အလုပ်သမားဝန်ကြီး နိုင်သုဝဏ္ဏ၊ ကာကွယ်ရေး ဒုဝန်ကြီး နိုင်ကောင်းရွက်၊ စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဒုဝန်ကြီး ဦးမင်းဇေယျာဦးတို့ (၃) ဦးကို ကိုယ်စားလှယ်အဖြစ် စေလွှတ်နိုင်ခဲ့တဲ့အပေါ် MSICC ဟာ မွန်တော်လှန်ရေးတတိယ မျိုးဆက်တို့ရဲ့ တော်လှန်ရေးအဖွဲ့အစည်း အဖြစ် နိုင်ကောင်းရွက်က ညွှန်းဆိုထားကြောင်း သိရပါတယ်။
========================
🚩🚩 ၂။ မဟာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ် ကျင့်သုံးပြီး ပဋိပက္ခဖန်တီးနေသူတွေကို အပြီးတိုင် တိုက်ဖျက်ကြဖို့ KNU ဥက္ကဋ္ဌ ပြော
ဇွန်လ ၁၄ရက်
မဟာလူမျိုးကြီးဝါဒနဲ့ အာဏာရှင်စနစ်ကို ကျင့်သုံးပြီး ပြည်တွင်းပဋိပက္ခ ဖန်တီးနေသူတွေကို အပြီးတိုင် တိုက်ဖျက်ကြဖို့ ကရင်အမျိုးသားအစည်းအရုံး - KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားလိုက်ပါတယ်။
ဒီနေ့ ဇွန်လ ၁၄ ရက်နေ့မှာကျရောက်တဲ့ ၇၆ နှစ်မြောက် ကော်သူးလေနေ့ မိန့်ခွန်းမှာ KNU ဥက္ကဋ္ဌက အခုလို ပြောကြား လိုက်တာဖြစ်ပါတယ်။
ကော်သူးလေနေ့ဆိုတာဟာ ကော်သူးလေအစိုးရ ဖွဲ့စည်းထူထောင်ခဲ့တဲ့နေ့ဖြစ်သလို ကရင်လူမျိုးတွေအနေနဲ့ မိမိတို့ နယ်မြေမှာ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အုပ်ချုပ်ရေးလည်ပတ်ပြီး ကရင်လူမျိုးတွေနဲ့ ဒေသခံပြည်သူလူထုရဲ့ လိုအပ်ချက်နဲ့ လူထု အကျိုးကို သယ်ပိုးဖြည့်ဆည်းပေးမှုကို ပြသတာပဲဖြစ်တယ်လို့ ဆိုပါတယ်။
ကိုယ်ပိုင်ပြဌာန်းခွင့်ကို ကျင့်သုံးတာဟာ တော်လှန်ရေးကာလမှာ ကိုင်စွဲရပ်တည်ရမယ့် နိုင်ငံရေးလမ်းညွှန်ချက်ဖြစ်ပြီး မိမိတို့ရဲ့ နိုင်ငံရေးကံကြမ္မာကို မိမိတို့ကိုယ်တိုင် ဖန်တီးရေးနဲ့ ကရင်လူမျိုးတွေသာမက လူမျိုးများအားလုံး ကြီးပွားဖွံ့ဖြိုး တိုးတက်စေဖို့ အုပ်ချုပ်ရေးနဲ့ ပြည်သူ့ရေးရာ စီမံခန့်ခွဲရေးကို လမ်းညွှန်ပေးတာလို့လည်း KNU ဥက္ကဋ္ဌက ရှင်းပြပါတယ်။
ခေတ်ကာလနဲ့အညီ တိုးတက်ပြောင်းလဲနေတဲ့ နိုင်ငံရေးအခြေအနေများ၊ အုပ်ချုပ်ရေးနဲ့ ပြည်သူ့ရေးရာစီမံခန့်ခွဲရေးတို့ကို နားလည်သဘောပေါက် တတ်ကျွမ်းအောင် လေ့လာသင်ယူပြီး လာမယ့်အနာဂတ်ကာလမှာ မိမိတို့ကံကြမ္မာကို မိမိတို့သာ ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့ အနာဂတ်မျိုးဆက်သစ်တွေ မွေးထုတ်သွားမယ်လို့ KNU ဥက္ကဋ္ဌက ဆက်ပြီးပြောကြားထားပါ တယ်။
ကရင်ပြည် “ကော်သူးလေ” ထူထောင်ရေးမှာ ပညာတတ်လူငယ်တွေအနေနဲ့ ကဏ္ဍပေါင်းစုံကနေ ပါဝင်အားဖြည့်ကြဖို့လည်း KNU ဥက္ကဋ္ဌက တိုက်တွန်းထားပါတယ်။
ဒါ့အပြင် "ကော်သူးလေ"ကို အတူတကွထူထောင်ရင်း တချိန်ထဲမှာပဲ ပြည်သူလူထုအားလုံး ငြိမ်းချမ်းကောင်းမွန်စွာ နေထိုင် နိုင်ရေးဆိုတာကို အာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရာမှာ အတူတကွ ကြိုးပမ်းကြဖို့လည်း ပြောကြားခဲ့ပါတယ်။
လက်ရှိမှာ KNU ဟာ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် အခြားသော လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့အတူ စစ်အာဏာရှင်ကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေး ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ ထောက်ကြန့်မြို့ အမှတ် ၃ လမ်းနဲ့ အမှတ် ၇ လမ်းဆုံမှာရှိတဲ့ စစ်တပ်ဘန်ကာကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက် စစ်သား ၁ ဦးလဲကျသေဆုံး
ဇွန်လ ၁၄ရက်
ရန်ကုန်တိုင်း ထောက်ကြန့်မြို့နယ်ထဲက အမှတ် ၃ လမ်းနဲ့ အမှတ် ၇ လမ်းဆုံမှာရှိတဲ့ စစ်တပ်ဘန်ကာကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့တယ်လို့ Operation Flame ပြောက်ကြားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
“မနေ့ ဇွန်လ ၁၃ ရက် ည ၈ နာရီကျော်အချိန်မှာ စစ်တပ်ဘန်ကာကို အဝေးထိန်း မိုင်း ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အစောင့်စစ်သားတွေ အပြင်ထွက်လာချိန် မှာ အချိန်ကိုက် တိုက်ခိုက်နိုင်ခဲ့တာကြောင့် တစ်ဦးထိပြီး လဲကျသွားပါတယ်”နောက်ဆက်တွဲမြေပြင်အခြေအနေ ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။
စစ်ဆင်ရေးပြီးဆုံးချိန်မှာ တော်လှန်ရေးအဖွဲ့သားတွေအားလုံး ပြန်လာခဲ့တာကြောင့် ဘေးကင်းရာနေရာတွေကို ပြန်ရောက်နေပြီလို့လည်း အသိပေးထားပါတယ်။
ဒီစစ်ဆင်ရေးကို Operation Flame အဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး မဟာမိတ်အဖွဲ့တွေနဲ့အတူ စစ်ကောင်စီတပ်တွေကို အရှိန်မြင့် တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၄။ ဖားကန့်မှာ စစ်တပ်က ဒေသနေ အရပ်သားပြည်သူ ၃ ဦးကို ထပ်မံသတ်ဖြတ်
ဇွန်လ ၁၄ရက်
ဖားကန့်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ အရပ်သား ၃ ဦးကို သေနတ်နဲ့ပစ်သတ်ပြီး ကိုယ်လက် အင်္ဂါတွေကိုဖြတ်တောက်ကာ လမ်းဘေးမှာ စွန့်ပစ်သွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
မနေ့ ဇွန်လ ၁၃ ရက်နေ့ မနက်ပိုင်းက မှော်စီစာကျေးရွာတောင်ယာကုန်းမှာ အလောင်းတွေကို စွန့်ပစ်သွားတယ်လို့ ဆိုပါတယ်။
အသတ်ခံရသူတွေဟာ အမျိုးသားတွေဖြစ်ပြီး ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို ဖြတ်တောက်တာ၊ မျက်လုံးတွေကို ဖောက်ထုတ်ထားတာနဲ့ ခေါင်းတခုလုံးကြေမွအောင် ရိုက်နှက်သတ်ဖြတ်တာတွေလုပ်ဆောင်ခဲ့တာကြောင့် စစ်တပ် စစ်ကြောင်းကို မယုံကြဖို့ ဒေသနေပြည်သူတွေကြား သတိပေးပြောဆိုမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
အဲဒီ စစ်တပ်စစ်ကြောင်းဟာ ဇွန်လ ၁၁ ရက်နေ့ညကလည်း သက်လတ်ပိုင်းအရွယ် အမျိုးသား ၃ ဦးကို ပစ်သတ်ပြီး မှော်စီစာလမ်းဆုံမှာ စွန့်ပစ်ထားခဲ့တာရှိပါတယ်။
အခုလို အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူတွေကို ရက်ရက်စက်စက်သတ်ဖြတ်နေတာကြောင့် ဒေသနေပြည်သူ တွေ စစ်တပ်စစ်ကြောင်းလာမှာကို ကြောက်ရွံ့နေကြတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ မေလကုန်ပိုင်းကစပြီး ဖားကန့်မြို့နယ်အတွင်း ဝင်ရောက်လာခဲ့ရာမှာ အရပ်သား ပြည်သူတွေကို သတ်ဖြတ်နေတဲ့အပြင် ကျောက်စိမ်းလုပ်ကွက်တွေမှာ ကုမ္မဏီတွေကိုလည်း မီးရှို့ဖျက်စီးတာတွေလုပ်နေ တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment