၂၀၂၅ သြဂုတ်လ ၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ “Safe Schools, Safe Education ကမ်ပိန်း” တွင် USD 500 နှင့်အထက် လှူဒါန်းပေးသည့် အလှူရှင်များကို ပြည်ထောင်စုဝန်ကြီး လက်မှတ်ပါဝင်သည့် မှတ်တမ်းတင်ဂုဏ်ပြုလွှာများ သီးသန့်ချီးမြှင့်မည်
📌 ၂။ မလေးရှားမှာ ကျင်းပမယ့် “မြန်မာနိုင်ငံဆိုင်ရာ သက်ဆိုင်သူများ အားလုံးပါဝင်တဲ့ အစည်းအဝေး” ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သဘောထား ပေးပို့
📌 ၃။ စစ်ကိုင်းတိုင်းအတွင်း လူထုအခြေပြု အသိပညာပေးဟောပြောပွဲများ ပြုလုပ်
📌 ၄။ နောင်ချို၊ သီပေါနှင့် ကျောက်မဲမြို့များမှ စစ်ဘေးရှောင်လာတဲ့ ပြည်သူများကို "အခမဲ့" ဆေးကုသမှုများ MNDAA ပြုလုပ်ပေး
📌 ၅။ PRF က ပြုလုပ်တဲ့ “ပျက်ကွက်မှုမရှိ" အစီအစဉ် ပြီးဆုံးပြီး လုံးဝပျက်ကွက်မှုမရှိတဲ့ ထောက်ပို့တပ်သား ၁,၁၈၁ ဦး ရှိ
========================
၂၀၂၅ ခုနှစ် သြဂုတ်လ ၄ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ချင်းတွင်းမြစ်ကြောင်းအတိုင်း တက်လာတဲ့ စစ်ကောင်စီ သင်္ဘောအုပ်စုကို မိုင်းဆွဲပစ်ခတ် တိုက်ခိုက်
🚩 ၂။ ပုလောနှင့် တနင်္သာရီမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ပြည်သူ ၁၀ ဦး သေဆုံး
🚩 ၃။ သီပေါမြို့ကို စစ်ကောင်စီတပ်က ပေါင် ၂၅၀ ဗုံး ၃ လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့
🚩 ၄။ သံတွဲမြို့နယ်၊ ဂျိတ္တောရပ်ကွက်ကို စစ်ကောင်စီ ရေတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့
🚩 ၅။ ဂန့်ဂေါခရိုင်ဒရုန်းတပ်ဖွဲ့ရဲဘော်များကို ၆ကြိမ်မြောက် တပ်ရင်းထောက်ပံ့ငွေ ပေးအပ်
🚩 ၆။ မြင်းခြံခရိုင် အမှတ် (၄)နှင့် အမှတ်(၁၀) တပ်ရင်းက မွမ်းမံသင်တန်း အပတ်စဉ် (၂) သင်တန်းဆင်းပွဲ ကျင်းပခဲ့
🚩 ၇။ MRO/CDF-မတူပီ အခြေခံစစ်သင်တန်းအတွက် လူငယ်သင်တန်းသားသစ်များ ခေါ်ယူ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ “Safe Schools, Safe Education ကမ်ပိန်း” တွင် USD 500 နှင့်အထက် လှူဒါန်းပေးသည့် အလှူရှင်များကို ပြည်ထောင်စုဝန်ကြီး လက်မှတ်ပါဝင်သည့် မှတ်တမ်းတင်ဂုဏ်ပြုလွှာများ သီးသန့်ချီးမြှင့်မည်
ဩဂုတ်လ ၃ရက်
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက ပြုလုပ်လျက်ရှိသည့် ကလေးသူငယ်များ ကာကွယ်ရေးအစီအမံများရှိသော ကျောင်းများတွင် ဘေးကင်းလုံခြုံစွာ ပညာဆက်လက်သင်ယူခွင့် ရရှိနိုင်စေရန်အတွက် “Safe Schools, Safe Education ကမ်ပိန်း” တွင် USD 500 နှင့်အထက် ညီမျှသည့် မည်သည့်ငွေကြေးအမျိုးအစားဖြင့်မဆို ပါဝင်လှူဒါန်းပေးသည့် အလှူရှင်များကို ပုံမှန်ဂုဏ်ပြုလွှာများအပြင် ကမ်ပိန်း၏ အထူးအစီအစဉ်အဖြစ် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လက်မှတ်ပါဝင်သည့် မှတ်တမ်းတင်ဂုဏ်ပြုလွှာများကို သီးသန့်ထပ်ဆင့် ချီးမြှင့်ပေးအပ်သွားမည် ဖြစ်ပါကြောင်း အသိပေးကြေညာထားပါတယ်။
"Safe Schools, Safe Education" Campaign ရည်မှန်းချက် (Target) - အမေရိကန်ဒေါ်လာ ၄ သိန်းကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၅) မှ ဩဂုတ်လ (၃၁) အထိ ပြုလုပ်လျက်ရှိပါတယ်။
========================
📌📌 ၂။ မလေးရှားမှာ ကျင်းပမယ့် “မြန်မာနိုင်ငံဆိုင်ရာ သက်ဆိုင်သူများ အားလုံးပါဝင်တဲ့ အစည်းအဝေး” ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သဘောထား ပေးပို့
ဩဂုတ်လ ၃ ရက်၊
Radio NUG
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ သြဂုတ်လ ၄ ရက်ကနေ ၇ ရက်နေ့ အထိ ကျင်းပမယ့် မြန်မာနိုင်ငံဆိုင်ရာ သက်ဆိုင်သူများ အားလုံးပါဝင်တဲ့ အစည်းအဝေး (STAKEHOLDERS ENGAGEMENT MEETING ON MYANMAR- SEM) ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က သဘောထား ပေးပို့ခဲ့ပါတယ်။
အဆိုပါ အစည်းအဝေးကို တက်ရောက်ဆွေးနွေးဖို့ NLD ပါတီအား ဖိတ်ခေါ်ခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့ အဖွဲ့ချုပ်ဝင်များရဲ့ ပြည်ပ ခရီးသွားလာရေး အခက်အခဲများကြောင့် တက်ရောက်နိုင်ခြင်း မရှိတဲ့အတွက် အချက် (၈) ချက်ပါ ပါတီရဲ့ သဘောထားကို ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။
NLD ပါတီအနေဖြင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းဖို့ယုံကြည်ပြီး မြန်မာ့ပြဿနာများ ပြေလည်စေဖို့ အာဆီယံအနေနဲ့ ဘုံသဘောတူညီချက် (၅) ရပ် ချမှတ်ကာ ကြိုးပမ်း ဆောင်ရွက်နေမှုကို ကျေးဇူးတင်ကြောင်း ပြဿနာများရဲ့ အရင်းမြစ်ဖြစ်တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ဆောင်ချက် မှန်သမျှကို အသိမှတ်ပြု ပူးပေါင်းဆောင်ရွက်ခြင်း မပြုရန် လိုအပ်ကြောင်း အသိပေးထားပါတယ်။
ထို့အပြင် စစ်ကောင်စီက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ပါတီကို နိုင်ငံရေး ဖြစ်စဉ်များမှာ မပါဝင်နိုင်အောင် ဖယ်ထုတ်ထားပြီး၊ ပြည်သူများ လွတ်လပ်စွာဆန္ဒမပြုနိုင်အောင် ဖိနှိပ်တဲ့ဥပဒေများ ပြဌာန်းကာ လိုချင်တဲ့ရလဒ် ထွက်လာအောင် အတုယောင် ဟန်ပြရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
စစ်တပ်ရဲ့ နိုင်ငံရေးလှည့်စားမှုဖြစ်တဲ့ အတုအယောင်ရွေးကောက်ပွဲ ကျင်းပရန်ကြံစည်နေမှုကို ကန့်ကွက်တားဆီးခြင်းဖြစ် ပိုမိုရှုပ်ထွေး ဆိုးဝါးလာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာများကို ကြိုတင်ကာကွယ်နိုင်မယ်လို့ အကြံပြုထားပါတယ်။
မြန်မာ့အရေးပြဿနာများ ပြေလည်အောင်ကြိုးပမ်းရာမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မပါဝင်ဘဲ ပြေလည်ရေး မရရှိနိုင်ဟု အခိုင်အမာ ယုံကြည်ကာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေး အကျဉ်းသားများအားလုံး အမြန်ဆုံး လွတ်မြောက်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
ထို့အပြင် နိုင်ငံရေး အကျဉ်းသားများ လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု မရရှိတဲ့အတွက် သေဆုံးမှုများ ဆက်တိုက် ဖြစ်ပေါ်နေတဲ့အပေါ် ကာကွယ်ပေးနိုင်မယ့် အစီအစဉ်များ ချမှတ်ဆောင်ရွက်ဖို့ မေတ္တာရပ်ခံထားပြီး အရပ်သား ပြည်သူများကို စစ်တပ်က ဆက်တိုက်ဗုံးကြဲ သတ်ဖြတ်နေမှုများကို ရပ်တန့်ဖို့ လိုအပ်တဲ့ အစီအမံများ ချမှတ်ဆောင်ရွက်ပေးခြင်းက ပိုမိုလုပ်ဆောင်သင့်တဲ့ အကြောင်းအရာဖြစ်ကြောင်း တိုက်တွန်းထားပါတယ်။
========================
📌📌 ၃။ စစ်ကိုင်းတိုင်းအတွင်း လူထုအခြေပြု အသိပညာပေးဟောပြောပွဲများ ပြုလုပ်
ဩဂုတ်လ ၃ရက်
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံများ ဦးဆောင်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြင်းမူ၊ ဝန်းသို၊ ထီးချိုင့် စတဲ့မြို့နယ်များမှ ဒေသခံများကို လူထုအခြေပြု ပညာပေးဟောပြောမှုများ ဇူလိုင်လတွင် ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ဒေသခံများအတွက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း၊ အမျိုးသမီးနဲ့ ကလေးသူငယ် အကာအကွယ်ပေးရေး အသိပညာပေးမှုများနဲ့အတူ ကျောင်းသား၊ ကျောင်းသူများအတွက် လေကြောင်းအန္တရာယ်နဲ့ ပတ်သက်တဲ့ အသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက် လေ့ကျင့်ခြင်းများကိုလည်း လူ့အခွင့်အရေးဆိုင်ရာ တာဝန်ခံများက ဦးဆောင်ပြီး ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၄။ နောင်ချို၊ သီပေါနှင့် ကျောက်မဲမြို့များမှ စစ်ဘေးရှောင်လာတဲ့ ပြည်သူများကို "အခမဲ့" ဆေးကုသမှုများ MNDAA ပြုလုပ်ပေး
ဩဂုတ်လ ၃ရက်
Radio NUG
အထူးဒေသ(၁) သိန္နီခရိုင်ရှိ ရှန်ခိုက်ကျေးရွာတွင် ရောက်ရှိနေတဲ့ နောင်ချိုမြို့၊ သီပေါမြို့နှင့် ကျောက်မဲမြို့များမှ စစ်ဘေးရှောင်ပြည်သူများ၏ ကျန်းမာရေးလိုအပ်ချက်များအတွက် "အခမဲ့" ဆေးကုသမှုများ ပြုလုပ်ပေးခဲ့ကြောင်း The Kokang သတင်းဌာနမှာ ဖော်ပြထားပါတယ်။
ဇူလိုင်လ ၃၀ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံအထူးဒေသ (၁) ကျန်းမာရေးဌာန၏ လမ်းညွှန်ချက်ဖြင့် စစ်ဘေးရှောင်လာကြသူများတွင် နာမကျန်းဖြစ်နေသူ ကလေးငယ်များအပါအဝင် ပြည်သူ (၁၀၀)နီးပါးကို အခမဲ့ဆေးကုသမှု ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးတိုးဆီးချို စစ်ဆေးပေးခြင်း၊ သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားစစ်ဆေးပေးခြင်းများ၊ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးခဲ့သည့်အပြင် လိုအပ်သည့် ဆေးဝါးများကိုလည်း အခမဲ့ ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။
ထိုကဲ့သို့ နယ်လှည့်ဆေးကုသပေးခြင်းများအပြင် နောင်မွန်ဆေးရုံတွင်လည်း စစ်ဘေးရှောင်ပြည်သူများအတွက် အခမဲ့ဆေးကုသမှုများ ပြုလုပ်ပေးလျက်ရှိတယ်လို့ အသိပေးထားပါတယ်။
========================
📌📌 ၅။ PRF က ပြုလုပ်တဲ့ “ပျက်ကွက်မှုမရှိ" အစီအစဉ် ပြီးဆုံးပြီး လုံးဝပျက်ကွက်မှုမရှိတဲ့ ထောက်ပို့တပ်သား ၁,၁၈၁ ဦး ရှိ
ဩဂုတ်လ ၃ရက်
Radio NUG
ဇွန်လ ၂၁ ရက်နေ့ကနေ ဇူလိုင်လ ၃၁ ရက်နေ့ထိ ပြုလုပ်ခဲ့တဲ့ "ပျက်ကွက်မှုမရှိ" အစီအစဉ် ပြီးဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်သားတွေရဲ့ နောက်မှာ မားမားမတ်မတ်ရပ်တည်ရင်း တစိုက်မတ်မတ် ပါဝင်နေကြတဲ့ ထောက်ပို့တပ်သား တစ်ဦးတစ်ယောက်ချင်းစီကို ဂုဏ်ပြုဦးညွှတ်ကြောင်း PRFမှ အသိပေးဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးထောက်ပို့တပ် - PRF စတင်ချိန်ကတည်းက (၄၃) လတာ ကာလအတွင်း တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ "ပျက်ကွက်မှုမရှိ" ထောက်ပို့တပ်သားအင်အားများမှာ လုံးဝပျက်ကွက်မှုမရှိတဲ့ တပ်သား - ၁,၁၈၁ ဦး၊ (၂)နှစ် ဆက်တိုက် ပျက်ကွက်မှုမရှိတဲ့ တပ်သား - ၄,၁၆၈ ဦးနှင့် (၁)နှစ် ဆက်တိုက် ပျက်ကွက်မှုမရှိတဲ့ တပ်သား - ၁၂,၀၄၇ ဦး တို့ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ ထောက်ပို့တပ်သားများကို ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ခြင်း အစီအစဉ်လည်း သိပ်မကြာခင် ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ချင်းတွင်းမြစ်ကြောင်းအတိုင်း တက်လာတဲ့ စစ်ကောင်စီ သင်္ဘောအုပ်စုကို မိုင်းဆွဲပစ်ခတ် တိုက်ခိုက်
ဩဂုတ်လ ၃ ရက်၊
Radio NUG
ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီ သင်္ဘောအုပ်စုကို မုံရွာမြို့နယ်အတွင်းက တစ်နေရာမှာ မိုင်းဆွဲပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ Chindwin Fighter Group က ထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ ၃ ရက် မနက်၊ ၁၁ နာရီ ၁၅ မိနစ်က ချင်းတွင်းမြစ်ကြောင်း တစ်နေရာမှာ စစ်သင်္ဘော ၁ စီးနဲ့ တွဲတွန်း ၁၀ စီးတို့ကို ရှေ့ထွက်မိုင်း ၃ လုံးပွိုင့် ၁ ပွိုင့်နဲ့ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို Chindwin Fighter Group - (CFG) နဲ့ Brave Heart Army - (B.H.A) တို့က ပူးပေါင်း ဆောင်ရွက်ခဲ့တာဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု အခြေအနေ အသေးစိတ်ကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၂။ ပုလောနှင့် တနင်္သာရီမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ပြည်သူ ၁၀ ဦး သေဆုံး
ဩဂုတ်လ ၃ ရက်၊
Radio NUG
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်နှင့် တနင်္သာရီ မြို့နယ်တို့မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်နေပြီး လက်နက်ကြီး ပစ်ခတ်မှုများကြောင့် စစ်ဘေးရှောင် ပြည်သူ ၁၀ ဦး သေဆုံးခဲ့တယ်လို့ တနင်္သာရီတိုင်း စစ်ဌာနက ထုတ်ပြန်ထားပါတယ်။
တနင်္သာရီတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ နည်းဗျူဟာ (၃၅) နယ်မြေအတွင်းကို စစ်ကောင်စီက စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ပြည်သူ့ကာကွယ်ရေး တပ်ရင်း၊ တပ်ဖွဲ့၊ စစ်ကြောင်းများနဲ့ ထိတွေ့တိုက်ပွဲများ နေရာအနှံ့ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
ပုလောမြို့နယ်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့တာကြောင့် စစ်ဘေးရှောင် ခရီးသွား ပြည်သူ ၁၀ ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
ထို့အပြင် တနင်္သာရီ မြို့နယ်မှာလည်း စစ်ကောင်စီတပ်ဟာ စစ်ကြောင်းထိုးရာ လမ်းတလျှောက်ရှိ ကျေးရွာများမှ ပြည်သူ ၁၀ ဦးကို အဓမ္မ စစ်မှုထမ်းခိုင်းဖို့ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ စစ်ကောင်စီတပ်ဖွဲ့ဟာ စစ်ကြောင်းထိုးဝင်ရောက်တဲ့ နေရာဒေသများမှ ပြည်သူများအား ဖမ်းဆီးခြင်း၊ အဓမ္မစေခိုင်းခြင်း၊ နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ကျေးရွာများရှိ ပြည်သူပိုင် ပစ္စည်းဥစ္စာများကို ခိုးယူခြင်းများကို လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။
တနင်္သာရီတိုင်း စစ်ဌာန ကွပ်ကဲမှုအောက်က ပြည်သူ့ကာကွယ်ရေး တပ်ရင်း၊ တပ်ဖွဲ့၊ စစ်ကြောင်းများအနေဖြင့် စစ်ကောင်စီ စစ်ကြောင်း ဝင်ရောက်တပ်စွဲတဲ့ နေရာများကို အချိန်မရွေး တိုက်ခိုက်သွားမှာ ဖြစ်တဲ့အတွက် မြိတ်- ပုလော အမှတ် (၈) ပြည်ထောင်စု လမ်းမကြီးနဲ့ မြိတ်- ဘုတ်ပြင်း လမ်းမကြီးများ၊ ၎င်းတို့နဲ့ ဆက်စပ်နေရာများမှ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်နဲ့ အနီးကပ် နေထိုင်ခြင်းမပြုဘဲ ကြိုတင်ရွှေ့ပြောင်းထားဖို့ အသိပေးထားပါတယ်။
========================
🚩🚩 ၃။ သီပေါမြို့ကို စစ်ကောင်စီတပ်က ပေါင် ၂၅၀ ဗုံး ၃ လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့
ဩဂုတ်လ ၃ ရက်၊
Radio NUG
ရှမ်းပြည်နယ် မြောက်ပိုင်း၊ တအောင်းတပ် (TNLA) တပ်မဟာ (၂) ထိန်းချုပ်နယ်မြေ၊ သီပေါမြို့ကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံး (၃) လုံး လာရောက်ကြဲချ ခဲ့တယ်လို့ PSLF/TNLA က ထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ ၃ ရက် နေ့လယ် ၂ နာရီ ၂၂ မိနစ် အချိန်မှာ သီပေါမြို့ရှိ စစ်ကောင်စီရဲ့ ခလရ (၂၃) တပ်စခန်းဟောင်း နေရာကို ပေါင် ၂၅၀ ဗုံး ၃ လုံး လာရောက်ကြဲချ ခဲ့တယ်လို့ ဆိုပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ခလရ ၂၃ တပ်ရင်းထဲရှိ ခန်းမကြီးနဲ့ ခန်းမဘေးက အဆောက်အဦး ၂ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် တပ်ရင်းအပြင် ရွာသစ်ဘေးမှာ တစ်လုံး ကျရောက်ခဲ့ပေမယ့် ပေါက်ကွဲခြင်း မရှိခဲ့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာ သီပေါမြို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းကနေ ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၄။ သံတွဲမြို့နယ်၊ ဂျိတ္တောရပ်ကွက်ကို စစ်ကောင်စီ ရေတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့
ဩဂုတ်လ ၃ ရက်၊
Radio NUG
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ဂျိတ္တောရပ်ကွက်ကို စစ်ကောင်စီ ရေတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့လို့ လူနေ အိမ် ၁ လုံး ပျက်စီးခဲ့တယ်လို့ Arakan Princess Media က ဖော်ပြထားပါတယ်။
ဩဂုတ်လ ၂ ရက်နေ့ ညနေ ၃ နာရီ ၃၅ မိနစ်ခန့်မှာ စစ်ကောင်စီ နေဗီစစ်သင်္ဘော တစ်စီးကနေ လက်နက်ကြီးဖြင့် လှမ်းပစ်ခဲ့ရာ ဂျိတ္တော အမှတ် (၄) ရပ်ကွက်က ဦးအောင်ထွန်းရဲ့ နေအိမ်ခြံဝင်းထဲကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ လက်နက်ကြီး ပေါက်ကွဲမှုကြောင့် နေအိမ် ခေါင်မိုး ထိခိုက်ပျက်စီးခဲ့ပေမယ့် လူထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။
ထို့အပြင် ညနေ ၃ နာရီ ၃၇ မိနစ်မှာ ၎င်းသင်္ဘောက နောက်တစ်ကြိမ် ထပ်မံပစ်ခတ်ခဲ့ရာ အမှတ် (၄) ရပ်ကွက်က ဦးစိန်အောင်ကြည်ရဲ့ နေအိမ် အနောက်ဘက်မှာ ကျရောက်ပေါက်ကွဲခဲ့ ပါသေးတယ်။
========================
🚩🚩 ၅။ ဂန့်ဂေါခရိုင်ဒရုန်းတပ်ဖွဲ့ရဲဘော်များကို ၆ကြိမ်မြောက် တပ်ရင်းထောက်ပံ့ငွေ ပေးအပ်
ဩဂုတ်လ ၃ရက်
Radio NUG
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ရေးတွင် ပါဝင်နေတဲ့ ဂန့်ဂေါခရိုင်၊ ဒရုန်းတပ်ဖွဲ့ရဲဘော်များအတွက် ၆ကြိမ်မြောက် တပ်ရင်းထောက်ပံ့ငွေပေးအပ်မှုကို မိဘပြည်သူများ၏ ပံ့ပိုးကူညီမှုဖြင့် အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း အဆိုပါတပ်ရင်းမှ ဩဂုတ်လ ၃ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
တော်လှန်ရေးကာလအတွင်း ရဲဘော်များသည် ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ အင်အားများကို အလုံးစုံပုံအပ်ထားရပြီး၊ ၎င်းတို့၏ မိသားစုနှင့် ချစ်ရသူများအတွက် တာဝန်လစ်ဟင်းသည့် အချိန်များလည်း ရှိခဲ့တယ်လို့ ဆိုထားပါတယ်။
ဂန့်ဂေါခရိုင်ဒရုန်းတပ်ဖွဲ့သည် တပ်ဖွဲ့အသုံးစရိတ်များကို ချွေတာခြင်းဖြင့် ရဲဘော်များအတွက် လိုအပ်သော ထောက်ပံ့ကူညီမှုများကို ဆက်လက်ဆောင်ရွက်နိုင်ခဲ့ပြီး ထိုထောက်ပံ့ငွေပေးအပ်မှုသည် မိဘပြည်သူများ၏ စွန့်ကူပံ့ပိုးမှုဖြင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း တပ်ဖွဲ့မှ ထုတ်ပြန်အသိပေးထားပါတယ်။
========================
🚩🚩 ၆။ မြင်းခြံခရိုင် အမှတ် (၄)နှင့် အမှတ်(၁၀) တပ်ရင်းက မွမ်းမံသင်တန်း အပတ်စဉ် (၂) သင်တန်းဆင်းပွဲ ကျင်းပခဲ့
ဩဂုတ်လ ၃ ရက်၊
Radio NUG
မြင်းခြံခရိုင်၊ အမှတ် (၄) တပ်ရင်း၊ အမှတ် (၁၀) တပ်ရင်း Natogyi People Defence Force မှ မွမ်းမံသင်တန်း အပတ်စဉ် (၂) သင်တန်းဆင်းပွဲကို ကျင်းပခဲ့တယ်လို့ Natogyi PDF က သတင်းထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ ၃ ရက်နေ့က ကျင်းပခဲ့တဲ့ မွမ်းမံ သင်တန်းဆင်းပွဲမှာ မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း နဲ့ အမှတ် (၁၀) တပ်ရင်းတို့ကို မဟာမိတ်တပ်ဖွဲ့က လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ သိရပါတယ်။
မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်းနဲ့ အမှတ် (၁၀) တပ်ရင်းအနေဖြင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံသစ် တည်ဆောက်ရေးအတွက် တတ်စွမ်းသမျှ အားသွန်ခွန်စိုက် လျှောက်လမ်းနေတယ်လို့ ဆိုပါတယ်။
မွမ်းမံသင်တန်းဆင်း ရဲဘော်များကို လက်နက်များ တပ်ဆင်ပေးခဲ့တဲ့ မဟာမိတ် တပ်ဖွဲ့အား ကျေးဇူးတင်ကြောင်းကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
========================
🚩🚩 ၇။ MRO/CDF-မတူပီ အခြေခံစစ်သင်တန်းအတွက် လူငယ်သင်တန်းသားသစ်များ ခေါ်ယူ
ဩဂုတ်လ ၃ ရက်
Radio NUG
ချင်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ (MRO/CDF-MATUPI) က အခြေခံစစ်ပညာသင်တန်းအပတ်စဉ်- ၂/၂၀၂၅) အတွက် သင်တန်းသားသစ်များ ခေါ်ယူနေကြောင်း သတင်းထုတ်ပြန်ပါတယ်။
ထိုသင်တန်းသည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရည်ရွယ်ထားပြီး မြန်မာနိုင်ငံအတွင်း မျိုးချစ်စိတ်ဓာတ်ရှိသော လူငယ်များအား တပ်ဖွဲ့တွင် ပါဝင်ရန် ဖိတ်ခေါ်ထားပါတယ်။
လျှောက်ထားလိုသူများသည် အသက် ၁၈ မှ ၃၅ နှစ်အတွင်း ဖြစ်ရမှာ ဖြစ်ပြီး ကိုယ်လက်အင်္ဂါ ပြည့်စုံကာ ကျန်းမာရေးကောင်းမွန်သူများ၊ တပ်စည်းကမ်းများကို လိုက်နာနိုင်သူများသာ လျှောက်ထားနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment