၂၀၂၅ စက်တင်ဘာလ ၂၄ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အမှန်တရားအတွက် လွတ်လပ်တဲ့မီဒီယာတွေနဲ့အတူ ရပ်တည်ကြဖို့ ဒေါ်အောင်ဆန်းစုကြည့်ရဲ့သားငယ် ကင်အဲရစ် တိုက်တွန်း
📌 ၂။ ပညာရေးအဆောက်အအုံတွေကို ကာကွယ်ပေးဖို့ အရေးတကြီးလိုအပ်နေတယ်လို့ OCHA သတိပေး
📌 ၃။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဗာဂျီရာ (Vajira) ဆေးရုံရှေ့ မြေပြိုကျမှုဖြစ်ပေါ်၍ ပေ ၁၆၀ကျော် တွင်းနက်ကြီးများဖြစ်ပေါ်
📌 ၄။ စူပါတိုင်ဖွန်း၏ ကြွင်းကျန်မုန်တိုင်းဆဲလ်များကြောင့် မြန်မာနိုင်ငံနေရာအနှံ့အပြား မိုးရွာသွန်းနိုင်
========================
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၄ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုအပါအဝင် လေကြောင်းတိုက်ခိုက်မှုတွေပါလုပ်နေတာကြောင့် ဒီမော့ဆို - ဖရူဆို - ထားလဲ ကားလမ်းကို မသုံးဖို့ ကရင်နီတပ်ပေါင်းစုံ စစ်ဦးစီအဖွဲ့ သတိပေး
🚩 ၂။ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးနဲ့ ပြည်ထောင်စုအရေးဆိုင်ရာ လမ်းညွှန်ချက်အတိုင်း စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ပွဲဝင်သွားမယ်လို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ ကြေညာ
🚩 ၃။ စစ်တပ်ကလုပ်မယ့်ရွေးကောက်ပွဲဟာ ပြည်သူလူထုအပေါ် ရက်စက်ယုတ်မာမှုတွေကို ဖုံးကွယ်ဖို့နဲ့ စစ်အာဏာရှင် စနစ်ဆိုးကို အသက်သွင်းဖို့ကြိုးစားတဲ့ လုပ်ရပ်လို့ ကရင် လူငယ်အစည်းအရုံး KYO ပြော
🚩 ၄။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင်နိုင်ငံရေးအကျဥ်းသားများလွတ်မြောက်ရေး၊စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲဆန့်ကျင်ရေးဆန္ဒထုတ်ဖေါ်ပွဲကို ဂျာမဏီနိုင်ငံ,ဘွန်းမြို့၌ မြန်မာအင်အားစုများ လှုပ်ရှားကျင်းပ
🚩 ၅။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၂၇၈) ဦး ရှိခဲ့ပြီဖြစ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အမှန်တရားအတွက် လွတ်လပ်တဲ့မီဒီယာတွေနဲ့အတူ ရပ်တည်ကြဖို့ ဒေါ်အောင်ဆန်းစုကြည့်ရဲ့သားငယ် ကင်အဲရစ် တိုက်တွန်း
စက်တင်ဘာလ (၂၄ )ရက်
အမှန်တရားအတွက် လွတ်လပ်တဲ့မီဒီယာတွေဘက်က ရပ်တည်ကြဖို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည့်ရဲ့သားငယ် ကင်အဲရစ်က တိုက်တွန်း ပြောဆိုလိုက်ပါတယ်။
ဒီနေ့ စက်တင်ဘာ ၂၄ မှာ ကျရောက်တဲ့ သူ့မွေးနေ့မှာ သူ့မိခင်ဆီကနေရခဲ့တဲ့ မြန်မာ့ဓလေ့အတိုင်း ကောင်းတဲ့အလုပ်တခု လုပ်တဲ့အနေနဲ့ အခုလို ထုတ်ဖော်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
မြန်မာပြည်မှာရှိတဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေဟာ သတင်းထောက်အဆင့်ထက် ပိုတယ်တဲ့အပြင် သူတို့ဟာ ဒီမိုကရေစီကို ရှေ့တန်းကနေ ကာကွယ်သူတွေ၊ အရေးပါတဲ့ အင်အားတွေဖြစ်ပြီး သူများတွေ ရေငုံနှုတ်ပိတ်နေချိန်၊ စစ်တပ်နဲ့ ပူးပေါင်းနေတဲ့အချိန်မှာ နေ့စဉ်နဲ့အမျှ အသက်နဲ့ရင်းပြီး အမှန်တရားကို ဖော်ထုတ်တင်ပြနေသူတွေလို့လည်း ချီးမွန်းထားပါတယ်။
စစ်အာဏာရှင်တွေကို တော်လှန်တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေမှာ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ လက်နက်တွေရှိပေမယ့် သတင်းထောက်တွေမှာတော့ စကားလုံးတွေ၊ အားမာန်တွေနဲ့ ဉာဏ်ပညာပဲရှိတယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်တွေဟာ သူ့မိခင်ရဲ့ အခြေအနေနဲ့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အခြေအနေတွေကို ဖုံးကွယ်ထားပေမယ့် လွတ်လပ်တဲ့ မီဒီယာတွေကြောင့် သူ့အနေနဲ့ အမှန်တရားကို သိရှိခွင့်ရခဲ့တယ်လို့လည်း ကင် အဲရစ်က အသိပေးထား ပါတယ်။
သူ့မိခင်ရဲ့ အခြေအနေမှန်တွေနဲ့ မြန်မာနိုင်ငံအနှံ့က မိသားစုပေါင်းများစွာရဲ့အကြောင်းကို သိဖို့ဆိုရင် လွတ်လပ်တဲ့ မီဒီယာ တွေရဲ့ ထုတ်ဖော်တင်ပြမှုတွေဟာ အင်မတန်အရေးပါတယ်လို့လည်း ဆိုထားပါတယ်။
လွတ်လပ်တဲ့ သတင်းမီဒီယာတွေသာမရှိရင် သူ့အနေနဲ့ မြန်မာနိုင်ငံက အခြားသောမိသားစုတွေလို၊ နိုင်ငံတကာလူတွေလို သတင်းအမှောင်ချခံထားရမှာပဲလို့ ပြောပါတယ်။
သတင်းထောက်တွေဟာ သတင်းရေးယုံတင် မဟုတ်ပါဘူး။ ဒီမိုကရေစီအတွက် ရှေ့ကနေပြီး တိုက်ပွဲဝင်နေသူတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေကို ဆက်လက်ရှင်သန်နေစေဖို့ လုပ်ဆောင်တယ်။ အမှန်တရား ကို ဖော်ထုတ်ဖို့ ဒုက္ခအန္တရာယ်မျိုးစုံ တွေ့ကြုံရတယ်လို့ ကင် အဲရစ်က ပြောပါတယ်။
လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို ဝိုင်းပြီးမကူညီရင် သူတို့ရဲ့အသံနဲ့ အမှန်တရားတွေ တိတ်ဆိတ်သွားနိုင်တဲ့ အခြေအနေ မှာ ရှိနေတာကြောင့် အမှန်တရားအတွက် လွတ်လပ်တဲ့မီဒီယာတွေနဲ့အတူ ရပ်တည်ပြီး ဝိုင်းဝန်ကူညီကြဖို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည့်ရဲ့သားငယ် ကင် အဲရစ် က တိုက်တွန်းထားပါတယ်။
========================
📌📌 ၂။ ပညာရေးအဆောက်အအုံတွေကို ကာကွယ်ပေးဖို့ အရေးတကြီးလိုအပ်နေတယ်လို့ OCHA သတိပေး
စက်တင်ဘာလ (၂၄ )ရက်
မြန်မာနိုင်ငံအနှံ့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပညာရေးအဆောက်အအုံတွေကို ကာကွယ်ပေးဖို့ အရေးတကြီး လိုအပ်နေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး - OCHA က သတိပေး ပြောကြားလိုက်ပါတယ်။
ပြည်နယ်နဲ့တိုင်းအများစုမှာ စာသင်ကျောင်းတွေကို ထိခိုက်စေတဲ့ ဖြစ်ရပ်တွေကြောင့် ကျောင်းသားတွေနဲ့ ဆရာ၊ ဆရာမ တွေ ထိခိုက်သေဆုံးတာ၊ စာသင်ချိန်ပျက်တာနဲ့ ကလေးသူငယ်တွေ အန္တရာယ်ကြုံတွေ့နိုင်ခြေ ပိုများလာတဲ့အတွက် ပညာရေးအဆောက်အအုံတွေကို တိုက်ခိုက်ခြင်းကနေ ကာကွယ်စောင့်ရှောက်ပေးဖို့ အရေးတကြီး လိုအပ်နေတာလို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံနေရာအနှံ့မှာဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် နေ့စဉ်နီးပါး အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးနေရပြီး အရပ်သားပြည်သူတွေကို စောင့်ရှောက်ကာကွယ်ရေးဆိုင်ရာကိစ္စတွေဟာ ပိုမိုဆိုးရွားလာပြီး ရပ်ရွာလူထုဟာ အကြမ်းဖက် ခံရမှုတွေအပါအဝင် အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတယ်လို့ အသိပေးထားပါတယ်။
မြန်မာနိုင်ငံဒေသအနှံက လူဦးရေ ၃ ဒသမ ၆ သန်းနီးပါးဟာ ဒီပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာနေထိုင်ကြရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး - OCHA က ခန့်မှန်းထားပါတယ်။
အခုစက်တင်ဘာလထဲမှာဆိုရင် တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရမှုတွေ ပိုများလာနိုင်တယ်လို့ ဆိုပါတယ်။
လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ အခုနှစ် ပထမနှစ်ဝက်မှာ အနည်းဆုံး လူဦးရေ ၃ ဒသမ ၅ သန်းကို အရေးပေါ်အကူအညီပေးနိုင်ခဲ့ပေမယ့် တိုးများလာတဲ့ လိုအပ်ချက်တွေနဲ့ ရန်ပုံငွေ အကြီးအကျယ် မလုံလောက်မှုကြောင့် လူသန်းပေါင်းများစွာကို လူမှုဘ၀ရှင်သန်ရေး အကူအညီတွေ ရေရှည်ပေးအပ်နိုင်တာမျိုး မရှိဘူးလို့ ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး - OCHA ရဲ့ ထုတ်ပြန်ထားပါတယ်။
လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ သွားရောက်ပေးအပ်နိုင်ဖို့ ကန့်သတ်ချက်တွေ ရှိနေဆဲဖြစ်ပြီး အထူးသဖြင့် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းတို့မှာဆိုရင် အကူအညီတွေ ဖြန့်ဖြူးဖို့အတွက် ကန့်သတ်မှုတွေရှိနေတဲ့ အတွက် အဓိကအရေးပါတဲ့ ဝန်ဆောင်မှုတွေ လိုအပ်နေတဲ့ လူထုအတွက်လည်း ဘေးကင်းလုံခြုံစွာသွားလာနိုင်ခွင့် ဆုံးရှုံး နေတယ်လို့လည်း ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဟာ လူသားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေလိုအပ်ချက် ပြည့်မီမှု အနည်းဆုံးနိုင်ငံတွေထဲက တနိုင်ငံဖြစ်နေပြီး ၂၀၂၅ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေးအစီအစဉ် HNRP အတွက် ဒီနေ့အထိ ရန်ပုံငွေ ၁၂ ရာခိုင်နှုန်းသာ ရထားတယ်လို့ သိရပါတယ်။
========================
📌📌 ၃။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဗာဂျီရာ (Vajira) ဆေးရုံရှေ့ မြေပြိုကျမှုဖြစ်ပေါ်၍ ပေ ၁၆၀ကျော် တွင်းနက်ကြီးများဖြစ်ပေါ်
စက်တင်ဘာလ (၂၄ )ရက်
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဗာဂျီရာ (Vajira) ဆေးရုံရှေ့တွင် မြေပြိုကျမှုဖြစ်ပေါ်၍ ပေ ၁၆၀ကျော်တွင်းနက်ကြီးများဖြစ်ပေါ်ခဲ့တယ်လို့ ထိုင်းအာဏာပိုင်များက သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာ၂၄ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဗာဂျီရာ (Vajira) ဆေးရုံရှေ့မှာ လမ်းမြေပြိုကျမှုဖြစ်ပွားခဲ့ရာ ပေ ၁၆၀ ကျော် အနက်ရှိ တွင်းကြီးဖြစ်ပေါ်ခဲ့ပါတယ်။
လမ်းမြေပြိုကျမှုမှာ ၉၈ ပေ ပတ်လည်ခန့်ရှိပြီး ဆေးရုံအနီးရှိ Samsen ရဲစခန်းရှေ့အထိ ပြိုကျမှု တဖြည်းဖြည်း တိုးလာနေကာ ဒေသခံများကိုလည်း အနီးအနားကနေ ပြောင်းရွှေ့ပေးခဲ့တယ်လို့သိရပါတယ်။
ရုပ်သံဖိုင်များအရ ရေပိုက်လိုင်းတခု ပေါက်ကွဲ၍ မြေများအိကျလာကာ ပြိုဆင်းလာခဲ့တာကိုလည်းတွေ့ရှိရပါတယ်။
========================
📌📌 ၄။ စူပါတိုင်ဖွန်း၏ ကြွင်းကျန်မုန်တိုင်းဆဲလ်များကြောင့် မြန်မာနိုင်ငံနေရာအနှံ့အပြား မိုးရွာသွန်းနိုင်
စက်တင်ဘာလ (၂၄ )ရက်
စူပါတိုင်ဖွန်း၏ ကြွင်းကျန်မုန်တိုင်းဆဲလ်များကြောင့် မြန်မာနိုင်ငံနေရာအနှံ့အပြား မိုးရွာသွန်းနိုင်ကြောင်း စက်တင်ဘာ၂၄ရက်တွင် NUG လူသားချင်းစာနာထောက်ထားရေးနှင့်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက မိုးလေဝသ သတင်းထုတ်ပြန်ထားပါတယ်။
ဖိလစ်ပိုင်ပင်လယ်တွင်ဖြစ်ပေါ်လာသည့် အလွန်အားကောင်းသော စူပါတိုင်ဖုန်း RAGASA သည် လာမည့် ၂၆ ရက်နေ့တွင် မြန်မာနိုင်ငံအရှေ့ခြမ်းရှိ၊ လာအိုနိုင်ငံအထက်ပိုင်းသို့ ကုန်းတွင်းပိုင်း လေဖိအားနည်းရပ်ဝန်းအဖြစ် ဝင်ရောက်နိုင်တယ်လို့ သိရပါတယ်။
အဆိုပါ စူပါတိုင်ဖွန်း၏ ကြွင်းကျန်မုန်တိုင်းဆဲလ်များကြောင့် မြန်မာနိုင်ငံနေရာအနှံ့အပြား မိုးရွာသွန်းနိုင်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့်တောင်ပိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် နေရာအနှံ့အပြားမိုးထစ်ခြုန်းရွာနိုင်ပြီး အချို့နေရာများတွင် မိုးသက်လေပြင်းကျရောက်ခြင်းနှင့် မိုးကြီးခြင်းတို့ ဖြစ်ပေါ်နိုင်တယ်လို့ဆိုပါတယ်။
အထူးသဖြင့် မိုး ၃-၄ ရက်ဆက်တိုက်ရွာသွန်းသည့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ချင်းပြည်နယ်တို့တွင် မြေပြိုခြင်းအန္တရာယ်ကိုလည်းကောင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းတို့ရှိ မြို့ပြဒေသများတွင် ရုတ်တရက် ရေကြီးရေလျှံခြင်းအန္တရာယ်ကို လည်းကောင်း အထူးသတိပြုနိုင်ကြရန် အသိပေးနှိုးဆော်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် သာကီနှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုအပါအဝင် လေကြောင်းတိုက်ခိုက်မှုတွေပါလုပ်နေတာကြောင့် ဒီမော့ဆို - ဖရူဆို - ထားလဲ ကားလမ်းကို မသုံးဖို့ ကရင်နီတပ်ပေါင်းစုံ စစ်ဦးစီအဖွဲ့ သတိပေး
စက်တင်ဘာလ (၂၄ )ရက်
ကရင်နီပြည်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်ဟာ လက်နက်ကြီးပစ်ခတ်မှုအပါအဝင် လေကြောင်းတိုက်ခိုက်မှုတွေပါလုပ်နေတာကြောင့် ဒီမော့ဆို - ဖရူဆို - ထားလဲ ကားလမ်းကို မသုံးဖို့ ကရင်နီတပ်ပေါင်းစုံ စစ်ဦးစီအဖွဲ့က ဒီနေ့ စက်တင်ဘာ ၂၄ မှာ သတိပေးချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဒီမော့ဆို - ဖရူဆို - ထားလဲ ကားလမ်းအတိုင်း စစ်ကြောင်းထိုးလာတာကြောင့် ထိတွေ့ တိုက်ပွဲတွေ နေ့စဉ် ဖြစ်နေပြီး စစ်တပ်ဘက်က ဒရုန်းနဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ပစ်တာ လေကြောင်းကနေ တိုက်ခိုက်တာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် မိဘပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အန္တရာယ်ကို သတိကြီးစွာထားဖို့လိုပြီး မလိုလားအပ်တဲ့ ထိခိုက်မှုတွေမဖြစ်စေဖို့ ဒီမော့ဆို - ဖရူဆို - ထားလဲ ကားလမ်းကိုသုံးပြီး ခရီးသွားတာ၊ လုပ်ငန်း လုပ်တာတွေ မလုပ်ကြဖို့ သတိပေးထားပါတယ်။
အရေးပေါ်ကိစ္စတွေကြောင့် သွားလာရမယ်ဆိုရင် သတင်းအချက်အလက်ခိုင်ခိုင်မာမာပေးနိုင်တဲ့ တော်လှန်ရေး တပ်ရင်း တပ်ဖွဲ့တွေဆီမှာ နယ်မြေအခြေအနေ မေးမြန်းပြီးမှာ သွားလာလုပ်ကိုင်ကြဖို့ ကရင်နီတပ်ပေါင်းစုံ စစ်ဦးစီအဖွဲ့က တိုက်တွန်းထားပါတယ်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်- KNDF ကလည်း လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို-ဘောလခဲ လမ်းမကြီးနဲ့ ဖရူဆို-ထားလဲ-နန်းဖဲ လမ်းပိုင်းအပါအဝင် လမ်းမကြီးနဲ့ဆက်သွယ်ထားတဲ့ လမ်းသွယ်တွေအားလုံးကို မနေ့ စက်တင်ဘာ ၂၃ ရက် ကစပြီး ရက်အကန့်အသတ်မရှိ ဖြတ်သန်းသွားလာပိတ်ထားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဩဂုတ်လကစပြီး ဒီမော့ဆိုကနေ ဖရူဆိုဘက်ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်တင်လာကြောင့် တိုက်ပွဲတွေဖြစ်ခဲ့တာရှိပြီး စက်တင်ဘာလထဲမှာ ဖရူဆိုမှာရှိတဲ့ စစ်တပ်စစ်ကြောင်းတွေဟာ ရိက္ခာ၊ ခဲယမ်းနဲ့ လူအင်အား ဖြည့်ပြီး ဘောလခဲဘက်ကို စစ်ရေးလှုပ်ရှားလာတဲ့အတွက် တိုက်ပွဲတွေ ဆက်ပြီး ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းတွေ အရ သိရပါတယ်။
========================
🚩🚩 ၂။ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးနဲ့ ပြည်ထောင်စုအရေးဆိုင်ရာ လမ်းညွှန်ချက်အတိုင်း စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ပွဲဝင်သွားမယ်လို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ ကြေညာ
စက်တင်ဘာလ (၂၄ )ရက်
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးနဲ့ ပြည်ထောင်စုအရေးဆိုင်ရာ လမ်းညွှန်ချက်တွေ ဆက်လက်ခံယူပြီး စစ်အာဏာရှင် စနစ်ကို တော်လှန်တိုက်ပွဲဝင်သွားမယ်လို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC ကကြေညာလိုက်ပါတယ်။
ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC က ဒီနေ့ စက်တင်ဘာ ၂၄ မှာ ကျရောက်တဲ့ နှစ် ၅ဝ ပြည့် ပအိုဝ်းအာဇာနည်နေ့ အထိမ်းအမှတ်နေ့မှာ အခုလို ကြေညာလာတာဖြစ်ပါတယ်။
ပအအိုဝ်းအမျိုသားခေါင်းဆောင်ကြီး ဖြားဗွာလှဖေဟာ တောင်ပေါ် မြေပြန့် ပအိုဝ်းတော်လှန်ရေးအင်အားစုတွေ စုပေါင်း တော်လှန်ရေးအတွက် ပအိုဝ်းအမျိုးသားညီလာခံကျင်းပဖို့ ခြေလျင်ခရီးထွက်လာချိန် ပင်တွန်ရွာအနီးမှာ ၁၉၇၅ ခုနှစ် စက်တင်ဘာ ၂၄ ရက်မှာ ကျဆုံးခဲ့တာကိုအစွဲပြုပြီး ပအိုဝ်း အာဇာနည်နေ့ဖြစ်လာတာလို့ သိရပါတယ်။
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ရင်း ပအိုဝ်းအာဇာနည် ဖြားဗွာလှဖေ ကျဆုံးခဲ့ပေမယ့် ပအိုဝ်းအပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံ လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးဟာ အောင်မြင်ပြီးပြည့်စုံတာ မရှိသေးတဲ့အတွက် တိုက်ပွဲဝင်လာတာ တတိယမျိုးဆက်ထိ ရှိလာပြီလို့ ဆိုထားပါတယ်။
ပအိုဝ်းလူမျိုးတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ ပြည်နယ်သစ်တွေ ပေါ်ထွန်းလာရေးအတွက် ညီနောင်တော်လှန်ရေး အင်အားစုတွေနဲ့ သဘောတူညီထားတဲ့ ဘုံနိုင်ငံရေးရည်မှန်းချက် ရပ်တည်ချက်တွေကို အကောင်အထည်ဖော်သွားမယ်လို့ အသိပေးထားပါတယ်။
ဒီလိုဖော်ဆောင်ရာမှာ ပြည်နယ်အားကောင်းရေးမှသည် ပြည်ထောင်စုအားကောင်းရေး ချဉ်းကပ်မှု Buttom – up Federalism Approach အပါအဝင် ပအိုဝ်းအာဇာနည်ခေါင်းဆောင်တွေ ချမှတ်ထားတဲ့ ပြည်ထောင်စု အရေးသည် ပအိုဝ်းအရေးဖြစ်သည်၊ ပအိုဝ်းအရေးသည် ပြည်ထောင်စုအရေးဖြစ်သည်၊ မတရားသော စနစ်ဆိုးများတိုက်ဖျက်ရာတွင် ပအိုဝ်းတို့သည် အင်အားစုတရပ်အဖြစ် ပါဝင်မည် ဆိုတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးနဲ့ ပြည်ထောင်စုအရေးဆိုင်ရာ လမ်းညွှန်ချက်တွေကို ဆက်လက်ခံယူပြီး တော်လှန်ဆင်နွှဲသွားမယ်လို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC က ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၃။ စစ်တပ်ကလုပ်မယ့်ရွေးကောက်ပွဲဟာ ပြည်သူလူထုအပေါ် ရက်စက်ယုတ်မာမှုတွေကို ဖုံးကွယ်ဖို့နဲ့ စစ်အာဏာရှင် စနစ်ဆိုးကို အသက်သွင်းဖို့ကြိုးစားတဲ့ လုပ်ရပ်လို့ ကရင် လူငယ်အစည်းအရုံး KYO ပြော
စက်တင်ဘာလ (၂၄ )ရက်
အာဏာသိမ်း အကြမ်းဖက်စစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲဟာ ပြည်သူလူထုအပေါ် ရက်စက်ယုတ်မာခဲ့မှုတွေကို ဖုံးကွယ် ဖျောက်ဖျက်ဖို့နဲ့ စစ်အာဏာရှင်စနစ်ဆိုးကို အသက်သွင်းဖို့ လုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲသာ ဖြစ်တယ်လို့ ကရင် လူငယ်အစည်းအရုံး KYO က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကရင်လူငယ်အစည်းအရုံးက ကြေညာချက်တစောင် ထုတ်ပြန်ရာမှာ အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။
ဒီထုတ်ပြန်ချက်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ကရင် လူငယ်အစည်းအရုံး KYO က သောင်းကျန်းသူ မင်းအောင်လှိုင်လို့ သုံးနှုန်းထားတာ တွေ့ရပါတယ်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့အဖွဲ့ဟာ ပြည်သူလူထု လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် တာဝန်ယူမှု ကင်းမဲ့နေပြီး လူထုကို မတရားဖမ်းဆီး နှိပ်စက်တာ၊ မုဒိန်းကျင့်တာ မီးရှို့သတ်ဖြတ်တာတွေကို ကျူးလွန်နေသလို အရပ်သား ပြည်သူတွေနဲ့သက်ဆိုင်တဲ့ ဘာသာရေးအဆောက်အအုံတွေ စာသင်ကျောင်းတွေ၊ ဆေးရုံတွေကို နေ့စဉ်နဲ့အမျှ ဗုံးကြဲ တိုက်ခိုက်မှုတွေ နိုင်ငံအနှံ့ ပြုလုပ်နေတယ်လို့ ဆိုထားပါတယ်။
အခုလို ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေလုပ်ဆောင်နေတဲ့ သောင်းကျန်းသူ စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဦးဆောင် တဲ့ စစ်ကော်မရှင်ကလုပ်မယ့် ရွေးကောက်ပွဲကို ပူးပေါင်းပါဝင်မယ်ဆိုရင် ပြည်သူလူထုဟာ ပိုပြီး ဆိုးရွားတဲ့ ဆင်းရဲဒုက္ခတွေ ဖိနှိပ်ချုပ်ခြယ်မှုတွေနဲ့ ထပ်ပြီး ရင်ဆိုင်နေရမှာဖြစ်သလို တိုင်းပြည် ယိုယွင်းပျက်စီးသွားအောင် တွန်းပို့တဲ့ စစ်အာဏာ ရှင်စနစ်ကို အားပေးထောက်ခံတဲ့ သမိုင်းတရားခံအဖြစ် ကျန်ရစ်မယ်လို့ ကရင်လူငယ်အစည်းအရုံး KYO က သတိပေး ထာပါတယ်။
ဒါကြောင့် ကရင်လူငယ်ထုတရပ်လုံးအပါအဝင် ပြည်သူလူထုတရပ်လုံအနေနဲ့ စစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲကို ပူးပေါင်းပါဝင်တာမျိုးမလုပ်ဘဲ တားဆီး ဆန့်ကျင်ကြဖို့တိုက်တွန်းထားပြီး အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး လုပ်ငန်းတွေကို မဟာမိတ်လူငယ်တွေနဲ့အတူ နည်းလမ်းမျိုးစုံနဲ့ တော်လှန်တိုက်ဖျက်သွားမယ်လို့ ကရင်လူငယ်အစည်းအရုံး - KYO က ထုတ်ပြန်ကြေညာထားပါတယ်။
========================
🚩🚩 ၄။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင်နိုင်ငံရေးအကျဥ်းသားများလွတ်မြောက်ရေး၊စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲဆန့်ကျင်ရေးဆန္ဒထုတ်ဖေါ်ပွဲကို ဂျာမဏီနိုင်ငံ,ဘွန်းမြို့၌ မြန်မာအင်အားစုများ လှုပ်ရှားကျင်းပ
စက်တင်ဘာလ (၂၄ )ရက်
ဒေါ်အောင်ဆန်းစုကြည် အပါအဝင်နိုင်ငံရေးအကျဥ်းသားများလွတ်မြောက်ရေး၊စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲဆန့်ကျင်ရေးဆန္ဒထုတ်ဖေါ်ပွဲကိုဂျာမဏီနိုင်ငံ,ဘွန်းမြို့၌မြန်မာအင်အားစုများလှုပ်ရှားကျင်းပခဲ့ပါတယ်။
ကုလသမဂ္ဂသံအမတ်ကြီးဦးကျော်မိုးထွန်း အားထောက်ခံတောင်းဆိုပွဲနှင့်လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အပါအဝင်နိုင်ငံရေးအကျဥ်းသားများလွတ်မြောက်ရေး၊စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲဆန့်ကျင်ရေးဆန္ဒပြထုတ်ဖေါ်ပွဲကိုဂျာမဏီနိုင်ငံ,ဘွန်းမြို့၌စက်တင်ဘာ၂၂ရက်ကျင်းပခဲ့ပါတယ်။
အခမ်းအနားသို့မြန်မာအရေးလှုပ်ရှားတက်ကြွသူများနဲ့မြန်မာအင်အားစုများတက်ရောက်ခဲ့ကြပါတယ်။
========================
🚩🚩 ၅။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၂၇၈) ဦး ရှိခဲ့ပြီဖြစ်
စက်တင်ဘာလ (၂၄ )ရက်
အကြမ်းဖက်စစ်အုပ်စုနှင့်၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇,၂၇၈) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ စက်တင်ဘာ ၂၃ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၂၇၈) ဦး ရှိခဲ့ပြီဖြစ်တယ်လို့AAPPကဖော်ပြပါတယ်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၇၁၈) ဦးရှိပြီး ထိုအထဲမှ (၂၂၄၃၇) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၁၁၁၀)ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်နှင့်သာကီတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment