၂၀၂၅ ဇွန်လ ၂၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်မွေးနေ့ အထိမ်းအမှတ် တော်လှန်ရေးရန်ပုံငွေ စျေးရောင်းပွဲ လန်ဒန်မြို့၌ ကျင်းပ
📌 ၂။ ဒေါ်အောင်ဆန်းစုကြည်၏ (၈၀)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် ဆုတောင်းပွဲ နယူးယောက် Time Square ရင်ပြင်တွင် ကျင်းပ
📌 ၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ အစည်းအဝေးကျင်းပပြုလုပ်
📌 ၄။ ၂၀၂၅ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း) စတင်ဖြေဆိုမည့်ရက် ထုတ်ပြန်ကြေညာ
📌 ၅။ IHL သင်ကြားရေးဆရာဖြစ်သင်တန်း ကျင်းပပြုလုပ်
📌 ၆။ ဒေါ်အောင်ဆန်းစုကြည် ၈၀ပြည့်မွေးနေ့ ဆန်ဖရန်မြန်မာမိသားစုများ စုဝေးကျင်းပ
📌 ၇။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ နှစ် (၈၀) ပြည့် မွေးနေ့အမှတ်တရ ကမ်ပိန်း Post ကို #SDBxSuu80 ဖြင့် Public Share ခဲ့သူများမှ ကံထူးရှင် ၁၀၀ ထွက်ပေါ်
========================
၂၀၂၅ ခုနှစ် ဇွန်လ ၂၃ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ဈေးဝယ်ထွက်ပြီး ပြန်လာတဲ့ စစ်ကောင်စီ တပ်သားများကို စနိုက်ဘာဖြင့် ပစ်ခတ်ခဲ့ရာ ၃ ဦး သေဆုံး
🚩 ၂။ တောင်သာ ပကဖ ရဲမေများ ဦးဆောင်ကာ မူးယစ်သောက်စားနေတဲ့ စစ်ကောင်စီတပ်သား ၁ ဦးကို ဖမ်းဆီးနိုင်ခဲ့
🚩 ၃။ မြင်းခြံမြို့နယ်မှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် သားအဖ ၂ ယောက် သေဆုံး
🚩 ၄။ ဖောင်းပြင်မြို့နယ် အမှတ် (၁) တပ်ရင်းအတွက် ကျည်ကာ၊ ဦးထုပ်နဲ့ စစ်သုံးပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနား ကျင်းပ
🚩 ၅။ တပတ်အတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅၄ ဦး အလင်းဝင်ခဲ့ကာ စစ်သုံ့ပန်း ၄၇ ဦး ဖမ်းဆီးရမိ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်မွေးနေ့ အထိမ်းအမှတ် တော်လှန်ရေးရန်ပုံငွေ စျေးရောင်းပွဲ လန်ဒန်မြို့၌ ကျင်းပ
ဇွန်လ ၂၂ရက်
Radio NUG
ဇွန်လ ၂၂ရက်နေ့တွင် နိုင်ငံတော်အတိုင်ပင်ခံ အမေဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်မွေးနေ့ အထိမ်းအမှတ် တော်လှန်ရေးရန်ပုံငွေ စျေးရောင်းပွဲတော်ကို လန်ဒန်မြို့၌ ကျင်းပခဲ့ကြောင်း NUG UK ကိုယ်စားလှယ်ရုံးမှ သတင်းထုတ်ပြန်ပါတယ်။
ဈေးရောင်းပွဲတော်သို့ နိုင်ငံတော်အတိုင်ပင်ခံ၏ သားငယ် ကိုထိန်လင်းနှင့်အတူ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဆာဆာ၊ ယူကေနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးမောင်မောင်အောင်နှင့် ဒေါက်တာသက်ကိုကိုတို့ တက်ရောက်ခဲ့ကြပြီး ဗြိတိန် ကွန်ဆာဗေးတစ်ပါတီ ဝန်ကြီးဟောင်း Mr Paul Scully လည်း တက်ရောက်၍ မွေးနေ့ဆုတောင်းစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။
အခမ်းအနားတွင် အမေဒေါ်အောင်ဆန်းစုကြည်အား ချစ်ခင်လေးစားကြသော ယူကေရောက် မြန်မာပြည်ဖွား တိုင်းရင်းသားများအားလုံး စုပေါင်းပါဝင်ခဲ့ကြပြီး ရိုးရာ အဆို အကများ၊ အမေ့မေတ္တာဖွဲ့ သီချင်းများဖြင့် တင်ဆက်ဂုဏ်ပြုကြသည့်အပြင် အမေဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူနှင့်ထပ်တူ စွန့်လွှတ်အနစ်နာခံ ရပ်တည်ခဲ့မှုများကို ဖော်ကျူးတင်ပြသည့် အမေနဲ့ အတူ ပြဇာတ်ဖြင့်လည်း တင်ဆက် ဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။
စစ်ကောင်စီ၏ မတရားဖမ်းဆီးထားခြင်းခံထားရသော ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအတွက် ဆုတောင်းမေတ္တာပို့သကြပြီး သားဖြစ်သူ ကိုထိန်လင်းမှ မွေးနေ့ရှင် ကိုယ်စား မွေးနေ့ကိတ်ခွဲပေးခဲ့ကြောင်း သိရပါတယ်။
ရန်ပုံငွေစျေးရောင်းပွဲမှ ရရှိသော ရန်ပုံငွေများကို မြန်မာပြည်မှ လိုအပ်သောနေရာများသို့ ပေးပို့လှူဒါန်းသွားမည်ဖြစ်ပြီး မွေးနေ့အကြိုကာလကလည်း ကိုထိန်လင်းဦးဆောင်သည့် မွေးနေ့အမှတ်တရ ပြက္ခဒိန်၊ မွေးနေကတ်၊ မွေးနေ့ဆုတောင်း videos campaign များတွင် ယူကေရောက်မြန်မာများ တက်ကြွစွာပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး နှင့် မြန်မာပြည် ငြိမ်းချမ်းရေးတို့အတွက် နိုင်ငံတကာမှ ဝိုင်းဝန်းကူညီပေးကြပါရန် ဗြိတိသျှ ဘုရင်မင်းမြတ်နှင့် ဝန်ကြီးချုပ်တို့ထံသို့ ပေးစာတစ်စောင်ကိုလည်း ကိုထိန်လင်းနှင့်အတူ ယူကေရောက် မြန်မာအဖွဲ့အစည်း ၈ ခုတို့မှ စုပေါင်းလက်မှတ်ရေးထိုး ပေးပို့ခဲ့ကြောင်း သိရှိရပါတယ်။
========================
📌📌 ၂။ ဒေါ်အောင်ဆန်းစုကြည်၏ (၈၀)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် ဆုတောင်းပွဲ နယူးယောက် Time Square ရင်ပြင်တွင် ကျင်းပ
ဇွန်လ ၂၂ရက်
Radio NUG
ဇွန်လ ၂၁ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု နယူးယောက်စီးတီးရှိ Time Square ရင်ပြင်တွင် နိုင်ငံတော်အတိုင်ပင်ခံ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက်(၈၀) ပြည့် မွေးနေ့ဆုတောင်းပွဲနှင့် အဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး ဆုတောင်းပွဲကို ကျင်းပခဲ့ကြောင်း သတင်းရရှိပါတယ်။
အဆိုပါဆုတောင်းပွဲတွင် ဘာသာကြီး ၄ ဘာသာမှ ကိုယ်စားလှယ်များက ဆုတောင်းစကားများ ရွတ်ဆို ဆုတောင်းခဲ့ကြပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့အမှတ်တရဂုဏ်ပြုစကား ပြောကြားပေးခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် တော်လှန်အဆိုတော်များဖြစ်ကြတဲ့ ကျော်သီဟ၊ ဝင်းနိုင်စိုး၊ Leo နှင့် အခြားအဆိုရှင်များမှလည်း မွေးနေ့အမှတ်တရ သီချင်းများ သီဆိုဖျော်ဖြေခဲ့ကြပြီး NYCBC မှစီစဉ်သော လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံ Gallery ကိုပြသထားကာ လာရောက်ကြည့်ရှုကြတဲ့ ကမ္ဘာအရပ်ရပ်မှ ခရီးသွားများ စိတ်ပါဝင်စားစွာကြည့်ရှုအားပေးခဲ့ကြတယ်လို့ သိရပါတယ်။
ထိုနောက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အမှတ်တရ ကိတ်မုန့်ခွဲကာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အဖမ်းဆီးခံနိုင်ငံရေး အကျဉ်းသားအားလုံး အမြန်ဆုံးပြန်လည်လွတ်မြောက်ပါစေကြောင်း ဆုတောင်းခဲ့ကြတယ်လို့ သိရပါတယ်။
========================
📌📌 ၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ အစည်းအဝေးကျင်းပပြုလုပ်
ဇွန်လ ၂၂ရက်
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေး (၆/၂၀၂၅)ကို ဇွန်လ ၂၂ရက်နေ့ မနက်(၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေး၌ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှုဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။
ထို့နောက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ အုပ်ချုပ်ရေးဆိုင်ရာပေါင်းစပ်လုပ်ငန်းများနှင့်ပတ်သက်၍ သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြရာ ဝန်ကြီးဌာန အသီးသီး၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တနင်္သာရီတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လယ် (၁၁:၀၀) နာရီအချိန်တွင် ရပ်နားခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၄။ ၂၀၂၅ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း) စတင်ဖြေဆိုမည့်ရက် ထုတ်ပြန်ကြေညာ
ဇွန်လ ၂၂ရက်
Radio NUG
၂၀၂၅ခုနှစ် အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း) စတင်ဖြေဆိုနိုင်မည့် ရက်နှင့် ဖြေဆိုနိုင်သည့် ကာလကို အမျိုးသားညီညွတ်ရေးအစိုး၊ ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာပါတယ်။
အွန်လိုင်း (Online) ဖြင့် ဖြေဆိုရန် လျှောက်ထားခဲ့ကြသည့် သတ်မှတ်ချက်နှင့် ကိုက်ညီသော ကျောင်းသား၊ ကျောင်းသူများသည် ၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၅) ရက်နေ့မှစတင်၍ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်နေ့အထိ အွန်လိုင်း (Online) တွင် ဖြေဆိုနိုင်မှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
မြေပြင် (Offline) တွင် ဖြေဆိုရန် လျှောက်ထားခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ဖြေဆိုခွင့် မဆုံးရှုံးစေရေးနှင့် နောက်ကျကျန်ရှိမှု မဖြစ်စေရေးတို့အတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် မြို့နယ်ပညာရေးဘုတ်အဖွဲ့များ၊ စာဖြေဌာနများနှင့် ဆွေးနွေး၍ ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။
၂၀၂၅ ခုနှစ်၊ မေလ (၂၅) ရက်နေ့တွင် ညွှန်ကြားချက်အမှတ် (၁/၂၀၂၅) ဖြင့် “အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ အသိအမှတ်ပြုမှု၊ ချိတ်ဆက်ပူးပေါင်းမှုတို့ဖြင့် မြေပြင်တွင် ဖွင့်လှစ်ပညာသင်ကြားနေသော ကြားကာလ ပြည်သူ့ပညာရေးကျောင်းများအားလုံးကို ယာယီရပ်နားထားရန် ညွှန်ကြားချက်” ထုတ်ပြန်ခဲ့ပြီး ထိုထုတ်ပြန်ချက်တွင် စာသင်ကျောင်းများ ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံများ ဆောင်ရွက်နေစဉ်အတွင်း ယာယီရပ်နားထားရန် ညွှန်ကြားထားတာကြောင့် မြေပြင် (Offline) တွင် ဖြေဆိုမည့် စာဖြေဌာနများသည်လည်း ဘေးအန္တရာယ်ကင်းရှင်းရေးအစီအမံများ ဆောင်ရွက်ပြီးချိန်၌ သက်ဆိုင်ရာမြို့နယ်၊ စာဖြေဌာနများ၏ သတ်မှတ်ရက်တွင် စတင်ဖြေဆိုနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။
========================
📌📌 ၅။ IHL သင်ကြားရေးဆရာဖြစ်သင်တန်း ကျင်းပပြုလုပ်
ဇွန်လ ၂၂ရက်
Radio NUG
ပြည်သူ့ပန်းတိုင်နှင့် Principle of Humanity (PoH) တို့ ပူးပေါင်း၍ "International Humanitarian Law (IHL) သင်ကြားရေးဆရာဖြစ်သင်တန်း (IHL Training of Trainers) ကို ဇွန်လ (၁၆) ရက်မှ (၂၀) ရက်နေ့ထိ (၅) ရက်တာ ဖွင့်လှစ်ပြုလုပ်ခဲ့ကြောင်း ပေါင်းစည်းလမ်းမှ သတင်းထုတ်ပြန်ပါတယ်။
သင်တန်းကာလအတွင်း အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ၊ ဂျန်ဒါခွဲခြားမှုများနှင့် လိင်အခြေပြုအကြမ်းဖက်မှုများဆိုင်ရာ၊ စစ်သုံ့ပန်းထိန်းသိမ်းထားရှိခြင်းဆိုင်ရာများနှင့် သင်ကြားပံ့ပိုးခြင်းဆိုင်ရာ အရည်အသွေးများ တည်ဆောက်ပေးခြင်း စသည့် အကြောင်းအရာများကို ဆွေးနွေးပို့ချခဲ့တယ်လို့ ဖော်ပြထားပါတယ်။
"IHL သင်ကြားရေးဆရာဖြစ်သင်တန်း" ကို CDM တပ်မတော်သား နှင့် ရဲသား စုစုပေါင်း (၁၉) ဦး တက်ရောက်အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၆။ ဒေါ်အောင်ဆန်းစုကြည် ၈၀ပြည့်မွေးနေ့ ဆန်ဖရန်မြန်မာမိသားစုများ စုဝေးကျင်းပ
ဇွန်လ၂၂ရက်
Radio NUG
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်ဘေးဧရိယာနေ မြန်မာမိသားစုများ စုပေါင်းပြီး မြန်မာပြည်၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၈၀ ပြည့် မွေးနေ့ အထိမ်းအမှတ်ပွဲကို ဇွန်လ ၂၁ ရက် ညနေခင်းမှာ ကျင်းပခဲ့ကြပါတယ်။ မြန်မာ့အရေး အစီအစဉ်များ အစဉ်ကျင်းပနေကျ - ဘေးဧရိယာရှိ မြန်မာကွန်မြူနီတီစင်တာ(OMC) မှာ ကျင်းပခဲ့ရာ မြန်မာပြည်ဖွားမိသားစုများ တစ်ရာကျော်ခန့် တက်ရောက်ခဲ့ပါတယ်။
အခမ်းအနားမှူးများအဖြစ် မျိုးဆက်သစ် Gen Z သမီးငယ်လေးများက ဆောင်ရွက်ကြပြီး အမှတ်တရစကားတွေပြောကြားခြင်း၊ "အမေအမြန်ဆုံးလွတ်မြောက်ပါစေ၊ အမေကျန်းမာပါစေ" စသည်ဖြင့် ဆုတောင်းခြင်း၊ ကလေးငယ်များက ကဗျာများရွတ်ဆိုကြခြင်း၊ အမှတ်တရသီချင်းများဖြင့် ဂုဏ်ပြုခြင်း၊ မွေးနေ့ကိတ်မုန့်ခွဲခြင်း၊ မီးထွန်းဆုတောင်းကြခြင်း စသည်များ ပြုလုပ်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြု အမှတ်တရစကားများ၊ ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည် အတွေ့အကြုံများကို ဧည့်သည်တော်များက ပြောကြားခဲ့ကြပါတယ်။
ဒေါ်စောမြတ်မာ(နိုင်ငံရေးအကျဉ်းသူဟောင်း)
" နောက်ဆုံး မှတ်မှတ်သားသားလေး ကျွန်မပြောပြတယ်ပေါ့နော်။ ထောင်ထဲ ၃ နှစ်ကျပြီးပြီ။ ထောင် ၃ နှစ်ကျတာတောင်မှ စစ်ကြောရေးဆိုတဲ့အဖွဲ့တွေက ကျွန်မတို့တွေကို ခေါ်ပြီးတော့ စစ်ပါတယ်။ အဲ့လိုစစ်တဲ့အခါမှာ ကျွန်မတို့တွေကို စောင်ကြီးနဲ့ ခေါင်းမြီးခြုံပြီးတော့ ခေါ်သွားတယ်။ ကားနဲ့ခေါ်သွားတယ်။ ဘယ်ကိုခေါ်သွားမှန်းမသိဘူး။ သိပ်ကြောက်တာပဲ အမရယ်လို့ပြောတော့ အမက ကျွန်မကို ပြုံးပြုံးလေးကြည့်ပြီး ဘာပြောလဲဆိုတော့ မကြောက်ပါနဲ့တဲ့,,,အမှောင်ကိုလည်း မကြောက်ပါနဲ့...ကြောက်တဲ့အခါကျရင် အားကိုးစရာဆိုလို့ ကိုယ့်မှာ လက်သီး၂ဖက်ရှိပါတယ်တဲ့..ကြောက်လာတဲ့အခါတိုင်း အမှောင်ကို မြင်တဲ့အခါတိုင်းမှာ ကိုယ့်လက်သီးကို နာနာဆုပ်ထားပါတဲ့...ဒီလက်သီးဆုပ်ကနေပြီးတော့ ကိုယ့်ရဲ့အင်အားကိုယူပါတဲ့....မကြောက်တဲ့အင်အား...သတ္တိရှိတဲ့အင်အားကိုယူပါတဲ့...အဲ့ခါကျရင် ကိုယ့်ရဲ့အင်အားတွေ ကိုယ့်ကိုကိုယ်ချုပ်တည်းရတဲ့ အင်အားတွေ မကြောက်ဘူးဆိုတဲ့ လာသမျှ ဒုက္ခ ခံနိုင်ရည်ရှိတယ်လို့ပြောတယ်။အဲ့တော့ ကျွန်မစဉ်းစားတယ်။ အခုချိန်မှာ အမဟာဆိုရင် သူ့ရဲ့လက်သီးကို ဘယ်လောက်ကျစ်ကျစ်ပါအောင် ဆုပ်ထားမလဲဆိုတာ ဒီလက်သီးကိုဆုပ်ထားပြီးတော့ ရတဲ့အင်အားတွေကို ယူပြီးတော့ သူ့နိုင်ငံအတွက် ဒူးမထောက်စတမ်း နိုင်ငံ့တာဝန်ကို ကျွန်မတို့ပြင်ပမှာ ရှိနေတဲ့ ပြည်တွင်းမှာရှိတဲ့ ပြည်သူတွေ ယနေ့အချိန်ထိ သူက အားပေးလျှက်ရှိတယ်ဆိုတာ ကျွန်မမြင်ယောင်မိပါတယ်။"
စစ်ကောင်စီ၏ မတရားအကျဉ်းချခြင်း ခံထားရတဲ့ မြန်မာပြည်၏ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် နိုင်ငံတကာက မြန်မာမိသားစုများက အခမ်းအနားများ၊ အထိမ်းအမှတ်လှုပ်ရှားမှု များစွာ ကျင်းပလျက် ရှိပါတယ်။ အလားတူ နယူးယောက်မြို့တော်မှာလည်း ဒေါ်အောင်ဆန်းစုကြည် ၈၀ ပြည့် အထိမ်းအမှတ် မြန်မာတိုင်းရင်းသားများက စုဝေးကျင်းပခဲ့ကြပါတယ်။
========================
📌📌 ၇။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ နှစ် (၈၀) ပြည့် မွေးနေ့အမှတ်တရ ကမ်ပိန်း Post ကို #SDBxSuu80 ဖြင့် Public Share ခဲ့သူများမှ ကံထူးရှင် ၁၀၀ ထွက်ပေါ်
ဇွန်လ ၂၂ရက်
Radio NUG
မြန်မာလူထုရဲ့ ဒီမိုကရေစီ မိခင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ် (၈၀) ပြည့် မွေးနေ့အမှတ်တရ ကမ်ပိန်း Post ကို ဇွန်လ ၉ ရက်နေ့မှ ၁၉ ရက်နေ့အတွင်း #SDBxSuu80 ဖြင့် Public Share ခဲ့သူများ အနက်မှ ကျပန်းရွေးချယ်ခံရတဲ့ ကံထူးရှင် အယောက် ၁၀၀ ထွက်ပေါ်လာပြီ ဖြစ်ကြောင်း နွေဦးဘဏ်မှ အသိပေးကြေညာပါတယ်။
ကံထူးရှင်များအနေနဲ့ ဆုလက်ဆောင် NOH Gift Card 2000 ကျပ်တန် ထုတ်ယူနိုင်ရန် SDB Page ရဲ့ Facebook Messenger မှတဆင့် လာရောက် ဆက်သွယ်ပြီး ထုတ်ယူနိုင်တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ဈေးဝယ်ထွက်ပြီး ပြန်လာတဲ့ စစ်ကောင်စီ တပ်သားများကို စနိုက်ဘာဖြင့် ပစ်ခတ်ခဲ့ရာ ၃ ဦး သေဆုံး
ဇွန်လ ၂၂ ရက်၊
Radio NUG
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ ဈေးဝယ်ပြီးပြန်လာတဲ့ စစ်ကောင်စီတပ်သားများကို စနိုက်ဘာဖြင့် ပစ်ခတ်ခဲ့ရာ ၃ ဦး သေဆုံးခဲ့တယ်လို့ Zero ပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြင်းခြံ က ပြောပါတယ်။
ဇွန်လ ၂၀ ရက်နေ့ မနက် အစောပိုင်းမှာ မင်းနေကုန်းရွာ ရဲစခန်းကနေ ကောင်းစဉ်ရွာဘက်ကို အင်အား ၂၀ ခန့်ဖြင့် ဈေးဝယ်ထွက်ပြီး ပြန်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို စနိုက်ဘာဖြင့် အသင့်စောင့်ကြို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စနိုက်ဘာ ပစ်ခတ်မှုအပြီး နှစ်ဖက် ထိတွေ့မှု ဖြစ်ပွားခဲ့သလို မင်းနေကုန်း စခန်းကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ရှိခဲ့ပေမယ့် အထိအခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
လက်ဦးမှု ရယူကာ စနိုက်ဘာနဲ့ ပစ်ခတ်နိုင်ခဲ့တာကြောင့် စစ်ကောင်စီ တပ်သား ၃ ဦး မျက်မြင် သေဆုံးသွားခဲ့ပြီး ထိခိုက်ဒဏ်ရာ ရတာတွေလည်း ရှိနိုင်တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်၊ တပ်ရင်း အမှတ် (၇) Zero ပြောက်ကျား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ တောင်သာ ပကဖ ရဲမေများ ဦးဆောင်ကာ မူးယစ်သောက်စားနေတဲ့ စစ်ကောင်စီတပ်သား ၁ ဦးကို ဖမ်းဆီးနိုင်ခဲ့
ဇွန်လ ၂၂ ရက်၊
Radio NUG
မန္တလေးတိုင်း၊ မလှိုင်မြို့နယ်က စားသောက်ဆိုင် တစ်ဆိုင်မှာ မူးယစ်သောက်စားနေတဲ့ စစ်ကောင်စီ တပ်သားတစ်ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ တောင်သာ ပကဖ က ထုတ်ပြန်ထားပါတယ်။
ဇွန်လ ၂၂ ရက်၊ မနက် ၉ နာရီခန့်မှာ လက်နက်နှင့်အတူ အောက်ခံ ယူနီဖောင်း၊ အရပ်ဝတ်အင်္ကျီဖြင့် စစ်ကောင်စီ တပ်သားတစ်ဦး မူးယစ်သောက်စားနေတယ်ဆိုတဲ့ သတင်းရတာကြောင့် ပျောက်ကြားအသွင်ဖြင့် စောင့်ဆိုင်းခဲ့ပြီး ကွမ်းယာထွက်ဝယ်ချိန်မှာ လက်ရဖမ်းဆီး နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ဖမ်းဆီးမှုကို တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပ.က.ဖ) မှ ရဲမေများ ဦးဆောင်တဲ့ အဖွဲ့က ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
၎င်းစစ်ကောင်စီ တပ်သားဟာ မိတ္ထီလာ အမှတ် (၁) တပ်မတော် အကြီးစား စက်ရုံမှ တပ်ကြပ်ကြီး အောင်ဝင်းကို ဆိုသူဖြစ်ပြီး ၎င်းနဲ့အတူ MA-1 သေနတ် တစ်လက် နဲ့ ၅.၅၆ ကျည် ၂၅၀ တောင့် တို့ကို တစ်ပါတည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၃။ မြင်းခြံမြို့နယ်မှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် သားအဖ ၂ ယောက် သေဆုံး
ဇွန်လ ၂၂ ရက်၊
Radio NUG
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မရိုးကုန်းရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သားအဖ ၂ ဦး သေဆုံးခဲ့ပြီး ပြည်သူ ၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဇွန်လ ၂၂ ရက်၊ မနက် ၁ နာရီခွဲခန့်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံး ၃ လုံး ကြဲချ တိုက်ခိုက်ခဲ့ရာ ပထမ ၂ လုံးဟာ စစ်တပ်က ရွာလုံးကျွတ် မီးရှို့ထားတဲ့ ရွာရှည်ရွာအနီး ကျရောက် ပေါက်ကွဲခဲ့ကာ နောက်တစ်လုံးက မရိုးကုန်း ရွာထဲကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
ရွာရှည်ရွာနဲ့ ကျားတိုင်းကျေးရွာတို့ဟာ ရွာလုံးကျွတ် မီးရှို့ခံထားရတာကြောင့် လူမရှိနေဘဲ ထိခိုက်မှု မရှိခဲ့ပေမယ့် မရိုးကုန်း ကျေးရွာမှာတော့ အသက် (၈၀) အရွယ် ဦးပေါညိမ်းနဲ့ သမီးဖြစ်သူ ဒေါ်ခင်မိုးဆွေ (၄၀) နှစ်တို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် ကျေးရွာနေ ပြည်သူ ၉ ဦး ဒဏ်ရာရခဲ့ကာ ၂ ဦးမှာ စိုးရိမ်ရပြီး နေအိမ် ၅ လုံး ထိမှန်ပျက်စီးခဲ့ကာ နွား ၂ ကောင်လည်း သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ပြည်သူလူထုကို ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ပြည်သူများ အနေဖြင့် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို လိုက်နာပေးကြဖို့ နဲ့ ဗုံးခိုကျင်းများ ခိုင်ခိုင်မာမာတူးထားဖို့ တော်လှန်ရေး အဖွဲ့အစည်းများက မေတ္တာရပ်ခံ တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၄။ ဖောင်းပြင်မြို့နယ် အမှတ် (၁) တပ်ရင်းအတွက် ကျည်ကာ၊ ဦးထုပ်နဲ့ စစ်သုံးပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနား ကျင်းပ
ဇွန်လ ၂၂ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ အမှတ် (၁) တပ်ရင်းအား တော်လှန်ပြည်သူများက ကျည်ကာ၊ အင်ကွပ်ဦးထုပ်နဲ့ စစ်လက်နက်ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲနဲ့ ကျဆုံးရဲဘော် မိသားစုဝင်များအား ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပခဲ့တယ်လို့ သိရပါတယ်။
ဇွန်လ ၂၀ ရက်နေ့က လွတ်မြောက်နယ်မြေ တနေရာမှာ ပြုလုပ်ခဲ့တဲ့ အဆိုပါ အခမ်းအနားကို မော်လိုက်ခရိုင် ကွပ်ကဲရေးမှူး၊ ခရိုင်ရေးထောက် ၊ မော်လိုက်ခရိုင်အမှတ် ( ၁) တပ်ရင်းမှူး၊ ဒုရင်းမှူး၊ ရင်းထောက်၊ IO၊ သင်တန်း နည်းပြ၊ ဖောင်းပြင်မြို့နယ် ပ.အ.ဖ နာယက၊ ပ.အ.ဖ တာဝန်ခံ၊ မြို့နယ် ပ.က.ဖ တာဝန်ခံ၊ မြို့နယ် ဆက်သွယ်ရေး တာဝန်ခံ၊ တောင်ပိုင်း ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ တာဝန်ခံ၊ အမှတ် ၁ တိုက်နယ် တာဝန်ခံ၊ အမှတ် ၂ တိုက်နယ် ဒု- တာဝန်ခံ၊ အမှတ် ၃ တိုက်နယ် တာဝန်ခံ၊ အမှတ် ၄ တိုက်နယ် တာဝန်ခံ၊ ကျဆုံးရဲဘော် မိသားစုဝင်များ၊ ကျေးရွာ အုပ်စုမှ ရေးရာ တာဝန်ခံများ၊ PDF တပ်ခွဲမှူးများ၊ တော်လှန်ပြည်သူများနဲ့ ထောက်ပို့ အမာခံ လုပ်ငန်းရှင်များက တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ခရိုင်ကွပ်ကဲရေးမှူးက ယခုလို တပ်ရင်းရဲ့ လိုအပ်ချက်များအား တော်လှန်ပြည်သူများက ကူညီပံ့ပိုး လှူဒါန်းမှုအား အထူး ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ တပတ်အတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅၄ ဦး အလင်းဝင်ခဲ့ကာ စစ်သုံ့ပန်း ၄၇ ဦး ဖမ်းဆီးရမိ
ဇွန်လ ၂၂ ရက်၊
Radio NUG
ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းတွေအရ ဇွန်လ ဒုတိယပတ်အတွင်း အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း ဖြစ်ခဲ့တဲ့ စစ်သား၊ ရဲနဲ့ ပြည်သူ့စစ် ၁၀၁ ဦး ရှိခဲ့တယ်လို့ "ပြေးဟပရောဂျက် ယခုတစ်ပတ်" အစီအစဉ်ကနေ ထုတ်ပြန်ထားပါတယ်။
တပတ်အတွင်း အလင်းဝင်လာသူ ရဲတစ်ဦးနဲ့ စစ်သား ၅၃ ဦးရှိခဲ့ပြီး ၁၁ ဦးဟာ စစ်မှုထမ်း ဥပဒေနဲ့ စုဆောင်းခံရတဲ့ တပ်သားသစ်များ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
ထို့အပြင် မကွေးတိုင်းနဲ့ မန္တလေးတိုင်းမှ စစ်သား ၂၉ ဦးနဲ့ စစ်ကိုင်းတိုင်းမှ ပြည်သူ့စစ် ၁၈ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီး ခံခဲ့ရတယ်လို့ သိရပါတယ်။
ပြန်သူ့ပန်းတိုင်ရဲ့ စာရင်းတွေအရ ၂၀၂၅ ဇန်နဝါရီ လကနေ ဇွန်လ ဒုတိယ အပတ်အထိ လက်နက်ချ၊ အလင်းဝင်၊ စစ်သုံ့ပန်း စုစုပေါင်း ၁,၃၉၈ ဦးထိ ရှိခဲ့တယ်လို့ သိရှိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment