၂၀၂၅ သြဂုတ်လ ၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ စစ်အုပ်စု၏ ပညာရေးဖျက်ဆီးမှုများကို တွန်းလှန်ရန် ကလေးများအား ပညာသင်ယူခွင့်ပေးရေးနှင့် လုံခြုံသောပညာရေးပတ်ဝန်းကျင်ကို ဖန်တီးရန် လိုအပ်
📌 ၂။ စစ်ကောင်စီ၏ စစ်အုပ်ချုပ်ရေး ကြေညာမှုသည် ဂုဏ်သိက္ခာမဲ့မှု ထင်ရှားဖော်ပြခြင်းဟု ဦးခိုင်သုခ ပြောကြား
📌 ၃။ အကြမ်းဖက်စစ်အုပ်စုက လူ့အခွင့်အရေးအပိုဒ် ၃၀ ကို တစ်ချက်မှ လိုက်နာခြင်းမရှိကြောင်း စလင်းဒေသခံများ မှတ်ချက်ပြု
📌 ၄။ ဗန်းမော်မြို့သို့ စစ်သင်္ဘော ၉ စီး ရောက်ရှိ၊ ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးမှု ဖြစ်ပေါ်
📌 ၅။ ကရင်နီဒေသမှာရှိတဲ့ အခြေခံပညာကျောင်းပေါင်း (၂၁) ကျောင်းအတွက် စုစုပေါင်း (၉၄၅) သိန်းကျပ်အား ရန်ပုံငွေအဖြစ် ပေးအပ်
📌 ၆။ ၃၇နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ၈၈၈၈ထီးလှုပ်ရှားမှုမှာ Cobra Column 2 Venom ပါဝင်
========================
၂၀၂၅ ခုနှစ် သြဂုတ်လ ၃ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ မုံရွာ - မန္တလေး လမ်းပိုင်းမှာ ယာဉ်တန်းလုံခြုံရေး ယူထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ၂ ဦး သေဆုံး
🚩 ၂။ ကြအိုရွာမှ ပြည်သူပိုင် ပစ္စည်းများ ခိုးယူပြီး ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်
🚩 ၃။ ရွာငံမြို့နယ်တွင် ပျူစောထီးတပ်ဖွဲ့ဝင် ဖမ်းဆီးခံရပြီး ထွက်ပြေးရန်ကြိုးစားစဉ် ပစ်ခတ်မှုကြောင့် သေဆုံး
🚩 ၄။ တအောင်းဒေသမှာ ဇူလိုင်လအတွင်း စစ်ကောင်စီရဲ့ လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်း တိုက်ခိုက်မှုများကြောင့် ကလေးငယ် အပါအဝင် ပြည်သူ ၂၇ ဦး သေဆုံး
🚩 ၅။ ကျောက်မဲမြို့တွင် ဘုန်းကြီးတစ်ပါး မိုင်းနင်းမိပြီး ခြေတစ်ဖက် ပြတ်ထွက်
🚩 ၆။ KNDF အမှတ် (၉) တပ်ရင်း ၄ နှစ်ပြည့်နဲ့ အမှတ် (၆၀၆) စစ်ဦးစီးတပ် ၁ နှစ်ပြည့် အခမ်းအနားများကို အသီးသီး ကျင်းပခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ စစ်အုပ်စု၏ ပညာရေးဖျက်ဆီးမှုများကို တွန်းလှန်ရန် ကလေးများအား ပညာသင်ယူခွင့်ပေးရေးနှင့် လုံခြုံသောပညာရေးပတ်ဝန်းကျင်ကို ဖန်တီးရန် လိုအပ်
ဩဂုတ်လ ၂ရက်
Radio NUG
အကြမ်းဖက်စစ်အုပ်စု၏ ဗျူဟာသည် ပြည်သူများအား ပညာမတတ်စေရန် ထိန်းချုပ်ထားပြီး မျိုးဆက်သစ်များကို ဖိနှိပ်အုပ်ချုပ်ရန် ရည်ရွယ်သည့် အခြေအနေကို တော်လှန်ရန် ကလေးငယ်များအား ယခုအချိန်တွင် ပညာသင်ယူခွင့်နှင့် အသက်ရှင်သန်ခွင့် ပေးရန် လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
“တော်လှန်ရေးပြီးမှ ကလေးတွေ စာသင်ပေါ့လို့ တချို့တွေ ပြောကြတယ်။ ချက်ချင်းရေတွင်းတူးပြီး ချက်ချင်းရေကြည်သောက်ချင်လို့ မရတာမို့၊ နည်းပညာအသစ်တွေပေါ်လာပေမယ့် တိုင်းပြည်ပြိုပျက်သွားတာတွေ အရင်ရှင်းရဦးမှာမို့ တော်လှန်ရေးပြီးသွားတော့မှ နည်းပညာတွေနဲ့ ခုန်ကျော်ပျံတက် ပညာတတ်တွေ မြန်မြန်မွေးထုတ်မယ်လို့ စိတ်ကူးယဉ်လို့ မရပါဘူး ။ ” လို့ အသိပေးထားပါတယ်။
စစ်အုပ်စု၏ ပညာရေးဖျက်ဆီးမှုများကို တွန်းလှန်ရန် ကလေးများအား ပညာသင်ယူခွင့်ပေးရေးနှင့် လုံခြုံသောပညာရေးပတ်ဝန်းကျင်ကို ဖန်တီးရန် လိုအပ်ကြောင်း၊ ယခုအချိန်တွင် ကလေးများအား ပညာသင်ယူခွင့်မပေးပါက အနာဂတ်တွင် ရက်စက်ကြမ်းကြုတ်သော မျိုးဆက်များသာ ပေါ်ပေါက်လာနိုင်တယ်လို့ သတိပေးထားပါတယ်။
“ပညာသင်ချင်တဲ့ ကလေးငယ်တွေကို မိမိရဲ့ရင်သွေးငယ်သဖွယ် စာနာစိတ်နဲ့ ကာကွယ်ပေးကြမယ် ၊ ပျိုးထောင်ပေးကြမယ် ၊ အသက်ရှင်ခွင့်၊ ပညာသင်ယူခွင့်၊ အနာဂတ်အိပ်မက်တွေ မက်ခွင့်ပေးကြပါစို့ ”လို့ NUG ပညာရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။
ထို့ပြင်၊ ပြည်သူအားလုံးအနေဖြင့် ပျက်စီးနေသော တိုင်းပြည်ကို ပြန်လည်တည်ဆောက်ရာတွင် ကလေးများ၏ ပညာရေးကို ဦးစားပေးကာကွယ်ရန်နှင့် အနာဂတ်မျိုးဆက်သစ်များအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းထားပါတယ်။
========================
📌📌 ၂။ စစ်ကောင်စီ၏ စစ်အုပ်ချုပ်ရေး ကြေညာမှုသည် ဂုဏ်သိက္ခာမဲ့မှု ထင်ရှားဖော်ပြခြင်းဟု ဦးခိုင်သုခ ပြောကြား
ဩဂုတ်လ ၂ ရက်
Radio NUG
စစ်ကောင်စီသည် ရက္ခိုင်ပြည်နယ်ရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ် ၁၄ ခုနှင့် ချင်းပြည်နယ်ရှိ ကန်ပက်လက်မြို့နယ်အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် မြို့နယ် ၆၃ ခုကို ဇူလိုင်လ ၃၁ ရက်နေ့တွင် အရေးပေါ်အခြေအနေ ကြေညာခဲ့သည့်လုပ်ရပ်အပေါ် အာရက္ခတပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက “ကိုယ်မထိန်းချုပ်နိုင်တော့တဲ့ နေရာတွေမှာ စစ်အုပ်ချုပ်ရေး ကြေညာတာက စစ်ကောင်စီရဲ့ ဂုဏ်သိက္ခာမဲ့မှုကို ထင်ရှားပြသတာပါ” လို့ ပြောကြားကြောင်း People's Spring မှာ ဖော်ပြထားပါတယ်။
“စစ်ကောင်စီရဲ့ ပြည်သူတွေအပေါ် ခြိမ်းခြောက်မှုအားလုံးကို ကျွန်တော်တို့ အနီးကပ် စောင့်ကြည့်နေပါတယ်။ လိုအပ်ရင် သင့်လျော်စွာ တုံ့ပြန်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားထားပါတယ်။
ထို့ပြင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က စစ်ကောင်စီကို ဖျက်သိမ်းပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် (နလအ) အဖြစ် ပြန်လည်ဖွဲ့စည်းလိုက်သည့်လုပ်ရပ်နှင့်ပတ်သက်ပြီး “ဝိုင်အဟောင်းကို ပုလင်းအသစ်ထဲ ပြောင်းထည့်လိုက်ရုံနဲ့ အရသာ ပြောင်းလဲမသွားပါဘူး။ စစ်ကောင်စီရဲ့ ရက်စက်ယုတ်မာ၊ ကောက်ကျစ်တဲ့ မူဝါဒတွေ ဘာမှပြောင်းလဲမှာ မဟုတ်ပါ” ဟု ၎င်းက ထောက်ပြပြောဆိုထားပါတယ်။
စစ်ကောင်စီ၏ စစ်အုပ်ချုပ်ရေး ကြေညာမှုတွင် ကချင်ပြည်နယ်မှ ၅ မြို့နယ်၊ ကယားပြည်နယ်မှ ၃ မြို့နယ်၊ ကရင်ပြည်နယ်မှ ၂ မြို့နယ်၊ ချင်းပြည်နယ်မှ ၇ မြို့နယ်၊ စစ်ကိုင်းတိုင်းမှ ၉ မြို့နယ်၊ မကွေးတိုင်းမှ ၅ မြို့နယ်၊ မန္တလေးတိုင်းမှ ၃ မြို့နယ်၊ ရခိုင်ပြည်နယ်မှ ၁၄ မြို့နယ်၊ ရှမ်းပြည်နယ်မှ ၁၅ မြို့နယ်တို့ ပါဝင်ပါတယ်။
========================
📌📌 ၃။ အကြမ်းဖက်စစ်အုပ်စုက လူ့အခွင့်အရေးအပိုဒ် ၃၀ ကို တစ်ချက်မှ လိုက်နာခြင်းမရှိကြောင်း စလင်းဒေသခံများ မှတ်ချက်ပြု
ဩဂုတ်လ ၂ရက်
Radio NUG
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်အတွင်းက အမျိုးသားညီညွတ်ရေးအစိုးရ စိုးမိုးနယ်မြေကျေးရွာတစ်ခုမှာ ရှိတဲ့ ဒေသခံတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ လူ့အခွင့်ရေးရာတာဝန်ခံတွေက ဦးဆောင်ပြီး လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အခြေခံအကြောင်းအရာတွေကို ဆွေးနွေးပြောကြားပြီး သင်တန်းပို့ချတာတွေကို ဇူလိုင်လထဲမှာ ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။
ထိုသင်တန်းကို ကျေးရွာဒေသခံတွေနဲ့အတူ ပညာရေးစေတနာ့ဝန်ထမ်းများပါ တက်ရောက်ခဲ့ကြပြီး သင်တန်းပြီးဆုံးချိန်မှာ လူ့အခွင့်အရေး အပိုဒ် ၃၀ ကို သေချာသိမြင်လာသလို အကြမ်းဖက်စစ်အုပ်စုက ဒီအချက်တွေနဲ့ တစ်ချက်မှ မကိုက်ညီဘဲ ပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပြုလုပ်နေတာကို ပိုမိုသိရှိလာကြောင်း မှတ်ချက်ပြုခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၄။ ဗန်းမော်မြို့သို့ စစ်သင်္ဘော ၉ စီး ရောက်ရှိ၊ ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးမှု ဖြစ်ပေါ်
ဩဂုတ်လ ၂ရက်
Radio NUG
ဩဂုတ်လ ၂ ရက်နေ့တွင် စစ်ကောင်စီ၏ သင်္ဘောအုပ်စု ဗန်းမော်မြို့သို့ ဆိုက်ကပ်ခဲ့ပြီး ဒေသခံ ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့သလို အပြာရောင်အင်္ကျီများ ဝတ်ဆင်စေကာ သင်္ဘောပေါ်မှ ပစ္စည်းများ ချရန် အတင်းအဓမ္မ ခိုင်းစေခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။
ထို့ပြင် စစ်ကောင်စီတပ်သားများက မြို့တွင်း၌ လုံခြုံရေး အင်အားအများအပြား ချထားတယ်လို့ သိရပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သတင်းပြန်ကြားရေးဌာနမှ ဗိုလ်မှူးကြီးနော်ဘူက ဤသင်္ဘောများသည် စစ်အင်အားဖြည့်တင်းမှုထက် လက်နက်ခဲယမ်းနှင့် ရိက္ခာပစ္စည်းများ သယ်ယူပို့ဆောင်ရန် ရည်ရွယ်ခြင်းဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။
========================
📌📌 ၅။ ကရင်နီဒေသမှာရှိတဲ့ အခြေခံပညာကျောင်းပေါင်း (၂၁) ကျောင်းအတွက် စုစုပေါင်း (၉၄၅) သိန်းကျပ်အား ရန်ပုံငွေအဖြစ် ပေးအပ်
ဩဂုတ်လ ၂ ရက်
Radio NUG
ဩဂုတ်လ ၂ရက်နေ့တွင် ကရင်နီဒေသမှာရှိတဲ့ အခြေခံ ပညာကျောင်းပေါင်း (၂၁) ကျောင်းအတွက် စုစုပေါင်း (၉၄၅) သိန်းကျပ်အား ရန်ပုံငွေအဖြစ် ပေးအပ်ခဲ့ကြောင်း Clean Yangon မှ အသိပေးထုတ်ပြန်ပါတယ်။
၂၀၂၅ - ၂၀၂၆ ခုနှစ် ပညာသင်နှစ်အတွက် အခြေခံပညာကျောင်း (၂၁) ကျောင်းရှိ မူလတန်း ၊ အလယ်တန်း ၊ အထက်တန်း ကျောင်းသားဦးရေပေါ်မူတည်ကာ ကျပ်သိန်း (၃၀) ၊ ကျပ်သိန်း (၅၀) နှင့် ကျပ်သိန်း (၇၀) စီ အသီးသီးပေးအပ်ခဲ့ပြီး Clean Yangon မှ ပြည်တွင်းပြည်ပစေတနာရှင်များကိုယ်စား ထောက်ပံ့ကူညီခဲ့ခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ကရင်နီဒေသတွင် Clean Yangon အနေဖြင့်လည်း ပညာရေးကဏ္ဍအတွက် စာသင်ကျောင်း (၄၈) ကျောင်း ဆောက်လုပ်ပေးပြီး ဖြစ်လို့ သိရပါတယ်။
========================
📌📌 ၆။ ၃၇နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ၈၈၈၈ထီးလှုပ်ရှားမှုမှာ Cobra Column 2 Venom ပါဝင်
ဩဂုတ်လ ၂ ရက်
Radio NUG
ဥက္ကရစ်ထစခန်းကို ထိုးစစ်ဆင်အောင်ပွဲယူခဲ့သည့် တော်လှန်ရေးအင်အားစုများထဲမှ စစ်ကြောင်းတစ်ကြောင်းဖြစ်တဲ့ Cobra Column 2 Venom စစ်ကြောင်းရဲ့ စစ်ကြောင်းမှူး ဗိုလ်ကြီးစောဝင်းမြင့်မှ မကြာခင်ရောက်လာတော့မည့် ၃၇နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ၈၈၈၈ထီးလှုပ်ရှားမှုမှာ အသိအမှတ်ပြု ပါဝင်ပေးခဲ့ကြောင်း ရန်ကုန်လူထုသပိတ်အဖွဲ့မှ သတင်းထုတ်ပြန်ပါတယ်။
ရန်ကုန်လူထုသပိတ်အဖွဲ့မှလည်း Venom စစ်ကြောင်းမှူး ဗိုလ်ကြီးစောဝင်းမြင့်နှင့်အတူ တိုက်ပွဲဝင်ရဲဘော်များအားလုံး အထူးပင်လေးစားဂုဏ်ယူပါကြောင်း ဖော်ပြထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ မုံရွာ - မန္တလေး လမ်းပိုင်းမှာ ယာဉ်တန်းလုံခြုံရေး ယူထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ၂ ဦး သေဆုံး
ဩဂုတ်လ ၂ ရက်၊
Radio NUG
မုံရွာခရိုင်၊ ချောင်ဦးမြို့နယ်၊ မုံရွာ - မန္တလေး လမ်းပိုင်းပေါ်မှာ ယာဉ်တန်းလုံခြုံရေး ယူထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ၂ ဦး သေဆုံး ခဲ့တယ်လို့ People's Defence Force - South Monywa က ထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ ၁ ရက်နေ့ ညနေ ၃ နာရီ ၁၆ မိနစ် အချိန်တွင် နတ်ရေကန် နဲ့ ရေပိုးစားကြားမှာ လုံခြုံရေး ယူထားတဲ့ စစ်ကောင်စီ တပ်အင်အား ၇၀ ခန့်ကို ပဒေဿာမိုင်း ၃ လုံး တစ်ပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက် ခံရတာကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦး နေရာမှာပဲ သေဆုံးသွားခဲ့ပြီး အများအပြား ထိခိုက် ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က စက်လက်များ၊ လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် စစ်ဆင်ရေး ဆောင်ရွက်ခဲ့တဲ့ မုံရွာခရိုင် စစ်ဌာန၊ ဗျူဟာအမှတ် (၆၄)၊ မုံရွာခရိုင် အမှတ် (၁၁) တပ်ရင်း People's Defence Force - South Monywa ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
========================
🚩🚩 ၂။ ကြအိုရွာမှ ပြည်သူပိုင် ပစ္စည်းများ ခိုးယူပြီး ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်
ဩဂုတ်လ ၂ ရက်၊
Radio NUG
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ကြအိုကျေးရွာက ပြည်သူပိုင် ပစ္စည်းများကို ခိုးယူပြီး ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ၁၀ ဦး ထက်မနည်း ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ Black Eagle PDF - Bagan က ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၃၁ ရက်နေ့က ဂန့်ဂေါရွာမှ ထွက်လာသော တင့်ကား အပါအဝင် အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ကြအိုကျေးရွာမှာ ယာယီတပ်စွဲ ထားခဲ့ပြီး ပြည်သူ့ နေအိမ်များမှ ပစ္စည်းများကို ခိုးယူနေခဲ့တယ်လို့ ဆိုပါတယ်။
၎င်းစစ်ကြောင်းကို ဩဂုတ်လ ၁ ရက်နေ့ ကြအိုကျေးရွာမှ ထွက်လာချိန်မှာ Black Eagle PDF - Bagan တပ်ဖွဲ့က အသင့်စောင့်ကြိုပြီး ကြားဖြတ်တိုက်ခိုက် ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ဒု-စစ်ကြောင်းမှူး အပါအဝင် ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးသွားခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၃။ ရွာငံမြို့နယ်တွင် ပျူစောထီးတပ်ဖွဲ့ဝင် ဖမ်းဆီးခံရပြီး ထွက်ပြေးရန်ကြိုးစားစဉ် ပစ်ခတ်မှုကြောင့် သေဆုံး
ဩဂုတ်လ ၂ရက်
Radio NUG
ဩဂုတ်လ ၁ ရက်နေ့၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ မြင်းကျဒိုးရွာတွင် ပျူစောထီးတပ်ဖွဲ့ဝင် ကျော်မဲကို ရွာငံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) မှ ဖမ်းဆီးခဲ့သော်လည်း၊ စစ်ဆေးရန် ခေါ်ဆောင်လာစဉ် ၎င်းက ပြန်လည်ခုခံပြီး ထွက်ပြေးရန် ကြိုးစားခဲ့ရာ မဖြစ်မနေ ပစ်ခတ်ရှင်းလင်းခဲ့ရမှုကြောင့် သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ကျော်မဲသည် မြင်းကျဒိုးရွာ ပျူစောထီးခေါင်းဆောင် ဝင်းမြင့်၏ လက်ထောက်တစ်ဦးဖြစ်ပြီး၊ ရွာငံမြို့နယ်တောင်ပိုင်းတွင် လူသတ်မှု၊ နေအိမ်မီးရှို့မှု၊ ဂိတ်ကြေးကောက်ခံမှု၊ စစ်မှုထမ်းကြေးကောက်ခံမှုနှင့် ဒေသခံများထံမှ ငွေညှစ်တောင်းခံမှုများ ကျူးလွန်ခဲ့သူဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဖမ်းဆီးမှုအတွင်း လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခြင်း မရှိသော်လည်း၊ ပျူစောထီးအဖွဲ့များနှင့် ပတ်သက်သည့် အရေးပါသော အချက်အလက်များ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင်လ ၂၈ ရက်ညပိုင်းက ပကဖတပ်ဖွဲ့ဝင်များသည် ကျော်မဲနှင့် ၎င်း၏သားဖြစ်သူကို ဖမ်းဆီးရန် ကြိုးစားခဲ့သော်လည်း ကျော်မဲကိုသာ ဖမ်းဆီးနိုင်ခဲ့ပြီး၊ ၎င်း၏သားမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည့်အပြင် သေနတ်တစ်လက်မှာ ၎င်း၏ သားထံတွင် ရှိနေခဲ့တယ်လို့ ဆိုပါတယ်။
ကျော်မဲသည် စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး၊ ဝင်းမြင့်၏ လောင်းကစားလုပ်ငန်းနှင့် မူးယစ်ဆေးဝါးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးသူတစ်ဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ တအောင်းဒေသမှာ ဇူလိုင်လအတွင်း စစ်ကောင်စီရဲ့ လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်း တိုက်ခိုက်မှုများကြောင့် ကလေးငယ် အပါအဝင် ပြည်သူ ၂၇ ဦး သေဆုံး
ဩဂုတ်လ ၂ ရက်၊
Radio NUG
PSLF/TNLA ထိန်းချုပ်ရာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲ၊ မိုးကုတ်၊ နောင်ချို၊ မိုင်းငေါ့၊ သီပေါ၊ မိုင်းလုံမြို့ နဲ့ ကွတ်ခိုင်မြို့ တို့မှာ ဇူလိုင်လအတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် ကလေးငယ် အပါအဝင် ပြည်သူ ၂၇ ဦး သေဆုံးခဲ့တယ်လို့ PSLF/TNLA က ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လအတွင်း စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းတို့ဖြင့် ကြဲချပစ်ခတ် တိုက်ခိုက်ခဲ့ရာ နေအိမ် ၁၁၆ လုံး၊ စာသင်ကျောင်း ၂ ကျောင်းနဲ့ ဘုန်းကြီးကျောင်း ၂ ကျောင်း ထိမှန်ပျက်စီးခဲ့ပြီး ပြည်သူ ၂၇ ဦး သေဆုံးကာ ၈၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။
ကျောက်မဲမြို့နယ်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သံဃာ ၁ ပါး ပျံလွန်တော်မူခဲ့ကာ အမျိုးသား ၃ ဦး သေဆုံးခဲ့ပြီး အရပ်သား ၂၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် နေအိမ် ၄၅ လုံး၊ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အလားတူ နောင်ချိုမြို့နယ်မှာ လက်နက်ကြီး၊ ဒရုန်းနဲ့ ဂျက်ဖိုက်တာတို့ဖြင့် ဗုံးကြဲပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၄ ဦး သေဆုံးခဲ့ပြီး အရပ်သား ၆ ဦး ဗုံးစထိမှန် ဒဏ်ရာရခဲ့ကာ နေအိမ် ၁၇ လုံးနဲ့ ဘုန်းကြီးကျောင်းတို့ ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
မိုးကုတ်မြို့မှာလည်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ပြည်သူများ ရှိရာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၂ ဦး အပါအဝင် အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး ကလေး ၄ ဦး အပါအဝင် အရပ်သား ၄၃ ဦးထိ ဒဏ်ရာရခဲ့ကာ နေအိမ် ၃၈ လုံး ဗုံးစထိမှန် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အလားတူ သီပေါမြို့မှာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား ၂ ဦး သေဆုံးခဲ့ပြီး အရပ်သား ၅ ဦး ဒဏ်ရာရခဲ့ကာ နေအိမ် ၁၈ လုံးနဲ့ စာသင်ကျောင်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် မိုင်းလုံမြို့မှာ အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး နေအိမ် ၇ လုံး ပျက်စီးခဲ့ကာ ကွတ်ခိုင်မြို့နယ်မှာလည်း ကလေးငယ် ၁ ဦး၊ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ နေအိမ် ၅ လုံး ပျက်စီးခဲ့တယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၅။ ကျောက်မဲမြို့တွင် ဘုန်းကြီးတစ်ပါး မိုင်းနင်းမိပြီး ခြေတစ်ဖက် ပြတ်ထွက်
ဩဂုတ်လ ၂ရက်
Radio NUG
ဩဂုတ်လ ၂ ရက် နေ့လယ် ၂ နာရီခွဲဝန်းကျင်တွင် သက်တော် ၄၂ နှစ်အရွယ် ဦးနန္ဒဟု ခေါ်ဆိုသည့် ဘုန်းကြီးတစ်ပါးသည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ ရပ်ကွက်(၂)ရှိ နတ်စစ်လင်းဘုန်းကြီးကျောင်းအနီး ခြုံရှင်းနေစဉ် မိုင်းနင်းမိရာမှ ခြေတစ်ဖက် ပြတ်ထွက်သွားကြောင်း ရွှေဖီမြေသတင်းဌာနမှာ ဖော်ပြထားပါတယ်။
ဦးနန္ဒအား ဆေးကုသမှုခံယူရန် လားရှိုးဆေးရုံသို့ပို့ဆောင်ထားပြီး ဆေးကုသနေတယ်လို့ သိရပါတယ်။
တအာင်းတပ်မတော် (PSLF/TNLA) ထိန်းချုပ်ထားသည့် ကျောက်မဲမြို့တွင် ယခင်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ နတ်စစ်လင်းဘုန်းကြီးကျောင်းအတွင်း တပ်စွဲခဲ့ဖူးပြီး ယခုဖြစ်စဉ်တွင် နင်းမိသည့်မိုင်းမှာ ၎င်းတို့ထောင်ထားခဲ့သည့် မိုင်းဖြစ်နိုင်သည်ဟု ဒေသခံတစ်ဦးက သုံးသပ်ထားပါတယ်။
========================
🚩🚩 ၆။ KNDF အမှတ် (၉) တပ်ရင်း ၄ နှစ်ပြည့်နဲ့ အမှတ် (၆၀၆) စစ်ဦးစီးတပ် ၁ နှစ်ပြည့် အခမ်းအနားများကို အသီးသီး ကျင်းပခဲ့
ဩဂုတ်လ ၂ ရက်၊
Radio NUG
ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် - KNDF အမှတ် (၉) တပ်ရင်း ၄ နှစ်ပြည့် အခမ်းအနားကို ဩဂုတ်လ ၂ ရက်နေ့က အကျဉ်းချုပ် ပြုလုပ်ခဲ့တယ်လို့ အမှတ် (၉) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
လေးနှစ်ပြည့် တပ်မွေးနေ့မှာ ကရင်နီပြည် အလံအား အလေးပြုခြင်း၊ KNDF အလံအား အလေးပြုခြင်း၊ ကျဆုံး ရဲဘော်များအား အလေးပြုခြင်း အစီအစဉ်များဖြင့် အကျဉ်းချုပ် ပြုလုပ်ခဲ့ကာ မစ္ဆားတရားတော်မြတ် ပူဇော်ခြင်း အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
တော်လှန်ရေး ၄ နှစ်တာ ကာလအတွင်း KNDF အမှတ် (၉) တပ်ရင်းမှ ရဲဘော် ၄၃ ဦး အသက်ပေးဆပ်ခဲ့ကာ ၁၈ ဦး ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့ရတယ်လို့ သိရှိရပါတယ်။
အလားတူ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF အမှတ် (၆၀၆) စစ်ဦးစီးတပ် ဖွဲ့စည်းခြင်း ၁ နှစ်ပြည့် အခမ်းအနားကိုလည်း စိတ်ဓာတ်မြင့်တင်ရေး မွမ်းမံသင်တန်းဆင်းပွဲ နှင့်အတူ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
သြဂုတ်လ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ အခမ်းအနားမှာ အလံတင် အလေးပြုခြင်း၊ ကျဆုံးလေပြီးသော အာဇာနည် သူရဲကောင်းများအား အလေးပြုခြင်း၊ သစ္စာအဓိဌာန်ရွတ်ဆိုခြင်း၊ အဖွင့်ဆုတောင်းခြင်းများ ပြုလုပ်ခဲ့ပါတယ်။
ထို့နောက် KNDF မှ ဗျူဟာမှူးများ နဲ့ ဌာနမှူးများက အားပေးစကား ပြောကြားခြင်း၊ တပ်ရင်းမှူးနဲ့ ဒု-တပ်ရင်းမှူး တို့က အမှာစကား ပြောကြားခြင်း၊ နှစ်ပတ်လည် ကိတ်ခွဲခြင်း၊ ရဲဘော်များက သီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်း နဲ့ ဧည့်ခံကျွေးမွေးခြင်း အစီအစဉ်များ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
========================
🚩🚩 ၇။ ဇီးဖြူကုန်း ပျူရွာ တိုက်ပွဲမှာ ယင်းမာပင်ခရိုင် တပ်ရင်း (၆) ဒု-တပ်ရင်းမှူး ကျဆုံး
ဩဂုတ်လ ၂ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်း ပျူရွာ တိုက်ပွဲမှာ ဒု-တပ်ရင်းမှူး ဦးကံ (ခ) ဗိုလ်စစ်မုန်း ကျဆုံးခဲ့တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း (၆) က သတင်းထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၃၀ ရက်နေ့က ဇီးဖြူကုန်း ပျူရွာ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဘက်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီး ထိမှန်ခဲ့တာကြောင့် ဗိုလ်စစ်မုန်း အပါအဝင် တပ်ဖွဲ့ဝင် ၄ ဦး ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့တဲ့ ဗိုလ်စစ်မုန်းရဲ့ ရုပ်အလောင်းကို ရဲဘော်တွေက ကာပစ်ရင်း ရအောင် ထမ်းထုတ် သယ်ယူ နိုင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ပွဲအတွင်း ရဲဘော် တချို့လည်း ထိခိုက်ဒဏ်ရာ ရတာတွေ ရှိခဲ့ပြီး ဆေးဝါးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။
ကျဆုံးသွားခဲ့တဲ့ ရဲဘော်တွေကို ဩဂုတ်လ ၁ ရက်နေ့မှာ ကောင်းမွန်စွာ သဂြိုလ်ပေးခဲ့ပြီး နာရေးပြုလုပ်နေစဉ်မှာလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။
တိုက်ပွဲပေါင်း ရာဂဏန်းနီးပါးကို ကွန်မန်ဒါအဖြစ် ရဲဘော်တွေရဲ့ ရှေ့ကနေ ဦးဆောင်တိုက်ပွဲဝင်ခဲ့တဲ့ ဒုတပ်ရင်းမှူး ဦးကံ (ခ) ဗိုလ်စစ်မုန်း ကျဆုံးသွားတာဟာ တော်လှန်ရေးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခု ဖြစ်ပြီး ရဲဘော်တွေ အနေနဲ့ ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ဘူးလို့ အသိပေးထားပါတယ်။
========================
🚩🚩 ၈။ မုံရွာ - မန္တလေး အထိုင်စခန်းက စစ်ကောင်စီ ဒု-တပ်ကြပ် တစ်ဦး လက်နက်နဲ့ အလင်းဝင်
ဩဂုတ်လ ၂ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေး လမ်းပေါ်ရှိ စစ်ကောင်စီ အထိုင်စခန်းမှာ တာဝန်ကျနေတဲ့ ဒုတပ်ကြပ် တစ်ဦး လက်နက်နဲ့ အလင်းဝင်လာတယ်လို့ Urban Hunter Force - UHF အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၂၈ ရက်နေ့က ဒု-တပ်ကြပ် အဆင့်ရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင် တစ်ဦးဟာ UHF (ပြည်သူ့ကာကွယ်ရေး) တပ်ဖွဲ့ထံကို ဆက်သွယ်အလင်းဝင်ခဲ့တယ်လို့ ဆိုပါတယ်။
အလင်းဝင် စစ်ကောင်စီ ဒု-တပ်ကြပ်ဟာ MA-3 တစ်လက်၊ ကျည်ဘောက် ၂ ခုနဲ့ 5.56 ကျည် ၄၀ တောင့် တို့ကို ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။
လက်နက်နဲ့တကွ အလင်းဝင်ရောက်လာခဲ့တဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်အား ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၄၀ ချီးမြှင့်ပေး ခဲ့တယ်လို့ သိရပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အနေဖြင့် ပြည်သူ့ရင်ခွင် ခိုလှုံကာ ပြည်သူ့မေတ္တာများ ရယူကြဖို့ UHF က တိုက်တွန်းထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment