၂၀၂၅ ဇွန်လ ၁၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ “အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေ” အား CRPH မှ အတည်ပြုပြဋ္ဌာန်း
📌 ၂။ စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် CDMနိုင်ငံ့ဝန်ထမ်း ကောင်စီ(CCSC-SFU)တို့တွေ့ဆုံဆွေးနွေး
📌 ၃။ ဆေးဝါးကုသစရိတ် လုံလောက်စွာ မရှိခြင်းကြောင့် အိုးဘိုအကျဥ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသား ဦးမော်ထူးကျဆုံး
📌 ၄။ မုံရွာအကျဉ်းထောင်မှ ထောင်ပြောင်းရွှေ့ဖြင့်ရောက်လာသည့် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက ရိုက်နှက်
📌 ၅။ နမ့်ခမ်း၊ ဟိုနားကျေးရွာတွင် စိတ်မနှံသူအမျိုးသား တစ်ဦးမှ ကလေးငယ် တစ်ဦးကို ရိုက်နှက်မှုကြောင့် သေဆုံး
📌 ၆။ မန္တလေးမြို့ Sky Villa B အဆောင် အခန်းအမှတ် H-2 မှ ရုပ်အလောင်း ၃ခုအား ထုတ်ယူ
📌 ၇။ ကျောက်မဲတွင် တအာင်းစာအဖွဲ့ -TLAမှ အခြေခံတအာင်းရုံးသုံးစာ သင်တန်းဆင်းပွဲ ကျင်းပ
========================
၂၀၂၅ ခုနှစ် ဇွန်လ ၁၄ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ထိုင်း − မြန်မာနယ်စပ် ငါးရံ့နီစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ကာ ထိုင်းဘက် ထွက်ပြေး
🚩 ၂။ မွန်ပြည်နယ် အစိုးရရုံးနဲ့ ဝန်ကြီးများ အိမ်ရာတို့ကို ဒရုန်းများဖြင့် တိုက်ခိုက်
🚩 ၃။ စစ်ကိုင်း တပ်မ (၃၃) မှ ထွက်လာတဲ့ ကြေးနီကား ယာဉ်တန်းကို မိုင်းဆွဲပစ်ခတ် တိုက်ခိုက်
🚩 ၄။ သရက်ချောင်းကို ရှေ့တန်းပြန် တပ်သားများအား ပို့ပြီးပြန်လာတဲ့ လှေ ၂ စီးကို တိုက်ခိုက်ခဲ့
🚩 ၅။ နတ်ရေကန် ဗျူဟာကုန်းမှ စစ်ကောင်စီ တပ်သားများကို CDF - Asho ဖမ်းဆီးရမိ
🚩 ၆။ ကော့ကရိတ်တွင် နာရေးအိမ်အနီး စစ်ကောင်စီ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေး ၂ ဦး အပါအဝင် ၆ ဦး သေဆုံး
🚩 ၇။ မြောင်မြို့နယ်မှာ ရဲတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းနှင့်တကွ ပြည်သူ့ရင်ခွင် ခိုလှုံ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ “အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေ” အား CRPH မှ အတည်ပြုပြဋ္ဌာန်း
ဇွန်လ ၁၃ရက်
Radio NUG
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ CDM အောင်မြင်ရေးကော်မတီ (CDM Success Committee) က ပေးပို့လာတဲ့ “အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေ” အား ပြည်ထောင်စုလွှတ်တော်က ဇွန်လ ၁၃ရက်နေ့တွင် အတည်ပြု ပြဋ္ဌာန်းလိုက်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPHက သတင်းထုတ်ပြန်ပါတယ်။
“အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေ”ကို
၁။ စီဒီအမ် နိုင်ငံ့ဝန်ထမ်းများ၏ နိုင်ငံရေးခံယူချက်အား လေးစားတန်ဖိုးထား၍ နိုင်ငံသားအခွင့်အရေးနှင့် အခြေခံလူ့အခွင့်အရေးအား အကာအကွယ်ပေးရန်၊
၂။ စီဒီအမ် နိုင်ငံ့ဝန်ထမ်းများအား လေးစားဂုဏ်ပြုအပ်သည့် ဝန်ထမ်းကောင်းများအဖြစ် အသိအမှတ်ပြုခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ခြင်းများကို ထိရောက်စွာ ဆောင်ရွက်ရန်၊
၃။ စီဒီအမ် နိုင်ငံ့ဝန်ထမ်းများ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ စွမ်းရည်များ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် လိုအပ်သော အကူအညီများ ပံ့ပိုးပေးရန်၊
၄။ စီဒီအမ်နိုင်ငံ့ဝန်ထမ်းများ၏ နစ်နာမှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို ရှာဖွေဖော်ထုတ်ပြီး ပြန်လည်ကုစားပေးခြင်းနှင့် အမှန်တရားနှင့်တရားမျှတမှု ရှာဖွေဖော်ထုတ်ခြင်း အစီအမံများ ဆောင်ရွက်ရန်၊
၅။ ဂုဏ်သိက္ခာရှိပြီး အမှန်တရားနှင့် တရားမျှတမှုကို တန်ဖိုးထားသော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုနှင့် ကိုက်ညီသည့် နိုင်ငံ့ဝန်ထမ်းယန္တရားကို ဖော်ဆောင်ရာတွင် အထောက်အကူ ဖြစ်စေရန်၊
၆။ စီဒီအမ် နိုင်ငံ့ဝန်ထမ်းများ၏ မြင့်မြတ်သော ခံယူချက်နှင့်စိတ်ဓာတ်များ ရေရှည်တည်တံ့စေရန်၊
၇။ စီဒီအမ် မလုပ်သော နိုင်ငံ့ဝန်ထမ်းများကို ဥပဒေနှင့်အညီ စိစစ်၍ ၄င်းတို့၏ ပြုလုပ်မှု၊ ပျက်ကွက်မှုများအပေါ် အရေးယူမှုများ ပြုလုပ်ရန်စတဲ့
ရည်ရွယ်ချက်များဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့တယ်လို့ ဖော်ပြပါတယ်။
“အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေ”တွင် အခန်း ၇ခန်း ပါဝင်ပြီး အသိအမှတ်ပြုခြင်း၊ ဂုဏ်ပြုချီးမြှင့်ခြင်း၊ ပြန်လည်ကုစားပေးခြင်း၊ အမှန်တရားနှင့် တရားမျှတမှုရှာဖွေဖော်ထုတ်ခြင်း၊ အရေးယူခြင်း၊ အသနားခံစာတင်သွင်းခြင်း၊ ကော်မရှင်ဖွဲ့စည်းခြင်း၊ ကော်မရှင်၏ သက်တမ်း၊ ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များနှင့် အထွေထွေစတဲ့ ဥပဒေများ၊ အခန်းကဏ္ဍများပါဝင်ပါတယ်။
========================
📌📌 ၂။ စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် CDMနိုင်ငံ့ဝန်ထမ်း ကောင်စီ(CCSC-SFU)တို့တွေ့ဆုံဆွေးနွေး
ဇွန်လ ၁၃ရက်
Radio NUG
စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် CDMနိုင်ငံ့ဝန်ထမ်း ကောင်စီ (CCSC-SFU)တို့သည် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့၊ ၁ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
တွေ့ဆုံဆွေးနွေးပွဲတွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌမှ နှုတ်ခွန်းဆက်စကားနှင့် ရှေ့လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် စစ်ကိုင်းဖက်ဒရယ်ယူနစ် CDMနိုင်ငံ့ဝန်ထမ်း ကောင်စီ(CCSC-SFU)၏ ဥက္ကဋ္ဌတို့မှ နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ပါတယ်။
ထို့နောက် စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ အကြံပြုချက်များနှင့် အတည်ပြုရေးဆိုင်ရာ ကိစ္စရပ်များအပြင် စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်း CDMနိုင်ငံ့ဝန်ထမ်းများ၏ ကြုံတွေ့နေရသော စိန်ခေါ်မှု အခက်အခဲများနှင့် ရှေ့လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များအပေါ် အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
========================
📌📌 ၃။ ဆေးဝါးကုသစရိတ် လုံလောက်စွာ မရှိခြင်းကြောင့် အိုးဘိုအကျဥ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသား ဦးမော်ထူးကျဆုံး
ဇွန်လ(၁၃)ရက်
Radio NUG
၂၀၂၅ခုနှစ် မတ်လ(၂၈)ရက်နေ့တွင် ငလျင်ပြင်းထန်စွာ လှုပ်ခတ်ခြင်းကြောင့် အိုးဘိုအကျဥ်းထောင်တွင် ထောင်ဒဏ်ကျခံလျက်ရှိသော ဦးမော်ထူး (၅၄)နှစ် သည် လည်ပင်းနှင့် ဦးခေါင်းတွင် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ပါတယ်။
ဦးမော်ထူးသည် ၂၀၂၁ခုနှစ် ဒီဇင်ဘာလ (၂)ရက်နေ့တွင် မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည် ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းခံရပြီး ပုဒ်မ ၅၀၅-က နှင့် ၅၀(ည) တို့ဖြင့် တရားစွဲဆိုခံရကာ ထောင်ဒဏ် ၁၈ နှစ် ကျခံနေရသူတစ်ဦးဖြစ်ပါတယ်။
ငလျင်ဘေးကြောင့် ဦးမော်ထူး ရရှိသော ဒဏ်ရာများမှာ ပြင်းထန်လှသဖြင့် ခွဲစိတ်ကုသမှု ၂ ကြိမ်တိုင်တိုင်ခံယူခဲ့သော်လည်း ကျန်းမာရေး ပြန်လည် ကောင်းမွန်လာခြင်းမရှိပဲ ကိုမာဝင်သွားခဲ့တာဖြစ်ပါတယ်။
ဦးမော်ထူးထပ်မံဆေးကုသရန်နှင့် ခွဲစိတ်ခ သိန်း ၈၀ ကျပ်ခန့်လိုအပ်သော်လည်း PPNM မှ (၁၃၆၀၀၀၀)/စာဖြင့် (တစ်ဆယ့်သုံးသိန်းခြောက်သောင်း)ကျပ်သာ ကူညီပေးနိုင်ခဲ့ပြီး ခွဲစိတ်ကုသမှုရရှိရန် ငွေကြေးကြိုးစားရှာဖွေနေစဉ်အတွင်း၌ပင် ဦးမော်ထူးသည် ရရှိသော ဒဏ်ရာများဖြင့် ၂၀၂၅ခုနှစ် ဇွန်လ ၁၃ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်တွင် ကျဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ကဖော်ပြပါတယ်။
========================
📌📌 ၄။ မုံရွာအကျဉ်းထောင်မှ ထောင်ပြောင်းရွှေ့ဖြင့်ရောက်လာသည့် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက ရိုက်နှက်
ဇွန်လ ၁၃ရက်
Radio NUG
ဇွန်လ (၁၂)ရက်နေ့ မနက်အစောပိုင်းတွင် နိုင်ငံရေးအကျဉ်းသားနှင့် အခြားရာဇဝတ်အကျဉ်းသားများသည် စုစုပေါင်း(၂၀၀)ဝန်းကျင်ခန့်သည် နေ့လယ် ၁၂ နာရီဝန်းကျင်တွင် မန္တလေးအိုးဘိုအကျဉ်းထောင်သို့ ရောက်ရှိခဲ့ပြီး အိုးဘိုထောင်ဗူးဝ အဝင်တွင် ထောင်ပြောင်းရွှေ့ရောက်လာသူ အားလုံးနီးပါးအား အကျဉ်းဦးစီးဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များမှ ရောဘာတုတ်၊ သစ်သားတုတ်များဖြင့် ဝိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ သတင်းထုတ်ပြန်ပါတယ်။
ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသားအနည်းဆုံး(၅၀)ဦးသည် ဦးခေါင်း၊ လက်နှင့် နောက်ကျောတစ်လျှောက်တွင် ထိရှနှင့် ပေါက်ပြဲ ဒဏ်ရာများရရှိခဲ့ကြရပြီး အသက်ရှင်သန်ပိုင်ခွင့်များပင် ခြိမ်းခြောက်ခံရလျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
ဇွန်လ(၁၃)ရက်နေ့တွင် မန္တလေးအိုးဘိုအကျဉ်းထောင်မှ မြင်းခြံနှင့် မကွေးအကျဉ်းထောင်များဘက်သို့ ထပ်မံရွှေ့ပြောင်းရန် ပြင်ဆင်လျက်ရှိပြီး သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းအသံထုတ်၍ လိုအပ်သည့် ဆောင်ရွက်မှုများ ပြုလုပ်ပေးကြရန် အသိပေးထုတ်ပြန်ထားပါတယ်။
========================
📌📌 ၅။ နမ့်ခမ်း၊ ဟိုနားကျေးရွာတွင် စိတ်မနှံသူအမျိုးသား တစ်ဦးမှ ကလေးငယ် တစ်ဦးကို ရိုက်နှက်မှုကြောင့် သေဆုံး
ဇွန်လ ၁၃ ရက်
Radio NUG
တအာင်းပြည်၊ တပ်မဟာ (၆)နယ်မြေ၊ နမ့်ခမ်းမြို့နယ်၊ ဟိုနားကျေးရွာတွင် စိတ်မနှံသူ အမျိုးသားတစ်ဦးမှ ကလေးငယ်တစ်ဦးကို ရိုက်နှက်မှုကြောင့် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း PSLF/TNLA မှ သတင်းထုတ်ပြန်ပါတယ်။
ဇွန်လ (၁၀)ရက်နေ့ နေ့လယ် (၁၂း၁၀)နာရီအချိန်တွင် အသက် (၅)နှစ်အရွယ် မောင်ထက်အောင်ရှိုင်း အိမ်ဘေးတွင် ဆော့ကစားနေချိန် စိတ်မနှံ့သူ ဦးဆိုင်မာဝ်းက ထင်းတစ်ချောင်းကို ယူပြီး ရိုက်နှက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကလေး၏ ခေါင်းနှင့် နောက်စေ့ကို ရိုက်နှက်ခဲ့သောကြောင့် ဆေးရုံသို့ပို့ရန် လုပ်ဆောင်နေစဉ်အတွင်း သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ထိုနောက်တွင် ပြစ်မှုကျူးလွန်သည့် ဦးဆိုင်မာဝ်းကို တအာင်းပြည် ရဲတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးထိန်းသိမ်းထားခဲ့ပါတယ်။
========================
📌📌 ၆။ မန္တလေးမြို့ Sky Villa B အဆောင် အခန်းအမှတ် H-2 မှ ရုပ်အလောင်း ၃ခုအား ထုတ်ယူ
ဇွန်လ ၁၃ရက်
Radio NUG
၁၃.၆.၂၀၂၅ ရက်နေ့၊ ညနေ ၃နာရီ ၁၀မိနစ်တွင် မန္တလေးမြို့ Sky Villa B အဆောင် အခန်းအမှတ် H-2 မှ အမျိုးသမီး(၁)ဦး၏ ရုပ်အလောင်းနှင့် အမျိုးသား ကလေး(၁)ဦးတို့၏ ရုပ်အလောင်းတို့အား ထုတ်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် Bဆောင်၊ အခန်းအမှတ် H-7မှ ရွှေ(၁၀)ကျပ်သား (၄)တုံး၊ ရွှေ(၅)ကျပ်သား(၁)တုံး၊ ရွှေ(၁)ကျပ်သား(၁)တုံး၊ ရွှေလက်ကောက်(၂)ကွင်း၊ ရွှေဆွဲကြိုး(၃)ကုံး၊ ရွှေနားကပ်(၃)ရံ၊ ရွှေလက်စွပ်(၂)ကွင်း၊ ရွှေဆွဲသီး (၁) ခု၊ ပယင်းဆွဲသီး(၂)ခု၊ ရွှေတုံးအစ(၂၀)သားနှင့် အရေးကြီးစာရွက်စာတမ်းများ၊ အခန်းအမှတ် H- 4 မှ မြန်မာငွေ ၂၈၅၄၉၅၀၀၀ (နှစ်ထောင်ရှစ်ရာငါးဆယ်လေးသိန်းကိုးသောင်းငါးထောင်)၊ ဖုန်း(၁)လုံး၊ Owner Book(၂)အုပ်နှင့် အရေးကြီးစာရွက်စာတမ်းများ အား တွေ့ရှိခဲ့ပြီး ပစ္စည်းလက်ခံလွှဲပြောင်းရေးအဖွဲ့မှတဆင့် ပိုင်ရှင်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၇။ ကျောက်မဲတွင် တအာင်းစာအဖွဲ့ -TLAမှ အခြေခံတအာင်းရုံးသုံးစာ သင်တန်းဆင်းပွဲ ကျင်းပ
ဇွန်လ ၁၃ရက်
Radio NUG
ဇွန်လ (၁၀)ရက်နေ့ နံနက် (၉းဝဝ)နာရီအချိန်တွင် တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ ကျောက်မဲမြို့နယ်၊ ပန်ဖျက်ကျေးရွာတွင် တအာင်းစာအဖွဲ့-TLAမှ အခြေခံတအာင်းရုံးသုံးစာသင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပခဲ့ကြောင်း PSLF/TNLAမှ သတင်းထုတ်ပြန်ပါတယ်။
၎င်းသင်တန်းကို သင်တန်းသား (၁၂)ဦးနှင့် သင်တန်းသူ(၄၆)ဦး စုစုပေါင်း (၅၈)ဦးတို့ တက်ရောက်သင်ကြားခဲ့ပြီး ၎င်းတို့ကို တအာင်းစာအဖွဲ့-TLAမှ သင်တန်းတက်ရောက်အောင်မြင်ပြီးမြောက်ကြောင်း သင်တန်းဆင်းလက်မှတ် (Certificates)များ ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထိုသင်တန်းဆင်းပွဲကို သင်တန်းသား/သူများ၊ဆရာ/မများနှင့် မိဘပြည်သူလူထုများအပါအဝင် စုစုပေါင်းလူဦးရေ (၁၅၀)ဦး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
မေလအတွင်းတွင် တအာင်းစာအဖွဲ့-TLAမှ မိုးမိတ်နှင့် မိုးကုတ်မြို့နယ်တို့မှ ကျောင်းသား/သူ စုစုပေါင်း (၂၀၅)ဦးတို့ကို အခြေခံတအာင်းရုံးသုံးစာ သင်တန်းဖွင့်လှစ်သင်ကြားပေးခဲ့ပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ထိုင်း − မြန်မာနယ်စပ် ငါးရံ့နီစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ကာ ထိုင်းဘက် ထွက်ပြေး
ဇွန်လ ၁၃ရက်
Radio NUG
ဇွန်လ ၁၂ ရက်နေ့က ထားဝယ်ခရိုင်၊ မြန်မာ-ထိုင်းနယ်စပ်ရှိ ငါးရံ့နီစခန်းက စစ်ကောင်စီတပ်သားတွေဟာ စခန်းကို စွန့်ခွာထွက်ပြေးသွားတယ်လို့ တပ်မဟာ (၄) မြိတ်−ထားဝယ်ခရိုင်အတွင်းရေးမှူးထံမှ သိရပါတယ်။
အဆိုပါစခန်းတွင် စစ်ကောင်စီအင်အား ၂၀ ခန့်သာရှိပြီး စခန်းက မထွက်ခွာမှီ လေကြောင်းနဲ့ လာရောက်ပတ်တာမျိုးတွေရှိကာ အဆိုပါ စစ်ကောင်စီတပ်သားတွေဟာ ထိုင်းဘက်ခြမ်းကို ဝင်ရောက်သွားကြတယ်လို့လည်း သိရပါတယ်။
ငါးရံ့နီစခန်းကို ကောလဖိုးတပ်ဖွဲ့က သွားရောက်ချဥ်းကပ်ခဲ့ပြီး စခန်းအတွင်း ဝင်ရောက်ရှင်းလင်းချိန်မှာ လက်နက်ကြီးကျည်တချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ငါးရံ့နီစခန်းဟာ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ စခန်းငယ်တစ်ခုဖြစ်ပြီး နောက်ထပ်စခန်းငယ်တစ်ခုသာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ မွန်ပြည်နယ် အစိုးရရုံးနဲ့ ဝန်ကြီးများ အိမ်ရာတို့ကို ဒရုန်းများဖြင့် တိုက်ခိုက်
ဇွန်လ ၁၃ ရက်၊
Radio NUG
မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး၊ ဝန်ကြီးများ အိမ်ရာတို့ကို ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Saw Dragon Drone Force - SDDF က ထုတ်ပြန်ထားပါတယ်။
ဇွန်လ ၁၂ ရက်က မော်လမြိုင် မြို့ပေါ်ရှိ ပြည်နယ်အစိုးရရုံးနဲ့ ဝန်ကြီးများအိမ်ယာတို့ကို ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ ဥပဒေချုပ်အိမ်ကို ထိမှန်ခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို Saw Dragon Drone Force - SDDF ၊ ရှာထူးဝေါ် နည်းပညာ တပ်ဖွဲ့ Alpha Bats Drone Force ၊ Sky Warrior Drone Force နဲ့ ဒေသခံ မွန်ပြည်နယ် ပ.က.ဖ တပ်ဖွဲ့များက ပူးပေါင်း ဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။
========================
🚩🚩 ၃။ စစ်ကိုင်း တပ်မ (၃၃) မှ ထွက်လာတဲ့ ကြေးနီကား ယာဉ်တန်းကို မိုင်းဆွဲပစ်ခတ် တိုက်ခိုက်
ဇွန်လ ၁၃ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း တပ်မ (၃၃) ကနေ ထွက်လာတဲ့ ကြေးနီကား ၁၉ စီး၊ သံပြားကာကား ၈ စီး၊ မိုးကာအုပ် ၆ ဘီးကား ၃ စီးတို့ကို မုံရွာ - မန္တလေး လမ်းမပေါ်မှာ မိုင်းဆွဲပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ Brave heart Army က ထုတ်ပြန်ထားပါတယ်။
ဇွန်လ ၁၂ ရက်နေ့က အဆိုပါ ကြေးနီယာဉ်တန်းကို မုံရွာ - မန္တလေး လမ်းပေါ်က မအူ စစ်တပ်ဂိတ်အနီးမှာ ပဒေသာမိုင်းပြောင်း ၅ ပြောင်းနဲ့ တိုက်ခိုက်ခဲ့ကာ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း သံပြားကာ ၁ စီးနဲ့ ကြေးနီတင်ကား ၂ စီး ထိုးရပ်သွားခဲ့ကာ စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးခဲ့ပြီး တစ်ဦးဟာ ရာထူး အကြီးပိုင်း ဖြစ်တယ်လို့ သိရပါတယ်။
ထို့အပြင် တိုက်ခိုက်ခံရပြီးနောက် နာရေးကား ၁ စီး၊ အိမ်စီးကား ၁ စီးနဲ့ သံပြားကာကား ၁ စီးတို့ဖြင့် ရွှေတော်ဝင် ဆေးရုံကို ဒဏ်ရာရ စစ်ကောင်စီ တပ်သားများအား ပို့ဆောင်သွားတယ်လို့ ပြည်သူများရဲ့ သတင်းပေးပို့ချက်အရ သိရတယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို Brave Heart Army ၊ Golden Target Force နဲ့ Chindwin Fighter Group တို့က လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၄။ သရက်ချောင်းကို ရှေ့တန်းပြန် တပ်သားများအား ပို့ပြီးပြန်လာတဲ့ လှေ ၂ စီးကို တိုက်ခိုက်ခဲ့
ဇွန်လ ၁၃ ရက်၊
Radio NUG
တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှ သရက်ချောင်း မြို့ကို ရှေ့တန်းပြန် စစ်ကောင်စီ တပ်သားများအား ပို့ပြီး ပြန်လာတဲ့ လှေ ၂ စီးကို ထားဝယ်မြစ် တနေရာမှာ တိုက်ခိုက်ခဲ့တယ်လို့ ထားဝယ် လူငယ် လက်ရုံးတပ်က ထုတ်ပြန်ထားပါတယ်။
ဇွန်လ ၁၀ ရက်၊ နေ့လည် ၁၂ နာရီမှာ အင်အား ၈၀ ပါ စစ်ကောင်စီ လှေ ၂ စီးကို စနိုက်ဘာ အပါအဝင် လက်နက်ငယ်များဖြင့် ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို ထားဝယ်လူငယ် လက်ရုံးတပ် - DYAF နဲ့ KNLA တပ်ရင်း ၁၂၊ တပ်ခွဲ ၁၊ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၅။ နတ်ရေကန် ဗျူဟာကုန်းမှ စစ်ကောင်စီ တပ်သားများကို CDF - Asho ဖမ်းဆီးရမိ
ဇွန်လ ၁၃ ရက်၊
Radio NUG
နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေး တပ်စခန်း (ဗျူဟာကုန်း) မှ စစ်ကောင်စီ တပ်သားများကို အရှင်ဖမ်းဆီး ရမိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် - အရှို (CDF - Asho) က ထုတ်ပြန်ထားပါတယ်။
ဇွန်လ ၈ ရက်နေ့ မှ ၁၂ ရက်နေ့ အတွင်း ဗျူဟာကုန်းအနီး၊ မီတာ (၁,၅၀၀) ပတ်လည်က နတ်ရေကန် လမ်းဟောင်းကို ဖြတ်တောက်တိုက်ခိုက်ရေး လုပ်ဆောင်နေစဉ် စစ်ကောင်စီတပ်သား ၂၃ ဦးကို ဖမ်းဆီး ရမိခဲ့တာလို့ ဆိုပါတယ်။
၅ ရက်တာ နယ်မြေရှင်းလင်း ရှာဖွေဖမ်းဆီးမှုအတွင်း MA-1 ၅ လက်၊ MA-3 ၃ လက်နဲ့ ခဲယမ်းတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ယခု ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းတွေဟာ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခံရသူတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၆။ ကော့ကရိတ်တွင် နာရေးအိမ်အနီး စစ်ကောင်စီ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေး ၂ ဦး အပါအဝင် ၆ ဦး သေဆုံး
ဇွန်လ ၁၃ ရက်၊
Radio NUG
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးက နာရေးအိမ် အနီးကို ကျရောက်ပေါက်ကွဲ ခဲ့တာကြောင့် ကလေး ၂ ဦး ပါဝင်တဲ့ မိသားစု အပါအဝင် ၆ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဇွန်လ ၁၂ ရက်နေ့ ညနေ ၆ နာရီ ဝန်းကျင်မှာ ကျုံဒိုး အခြေစိုက် ခမရ ၅၄၅ တပ်ရင်းနဲ့ ဂျိုင်း တံတားတွင် တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ကော့ဘော်ကျေးရွာအတွင်းရှိ နာရေးအိမ်အနီးမှာ ကျရောက်ပေါက်ကွဲခဲ့တာပါ။
အဆိုပါ ပေါက်ကွဲမှုအတွင်း အသက် ၅ နှစ်အရွယ် မအိန္ဒြာမိုး၊ ၁၀ နှစ်အရွယ် မောင်ဝင်းဝင်းကျော်၊ ၃၇ နှစ်အရွယ် ဒေါ်တူးတူး၊ ၄၁ နှစ်အရွယ် ဦးစိန်သောင်းလေး တို့ မိသားစု နဲ့ ၄၅ နှစ်အရွယ် ဦးလင်းကုန်တို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ညနေ ၄ နာရီ ၂၅ မိနစ် ခန့်မှာလည်း ကော့ကရိတ် မြို့နယ်၊ မြောက်ကမ္မရိုက် ကျေးရွာမှာ လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် အသက် ၅၉ နှစ်အရွယ် ဦးမြင့်အောင်ဆိုသူ ထိမှန်သေဆုံးခဲ့တယ်လို့ Mon Liberation Army က သတင်းထုတ်ပြန် ထားပါတယ်။
========================
🚩🚩 ၇။ မြောင်မြို့နယ်မှာ ရဲတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းနှင့်တကွ ပြည်သူ့ရင်ခွင် ခိုလှုံ
ဇွန်လ ၁၃ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းမှ ရဲတပ်ကြပ်တဦး လက်နက်ခဲယမ်းနဲ့တကွ ပြည်သူ့ ရင်ခွင် ခိုလှုံလာတယ်လို့ ယင်းမာပင်ခရိုင်၊ တပ်ရင်း ၃၀ (ADPRA) က ထုတ်ပြန်ထားပါတယ်။
ဇွန်လ ၁၂ ရက်နေ့က ရဲတပ်ကြပ် ကိုကျော်မင်းဟန်ဟာ ယင်းမာပင်ခရိုင်၊ တပ်ရင်းအမှတ် ၃၀ တပ်ခွဲ ၂ ကို ချိတ်ဆက်ပြီး ဇနီး နှင့် သားကို ခေါ်ဆောင်ကာ ဘက်ပြောင်း ခိုလှုံလာတာလို့ ဆိုပါတယ်။
၎င်း ရဲတပ်ကြပ်ဟာ MA 13 (BA 94) သေနတ် 1လက်၊ ၉ မမ ကျည် ၃၀ တောင့်နဲ့ ကျည်ဘောက်တို့ကို ယူလာခဲ့တာကြောင့် ထိုက်သင့်တဲ့ ဆုကြေးငွေ ချီးမြှင့်နိုင်ရန် NUG ကာကွယ်ရေး ဝန်ကြီးဌာနကို တင်ပြထားတယ်လို့ သိရပါတယ်။
အလင်းဝင် CDM ရဲဇနီးမောင်နှံကို လုံခြုံတဲ့နေရာကို ပို့ဆောင်ထားပြီး ၎င်းတို့ ဆန္ဒအတိုင်း ဆက်လက် ကူညီ ပို့ဆောင်ပေးသွားမယ်လို့ ဖော်ပြထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment