၂၀၂၅ စက်တင်ဘာလ ၅ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ ဆိုးရွားနေတဲ့အတွက် အသက်အန္တရာယ် စိုးရိမ်တယ်လို့ သားဖြစ်သူ Kim Aris ပြော
📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးကို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ဦးဆောင်ကျင်းပ
📌 ၃။ ”ညီညွတ်ဖို့နဲ့ လက်တွဲညီညီလုပ်ကြဖို့ အချိန်တန်ပြီ"လို့ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်တိုက်တွန်း
📌 ၄။ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ မင်းတပ်မှာ မြို့နယ်လုံးကျွတ် သန်းခေါင်စာရင်းကောက်
📌 ၅။ Daung's Australia Tour 2025ဖျော်ဖြေပွဲတွက်သရုပ်ဆောင်ဒေါင်းသြစတြေးလျနိုင်ငံရောက်ရှိ
========================
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၅ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ပေါင်းတည်မှာ အင်အား တရာနီးပါးရှိတဲ့ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံး
🚩 ၂။ ပွင့်ဖြူမြို့နယ်မှာ အင်အား ၂၀၀ ခန့်ပါတဲ့ စစ်အုပ်စုစစ်ကြောင်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ရာမှာ စစ်သား ၂၀ ကျော် သေဆုံးပြီး များစွာဒဏ်ရာရ
🚩 ၃။ ပဲခူးရိုးမပေါ် စစ်တပ်စစ်ကြောင်းထိုးနိုင်ဖို့ ရှေ့ပြေးထွက်လာတဲ့ ပျူစောထီးယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာမှာ ပျူစောထီးတဦး သေဆုံး
🚩 ၄။ ဗန်းမော်ကိုရောက်နေတဲ့ စစ်သင်္ဘောတွေ ဧရာဝတီမြစ်အတိုင်း ပြန်ဆင်းလာတဲ့အတွက် မြစ်ကြောင်းတလျောက် နေထိုင်သူတွေ သတိရှိကြဖို့ ကာကွယ်ရေးအဖွဲ့တွေ နှိုးဆော်
🚩 ၅။ ကျိုက်ထို၊ ဘီးလင်းနဲ့ သထုံမြို့နယ်က ကျေးရွာတွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့အမည်ကိုသုံးပြီး ငွေကြေး လိမ်လည် တောင်းခံတာတွေရှိနေတယ်လို့ KRF သတိပေး
🚩 ၆။ နမ့်ဆန်မြို့နယ်မှာ ရဲတပ်ဖွဲ့က နေအိမ်ဖောက်ထွင်းသူတဦးကို ဖမ်းဆီးရမိ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ ဆိုးရွားနေတဲ့အတွက် အသက်အန္တရာယ် စိုးရိမ်တယ်လို့ သားဖြစ်သူ Kim Aris ပြော
စက်တင်ဘာလ (၅)ရက်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ ဆိုးရွားနေတဲ့အတွက် အသက်အန္တရာယ်ထိခိုက်မှာ စိုးရိမ်တဲ့အကြောင်း သားဖြစ်သူ Kim Aris က ဒီနေ့ စက်တင်ဘာ ၅ ရက်မှာ လူမှုကွန်ရက်ကနေတဆင့် ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေ ဆိုးရွားနေတာကို သိရတဲ့အတွက် အလွန် စိတ်ထိခိုက်ရပြီး ထိန်းသိမ်းခံထားရတဲ့ အခြေအနေကြောင့် နှလုံးရောဂါဟာ အဆိုးဖက်ဘက်ကို ရောက်လာရကြောင်းနဲ့ ပြင်ပက နှလုံး အထူးကုဆရာဝန်နဲ့ ပြသခွင့်ရဖို့ တောင်းဆိုထားပေမယ့် ဒီတောင်းဆိုချက်ကို ခွင့်ပြုပေးတာ ရှိ၊ မရှိကိုတော့ သူအနေနဲ့ မသိရသေးဘူးလို့ ဆိုပါတယ်။
ဒါဟာ အင်မတန်မှ လူမဆန် ရက်စက်လွန်းတဲ့ လက်ခံနိုင်စရာမရှိတဲ့ လုပ်ရပ်ဖြစ်တယ်လို့ Kim Aris က ရုပ်သံမှတ်တမ်း ကနေ ထုတ်ဖော်ပြောဆိုထားပါတယ်။
Kim Aris လို့ လူသိများတဲ့ ကိုထိန်လင်းက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပေးဖို့လည်း တဆက်တည်း တောင်းဆိုထားပါတယ်။
ဒီတောင်းဆိုချက်ဟာ မြန်မာနိုင်ငံ အနာဂတ်အတွက်လည်းဖြစ်တယ်လို့ Kim Aris က ဆက်ပြောထားပါတယ်။
ကျန်းမာရေးအခြေအနေ ဆိုးရွားလာနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်အုပ်စုအနေနဲ့ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ပေးဖို့၊ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ ဝင်ရောက်ကူညီပေးဖို့ ကိုထိန်လင်းက တိုက်တွန်းထားတဲ့အကြောင်း လန်ဒန်အခြေစိုက် အင်ဒီးပင်းဒင့် သတင်းစာကလည်း အထူးသတင်းအဖြစ် ဖော်ပြထား ပါတယ်။
ဒါ့အပြင် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဝီလီယမ် ဟေ့က တောင်းဆိုထားတဲ့အကြောင်းလည်း ဗြိတိန်သတင်းစာ The Independent က သတင်းဆောင်းပါးအနေနဲ့ ဖော်ပြထားပါ တယ်။
========================
📌📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးကို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ဦးဆောင်ကျင်းပ
စက်တင်ဘာလ (၅)ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၃၁/၂၀၂၅) ကို စက်တင်ဘာလ ၄ရက်မနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပရာ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၃၀/၂၀၂၅)တွင် ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်ချက်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၃။ ”ညီညွတ်ဖို့နဲ့ လက်တွဲညီညီလုပ်ကြဖို့ အချိန်တန်ပြီ"လို့ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်တိုက်တွန်း
စက်တင်ဘာလ (၅)ရက်
"ညီညွတ်ဖို့နဲ့ လက်တွဲညီညီလုပ်ကြဖို့ အချိန်တန်ပြီ"လို့ ဆက်သွယ်ရေး၊သတင်းအချင်အလက်နှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်မှ စက်တင်ဘာ၅ရက်မှာ တိုက်တွန်းဆိုလိုက်ပါတယ်။
"PEACE ဆိုတဲ့ ''ငြိမ်းချမ်းရေး'' စကားလုံးတွေ တွင်တွင်သုံးနေကြသူတွေက အသက် ၈၀ အရွယ် လူထုခေါင်းဆောင်ကို လွှတ်မပေး၊ သူတို့ရဲ့ Scam Election ကိုတော့ ဘယ်လိုပဲလူထုက သဘောမတူသည်ဖြစ်စေ ဆက်လုပ်ပြီး နန်းတက်ချင်နေသူတွေ။ ဒီအချိန်မှာ ညီညွတ်ကြပါလို့ ပြောရတာ လွယ်သလောက် လက်တွေ့ညီညွတ်ဖို့ ခက်ခဲနေအုံးမယ်ဆိုရင် ရှေ့အနာဂတ်မှာပိုခက်ခဲကြမ်းတမ်းလာနိုင်တယ်။ ဒီတော့ အတ္တတွေဘေးဖယ်ပြီး ညီညွတ်ဖို့နဲ့ လက်တွဲညီညီလုပ်ကြဖို့ အချိန်တန်ပြီ။ တော်လှန်ရေးအင်အားစုတွေကလည်း ရှိတဲ့အင်အားထက်နောက်ထပ်ပိုမိုအင်အားကောင်းလာအောင် ဘက်ပေါင်းစုံ နေရာပေါင်းစုံအရင်းအမြစ်ပေါင်းစုံ (Resources) ပိုမိုပါဝင်လာအောင် စည်းရုံးအားဖြည့်ရမယ့်အချိန်ရောက်ပါပြီ"လို့ ဝန်ကြီးကဆိုထားပါတယ်။
========================
📌📌 ၄။ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ မင်းတပ်မှာ မြို့နယ်လုံးကျွတ် သန်းခေါင်စာရင်းကောက်
စက်တင်ဘာလ (၅)ရက်
ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ ထိထိရောက်ရောက် လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ မင်းတပ်မှာ မြို့နယ်လုံးကျွတ် သန်းခေါင် စာရင်းကောက်ခံတာနဲ့ အိမ်ထောင်စု လူဦးရေစာရင်းတွေ စနစ်တကျ လုပ်ဆောင်ပေးနေတယ်လို့ မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ဒါဟာ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ ထိထိရောက်ရောက် လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့အပြင် အရပ်ဘက်အဖွဲ့ အစည်းတွေနဲ့ ပိုပြီး အနီးကပ် ချိတ်ဆက်လုပ်ဆောင်နိုင်ဖို့လည်း ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် မင်းတပ်မြို့နယ်အတွင်း နေထိုင်ကြတဲ့ ပြည်သူလူထုအနေနဲ့လည်း သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေ၊ တာဝန်ရှိသူ တွေနဲ့ ပူးပေါင်းပါဝင်ကူညီပေးကြဖို့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေတ္တာရပ်ခံထားပါတယ်။
ဒီ အိမ်ထောင်စုစာရင်းဟာ ကြားကာလ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြဌာန်းထားတဲ့ အိမ်ထောင်စုစာရင်း ဖြစ်ပြီး အိမ်ထောင်စုစာရင်း ပြောင်းတာ၊ အိမ်ထောင်စုစာရင်းမှာပါတဲ့သူတွေ သေဆုံးတာ၊ အိမ်ထောင်စုစာရင်းမှာပါတဲ့ အမျိုးသမီးတွေ ကလေးမွေးဖွားတာမျိုးတွေရှိရင် ရပ်ကွက်၊ကျေးရွာ၊ တိုက်နယ်အဆင့်ကနေ မြို့နယ်အဆင့် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့တွေဆီမှာ သတင်းပေးပို့ရမယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီ အိမ်ထောင်စုစာရင်းပုံစံဟာ မင်းတပ်မြို့နယ်အတွင်းမှာပဲ ကိုင်ဆောင်ခွင့်ရှိတယ်လို့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ထုတ်ပြန်ကြေညာထားပါတယ်။
========================
📌📌 ၅။ Daung's Australia Tour 2025ဖျော်ဖြေပွဲတွက်သရုပ်ဆောင်ဒေါင်းသြစတြေးလျနိုင်ငံရောက်ရှိ
စက်တင်ဘာလ (၅)ရက်
Daung's Australia Tour 2025ဖျော်ဖြေပွဲတွက် သရုပ်ဆောင်ဒေါင်းဟာ သြစတြေးလျနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်တယ်လို့ သိရှိရပါတယ်။
"Daung's Australia Tour 2025အတွက် ပထမခရီးစဉ် မယ်လ်ဘုန်းမြေကို ချောမောစွာရောက်ရှိခဲ့ပါပြီ။ ခရီးစဉ်အစအဆုံး သတင်းမေးစောင့်မျှော်ရင်း၊ အခက်အခဲမှန်သမျှ ဂရုစိုက်နဲ့ ချက်ခြင်းဖြေရှင်းပေးခဲ့ကြတဲ့ စီစဉ်ပေးသူများကို အထူးပဲကျေးဇူးတင်ပါတယ်။ လာရောက်ကြိုဆိုကြတဲ့သူများအနေနဲ့လည်း ကျနော်တို့ရဲ့ လေဆိပ်ဆိုက်ရောက်အစီအစဉ်များမှာ မထင်မှတ်ပဲ ကြန့်ကြာနေခဲ့ပေမယ့် စိတ်ရှည်စွာနဲ့ စောင့်ဆိုင်းပြီး ကြိုဆိုခဲ့ကြတယ်။ နောက်ပြီး ကျနော်အပါအဝင် အဖွဲ့သားတွေအတွက် သွားတိုက်ဆေးနဲ့ ဆေးဝါးတွေကအစ၊ တယောက်ခြင်းစီအတွက် လိုအပ်နိုင်မယ့်အရာတွေကို အသေးစိတ်ဖြည့်ဆည်းပြီး ဂရုတစိုက်ဧည့်ဝတ်ပြုကြပါတယ်။ အယောက်ခြင်းဆီရဲ့ မေတ္တာတွေနဲ့ နွေးထွေးလုံခြုံမှုကို ခံစားလိုက်ရလို့ ကျေးဇူးတင်ပါတယ်"လို့သရုပ်ဆောင်ဒေါင်းကအသိပေးဆိုထားပါတယ်။
နွေဦးတော်လှန်ရေးရဲ့ ကြယ်တပွင့်ဖြစ်တဲ့သရုပ်ဆောင် "ဒေါင်း" ရဲ့ ပထမဦးဆုံး ဂီတဖျော်ဖြေပွဲကို သြစတြေးလျနိုင်ငံခရီးစဥ်အဖြစ် ပထမဆုံး ရွေးချယ်ခဲ့ပြီး ဖျော်ဖြေပွဲတွေမှာ လက်မှတ်ရောင်းရငွေအားလုံး၊ ပွဲအထိမ်းအမှတ်ပစ္စည်းရောင်းရငွေအားလုံး၊ အစားအစာရောင်းရငွေအားလုံး၊ လေလံတင်ပစ္စည်းများ ရောင်းရငွေအားလုံးရဲ့ ၉၀% ကို NUG ရဲ့ ငွေအလိုအပ်ဆုံး ဝန်ကြီးဌာန (၁) ခုထဲကို လှုဒါန်းမှာ ဖြစ်ပါတယ်၊ ကျန် ၁၀% ကို NUG သတင်းထုတ်ပြန်ရေးယူနစ်ကို လှုဒါန်းမှာ ဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် သာကီနှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ပေါင်းတည်မှာ အင်အား တရာနီးပါးရှိတဲ့ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံး
စက်တင်ဘာလ (၅)ရက်
ပဲခူးတိုင်းအနောက်ခြမ်း ပြည်ခရိုင် ပေါင်းတည်မြို့နယ်မှာ အင်အား တရာနီးပါးရှိတဲ့ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးပြီး ၅ ဦး ပြင်းထန်ဒဏ်ရာရသွားတယ်လို့ PPDF 3601 တပ်ရင်းက ဒီနေ့ စက်တင်ဘာ ၅ ရက်မှာ ထုတ်ပြန်လာပါတယ်။
ပေါင်းတည်မြို့နယ် ညောင်ပင်နီအုပ်စုက ကျောက်ကြီးတောင်နဲ့ ညောင်ပင်နီရွာကြားမှာ အင်အား ၉၂ ဦးပါတဲ့ စစ်တပ်စစ်ကြောင်းကို စက်တင်ဘာ ၃ ရက်မှာ တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီနေ့ မနက် ၉ နာရီ ၄ဝ မှာ ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်မှာရှိတဲ့ ၃၆၀၁ တပ်ရင်း တပ်ခွဲ ၁ က ပဒေသာမိုင်း ၄ လုံး၊ မနက် ၁ဝ နာရီမှာ ၃၆၀၁ တပ်ရင်း တပ်ခွဲ ၂ က ပဒေသာမိုင်း ၄ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ပြီး မနက် ၁ဝ နာရီ ၁ဝ မိနစ်မှာ ၃၆၀၁ တပ်ရင်း စနိုက်ဘာအဖွဲ့က လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့လည်း အသိပေးပါတယ်။
တော်လှန်ရေးတပ်တွေရဲ့ မိုင်ဆွဲတိုက်ခိုက်မှုနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် စစ်သား ၆ ဦး သေဆုံးပြီး ၅ ဦး ပြင်းထန် ဒဏ်ရာ ရသွားတာကို မျက်မြင်တွေ့ခဲ့ရတယ်လို့ PPDF 3601 တပ်ရင်း တာဝန်ခံက ပြောပါတယ်။
သေဆုံးသွားသူတွေနဲ့ဒဏ်ရာရသွားသူတွေကို ကျောက်ကြီးတောင်စခန်းထိ အထမ်းတွေနဲ့သွယ်သွားပြီး အဲဒီကနေမှ မှတ္တိုင်ရွာဘက်ကတက်လာတဲ့ ဖောကား ၂ စီးနဲ့ ရွှေတောင်မှာရှိတဲ့ ကုတင် ၁ဝဝ စစ်ဆေးရုံကို သယ်သွားတယ်လို့ PPDF 3601 တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
ပေါင်းတည်နယ်မှာ စစ်တပ်ဘက်က အထိနာသွားတဲ့အတွက် စက်တင်ဘာ ၃ ရက် ညနေ ၃ နာရီခွဲအချိန်မှာ ရွှေတောင်မြို့ နယ် ဘို့လည်ကုန်းတပ်ထဲကနေ စက်တပ်လေထီး ၂ စင်းနဲ့ ရိုမပေါ်တက်လာပြီး ပေါင်းတည်နယ်က လက်ပံခုံရွာနဲ့ တောင်ခမောက်ရွာက ပြည်သူပိုင်အိမ်တွေပေါ်ကို ပေါင်တရာဗုံးသီး ၆ လုံး ကြဲချခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
========================
🚩🚩 ၂။ ပွင့်ဖြူမြို့နယ်မှာ အင်အား ၂၀၀ ခန့်ပါတဲ့ စစ်အုပ်စုစစ်ကြောင်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ရာမှာ စစ်သား ၂၀ ကျော် သေဆုံးပြီး များစွာဒဏ်ရာရ
စက်တင်ဘာလ (၅)ရက်
မကွေးတိုင်း မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်မှာ အင်အား ၂၀၀ ခန့်ပါတဲ့ စစ်အုပ်စု စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုဘက်က ၂ဝကျော် သေဆုံးပြီး ဒစ်ရာ၇သူတွေလည်း များတယ်လို့ မြိုင် ပကဖ က ဒီနေ့ စက်တင်ဘာ ၅ မှာ ထုတ်ပြန်ပါတယ်။
ပွင့်ဖြူမြို့နယ် ညောင်ကိုင်းကျေးရွာ အနောက်မြောက်ဘက် မြေနီကုန်းတောကျောင်းအနီးကိုရောက်နေပြီး မဲဇလီရွာ စခန်း ကုန်းက ဆင်းလာတဲ့ စစ်သားတွေနဲ့ ပျူတွေကို မနေ့ စက်တင်ဘာ ၄ ရက်နေ့က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မိနစ် ၃၀ ခန့်ကြာတဲ့တိုက်ပွဲမှာ စစ်တပ်ဘက်မှ ၂၁ ဦးသေဆုံးတဲ့အပြင် အများအပြားဒဏ်ရာရသွားတာလို့ အသိပေးပါတယ်။
ဒီစစ်ကြောင်းမှာ အင်အား ၂၀၀ ခန့်ရှိပြီး အကြမ်းဖက်စစ်တပ် တပ်ရင်းတွေဖြစ်တဲ့ ခလရ ၂၅၃၊ ၂၅၄၊ ၂၅၅၊ ဝါတပ်၊ မဲဇလီ စခန်းကုန်းက စစ်သားတွေအပြင် ကျောင်းကုန်းကြီး၊ ရွာခိုင်၊ ကုန်းဇောင်းတို့က ပျူစောထီးတွေလည်းပါတယ်လို့ သိရပါတယ်။
အဲဒီစစ်ကြောင်းကို မြိုင် ပကဖ၊ မင်းဘူးခရိုင် တပ်ရင်း ၄၊ မြိုင်/ပေါက် ပကဖ စုဖွဲ့မှုနဲ့ မြိုင်/ပေါက် Drone Team တပ်၊ ပခုက္ကူ ပကဖ၊ ပွင့်ဖြူမြို့နယ် ပလဖ တို့က စုစည်းညီညွတ်စွာနဲ့ နယ်မြေမခွဲခြားဘဲ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ စစ်အုပ်စု စစ်ကြောင်းဟာ အင်အားအများအပြားဖြည့်တင်းပြီး ရှေ့ဆက်တိုးဖို့ ပြင်ဆင်နေတာကြောင့် တော်လှန် ရေးတပ်ဖွဲ့တွေဘက်ကလည်း အသင့်နေရာယူထားပြီး ပြန်လည်တိုက်ခိုက်နိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ ပဲခူးရိုးမပေါ် စစ်တပ်စစ်ကြောင်းထိုးနိုင်ဖို့ ရှေ့ပြေးထွက်လာတဲ့ ပျူစောထီးယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာမှာ ပျူစောထီးတဦး သေဆုံး
စက်တင်ဘာလ (၅)ရက်
ပဲခူးတိုင်းအနောက်ခြမ်း အုတ်ဖိုမြို့နယ်အပိုင်ထဲက ပဲခူးရိုးမပေါ်မှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးနိုင်ဖို့ ရှေ့ပြေးထွက် လာတဲ့ ဆိုင်ကယ် ၅ စီးပါ ပျူစောထီးယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာမှာ ပျူစောထီးတဦး သေဆုံးပြီး ဆိုင်ကယ်တစီး သိမ်းဆည်းရရှိခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက ဒီနေ့ စက်တင်ဘာ ၅ ရက်မှာ ထုတ်ပြန်လာပါတယ်။
အေးမြသာယာမြို့က ပျူခေါင်းဆောင် ဝန ဦးဆောင်တဲ့ ဆိုင်ကယ် ၅ စီးပါ ယာဥ်တန်းကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို ရဲဘော်တွေက စက်တင်ဘာ ၃ ရက် နေ့လည် ၂နာရီခွဲအချိန်မှာ စဥ့်ကူးချောင်းဂေါင်းဆည် တာဘောင်ပေါ်ကနေ စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုမှာ တော်လှန်ရေးရဲဘော်တွေနဲ့ ပျူစောထီးအဖွဲ့တို့ကြား အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ခဲ့ရာမှာ ပျူစောထီး ကျော်ဝင်းစိန် သေဆုံးသွားခဲ့ပြီး ကျန်တဲ့ ပျူစောထီးတွေ ဖရိုဖရဲ ထွက်ပြေးသွားတာကြောင့် ဆိုင်ကယ်တစီး သိမ်းဆည်းရရှိ ခဲ့တာလို့ အသိပေးပါတယ်။
လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးပြီး ငွေညှစ်နေတဲ့ ပျူခေါင်းဆောင် ဝနဟာ လက်ရှိမှာ သူ့အိမ်မှာမနေရဲတော့ပဲ ပုန်းခိုနေ တယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။
ပြည်သူလူထုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ဒုက္ခပေးနေတဲ့ စစ်သားတွေကိုသာမက စစ်တပ်ထောက်တိုင်တွေကိုပါ အရှိန်မြင့် တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့ လည်း စစ်အုပ်စုရှိတဲ့နေရာ အနီးတဝိုက် သွားလာနေထိုင်မျိုးမလုပ်ဖို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို အသိပေး နှိုးဆော်ထားပါတယ်။
========================
🚩🚩 ၄။ ဗန်းမော်ကိုရောက်နေတဲ့ စစ်သင်္ဘောတွေ ဧရာဝတီမြစ်အတိုင်း ပြန်ဆင်းလာတဲ့အတွက် မြစ်ကြောင်းတလျောက် နေထိုင်သူတွေ သတိရှိကြဖို့ ကာကွယ်ရေးအဖွဲ့တွေ နှိုးဆော်
စက်တင်ဘာလ (၅)ရက်
ကချင်ပြည်နယ် ဗန်းမော်မြို့ကို ရောက်နေတဲ့ စစ်သင်္ဘောတွေ ဒီနေ့ စက်တင်ဘာ ၅ ရက် မနက်ပိုင်းမှာ ဧရာဝတီ မြစ်အတိုင်း ပြန်လည်စုန်ဆင်းလာတဲ့အတွက် မြစ်ကြောင်းတလျောက်နေထိုင်သူတွေ သတိရှိကြဖို့ ကာကွယ်ရေးအဖွဲ့တွေက တိုက်တွန်း နှိုးဆော်ထားပါတယ်။
အကြမ်းဖက် စစ်တပ်ရဲ့ စစ်သင်္ဘောတွေဟာ ဗန်းမော်က ဒေသနေပြည်သူတွေရဲ့ စည်းစိမ် ဥစ္စာ ပစ္စည်းမျိုးစုံကို ခိုးယူ တင်ဆောင်ပြီး ဒီနေ့ စက်တင်ဘာ ၅ ရက် မနက် ၇ နာရီအချိန်မှာ ဗန်းမော်ကနေ စုန်ဆင်းသွားပြီဖြစ်ကာ စစ်ရေယာဉ်တွေကို Y-12 လေယာဉ်က ဝေဟင်ကနေ လုံခြုံရေး ယူပေးနေတယ်လို့ သိထားတယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တဦးက အသိပေးပါတယ်။
စုန်ဆင်းသွားတဲ့ စစ်သင်္ဘောအုပ်မှာ စစ်သင်္ဘော ၆ စင်းပါတယ်လို့သိရပြီး အဲဒီ စစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁ ရက်နေ့ကပဲ ဗန်းမော်မြို့ကို ရိက္ခာ၊ လက်နက်ခဲယမ်းနဲ့လူအင်အားတွေတင်ပို့ခဲ့တဲ့ စစ်သင်္ဘောတွေလို့ ဒေသတွင်းသတင်းတွေ ကို ဖော်ပြနေတဲ့ Kachin News Group မှာ ဖော်ပြထားပါတယ်။
အခုလို စစ်သင်္ဘောတွေ စုန်၊ ဆန်သွားလာတဲ့အခါမှာ လမ်းကြောင်းရှင်းဖို့ မြစ်ကမ်းနဘေးက ကျေးရွာတွေကို လေကြောင်း ကနေတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်လေ့ရှိတဲ့အတွက် မြစ်ကမ်းနဘေးမှာ နေထိုင်သူတွေအနေနဲ့ အထူးဂရုစိုက်ကြဖို့ KIA ရှေ့တန်းသတင်းရင်းမြစ်ရဲ့အဆိုကို ကိုးကားပြီး တိုက်တွန်းထားပါတယ်။
ဗန်မော်ကိုရောက်နေတဲ့ စစ်သင်္ဘောတွေ ထွက်ခွာသွားချိန်မှာပဲ စစ်ကိုင်းတိုင်း ကသာမြို့ကနေ စစ်သားပါတဲ့ စစ်သင်္ဘော ၅ စင်းဟာ ဒီနေ့ မနက် ၇ နာရီခွဲအချိန်မှာ ဗန်းမော်မြို့ကို ထွက်ခွာလာတယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
မန္တလေး ဂေါဝိန်ဆိပ်ကမ်းကနေ ဗန်းမော်ကို စစ်သင်္ဘောတွေ ဆန်တက်လာချိန်တုန်းက စစ်တပ်က ပစ်ခတ်မှုတွေကြောင့် မြစ်ကြေားတလျောက်ကျေးရွာတွေမှာနေထိုင်ကြတဲ့ ဒေသနေပြည်သူ ၃ဝ ထက်မနည်း သေဆုံးခဲ့တယ်လို့ စစ်ရေးသတင်း မှတ်တမ်းတွေအရ သိရပါတယ်။
ဒါ့ကြောင့် ဒီစစ်သင်္ဘောတွေ ပြန်လည်စုန်ဆင်းလာချိန်မှာလည်း အကြမ်းဖက်စစ်တပ်က ရမ်းသမ်းပစ်ခတ်တာတွေ လုပ်လာ နိုင်တဲ့အတွက် မြစ်ကြောင်းတလျောက်နေထိုင်သူတွေ သတိရှိကြဖို့ ဒေသတော်လှန်ရေးအဖွဲ့တွေက သတိပေးနှိုးဆော်လိုက် တာပဲဖြစ်ပါတယ်။
========================
🚩🚩 ၅။ ကျိုက်ထို၊ ဘီးလင်းနဲ့ သထုံမြို့နယ်က ကျေးရွာတွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့အမည်ကိုသုံးပြီး ငွေကြေး လိမ်လည် တောင်းခံတာတွေရှိနေတယ်လို့ KRF သတိပေး
စက်တင်ဘာလ (၅)ရက်
မွန်ပြည်နယ်အတွင်းမှာရှိတဲ့ ကျိုက်ထို၊ ဘီးလင်းနဲ့ သထုံမြို့နယ်တို့နဲ့ဆက်စပ်နေတဲ့ ကျေးရွာတွေမှာ တော်လှန်ရေးအဖွဲ့ အမည်ကိုသုံးပြီး ငွေကြေး လိမ်လည် တောင်းခံတာတွေရှိနေတယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က သတိပေး ပြောဆိုလိုက်ပါတယ်။
ငွေကြေးလိမ်လည်သူတွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့အမည် ဒါမှမဟုတ် လူသိများတဲ့တော်လှန်ရေးအဖွဲ့ဝင်တွေရဲ့ အမည်ကို အလွဲသုံးစားလုပ်ပြီး ဒေသနေပြည်သူတွေကိုခြိမ်းခြောက်ကာ ငွေကြေးလိမ်လည် ကောက်ခံနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
အခုလို ခြိမ်းခြောက်ပြောဆိုပြီး ငွေကြေးကောက်ခံတာမျိုးကြုံရပြီဆိုရင် ဒေသနေပြည်သူတွေအနေနဲ့ နီးစပ်ရာ တော်လှန်ရေးအဖွဲ့အစည်းတွေကို ဆက်သွယ်ပြီး သတင်းပေး တိုင်ကြားကြဖို့ KRF က တိုက်တွန်းထားပါတယ်။
ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF အနေနဲ့ ပြည်သူလူထုဆီကနေ ငွေညှစ်တောင်းခံတာ၊ ခြိမ်းခြောက် တောင်းခံတာမျိုး ဟိုတုန်းကလည်းမရှိခဲ့သလို နောင်လည်းရှိမှာမဟုတ်ဘူးလို့ ကတိပေးထားပါတယ်။
ဒါကြောင့် KRF တပ်ဖွဲ့ဝင်တွေရဲ့အမည်ကို အလွဲသုံးစားလုပ်ပြီး ခြိမ်းခြောက်ငွေညှစ်လာရင်လည်း KRF က တရားဝင် ဖွင့်ထားတဲ့ လူမှုကွန်ယက်စာမျက်နှာကနေ လာရောက်တိုင်ကြားကြဖို့ ဖိတ်ခေါ်ထားပါတယ်။
ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF အနေနဲ့ စစ်အာဏာရှင်စနစ်ကျဆုံးတဲ့အထိ တိုက်ပွဲဝင်သွားမှာဖြစ်ပြီး အသက် အိုးအိမ်စည်းစိမ်တွေကို အသက်ပေးကာကွယ်ပေးသွားမှာဖြစ်တာကြောင့် ပြည်သူလူထုထိခိုက်နစ်နာ ပျက်စီး ဆုံးရှုံးစေမယ့် ဖောက်ခွဲမှု၊ တိုက်ခိုက်မှုတွေ လုပ်မှာမဟုတ်ဘူးလို့ ထုတ်ပြန်ကြေညာထားပါတယ်။
========================
🚩🚩 ၆။ နမ့်ဆန်မြို့နယ်မှာ ရဲတပ်ဖွဲ့က နေအိမ်ဖောက်ထွင်းသူတဦးကို ဖမ်းဆီးရမိ
စက်တင်ဘာလ (၅)ရက်
ရှမ်းမြောက်ဒေသ တအာင်း တပ်မဟာ - ၉ နယ်မြေမှာပါတဲ့ နမ့်ဆန်မြို့နယ် မန်မိုင်တောင်မရွာက အိမ်တအိမ်ကို ဖောက်ထွင်းပြီး ရွှေနဲ့ ပိုက်ဆံတွေခိုးယူသွားသူတဦးကို တအာင်း မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့တယ်လို့ PSLF/TNLA က ထုတ်ပြန်ပါတယ်။
ပြစ်မှုကျူးလွန်သူဟာ အသက် ၄၅ နှစ်အရွယ် ဒေါ်ဆန်ခမ်းမောင် ဆိုသူဖြစ်ပြီး ဩဂုတ်လ ၁၄ ရက်နေ့မှာ ကျူးလွန်ခဲ့တာကို မြို့နယ်ရဲတပ်ဖွဲ့က ဩဂုတ်လ ၂၇ ရက်မှာ ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။
ပြစ်မှုကျူးလွန်သူဟာ ဩဂုတ်လ ၁၄ ရက်နေ့က အလုပ်သွားနေတဲ့ ဒေါ်မြထွေးရဲ့အိမ်က ငွေသား ကျပ်သိန်း ၈၀၊ တရုတ် ငွေ ယွမ် ၂သောင်း၊ ရွေလက်ကောက် ၆ ကွင်း၊ ရွှေလက်စွပ် ၂ ကွင်း၊ ရွှေဆွဲကြိုး ၂ကုံးနဲ့ရွှေကလစ်တခုကို ခိုးယူပြီး ထွက်ပြေးသွားခဲ့လို့ အသိပေးပါတယ်။
လက်ရှိမှာ ပြစ်မှုကျူးလွန်တဲ့အမျိုးသမီးကို တအာင်း မြို့နယ်ရဲတပ်ဖွဲက ဖမ်းဆီးထိန်းသိမ်းထားပြီး ဥပဒေနဲ့အညီ အရေးယူ သွားမယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း နမ့်ဆန်မြို့နယ် ဇယ်တုန်ဟုန်းကျေးရွာက အိမ်တအိမ်ကို ဖောက်ထွင်းပြီး ရွှေနဲ့ ပိုက်ဆံတွေ ခိုးယူသွားသူတဦးကိုလည်း တအာင်း မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန မှတ်တမ်းတွေအရ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment