၂၀၂၅ သြဂုတ်လ ၁၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ “ကချင်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ” အလုပ်အမှုဆောင်တာဝန်ပေးအပ်ပွဲ အခမ်းအနားသို့ ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာ ပေးပို့
📌 ၂။ တအာင်းပြည် ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိထားတဲ့ ကျားဖြန့်လုပ်ကိုင်သူ ၁၆ ဦးကို တရုတ် အစိုးရထံ လွှဲပြောင်းပေးခဲ့
📌 ၃။ ကလေးမြို့အနီး ရစ်ခ်တာစကေး ၄.၅ အဆင့် မြေငလျင် တစ်ခု လှုပ်ခတ်
📌 ၄။ ကယန်းအမျိုးသား တပ်မတော်အား ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်မှ စစ်ယူနီဖောင်း အစုံ ၅၀ လှူဒါန်းပေးခဲ့
========================
၂၀၂၅ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ နေပြည်တော် PDF စိုးမိုးနယ်မြေကို စစ်ကောင်စီ စစ်ကြောင်းထိုးနေ၊ ရဲဘော် ၂ ဦး ဒဏ်ရာရပြီး စခန်းအချို့ လက်လွှတ်ထားရ
🚩 ၂။ တမူးမြို့နယ် နမ့်မွန်းတားရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ် လေကြောင်းပစ်ကူဖြင့် ဆုတ်ခွာ
🚩 ၃။ ကျိုက်ထိုမြို့နယ် ပိနွဲကုန်းရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲ၊ အဖိုးအို ၁ ဦး သေဆုံး
🚩 ၄။ သီပေါမြို့မှာ စစ်ကောင်စီတပ်က ထပ်မံ ဗုံးကြဲချ တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား တစ်ဦး ဒဏ်ရာရ
🚩 ၅။ ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းတွင် စစ်ရှောင်ကားတစ်စီး စစ်ကောင်စီတပ်က ဖမ်းဆီးသွား
🚩 ၆။ CDF - Asho မှာ စစ်သင်တန်း တက်ရောက်နေတဲ့ သင်တန်းသား တစ်ဦး နေမကောင်းဖြစ်ရာမှ ကျဆုံးခဲ့
🚩 ၇။ ဘုတလင်နဲ့ တောင်သာ မြို့နယ်တို့မှာ စစ်ကောင်စီ တပ်သား ၂ ဦး အလင်းဝင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ “ကချင်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ” အလုပ်အမှုဆောင်တာဝန်ပေးအပ်ပွဲ အခမ်းအနားသို့ ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာ ပေးပို့
ဩဂုတ်လ ၉ရက်
Radio NUG
ကချင်ပြည်နယ်အတွင်း အလွှာပေါင်းစုံရှိ CDM များစုပေါင်း၍ KSCCSC ဖွဲ့စည်းနိုင်ခဲ့ခြင်းအား ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် CDM များ၏ အခွင့်အရေးနှင့် CDM များကို ကာကွယ်ပေးနိုင်ရေးအတွက် ရှေ့ဆက်အတူတကွ လက်တွဲပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း KSCCSC သို့ CDM Civil Servants Conference Organizing Committee မှ သဝဏ်လွှာအား ပေးပို့ထားပါတယ်။
အဆိုပါ သဝဏ်လွှာတွင် သိန်းနှင့်ချီသော နိုင်ငံ့ဝန်ထမ်းများ၏ ထကြွတွန်းလှန်ကာ အကြမ်းမဖက်အာဏာဖီဆန် တော်လှန်ခဲ့မှုများသည် နွေဦးတော်လှန်ရေး၏ အခရာကျသော လှုပ်ရှားမှုတစ်ခုဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်တပ်၏ အရှိုက်ကို ထိရောက်စွာ ထိုးနှက်နိုင်သော လှုပ်ရှားမှုတစ်ရပ်ဖြစ်သလို နိုင်ငံတကာတွင်လည်း နိုဘယ် ငြိမ်းချမ်းရေးဆုထိ စကာတင်ဝင်ခဲ့သော လှုပ်ရှားမှုကြီးတစ်ရပ်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဆက်လက်၍ တော်လှန်ရေးအရှိန်အဟုန်ကောင်းလာချိန်တွင် CDM နိုင်ငံ့ဝန်ထမ်းများသည်လည်း ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ရရာနေရာမှ ထမ်းဆောင်ကြရင်း တော်လှန်ရေးတွင် ပါဝင်ခြင်းမှတဆင့် ဒေသအလိုက်၊ ကဏ္ဍအလိုက် ပြန်လည်စုစည်း တည်ဆောက်ကြရမည့်အချိန်လည်း ဖြစ်လာနေပြီဖြစ်တာကြောင့် ထိုသို့အရေးကြီးလာနေချိန်တွင် “ကချင်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ” ဖွဲ့စည်း၍ အလုပ်အမှုဆောင် တာဝန်ပေးအပ်ပြီး လှုပ်ရှားမှုများကို တဆင့်မြှင့်နိုင်ခြင်းသည် CDM နိုင်ငံ့ဝန်ထမ်းများ၏ ဒေသအဆင့်စုစည်းလာနိုင်မှုများ ဖြစ်ပေါ်လာစေရန်အတွက် ပြယုဒ်ကောင်းတစ်ခု၊ CDM နိုင်ငံ့ဝန်ထမ်းများ အချင်းချင်းကူညီဖေးမ လက်တွဲသွားနိုင်ဖို့ရန်အတွက် အခြေအနေကောင်းတစ်ခုဖြစ်ရုံသာမက တိုင်းပြည် တည်ဆောက်ရေးနှင့် နိုင်ငံရေးအပြောင်းအလဲအတွက်ပါ အရေးကြီးသော ခြေလှမ်းတစ်ရပ် ဖြစ်ကြောင်း ရေးသားဖော်ပြထားပါတယ်။
========================
📌📌 ၂။ တအာင်းပြည် ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိထားတဲ့ ကျားဖြန့်လုပ်ကိုင်သူ ၁၆ ဦးကို တရုတ် အစိုးရထံ လွှဲပြောင်းပေးခဲ့
ဩဂုတ်လ ၉ ရက်၊
Radio NUG
ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး၊ တအာင်းပြည် ရဲတပ်ဖွဲ့ က ဖမ်းဆီးရမိထားတဲ့ ကျားဖြန့် လုပ်ကိုင်သူ (၁၆) ဦးအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရထံကို လွှဲပြောင်းပေးခဲ့တယ်လို့ PSLF/TNLA က ထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ ၈ ရက်၊ မနက် ၁၁ နာရီခွဲ အချိန်မှာ တအောင်းပြည်၊ နမ့်ခမ်းမြို့နယ် ရဲတပ်ဖွဲ့ စခန်းမှူး ဒုဗိုလ် လိုမ်ဂေါင် ဦးဆောင်ကာ နမ့်ခမ်းမြို့နယ်ရှိ နယ်စပ်ဂိတ် တစ်နေရာတွင် လွှဲပြောင်းပေးခဲ့တာလို့ ဆိုပါတယ်။
ဖမ်းဆီးရမိထားသူများဟာ တရုတ်နိုင်ငံသားများ ဖြစ်ကြတဲ့ ကျန်းထန်ဟွေး၊ ကျန်းဟောင်း၊ ကျုံးစုံဆူး၊ ကျုံးနီ၊ ကျုံးအောက်ပေါ်၊ ကျူံးချူံပင်း၊ မာဖမ်း၊ ဝမ်းယာန်ကွင်း၊ ဟူးလေ့ရှမ်း၊ ဝိကျောက်ရွံ့၊ ရိန်းကျိန်းဖျင့်၊ ဝမ်ရှိန်ယဲ၊ ဟော်လျှင်လီ၊ လျံလျောက်၊ ရှီကျိမ်ရွင်နှင့် လီစေဖျင့်တို့ ဖြစ်ကြတယ်လို့ သိရပါတယ်။
၎င်းတို့ဟာ ကွတ်ခိုင်မြို့နယ်၊ ရှောက်ဟော် ကျေးရွာတွင် အခြေချ လုပ်ကိုင်နေကြပြီး ကွတ်ခိုင်မြို့နယ်၊ ရဲတပ်ဖွဲ့က သတင်းရရှိတာကြောင့် သွားရောက်ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့ကလည်း PSLF/TNLA တအာင်းပြည် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားတဲ့ ကျားဖြန့် ၁၂ ဦး ကို တရုတ်ပြန်သူ့သမ္မတနိုင်ငံ ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့သေးတယ်လို့ သိရပါတယ်။
========================
📌📌 ၃။ ကလေးမြို့အနီး ရစ်ခ်တာစကေး ၄.၅ အဆင့် မြေငလျင် တစ်ခု လှုပ်ခတ်
ဩဂုတ်လ ၉ရက်
Radio NUG
၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၉ ရက်နေ့၊ မြန်မာစံတော်ချိန် ည ၀၇:၀၀ မိနစ်အချိန်ခန့်တွင် စစ်ကိုင်းတိုင်း၊ တောင်-အရှေ့တောင်ဘက် ၈၆ ကီလိုမီတာအကွာ၊ ကလေးမြို့အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ ရစ်ခ်တာစကေး ၄.၅ အဆင့်နှင့် အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရမှ သတင်းထုတ်ပြန်ပါတယ်။
ငလျင်အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြပါရန် အသိပေးထားပါတယ်။
========================
📌📌 ၄။ ကယန်းအမျိုးသား တပ်မတော်အား ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်မှ စစ်ယူနီဖောင်း အစုံ ၅၀ လှူဒါန်းပေးခဲ့
ဩဂုတ်လ ၉ ရက်၊
Radio NUG
ကယန်းအမျိုးသား တပ်မတော် (KNA) အတွက် စစ်ယူနီဖောင်း အစုံ (၅၀) ကို ဗိုလ်ကြီး(ဟောင်း) ဦးနေမျိုးဇင်မှ လှူဒါန်းပံ့ပိုးပေးခဲ့တယ်လို့ KNA က ထုတ်ပြန်ထားပါတယ်။
လက်ရှိတော်လှန်ရေး ကာလအတွင်း လိုအပ်ချက်များစွာ ရှိတဲ့အထဲမှ စစ်ယူနီဖောင်း အစုံ (၅၀) ကို ဩဂုတ်လ ၉ ရက်နေ့မှာ ဦးနေမျိုးဇင်က လာရောက်လှူဒါန်း ပေးခဲ့တာလို့ ဆိုပါတယ်။
အခုလို ပံ့ပိုးဝန်းရံပေးမှုအတွက် ကယန်းအမျိုးသားတပ်မတော်က အထူးကျေးဇူတင်ရှိပါကြောင်း မှတ်တမ်းတင် ဖော်ပြထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ နေပြည်တော် PDF စိုးမိုးနယ်မြေကို စစ်ကောင်စီ စစ်ကြောင်းထိုးနေ၊ ရဲဘော် ၂ ဦး ဒဏ်ရာရပြီး စခန်းအချို့ လက်လွှတ်ထားရ
ဩဂုတ်လ ၉ ရက်၊
Radio NUG
NUG ကာကွယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်တိုင်း စစ်ဌာန၊ နေပြည်တော် PDF တပ်ရင်း (၈၀၄) စိုးမိုးနယ်မြေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့တယ်လို့ ၈၀၄ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၁၈ ရက်နေ့မှ စတင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်အင်အား ၆၀၀ ကျော်ဟာ သတ်ကွင်းများအတွင်းကို ဝင်ရောက်လာတဲ့အတွက် နင်းမိုင်း၊ ဆွဲမိုင်းများဖြင့် တိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၇၀ ဦးခန့် ထိခိုက်သေဆုံးခဲ့ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ ဘက်က ရဲဘော် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် (၈၀၄) တပ်ရင်း၊ စခန်းတစ်ချို့ကို လက်လွှတ်ထားခဲ့ရတယ်လို့ အသိပေးထားပါတယ်။
အဆိုပါ တိုက်ပွဲများကို နေပြည်တော်တိုင်း စစ်ဌာန၊ နေပြည်တော် PDF အမှတ် (၈၀၄) တပ်ရင်း၊ အမှတ် (၉၀၂) တပ်ရင်း၊ သရက်ခရိုင် တပ်ရင်း (၁) နဲ့ အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၂။ တမူးမြို့နယ် နမ့်မွန်းတားရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ် လေကြောင်းပစ်ကူဖြင့် ဆုတ်ခွာ
ဩဂုတ်လ ၉ရက်
Radio NUG
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ နမ့်မွန်းတားရွာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF) ထိန်းချုပ်ထားမှုကို ပြန်လည်သိမ်းယူရန် စစ်ကောင်စီတပ်ဖွဲ့များက အကြိမ်ကြိမ်ထိုးစစ်ဆင်နေပြီး၊ ဩဂုတ်လ ၈ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် သုံးကြိမ်ဗုံးကြဲခဲ့တယ်လို့ People's Spring မှာ ဖော်ပြထားပါတယ်။
ဩဂုတ်လ ၈ရက်နေ့ နံနက် ၁၁ နာရီ ၃၅ မိနစ်၊ နေ့လယ် ၁၂ နာရီ ၃၅ မိနစ်နှင့် ညနေ ၅ နာရီ ၅၀ မိနစ်တို့တွင် စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သော်လည်း၊ PDF တပ်ဖွဲ့ဝင်များထံတွင် ထိခိုက်မှုမရှိခဲ့ကြောင်း သိရပါတယ်။
ဩဂုတ်လ ၅ ရက်မှစတင်ကာ စစ်ကောင်စီတပ်သည် ပျူစောထီးနှင့် ကသည်းသူပုန်အဖွဲ့များနှင့် ပူးပေါင်း၍ အင်အား ၁၀၀ ကျော်ဖြင့် နမ့်မွန်းတားရွာကို ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲများဖြစ်ပွားခဲ့သော်လည်း စစ်ကောင်စီတပ်သည် ဆုတ်ခွာသွားခဲ့ရပြီး၊ ဩဂုတ်လ ၈ ရက်က တိုက်ပွဲသည် ယခင်ရက်များထက် ပိုမိုပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။
လေးရက်ကြာတိုက်ပွဲမှာ တော်လှန်ရေးဘက်က ထိခိုက်မှုအနည်းငယ်ရှိခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးမှုတွေများကာ လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းရခဲ့တယ်လို့ သိရပါတယ်။
နမ့်မွန်းတားရွာသည် တမူးမြို့မှ ၁၂ မိုင်အကွာရှိ ကလေး-တမူးအာရှလမ်းပေါ်တွင် တည်ရှိပြီး၊ စစ်ကောင်စီတပ်သည် တမူးမြို့အနီးရှိ ပန်းသာရွာမှ စစ်ကြောင်းထိုးလာခြင်းဖြစ်ကာ လက်ရှိတွင် နမ့်မွန်းတားရွာကို PDF တပ်ဖွဲ့များက အပြည့်အဝထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။
========================
🚩🚩 ၃။ ကျိုက်ထိုမြို့နယ် ပိနွဲကုန်းရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲ၊ အဖိုးအို ၁ ဦး သေဆုံး
ဩဂုတ်လ ၉ရက်
Radio NUG
ဩဂုတ်လ ၉ ရက် နံနက် ၉ နာရီ ၂၃ မိနစ်ခန့်တွင် ကျိုက်ထိုမြို့နယ်၊ ပိနွဲကုန်းရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံသတင်းများအရ သိရပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဖိုးအို ၁ ဦး သေဆုံးသွားပြီး၊ ဒေသခံပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ၊ နေအိမ် ၃ လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ သီပေါမြို့မှာ စစ်ကောင်စီတပ်က ထပ်မံ ဗုံးကြဲချ တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား တစ်ဦး ဒဏ်ရာရ
ဩဂုတ်လ ၉ ရက်၊
Radio NUG
ရှမ်းပြည်နယ် မြောက်ပိုင်း၊ တအောင်းတပ် (TNLA) တပ်မဟာ (၂) ထိန်းချုပ်နယ်မြေ၊ သီပေါမြို့မှာ စစ်ကောင်စီက လေကြာင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ PSLF/TNLA က ထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ ၉ ရက်၊ ညနေ ၄ နာရီ ၁၁ မိနစ် အချိန်မှာ သီပေါမြို့၊ ပန်းတိမ်တောင် ရပ်ကွက်ကို စစ်ကောင်စီတပ်က ပေါင် ၂၅၀ ဗုံး (၃) လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် ၇ လုံး ထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့မှ ဩဂုတ်လ ၈ ရက်နေ့အထိ သီပေါမြို့နယ်ကို စစ်ကောင်စီက လေကြောင်းကနေ ၆ ကြိမ်တိုင် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အမျိုးသား ၂ ဦး သေဆုံးခဲ့ပြီး အမျိုးသမီး ၁ ဦး၊ အမျိုးသား ၄ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကာ နေအိမ် ၁၈ လုံးနဲ့ စာသင်ကျောင်း ၁ ကျောင်း ထိခိုက်ပျက်စီးခဲ့ရပါသေးတယ်။
========================
🚩🚩 ၅။ ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းတွင် စစ်ရှောင်ကားတစ်စီး စစ်ကောင်စီတပ်က ဖမ်းဆီးသွား
ဩဂုတ်လ ၉ရက်
Radio NUG
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းတွင် စစ်ဘေးရှောင်ပြည်သူများ လိုက်ပါလာသည့် ကားတစ်စီးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များမှ သိရပါတယ်။
ဩဂုတ်လ ၈ ရက်က အဆိုပါကားမှ ဖမ်းဆီးခံရသည့် စစ်ဘေးရှောင်ပြည်သူ ၁၅ ဦးခန့်မှာ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စု၊ ဒေါဒူကျေးရွာမှ ဖြစ်တယ်လို့ သိရပါတယ်။
ထို့ပြင်၊ ဒီးမော့ဆိုအရှေ့ခြမ်းတွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် ရုပ်အလောင်းတစ်လောင်းကိုလည်း ရှာဖွေတွေ့ရှိထားတယ်လို့ သိရပါတယ်။
ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စုရှိ စစ်ကောင်စီ၏ ခလရ (၁၀၂) တပ်ရင်းသည် ဩဂုတ်လ ၇ ရက်မှစတင်ကာ စစ်ကြောင်းထိုးနေပြီး၊ ဒေါဒူရွာသည် အဆိုပါတပ်ရင်းအနီးတွင် တည်ရှိတယ်လို့ သိရပါတယ်။
========================
🚩🚩 ၆။ CDF - Asho မှာ စစ်သင်တန်း တက်ရောက်နေတဲ့ သင်တန်းသား တစ်ဦး နေမကောင်းဖြစ်ရာမှ ကျဆုံးခဲ့
ဩဂုတ်လ ၉ ရက်၊
Radio NUG
ချင်းကာကွယ်ရေးတပ် - အရှို (CDF - Asho) မှာ အခြေခံ စစ်ပညာသင်တန်း တက်ရောက်နေတဲ့ သင်တန်းသား တစ်ဦး နေမကောင်းဖြစ်ရာမှ ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
သင်တန်းသား ဆလိုင်းရဲမင်းနိုင် ဆိုသူဟာ တော်လှန်ရေးတာဝန် ထမ်းဆောင်ရန် သင်တန်း တက်ရောက်နေစဉ်မှာ နေမကောင်း ဖြစ်ခဲ့ပြီး ဩဂုတ်လ ၇ ရက်နေ့က ရုတ်တရက် ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ရဲဘော်ဆလိုင်းရဲမင်းနိုင်ဟာ စုဆောင်းရေးကာလနဲ့ သင်တန်းသား ကာလအတွင်း ပေးအပ်လာတဲ့ တော်လှန်ရေး တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့တာကြောင့် များစွာ ဂုဏ်ယူကြောင်း ဖော်ပြထားပါတယ်။
========================
🚩🚩 ၇။ ဘုတလင်နဲ့ တောင်သာ မြို့နယ်တို့မှာ စစ်ကောင်စီ တပ်သား ၂ ဦး အလင်းဝင်
ဩဂုတ်လ ၉ ရက်၊
Radio NUG
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နဲ့ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့ တို့မှာ စစ်ကောင်စီ တပ်သား ၂ ဦး တော်လှန်ရေးတပ်တွေနဲ့ ချိတ်ဆက် အလင်းဝင်လာခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ ၆ ရက်နေ့က တောင်သာမြို့ပေါ်မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးဟာ MA2 တစ်လက်၊ ခဲယမ်းများနဲ့အတူ Myingyan Twenty one Guerilla Force ထံ အလင်းဝင်ခဲ့ပါတယ်။
လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်ကို MTGF တပ်ဖွဲ့က နွေးထွေးစွာ ကြိုဆိုခဲ့ပြီး ဆုကြေးငွေ ချီးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။
အလားတူ ဩဂုတ်လ ၃ ရက်နေ့မှာ ဘုတလင်မြို့ပေါ်မှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့မှ တပ်သား ကိုချစ်မိုးဆိုသူဟာ ဘုတလင်မြို့နယ် ရွေ့လျားစစ်ကြောင်း BMT၊ မုံရွာခရိုင် တပ်ရင်း ၂ ရွာဇော်ကြီးတပ်ခွဲ (YZG) နဲ့ ကျောင်းသားလက်ရုံးတပ်တော် (SAF) တို့ထံ ချိတ်ဆက် အလင်းဝင်ခဲ့တယ်လို့ ဆိုပါတယ်။
ပြည်သူ့ရင်ခွင် ခိုလှုံအလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားဟာ စစ်ရာဇဝတ်မှုများနဲ့ ပတ်သက်မှု မရှိတာကြောင့် ၎င်းဖြစ်ချင်တဲ့ ဆန္ဒအတိုင်း လုပ်ဆောင်ပေးနိုင်ဖို့ ကြိုးစားဆောင်ရွက်နေတယ်လို့ အသိပေး ထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာဖြစ်ပါတယ်။







No comments:
Post a Comment