၂၀၂၅ သြဂုတ်လ ၁၅ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။“မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ"(မူကြမ်း) အား စက်တင်ဘာလအတွင်း အတည်ပြုနိုင်ရေး မျှော်မှန်းထား
📌 ၂။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်းတို့မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး
📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနမှ မြေမြှုတ်မိုင်းကြောင့် ထိခိုက်သူများနှင့် လေယဉ်ဗုံးကြဲမှုကြောင့် ဒါဏ်ရာရသူများအား ဆေးကုသစရိတ်များအားထောက်ပံပေးအပ်
📌 ၄။ PRFထောက်ပို့မိသားစုမှ ထောက်ပို့တပ်သားအဖြစ်ထမ်းဆောင်ရန်တပ်သားသစ်များကိုဖိတ်ခေါ်
📌 ၅။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဏ္ဍာဟာNLD အစိုးရလက်ထက်မှာ လင်းလက်စပြုခဲ့သော်လည်း စစ်အုပ်စုလက်ထဲမှာ မဲမှောင်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်ဆို
📌 ၆။ မြန်မာနိုင်ငံဟာ ကမ္ဘာ့ရန်ပုံငွေရရှိမှု အနည်းဆုံးနိုင်ငံတခုဖြစ်နေတယ်လို့ OCHA ဆို
📌 ၇။ မိုးကြီးတာကြောင့် လောက်ကိုင်မြို့မှာ ရေကြီးရေလျံမှုတွေဖြစ်ပြီး ကားတွေ ရေစီးနဲ့မျောပါ
📌 ၈။ မိုင်းလုံမြို့မှာ PSLF/TNLA တပ်ဖွဲ့က မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတဲ့ အမျိုးသားတဦးနဲ့အမျိုးသမီးတဦး ဖမ်းဆီးရမိ
========================
၂၀၂၅ ခုနှစ် သြဂုတ်လ ၁၅ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ "People's Healthcare Network (Kalay)" ၏ "Station Hospital - Northern Kalaymyo (မြောက်ပိုင်းတိုက်နယ်ဆေးရုံ)အား အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု (၇)ကြိမ် မြောက်ပြုလုပ်မှုအပေါ်အပြင်းအထန်ကန့်ကွက်ရှုတ်ချ
🚩 ၂။ ရွေးကောက်ပွဲအတွက် အစည်းအဝေးလုပ်နေတဲ့ လှိုင်သာယာ ၁၄ ရပ်ကွက်ရုံးကို ဖောက်ခွဲတိုက်ခိုက်
🚩 ၃။ KIA သိမ်းပိုက်ထားတဲ့ မံစီမြို့နယ် မန့်ဝိန်းကြီးဒေသကို စစ်တပ်က တိုက်ပွဲဖြစ်တာမရှိဘဲ လေယာဉ်နဲ့ ဗုံးကြဲ
🚩 ၄။ မိုးကုတ်မြို့အရှေ့ပိုင်းကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးထပ်ကြဲတာကြောင့် အရပ်သား ၈ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရ
🚩 ၅။ ပခုက္ကူခရိုင် Local တပ်ရင်း (၁) ၏ အပတ်စဥ် (၂) သင်တန်းဆင်းပွဲကို ကျင်းပခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။“မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ"(မူကြမ်း) အား စက်တင်ဘာလအတွင်း အတည်ပြုနိုင်ရေး မျှော်မှန်းထား
သြဂုတ်လ (၁၅)ရက်
“မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ" (မူကြမ်း)အားစက်တင်ဘာလအတွင်းအတည်ပြုနိုင်ရေး မျှော်မှန်းထားကြောင်းသိရှိရပါတယ်။
“မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ" (မူကြမ်း)အား အခန်း (၁၂)ခန်းဖြင့် ရေးဆွဲပြီးဖြစ်ကာ မကြာမီ အတည်ပြုတော့မည်ဖြစ်ကြောင်းသိရပါတယ်။
ရေးဆွဲပြီး မူကြမ်းကို မန္တလေးဒေသ တော်လှန်ရေးအင်အားစုနှင့် ပြည်သူများအပါအဝင် နိုင်ငံတဝန်းရှိ တော်လှန်သော နိုင်ငံရေးအင်အားစုများ သိရှိစေရန်နှင့် အကြံပြုချက်များ ပေးပို့နိုင်ရန်အတွက် တရားဝင် ထုတ်ပြန်ထားပြီဖြစ်ကာ ရရှိပြီးဖြစ်သော အကြံပြုချက်များကို အခြေခံ၍ မူကြမ်းအား ထပ်မံပြင်ဆင်ရေးဆွဲလျက် ရှိတယ်လို့သိရပါတယ်။
လက်ရှိတွင် အစီအမံ မူကြမ်းအား ၂၀၂၅ ခုနှစ် ဧပြီ ၂၉ ရက်မှ မေ ၂၃ ရက်အထိ ပြုလုပ်ခဲ့သော လုပ်ငန်းကော်မတီ၏ အစည်းအဝေး၌ ပြန်လည်သုံးသပ် ပြင်ဆင်မှုများ လုပ်ဆောင်ပြီးဖြစ်ကာ ထပ်မံ ပြန်လည်သုံး သပ်ပြင်ဆင်မှုများကိုလည်း ဆက်တိုက်လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့သိရပါတယ်။
========================
📌📌 ၂။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်းတို့မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး
သြဂုတ်လ (၁၅)ရက်
စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်းမှ တာဝန်ရှိသူများသည် ၂၀၂၅ခုနှစ်၊ဩဂုတ်လ၊၁၅ ရက်နေ့၊(၁ဝး၀၀)နာရီအချိန်တွင် Zoom Platform မှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ဆွေးနွေးပွဲတွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှ ဥက္ကဌ၊ ဒုဥက္ကဌနှင့် ယူနစ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်းမှတာဝန်တက်ရောက်ခဲ့ကြကာ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဌက နုတ်ခွန်းဆက်စကားနှင့် ရှေ့လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။
ထို့နောက် တက်ရောက်လာသော စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်းမှ တာဝန်ရှိသူများကလည်း စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေအရ ရှေ့လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များပေါ်တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များများကို အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြပြီး အစည်းအဝေးအား (၁၁း၃၀)နာရီအချိန်တွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနမှ မြေမြှုတ်မိုင်းကြောင့် ထိခိုက်သူများနှင့် လေယဉ်ဗုံးကြဲမှုကြောင့် ဒါဏ်ရာရသူများအား ဆေးကုသစရိတ်များအားထောက်ပံပေးအပ်
သြဂုတ်လ (၁၅)ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနမှ မြေမြှုတ်မိုင်းကြောင့် ထိခိုက်သူများနှင့်လေယဉ်ဗုံးကြဲမှုကြောင့် ဒါဏ်ရာရသူများအား ဆေးကုသစရိတ်များအား ထောက်ပံပေးအပ်ခဲ့ပါတယ်။
စစ်ကောင်စီမှ နေရာအနှံ့ လေယာဉ်ဖြင့်ဗုံးကြဲ၊ လက်နက်ကြီးများနှင့် ပစ်ခတ်မှုကြောင့် ပြည်သူအများ ထိခိုက် သေဆုံးဒါဏ်ရာရခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနမှ မြေမြှုတ်မိုင်းကြောင့် ထိခိုက်သူများ၊ လေယဉ်ဗုံးကြဲမှုကြောင့် ဒါဏ်ရာရသူများအား ဆေးကုသစရိတ်များ အားပေးအပ်ကူညီခဲ့တယ်လို့သတင်းထုတ်ပြန်ပါတယ်။
ကူညီမှုများပေးအပ်ရာတွင် အညာဒေသအတွက် (၂၅၀) ဦး၊ ကရင်ပြည်နယ်အတွက် (၁၂၃) ဦး ၊ စုစုပေါင်း (၃၇၃) ဦး အား ထောက်ပံ့ပေးခဲ့ပြီးထိုသို့ထောက်ပံ့နိုင်ရန်အတွက် ဝန်ကြီးဌာနမှ တော်လှန်အမွေ ကမ်ပိန်း မှရရှိသော အလှူငွေများအား အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ် ရေးရာဝန်ကြီးဌာန၏ မြို့နယ်တာဝန်ခံများ၊ ကရင့်အမျိုးသမီး အစည်းအရုံးတို့မှ တဆင့်ပေးအပ်ခဲ့ပါတယ်။
========================
📌📌 ၄။ PRFထောက်ပို့မိသားစုမှ ထောက်ပို့တပ်သားအဖြစ်ထမ်းဆောင်ရန်တပ်သားသစ်များကိုဖိတ်ခေါ်
သြဂုတ်လ (၁၅)ရက်
PRFထောက်ပို့မိသားစုမှ ထောက်ပို့တပ်သားအဖြစ်ထမ်းဆောင်ရန် တပ်သားသစ်များကို ဖိတ်ခေါ်လျက်ရှိပါတယ်။
"We Want You! ထောက်ပို့တပ်သားအဖြစ် တာဝန်ထမ်းဆောင်ရန် သင့်အားအလိုရှိပါတယ်။စစ်မြေပြင်မှာ ရန်သူနဲ့ မျက်နှာချင်းဆိုင် သူသေကိုယ်ရှင်တိုက်နေရတဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ အရင်းအနှီးကြီးပါတယ်။ အရှိန်မြှင့်လာတဲ့ တော်လှန်ရေးမှာ လူတိုင်း တကယ်ကို ကိုယ်စီတာဝန်ယူကြပြီး တွန်းလှန်ခုခံမှသာ လိုရာပန်းတိုင်အမြန်ရောက်နိုင်မှာ ဖြစ်ပါတယ်။ သင်ကိုယ်တိုင် လက်တွေ့ထောက်ပို့တပ်သားအဖြစ် ပါဝင်ပါ"လို့ ဖော်ပြထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်သားတွေကို ထောက်ပို့နိုင်ဖို့ တလလျှင်မြန်မာငွေဖြင့် ကျပ် (သုံးသောင်း )၊ထိုင်းငွေဖြင့် ဘတ်( ၃၀၀) ၊ နိုင်ငံခြားငွေဖြင့် ဒေါ်လာ(၂၀)အနည်းဆုံးဖြင့် တာဝန်ထမ်းဆောင်ပါဝင်နိုင်တယ်လို့သိရပါတယ်။
PRF အကြောင်း အသေးစိတ်ကို ရှင်းရှင်းလင်းလင်းနားလည်စေဖို့ - https://shorturl.at/opKNX တွင်လည်း ဖတ်ရှုနိုင်ပါတယ်။
========================
📌📌 ၅။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဏ္ဍာဟာNLD အစိုးရလက်ထက်မှာ လင်းလက်စပြုခဲ့သော်လည်း စစ်အုပ်စုလက်ထဲမှာ မဲမှောင်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်ဆို
သြဂုတ်လ (၁၅)ရက်
ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဏ္ဍာဟာNLD အစိုးရလက်ထက်မှာ လင်းလက်စပြုခဲ့သော်လည်း စစ်အုပ်စုလက်ထဲမှာ မဲမှောင်နေတယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကဆိုပါတယ်။
"ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သယံဇာတ ထုတ်ယူသုံးစွဲချင်သူများကြား ဖြစ်နေတတ်တဲ့ပြဿနာမှာ ဒီမိုကရက်သစ် အစိုးရဆိုရင် ပြဿနာဖြေရှင်းတဲ့နေရာ ညီမျှမှု (Balance) ရှိပေမယ့် အာဏာရှင် စနစ်အောက်မှာတော့ လုပ်ငန်းရှင်တွေက အထက်စီးက အာဏာအရှိဆုံးကို ချဉ်းကပ်ပြီး အောက်ခြေပြည်သူ နဲ့ အစိုးရဝန်ထမ်းတွေကို နည်းမျိုးစုံ ဒုက္ခပေးလေ့ရှိတယ်။ မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဏ္ဠဆိုရင် ဘယ်အစိုးရမှာမှ မျက်နှာမရဖူးပါဘူး။ ဒီအတွက် NLD အစိုးရလက်ထက်မှာတော့ အနည်းငယ် လင်းလက်စပြုခဲ့တယ် ပြောရမှာပါ။ ဒါပေမယ့်အခုပြန်ပြီး မဲမှောင်နေပြီ"လို့ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ စစ်အာဏာသိမ်းပြီးနောက် သယံဇာတထုတ်ယူခွင့်ကို အလွန်အကျွံခွင့်ပြုခဲ့ပြီး ပြည်သူ့အစိုးရလက်ထက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအရ ရပ်ဆိုင်းထားသောစီမံကိန်းများကို ပြန်လည်စတင်လုပ်ကိုင်ခဲ့ပါတယ်။
========================
📌📌 ၆။ မြန်မာနိုင်ငံဟာ ကမ္ဘာ့ရန်ပုံငွေရရှိမှု အနည်းဆုံးနိုင်ငံတခုဖြစ်နေတယ်လို့ OCHA ဆို
သြဂုတ်လ (၁၅)ရက်
လိုအပ်ချက်တွေ အဆမတန်များနေတဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာ့ရန်ပုံငွေရရှိမှု အနည်းဆုံးနိုင်ငံတခု ဖြစ်နေတယ်လို့ ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး - OCHA က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
၂၀၂၅ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနဲ့ တုံ့ပြန်ရေးအစီအစဉ်အတွက် လိုအပ်နေတဲ့ ရန်ပုံငွေရဲ့ ၁၂ ရာခိုင်နှုန်းသာသာပဲ လက်ရှိအချိန်မှာ ရရှိထားတယ်လို့ ဆိုပါတယ်။
လူမှုဘဝကယ်ဆယ်ရေးအကူအညီတွေ တိုးမြှင့်ပေးနိုင်ဖို့နဲ့ အထိခိုက်ခံရဆုံး လူ့အသိုက်အဝန်းဆီ အရောက်လှမ်းနိုင်ဖို့ ရန်ပုံငွေ ပိုမိုရရှိဖို့ မဖြစ်မနေလိုအပ်နေပါတယ်လို့လည်း အသိပေးထားပါတယ်။
ရန်ပုံငွေဖြတ်တောက်ခံရမှုကြောင့် လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ကူညီရေးကဏ္ဍအားလုံးမှာ လျှော့ချခဲ့ ရတဲ့အတွက် ထိခိုက်လွယ်တဲ့သူတွေကို အန္တရာယ်တွေကြားမှာ ပစ်ထားရသလိုဖြစ်နေတယ်လို့လည်း ပြောထားပါတယ်။
မြန်မာနိုင်ငံဟာ လူပေါင်းများစွာရဲ့ အိုးအိမ်တွေ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေနဲ့ ဘေးကင်းလုံခြုံတဲ့ ခံစားချက်တွေကို ခြေမွဖျက်ဆီးနေတဲ့ လက်နက်ကိုင်ပဋိပက္ခ၊ ရေဘေးနဲ့ အခြား ဘေးအန္တရာယ်တွေ အပါအဝင် ထပ်တလဲလဲကျရောက်နေတဲ့ ဘေးဒုက္ခတွေကြောင့် အကျပ်အတည်းပေါင်းစုံနဲ့ ကြုံတွေနေရဆဲ လို့ ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး - OCHA က ထုတ်ပြန်ထားပါတယ်။
မတ်လ ၂၈ ရက်နေ့ကဖြစ်ခဲ့တဲ့ ငလျင်ဒဏ်ခံရသူတွေထဲက လူဦးရေ ၁ ဒသမ ၃ သန်းနီးပါးအတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ ရောက်ရှိခဲ့ပြီလို့ဆိုပါတယ်။
ဇူလိုင်လဆန်းပိုင်းကတည်းက ကချင်၊ ကယား၊ ကရင်၊ မွန်၊ ရခိုင်နဲ့ ပဲခူးစတဲ့ဒေသတွေမှာ မိုးကြီး ရေလျှံ မြေပြိုတာတွေကြောင့် မိသားစုတွေ ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ကြရပြီး လမ်းတံတားတွေနဲ့ အရေးပါတဲ့ အခြေခံအဆောက်အအုံတွေလည်း ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
ဒါပေမဲ့ ရန်ပုံငွေမလုံလောက်တာကြောင့် အကူအညီတွေကို အရည်အသွေးပြည့်မီအောင် မပေးနိုင်ခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံတဝန်း နေရပ်စွန့်ခွာသူဦးရေဟာ ၃ ဒသမ ၆ သန်းနီးပါးရှိပြီလို့ခန့်မှန်းရပြီး တိုက်ပွဲတွေကြောင့် အရပ်သားတွေဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသလို အရပ်သားတွေ ထိခိုက်သေကြေရတဲ့အတွက် ကာကွယ်စောင့်ရှောက်ပေးရေးဆိုင်ရာ အခြေအနေတွေ လိုအပ်နေဆဲလို့ သိရပါတယ်။
========================
📌📌 ၇။ မိုးကြီးတာကြောင့် လောက်ကိုင်မြို့မှာ ရေကြီးရေလျံမှုတွေဖြစ်ပြီး ကားတွေ ရေစီးနဲ့မျောပါ
သြဂုတ်လ (၁၅)ရက်
ပြည်ထောင်စုမြန်မာနိုင်ငံ အထူးဒေသ - ၁ ရဲ့ မြို့တော် လောက်ကိုင်မြို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့တွင်းနေရာအချို့မှာ ရေကြီးရေလျံမှုတွေဖြစ်ခဲ့ရာမှာ ကားတွေ ရေစီးနဲ့အတူ မျောပါသွားတယ်လို့ ကိုးကန့် MNDAA သတင်းဌာနတခုဖြစ်တဲ့ The Kokang မှာ ဖော်ပြထားပါတယ်။
ဩဂုတ်လ ၁၃ ရက် ညနေပိုင်းမှာ ရုတ်တရက် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လောက်ကိုင်မြို့တွင်းနေရာ အချို့မှာ ရေဘေးအန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရရာ မိနစ်ပိုင်းအတွင်း အနိမ့်ပိုင်းနေရာတွေနဲ့ လမ်းဆုံတွေမှာ ရေတွေပြည့်လျံလာခဲ့ပြီး စျေးဆိုင်တွေနဲ့အိမ်တွေ ရေနစ်မြုပ်ကာ ကားအချို့ ရေစီးနဲ့အတူ မျောပါသွားခဲ့ တယ်လို့ ဆိုပါတယ်။
ရေဘေးအန္တရာယ်ဖြစ်နေချိန်မှာ လောက်ကိုင်မြို့တော် အုပ်ချုပ်ရေးကော်မတီနဲ့ အထူးဒေသရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ ရေကြီးတဲ့နေရာတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ရေဘေးအန္တရာယ်ကြုံနေသူကို ဘေးကင်းရာနေရာ ရွေ့ပြောင်းပေးခဲ့ပြီး နေရာထိုင်ခင်းတွေ စီစဉ်ပေးခဲ့ သလို ပြည်သူတွေပိုင်တဲ့ အဖိုးတန်ပစ္စည်းတွေကို ရွေ့ပြောင်းပေးခဲ့ကာ ရေစီးနဲ့မျောပါနေတာကားတွေကိုလည်း ကရိန်းကားတွေနဲ့ ဆွဲယူပေးခဲ့တယ်လို့ The Kokang မှာ ဖော်ပြထားပါတယ်။
အခုလို အချိန်မီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ခဲ့တာကြောင့် လူသေဆုံးမှုမရှိခဲ့ပေမယ့် ဆိုင်ရှင် တဦးကတော့ ယွမ်ငွေ ၅ သောင်းကျော်နဲ့ညီမျှတဲ့ ကျပ်သိန်းပေါင်းများစွာ ဆုံးရှုံးခဲ့သလို အခြားဆိုင်တွေလည်း ဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ အသိပေးပါတယ်။
လက်ရှိကာလဟာ မိုးရာသီကာလဖြစ်တာကြောင့် နေရာအနှံ့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုတွေဖြစ်နိုင် တာကြောင့် မြို့နေပြည်သူတွေအနေနဲ့ ရာသီဥတု အခြေအနေကို အထူးဂရုပြုကြဖို့၊ ရေနစ်မြုပ်နိုင်တဲ့ နေရာတွေ အန္တရာယ်ဖြစ်နိုင်တဲ့ မြစ်ကမ်းဘေးလို နေရာတွေကို တတ်နိုင်သမျှရှောင်ကြဉ်ကြဖို့ လောက်ကိုင် မြို့တော်အုပ်ချုပ်ရေးကော်မတီက တိုက်တွန်းထားပါတယ်။
========================
📌📌 ၈။ မိုင်းလုံမြို့မှာ PSLF/TNLA တပ်ဖွဲ့က မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတဲ့ အမျိုးသားတဦးနဲ့အမျိုးသမီးတဦး ဖမ်းဆီးရမိ
သြဂုတ်လ (၁၅)ရက်
တအာင်းပြည် တပ်မဟာ ၁ နယ်မြေဖြစ်တဲ့ မိုင်းလုံမြို့နယ်မှာ PSLF/TNLA တပ်ဖွဲ့က ရှောင်တခင်စစ်ဆေးမှုပြုလုပ်ရာက ကားနဲ့ မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတဲ့ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ဒီနေ့ ဩဂုတ် ၁၅ မှာ ထုတ်ပြန်ပါတယ်။
သြဂုတ်လ ၁၂ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်မှာ လားရှိုးကနေဆင်းလာတဲ့ ကားတစီးကို စစ်ဆေးရာက စိတ်ကြွဆေးပြား တသိန်း ၇ ထောင့် ၈ ရာ သိမ်းဆည်းရမိခဲ့တာလို့ ဆိုပါတယ်။
အဲဒီမူးယစ်ဆေးဝါးတွေကို သယ်ဆောင်လာသူတွေဟာ အသက် ၂၅ နှစ်အရွယ် ကိုဇော်မျိုးနောင်နဲ့ အသက် ၃၅ နှစ်အရွယ် ဒေါ်အိသန္ဒာဖြိုးတို့ဖြစ်ကြပြီး တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနဲ့အညီ အရေးယူသွား မယ်လို့ အသိပေးထားပါတယ်။
ဩဂုတ်လ ၁ ရက်နေ့ကလည်း မိုးကုတ်မြို့မှာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးရောင်းဝယ်သူ တဦးနဲ့ သုံးစွဲသူ ၃ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာန မှတ်တမ်းတွေအရ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် သာကီနှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ "People's Healthcare Network (Kalay)" ၏ "Station Hospital - Northern Kalaymyo (မြောက်ပိုင်းတိုက်နယ်ဆေးရုံ)အား အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု (၇)ကြိမ် မြောက်ပြုလုပ်မှုအပေါ်အပြင်းအထန်ကန့်ကွက်ရှုတ်ချ
သြဂုတ်လ (၁၅)ရက်
(၂၀၂၅)ခုနှစ်၊ ဩဂုတ်လ (၁၁)ရက်နေ့၊ ည (၈)နာရီ (၂၁)မိနစ်တွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြာက်ပိုင်း၌ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော "People's Healthcare Network (Kalay)" ၏ "Station Hospital - Northern Kalaymyo (မြောက်ပိုင်းတိုက်နယ်ဆေးရုံ) - PHN (Kalay)" အား အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
"PHN (Kalay)" ၏ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ဆေးရုံဆေးခန်းနေရာများအား အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ ယခုအကြိမ်သည် (၇)ကြိမ် မြောက် လေကြောင်းတိုက်ခိုက်ခံရခြင်း ဖြစ်တယ်လို့သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီ၏ အရပ်သားပစ်မှတ်များကို ရည်ရွယ်ချက်ရှိရှိ လူမဆန်စွာ တိုက်ခိုက်ဖျက်ဆီးလျက်ရှိသော စက်ဆုတ်ရွံရှာဖွယ်ကောင်းသည့်လုပ်ရပ်များအား "PHN (Kalay)" မှ အပြင်းအထန်ကန့်ကွက်ရှုတ်ချကြောင်းနှင့် နွေဦးတော်လှန်ရေးအဆုံးသတ်တိုက်ပွဲ အောင်မြင်ပြီးမြောက်သည်အထိ ပြည်သူလူထုနှင့်အတူ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ပါတယ်။
========================
🚩🚩 ၂။ ရွေးကောက်ပွဲအတွက် အစည်းအဝေးလုပ်နေတဲ့ လှိုင်သာယာ ၁၄ ရပ်ကွက်ရုံးကို ဖောက်ခွဲတိုက်ခိုက်
သြဂုတ်လ (၁၅)ရက်
တရားမဝင်ရွေးကောက်ပွဲအတွက် အစည်းအဝေးလုပ်နေတဲ့ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ၁၄ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးကို မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မြို့ပြတော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။
တရားမဝင်ရွေးကောက်ပွဲအတွက် အစည်းအဝေးလုပ်နေတဲ့ အုပ်ချုပ်ရေးအဖွဲ့အတွက် လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေ ကို ပြင်းအားမြင့်မိုင်းတွေနဲ့ မနေ့ ဩဂုတ်လ ၁၄ ရက် ည ၁ဝ နာရီအချိန်မှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ရုံးထဲမှာ အစည်းအဝေးထိုင်နေသူတွေအပါအဝင် အပြင်ကနေ လုံခြုံရေးယူပေးနေတဲ့ စစ်သားနဲ့ရဲတွေ ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။
မြို့ပြပြောက်ကျားအဖွဲ့တွေ ဖောက်ခွဲတိုက်ခိုက်ပြီးချိန်မှာ စစ်အုပ်စုဘက်က သေနတ်နဲ့ပြန်လည်ပစ်ခတ်တာတွေရှိပြီး လူနာတင်ကား ရောက်လာတာတွေ့ရတယ်လို့ ဒေသနေပြည်သူတွေက ပြောပါတယ်။
ဒီစစ်ဆင်ရေးကို မြို့ပြကြွက်နဲ့ မြောက်ဥက္ကာပ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ပြည်သူလူထုကိုဖိနှိပ်ပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင် အာဏာတည်မြဲရေးလုပ်ဆောင်မယ့် အတုအယောင်ရွေးကောက်ပွဲ အတွက် လုပ်ဆောင်နေသူတိုင်းဟာ မြို့ပြ UG တွေရဲ့ ရန်သူဖြစ်တဲ့အတွက် ရွေးကောက်ပွဲအတွက် ကူညီနေသူတွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ မြို့ပြကြွက်အဖွဲ့က သတိပေးထားပါတယ်။
========================
🚩🚩 ၃။ KIA သိမ်းပိုက်ထားတဲ့ မံစီမြို့နယ် မန့်ဝိန်းကြီးဒေသကို စစ်တပ်က တိုက်ပွဲဖြစ်တာမရှိဘဲ လေယာဉ်နဲ့ ဗုံးကြဲ
သြဂုတ်လ (၁၅)ရက်
ကချင်ပြည်နယ်ထဲက KIA တိုက်ခိုက်သိမ်းပိုက်ထားတဲ့ မံစီမြို့နယ် မန့်ဝိန်းကြီးဒေသကို စစ်တပ်က တိုက်ပွဲဖြစ်တာမရှိဘဲ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လာတယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။
မနေ့ညသန်းခေါင်ကျော်အချိန်မှာ တိုက်လေယာဉ်တွေနဲ့ ၄ ကြိမ်ဆက်တိုက် ဗုံးတွေ ကြဲချခဲ့တာကြောင့် အရပ်သားပြည်သူ တွေ ထိခိုက်သေဆုံးမှုရှိတယ်လို့ သိရပေမယ့် အရေအတွက်အတိအကျနဲ့ အခြေအနေ အသေးစိတ်ကို မသိရှိရသေးဘူးလို့ ဆိုပါတယ်။
အကြမ်းဖက်စစ်လေယာဉ်တွေ ဗုံးကြဲခဲ့တဲ့နေရာဟာ မန့်ဝန်းကြီးဒေသ ကောင်းခန့်မှာရှိတဲ့ စစ်တပ်စခန်းဟောင်းနေရာနဲ့ ဟိုတုံရွာဘက်လို့ ဒေသသတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်က လေယာဉ်နဲ့ ဗုံးသွားတဲ့နေရာတွေဟာ တိုက်ပွဲဖြစ်တာမရှိတဲ့အပြင် စစ်ရေးလှုပ်ရှားမှုလည်းမရှိတဲ့ ဒေသတွေလို့ လည်း ဆိုပါတယ်။
မံစီမြို့နယ်ကို KIA က အခုနှစ် ဇန်နဝါရီလမှာ သိမ်းပိုက်ခဲ့တဲ့ မြို့နယ်တခုဖြစ်တယ်လို့ စစ်ရေးသတင်း မှတ်တမ်းတွေအရ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ဒေသတွေကို ဖိအားပေးတဲ့အနေနဲ့ လေကြောင်းကနေ ဗုံကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေပြီး ဒီနေ့ ဩဂုတ်လ ၁၅ ရက် မနက်ပိုင်းမှာလည်း ဗန်မော်မြို့ ကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
========================
🚩🚩 ၄။ မိုးကုတ်မြို့အရှေ့ပိုင်းကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးထပ်ကြဲတာကြောင့် အရပ်သား ၈ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရ
သြဂုတ်လ (၁၅)ရက်
မန္တလေးတိုင်း မိုးကုတ်မြို့အရှေ့ပိုင်းကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးထပ်ကြဲတာကြောင့် အရပ်သားပြည်သူ ၈ ဦး သေဆုံးခဲ့ပြီး ၇ ဦး ဗုံးစထိမှန်ဒဏ် ရာသွားတယ်လို့ တအာင်းတပ် TNLA က ဒီနေ့ ဩဂုတ် ၁၅ မှာ ထုတ်ပြန်ပါတယ်။
မနေ့ည ၈ နာရီခွဲခန့်အချိန်မှာ မိုးကုတ်မြို့အရှေ့ပိုင်း ရွှေကူရပ်ကွက်မှာရှိတဲ့ လင်းရောင်ခြည်ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးတလုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ ၈ ဦး သေဆုံးခဲ့ပြီး ၇ ဦး ဒဏ်ရာရခဲ့တဲ့အပြင် အိမ် ၇ လုံးလည်း ဗုံးစထိမှန် ပျက်စီးခဲ့ရတယ်လို့ အသိပေးပါတယ်။
ဒေသတွင်းသတင်းတွေအရ စစ်တပ်က ဗုံးကြဲတိုက်ခိုက်တဲ့ဘုန်းကြီးကျောင်းဟာ စစ်ဘေးရှောင်တွေခိုလှုံနေတဲ့ ဘုးန်ကြီးကျောင်းဖြစ်ပြီး ကိုရင်ငယ်၊ ကလေးငယ်နဲ့ မီးနေသည်ကလေးမိခင်တွေအပါအဝင် ၁ဝ ဦးထက်မနည်း သေဆုံးခဲ့ တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ အခု သြဂုတ်လ ၉ ရက်နေ့ကလည်း မိုးကုတ်မြို့အရှေ့ပိုင်းကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ကိုရင်တပါးနဲ့ အရပ်သားပြည်သူ ၄ ဦးသေဆုံးခဲ့ရပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ TNLA သတင်းနှင့် ပြန်ကြာရေးဌာန မှတ်တမ်းတွေအရ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ အခုလထဲမှာ မိုးကုတ်မြို့ကို ၂ ကြိမ်၊ ကျောက်မဲမြို့နယ်မှာတကြိမ်၊ သီပေါမြို့မှာ ၂ကြိမ် လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ကလေး ၃ ဦး၊ ရဟန်း ၂ ပါး၊ အမျိုးသမီး တဦး၊ အမျိုးသား ၁၁ ဦး သေးဆုံးခဲ့ရပြီး ရဟန်းတပါး၊ အမျိုးသမီး ၅ ဦး၊ အမျိုးသား ၁၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ အိမ် ၂၆ လုံး၊ စာသင်ကျောင်းတကျောင်း၊ ကား ၄စီး၊ ဆိုင်ကယ် ၃ စီး ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။
ဒါကြောင့် မိဘပြည်သူများအနေနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိ အမြဲ ရှိနေဖို့လိုအပ်ပြီး လေကြောင်းရန်ကနေ ကာကွယ်နိုင်ဖို့ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာ ဆောင်ရွက်ကြဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးနှိုးဆော်ထားပါတယ်။
========================
🚩🚩 ၅။ ပခုက္ကူခရိုင် Local တပ်ရင်း (၁) ၏ အပတ်စဥ် (၂) သင်တန်းဆင်းပွဲကို ကျင်းပခဲ့
သြဂုတ်လ (၁၅)ရက်
၂၀၂၅ ခုနှစ်၊ သြဂုတ်လ၊ ၄ ရက်နေ့၌မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိမိမိတို့စိုးမိုးနယ်မြေတစ်နေရာတွင် ပခုက္ကူခရိုင် Local တပ်ရင်း (၁) ၏ အပတ်စဥ် (၂) သင်တန်းဆင်းပွဲကို ကျင်းပခဲ့ပါတယ်။
ယင်းသင်တန်းကို Earthquake People's Defence Force၊ Thu Rain ( TR), Hunter Pakokku, Six Senses Guerrilla Force,Justice Revolution Force စသည့်သင်တန်းအပတ်စဉ်(၁)၌ ပါဝင်ပူပေါင်းအားဖြည့်ခဲ့သောပခုက္ကူခရိုင်အတွင်းအခြေပြုတော်လှန်ရေးတပ်ဖွဲ့(၅)ဖွဲ့အပြင်Red Fighter နှင့် ပခုက္ကူမြို့နယ်ဒေသကာကွယ်ရေးတပ်ဖွဲ့ စသည့် တပ်ဖွဲ့ (၂) ဖွဲ့မှ လည်းသင်တန်းအပတ်စဉ် (၂) တွင််ပါဝင်ပူးပေါင်းခဲ့ပါတယ်။
ပခုက္ကူခရိုင် Local တပ်ရင်း (၁) (PDLB)သင်တန်းအပတ်စဉ် (၂) ကိုတော်လှန်ရေးတပ်ဖွဲ့ (၇) ဖွဲ့မှ ရဲဘော်/ရဲမေ (၇၀) ဦး ခန့်တက်ရောက်ခဲ့ပြီး ၎င်းသင်တန်း တွင် စစ်ပညာသင်တန်း၊ ရုံးပိုင်းဆိုင်ရာသင်တန်း၊ CoC နှစ်ရပ်၊ ပြည်သူ့စစ် မဟာဗျူဟာနှင့် စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်မှု သင်တန်းများကို ရက်ပေါင်း (၄၅) ရက်ကြာသင်ကြားခဲ့ပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်နှင့်သာကီတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment