၂၀၂၅ ဇွန်လ ၂၂ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အင်းတော်မြို့နယ် နဘားရွာက ရန်အောင်မင်္ဂလာဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲ
📌 ၂။ ဒီမော့ဆိုအနောက်ခြမ်းမှာ စက်သုံးဆီတွေ စျေးတင်ရောင်းရင် အရေးယူမယ်လို့ တော်လှန်ရေးတပ်တွေ သတိပေး
========================
၂၀၂၅ ခုနှစ် ဇွန်လ ၂၂ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ကြို့ပင်ကောက်နယ်က စစ်တပ်သတင်းပေးတဦးကို တော်လှန်ရေးရဲဘော်တွေ ရှင်းလင်း
🚩 ၂။ ချောင်းဦးမြို့ ထွေအုပ်ရုံးကထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်သား ၂ ဦး သေဆုံး
🚩 ၃။ တနင်္သာရီအခြေစိုက် ခမရ ၅၅၇ တပ်က တပ်သား ၂ ဦး တနင်္သာရီပကဖ ထံ အလင်းဝင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အင်းတော်မြို့နယ် နဘားရွာက ရန်အောင်မင်္ဂလာဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲ
ဇွန်လ ၂၂ရက်
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် နဘားကျေးရွာမှာရှိတဲ့ ရန်အောင်မင်္ဂလာဘုန်းကြီးကျောင်းကို အကြမ်း ဖက်စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းပျက်စီးပြီး ခရီးသွားအမျိုးသမီးတဦးဒဏ်ရာထားတယ်လို့ ဒေသနေပြည်သူတွေက ပြောပါတယ်။
စစ်ကောင်စီဟာ နဘားလမ်းဆုံမှာရှိတဲ့ ရန်အောင်မင်္ဂလာဘုန်းကြီးကျောင်းကို ပစ်မှတ်ထားပြီး ဒီနေ့ ဇွန်လ ၂၂ ရက် မနက် ၅ နာရီ ၄၅ မိနစ်မှာ တကြိမ်၊ ၅ နာရီ ၅၁ မိနစ်မှာ တကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းကနေ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်း ပျက်စီးသွားပြီး ခရီးသွားအမျိုးသမီးတဦး ခေါင်းမှာ ဗုံးစထိမှန်ဒဏ်ရာတယ်လို့ ဒေသတွင်းသတင်းတွေဖော်ပြနေတဲ့ အင်းတော် ရီဗော်ဘူးရှင်း IR က အသိပေးထုတ်ပြန်ပါတယ်။
အဲဒီဘုန်းကြီးကျောင်းဟာ မန္တလေး - မြစ်ကြီးနားကားလမ်းမပေါ် မှာ ရှိတာဖြစ်တဲ့အတွက် ခရီးသွားအမျိုးသမီးတဦး ဗုံးစ ထိမှန်ဒဏ်ရာရသွားတာလို့ သိရပါတယ်။
နဘားကျေးရွာဟာ ၂၀၂၃ ခုနှစ် စက်တင်ဘာလောက်ကတည်းက လူနေထိုင်ခြင်းမရှိတော့ဘဲ စစ်ဘေးရှောင်နေရတဲ့ ရွာဖြစ်ပြီး ခရီးသွားပြည်သူတွေသာ ဖြတ်သန်းသွားလာလေရှိတဲ့နေရာဖြစ်တာကြောင့် လူထိခိုက်မှုနည်းသွားတာလို့လည်း သိရပါတယ်။
========================
📌📌 ၂။ ဒီမော့ဆိုအနောက်ခြမ်းမှာ စက်သုံးဆီတွေ စျေးတင်ရောင်းရင် အရေးယူမယ်လို့ တော်လှန်ရေးတပ်တွေ သတိပေး
ဇွန်လ ၂၂ရက်
ကရင်နီပြည် ဒီးမော့ဆို အနောက်ဖက်ခြမ်းမှာ စက်သုံးဆီတွေကို အဆမတန်စျေးတင်ရောင်းမယ်ဆိုရင် ထိထိရောက် ရောက် အရေးယူမယ်လို့ တော်လှန်ရေးတပ်တွေက သတိပေး ပြောဆိုလိုက်ပါတယ်။
ဓာတ်ဆီနဲ့ ဒီဇယ်ဈေးနှုန်းတွေဟာ ရှိသင့်တဲ့ဈေးနှုန်းထက် အဆမတန်မြင့်တက်နေတာကြောင့် ဒေသနေပြည်သူတွေ အခက်အခဲများစွာနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာကြောင့် အခုလို သတိပေး ပြောကြားလိုက်တာဖြစ်ပါတယ်။
ဒီးမော့ဆို အနောက်ဖက်ခြမ်းမှာရှိတဲ့ မိဘပြည်သူတွေ လက်လုပ်လက်စားတွေ အထွေထွေအလုပ်သမားတွေ လယ်သမား တွေနဲ့ ဆေးရုံဆေးခန်းတွေက ဝန်ထမ်းတွေကလည်း အဆမတန်မြင့်တက်နေတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေးနှုန်းတွေ ထိန်းညှိပေးဖို့ တိုင်ကြားလာတာတွေလည်းရှိနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆိုနဲ့ ကရင်နီ ပြည်သူ့လွှတ်မြောက်ရေးတပ်ဦး
(ကလလတ) တို့က အသိပေးပါတယ်။
ဒါကြောင့် ဒီနေ့ ဇွန်လ ၂၂ ရက်ကစပြီး သတ်မှတ်ထားသောဈေးနှုန်းအတိုင်း တင်သွင်းရောင်းချကြဖို့ ဒီးမော့ဆို အနောက်ဖက် ခြမ်းကိုတင်သွင်းနေတဲ့ ဆီကုန်သည်တွေကို သတိပေးထားပါတယ်။
တော်လှန်ရေးတပ်တွေအနေနဲ့ မူရင်း ဓာတ်ဆီ၊ ဒီဇယ်ဆီ ဝယ်ဈေး နှုန်း၊ အခွန်အခနဲ့ ရင်းနှီးမြှပ်နှံမှု အမြတ်ငွေ စတာတွေကို အနီးစပ်ဆုံးတွက်ချက်ပြီးမှ အများပြည်သူအတွက် ရည်ရွယ်လုပ်ဆောင်လိုက်တာဖြစ်ပါတယ်။
တော်လှန်ရေးတပ်တွေအနေနဲ့ ဓာတ်ဆီ တပီပါကို ကျပ် ၁၁ သိန်း၊ ဒီဇယ်တပီပါကို ကျပ် ၁၂သိန်းနှုန်းနဲ့ တင်သွင်းရောင်းချကြ ဖို့ သတ်မှတ်ပေးထားပြီး သတ်မှတ်ဈေးနှုန်းထက်ပိုပြီး တင်သွင်းရောင်းချသူတွေကို ထိရောက်စွာအရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ကြို့ပင်ကောက်နယ်က စစ်တပ်သတင်းပေးတဦးကို တော်လှန်ရေးရဲဘော်တွေ ရှင်းလင်း
ဇွန်လ ၂၂ရက်
ပဲခူးတိုင်း သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် မှန်ပင်ထူးရွာက စစ်တပ်သတင်းပေးတဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ က ထုတ်ပြန်ပါတယ်။
မှန်ပင်ထူးရွာက စစ်တပ်သတင်းပေး ကိုမိုးဆိုသူကို ဇွန်လ ၂ဝ ရက်နေ့ ညနေ ၄ နာရီခွဲ အချိန်မှာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon GBK – PDF က ပစ်ခတ်ရှင်းလင်းခဲ့တာလို့ဆိုပါတယ်။
ကိုမိုးဟာ တော်လှန်ရေးရဲဘော်တွေရဲ့ လှုပ်ရှားသွားလာမှုတွေကို ဖုန်းနဲ့ မှတ်တမ်းဓာတ်ပုံတွေ ရိုက်ကူးပြီး စစ်ကောင်စီတပ်ကို သတင်းပေးတာ၊ ဒေသနေလူငယ်တွေကို PDF လို့ စွတ်စွဲပြီး စစ်ကောင်စီထံ မမှန်သတင်းပေး တိုင်ကြားတာတွေ လုပ်နေတဲ့သူဖြစ်တာကြောင့် ရှင်းလင်း၇တာလို့ အသိပေးပါတယ်။
ဒါ့အပြင် စစ်တပ်နဲ့ပေါင်းပြီး ဒေသနေပြည်သူတွေကို အနိုင်ကျင့်ခြိမ်းခြောက်တာတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ အနေနဲ့ ဒေသနေပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ဒုက္ခပေးနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ စစ်ကောင်စီလက်ပါစေ စစ်တပ်ထောက်တိုင်တွေကို အရှန်မြှင့် တိုက်ခိုက်သွားမှာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ သူတို့ရှိတဲ့နေရာတွေကို မသွားကြဖို့ သတိပေးနှိုးဆော်ထားပါတယ်။
========================
🚩🚩 ၂။ ချောင်းဦးမြို့ ထွေအုပ်ရုံးကထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်သား ၂ ဦး သေဆုံး
ဇွန်လ ၂၂ရက်
စစ်ကိုင်းတိုင်း ချောင်းဦးမြို့မှာရှိတဲ့ မြို့နယ်ထွေအုပ်ရုံးကထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲ တိုက်ခိုက် ခဲ့ရာ စစ်သား ၂ ဦး ပွဲချင်းပြီးသေဆုံးသွားတယ်လို့ BLDF တပ်ခွဲ အညာမိုင်းအဖွဲ့က ပြောပါတယ်။
ချောင်းဦးမြို့ ထွေအုပ်ရုံးကထွက်လာတဲ့ အင်အား ၃၀ ခန့်ပါ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ချောင်းဦးမြို့ ဆုတောင်းပြည့်ကျောင်းအနီးမှာ BLDF တပ်ခွဲ အညာမိုင်းတပ်ဖွဲ့က မနေ့ ဇွန်လ ၂၁ ရက် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်အချိန်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်ကောင်စီဘက်က စစ်သား ၂ ဦး ပွဲချင်းပြီးသေဆုံးသွာတာကို မျက်မြင်တွေ့ခဲ့ရပြီး ဒဏ်ရာ ရသွားတွေလည်း ရှိနိုင်တယ်လို့ အသိပေးပါတယ်။
စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်တာတွေရှိပေမယ့် တော်လှန်ရေး ရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်း ဇွန် ၁၆ တုန်းကလည်း ချောင်းဦးထွေအုပ်ရုံးကနေ အိမ်စီးကားနဲ့ထွက်လာတဲ့ ၃ ပွင့်ဗိုလ်အပါအဝင် စစ်သား ၅ ဦးကို BRAVE HEART ARMY-BHA တပ်ဖွဲ့က မုံရွာ-မန္တလေးလမ်းပိုင်းတနေရာမှာ တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။
BRAVE HEART ARMY-BHA တပ်ဖွဲ့ကရဲဘော်တွေရဲ့တိုက်ခိုက်မှုကြောင့် စစ်အရာရှိ အပါအဝင် ၃ ဦးသေဆုံးကာ တဦး ဒဏ်ရာရသွားပြီး တဦးထွက်ပြေးလွတ်မြောက်သွားပေမယ့် သေနတ် ၅ လက်နဲ့ ဖုန်း ၃ လုံး သိမ်းဆည်းရရှိခဲ့ပါတယ်။
========================
🚩🚩 ၃။ တနင်္သာရီအခြေစိုက် ခမရ ၅၅၇ တပ်က တပ်သား ၂ ဦး တနင်္သာရီပကဖ ထံ အလင်းဝင်
ဇွန်လ ၂၂ရက်
တနင်္သာရီတိုင်း မြိတ်ခရိုင် တနင်္သာရီမြို့အနီးက အောက်ကင်းရွာမှာ အခြေအစိုက်တဲ့ ခမရ ၅၅၇ တပ်ရင်းက တပ်သား ၂ ဦး လမ်းကင်းတာဝန်ကျချိန်မှာ ထွက်ပြေးလာပြီး အလင်းဝင်လာတယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။
ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ် ဂျိုးဖြူမှာရှိတဲ့ အမှတ် ၁ လေ့ကျင်ရေးသင်တန်းကျောင်းမှာ စစ်မှုထမ်း သင်တန်း အပတ်စဉ် ၁ နဲ့ အပတ်စဉ် ၉ က စစ်မှုထမ်းသင်တန်းဆင်းတွေဖြစ်ပြီး ဇွန်လ ၁၉ ရက်နေ့မှာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာခဲ့တာလို့ ဆိုပါတယ်။
စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁ က စစ်သားဟာ MA-3 တလက်၊ ကျည်ဘောက် ၅ ခု၊ ကျည် ၁၂၀ တောင့်၊ ကျည်ကာတစုံယူလာပြီး အပတ်စဉ် ၉ သင်တန်းဆင်းတပ်သားက MA-3 တလက်၊ ကျည်ဘောက် ၄ ခု၊ ကျည် ၁၂၀ တောင့် ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။
အဲဒီ စစ်မှုထမ်းတပ်သား ၂ ဦးဟာ ဂျိုးဖြူမှာရှိတဲ့ အမှတ် ၁ လေ့ကျင်ရေးသင်တန်းကျောင်းမှာ သင်တန်း ၂လ ခွဲ၊ တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် တပ်မ ၁၃ မှာ မွမ်းမံသင်တန်း ၂ ပတ်တက်ခဲ့သူတွေဖြစ်ကာ မြိတ်မြို့ ၁၀၃ တပ်ကို ပို့ဆောင်ခံခဲ့ရပြီး ၂ရက်ကြာမှာ တနင်္သာရီမြို့နယ် အောက်ကင်းရွာအခြေစိုက် ခမရ ၅၅၇ တပ် ကို ရောက်ရှိလာသူတွေလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
သူတို့ ၂ ဦးဟာ တနင်္သာရီမြို့နယ် ဘန်းလမွတ်ရွာနဲ့ ပနပ်ငယ်ရွာကြား လမ်းကင်းတာဝန်ကျနေချိန်မှာ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်လာခဲ့တာ ဖြစ်ပါတယ်။
စစ်အုပ်စုရဲ့ အတင်းအဓမ္မဖမ်းဆီးခြင်းခံရပြီး တပ်သားအဖြစ် စုဆောင်းခံရသူတွေဖြစ်တာကြောင့် စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်သွားမယ်လို့ အလင်းဝင်သူတွေက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ တပ်သားစုဆောင်းခံရသူတွေ အပါအဝင် ပြည်သူဘက်ရပ်တည်လိုတဲ့ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ တနင်္သာရီမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့အပါအဝင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့တွေကို ချိတ်ဆက်ပြီး အလင်းဝင်နိုင်တယ်လို့ အသိပေးတိုက်တွန်းထားပါတယ်။
‘အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment