၂၀၂၅ စက်တင်ဘာလ ၂၆ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုး New Zealandမှ လွှတ်တော်အမတ်များနှင့်တွေ့ဆုံ၍ မြန်မာ့အရေးဆွေးနွေးခဲ့
📌 ၂။ ချင်းပြည်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရုံးက ဦးစီးအရာရှိနဲ့ ဒုဦးစီးမှူးရာထူးအတွက် ခေါ်ယူ
📌 ၃။ မြန်မာနိုင်ငံသားတွေ ဗီဇာမလိုဘဲ မလေးရှားနိုင်ငံကို ၁၄ ရက်သွားရောက်လည်ပတ်ခွင့်ပြု
📌 ၄။ နေပြည်တော်တပ်ရင်း၈၀၈မှ ရဲဘော်များအားလက်နက်တပ်ဆင်ပေးနိုင်ရန် “အော်ပေရေးရှင်း စစ်တောင်း” ကမ်ပိန်းစတင်
📌 ၅။ ဆားလင်းကြီးမြို့မ ရဲစခန်းနှင့် စစ်ကော်မရှင်တပ်များ အထိုင်ချထားရာ နေရာများအားDrone ဖြင့်ဗုံးသီးချ တိုက်ခိုက်ခဲ့
========================
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၆ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ရွာငံမှာ တောင်ပြိုကျလို့ စစ်ဘေးရှောင်နေတဲ့ ကလေးငယ်တွေအပါအဝင် လူ ၁၀ ဦးသေဆုံး
🚩 ၂။ ရွာငံမြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေကို ကူညီပေးကြဖို့ DSNDA မေတ္တာရပ်ခံ
🚩 ၃။ မြန်မာစစ်တပ်ထံ လက်နက်ရောင်းချရာမှာ ပါဝင်နေတဲ့ မြောက်ကိုရီးယား ၂ ဦး၊ မြန်မာ ၃ ဦးနဲ့ ကုမ္ပဏီတခုကို အမေရိကန် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့
🚩 ၄။ ဝန်းသိုမြို့နယ်က လူထုကို ထောက်ပံ့မှုနဲ့အတူ မိုင်းနဲ့ လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေးမှုတွေပြုလုပ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုး New Zealandမှ လွှတ်တော်အမတ်များနှင့်တွေ့ဆုံ၍ မြန်မာ့အရေးဆွေးနွေးခဲ့
စက်တင်ဘာလ (၂၆ )ရက်
အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးသည် New Zealand မှ လွှတ်တော်အမတ်များနှင့်တွေ့ဆုံ၍ မြန်မာ့အရေးဆွေးနွေးခဲ့တယ်လို့ သတင်းရရှိပါတယ်။
New Zealand မှ လွှတ်တော်အမတ်များနှင့် တွေ့ဆုံမှုတွင် ဝန်ကြီးချုပ်ရုံးမှ တာဝန်ရှိသူများလည်းပါဝင်တက်ရောက်ခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီးက အသိပေးဆိုထားပါတယ်။
========================
📌📌 ၂။ ချင်းပြည်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရုံးက ဦးစီးအရာရှိနဲ့ ဒုဦးစီးမှူးရာထူးအတွက် ခေါ်ယူ
စက်တင်ဘာလ (၂၆ )ရက်
ချင်းပြည် Chinland အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံးက လစ်လပ်နေတဲ့ ဦးစီးအရာရှိတနေရာနဲ့ ဒုတိယဦးစီးမှူး ၄ နေရာ အတွက် ဝန်ထမ်းခေါ်ယူထားပါတယ်။
ဦးစီးအရာရှိရာထူးအတွက် တက္ကသိုလ် တခုခုကနေ မာစတာဘွဲ့ရထားသူဖြစ်ဖို့လိုပြီး လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး ၈ နှစ် ပြည့်ထားသူဖြစ်ရမယ့်အပြင် ကွန်ပျူတာ ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်ရမယ်လို့ ဆိုပါတယ်။
CDM လုပ်ထားသူဆိုရင် အနည်းဆုံး ဒုဦးစီးမှူးအဆင့် တာဝန်ထမ်းဆောင်ဖူးသူဖြစ်ရမယ်လို့ ချင်းပြည်အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနရုံးက သတ်မှတ်ထားပါတယ်။
ဒုဦးစီးမှူးရာထူး လျှောက်ထားသူတွေအနေနဲ့ဆိုရင်လည်း တက္ကသိုလ် တခုခုကနေ ဘွဲ့တခု ရထားဖို့လိုပြီး လုပ်ငန်းအတွေ့ အကြုံ အနည်းဆုံး ၅ နှစ်နဲ့ ကွန်ပျူတာကျွမ်းကျင်စွာ သုံးတတ်ရမယ်လို့ ဆိုထားပါတယ်။
ဒုဦးစီးမှူးရာထူးလျှောက်ထားသူဟာ CDM လုပ်ထားသူဆိုရင် အနည်းဆုံး အကြီးတန်းစာရေးအဆင့် တာဝန်ထမ်းဆောင်ဖူး သူ ဖြစ်ရမယ်လို့ အသိပေးထားပါတယ်။
လျှောက်ထားသူတွေဟာ ကျန်းမာရေးကောင်းဖို့လိုပြီး ဝန်ကြီးဌာနကချမှတ်ထားတဲ့ တာဝန် ဝတ္တရားတွေကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရမှာဖြစ်ပြီး အနည်းဆုံး ၂ နှစ် တာဝန်ထမ်းရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ချင်းပြည်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရုံးက ခေါ်ယူတဲ့ ဦးစီးအရာရှိနဲ့ ဒုဦးစီးမှူးရာထူးအတွက် CDM လုပ်ထားသူတွေကို ဦးစားပေးခန့်ထားမယ်လို့ သိရပါတယ်။
လျှောက်ထားသူတွေအနေနဲ့ ဘွဲ့လက်မှတ်မိတ္တူနဲ့ စာရွက်စာတမ်းတွေကို ချင်းပြည်အစိုးရ ကာကွယ်ရေးဝန်ကြီး ဌာနရုံး ချင်းလုံမြို့ကိုလိပ်မူပြီးဖြစ်စေ၊ စစ်ဂနယ်နဲ့ Whatsapp + ၉၁၇ဝ ၈၅၇ ၅၉၈ ၄၇ တို့ကို အောက်တိုဘာ ၁၅ ရက်နေ့ နောက်ဆုံးထား ပေးပို့ လျှောက်ထားနိုင်တယ်လို့လည်း သိရပါတယ်။
========================
📌📌 ၃။ မြန်မာနိုင်ငံသားတွေ ဗီဇာမလိုဘဲ မလေးရှားနိုင်ငံကို ၁၄ ရက်သွားရောက်လည်ပတ်ခွင့်ပြု
စက်တင်ဘာလ (၂၆ )ရက်
အာဆီယံအဖွဲ့ဝင်တိုင်ငံတခုဖြစ်တဲ့ မလေးရှားနိုင်ငံက မြန်မာနိုင်ငံသားတွေ ဗီဇာမလိုဘဲ ၁၄ ရက် သွားရောက် လည်ပတ် ခွင့်ပြုလိုက်တယ်လို့ ရန်ကုန်အခြေစိုက် မလေးရှားသံရုံးက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေအနေနဲ့ အောက်တိုဘာ ၁ ရက်နေ့ကစပြီး မလေးရှားနိုင်ငံမှာ ကာလတို လည်ပတ်ခွင့်ရစေဖို့ ဗီဇာကင်းလွတ်ခွင့်ပြုလိုက်တာလို့ ဆိုပါတယ်။
ဗီဇာကင်းလွတ်ခွင့်အရ မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေအနေနဲ့ မလေးရှားနိုင်ငံမှာ ၁၄ ရက် နေထိုင်ခွင့်ရ မယ်လို့ ပြောပေမယ့် မလေးရှားနိုင်ငံအတွင်းကို သေချာပေါက် ဝင်ရောက်ခွင့်ရမယ်လို့ အာမခံတာမျိုးမဟုတ်ဘဲ မလေးရှား လူဝင်မှုကြီးကြပ်ရေးအရာရှိတွေရဲ့ သဘောတူ ခွင့်ပြုချက်ပေါ် မူတည်တယ်လို့ အသိပေးထားပါတယ်။
ရန်ကုန်အခြေစိုက် မလေးရှားသံရုံးရဲ့ ထုတ်ပြန်ချက်အရ လာရောက်လည်ပတ်သူတွေရဲ့ အသွားအပြန် လေယာဉ်လက်မှတ်၊ ဟိုတယ်ဘိုကင်၊ Show Money နဲ့ မလေးရှားကို လာရတဲ့ အကြောင်းအရင်း စတာတွေကို သေခြာစစ်ဆေးမှာဖြစ်တဲ့ အတွက် သွားရောက်လည်ပတ်မယ့်သူတွေအနေနဲ့ လိုအပ်တာတွေ ကြိုတင်ပြင်ဆင်ပြီးမှ သွားသင့်တယ်လို့ ခရီးသွား အေဂျင်စီတွေက တိုက်တွန်းထားပါတယ်။
========================
📌📌 ၄။ နေပြည်တော်တပ်ရင်း၈၀၈မှ ရဲဘော်များအားလက်နက်တပ်ဆင်ပေးနိုင်ရန် “အော်ပေရေးရှင်း စစ်တောင်း” ကမ်ပိန်းစတင်
စက်တင်ဘာလ (၂၆ )ရက်
နေပြည်တော်တပ်ရင်း(၈၀၈)မှ ရဲဘော်များအားလက်နက်တပ်ဆင်ပေးနိုင်ရန် “အော်ပေရေးရှင်း စစ်တောင်း” ကမ်ပိန်းစတင်နေပြီလို့သိရပါတယ်။
စစ်တောင်းမြစ်အနောက်ဘက်ခြမ်းကို ထိုးဖောက်ထိန်းချုပ်နိုင်ရေးနှင့် မြို့ပြစစ်ဆင်ရေးတွေ ဖော်ဆောင်နိုင်ရေးအပါအဝင်နေပြည်တာ် PDF ရဲ့ ရည်မှန်ချက်နဲ့အညီ နေပြည်တော် တံခါးဝကို ခေါက်နိုင်ရန်တို့အတွက်ဖြစ်တယ်လို့သိရပါတယ်။
“အော်ပေရေးရှင်း စစ်တောင်းTargetကို ဂန်းအလက် ၂၀ ဝယ်ရန်အတွက် ကျပ်သိန်း ၂,၀၀၀ သတ်မှတ်ထားပြီးစက်တင်ဘာ၁၆ရက်မှနိုဝင်ဘာ၁၀ရက်အထိသတ်မှတ်ထားပါတယ်။
ကမ်ပိန်းသာ ပြည့်မီမယ်ဆိုရင် နေပြည်တော်နဲ့ အလှမ်းမဝေးတဲ့ ရေတာရှည် စစ်တောင်းမြစ်အနောက်ခြမ်းတွေမှာ စစ်ရေးအချိန်တိုးမြင့်နိုင်ပြီးနေပြည်တော်ကောင်စီနယ်မြေက စစ်ဆင်ရေးတစ်ချို့တွေမှာ နေပြည်တော်တပ်ရင်း ၈၀၈ အနေဖြင့် စစ်ကြောင်း တစ်ကြောင်းပြည့်မီအောင်ထွက်နိုင်မှာဖြစ်ပါတယ်။
========================
📌📌 ၅။ ဆားလင်းကြီးမြို့မ ရဲစခန်းနှင့် စစ်ကော်မရှင်တပ်များ အထိုင်ချထားရာ နေရာများအားDrone ဖြင့်ဗုံးသီးချ တိုက်ခိုက်ခဲ့
စက်တင်ဘာလ (၂၆ )ရက်
ဆားလင်းကြီးမြို့မ ရဲစခန်းနှင့် စစ်ကော်မရှင်တပ်များအထိုင်ချထားရာ နေရာများအား Drone ဖြင့်ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ဆားလင်းကြီးပကဖမှ အတည်ပြုပါတယ်။
"ဆားလင်းကြီးမြို့မ ရဲစခန်းနှင့်စစ်ကော်မရှင်တပ်များ အထိုင်ချထားရာ နေရာများအားDrone ဖြင့်ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ ရဲစခန်းတွင်းကျရောက်ပေါက်ကွဲခဲ့တယ်"လို့ စက်တင်ဘာ၂၆ရက်တွင် သတင်းထုတ်ပြန်ထားပါတယ်။
ဗုံးသီးပေါက်ကွဲ၍ ရန်သူ စစ်ကော်မရှင်တပ်များထိခိုက်မှု့ရှိကြောင်းသိရပြီး၎င်းတိုက်ခိုက်မှု့ကိုစက်တင်ဘာ၂၄ရက်ကဖော်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် သာကီနှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ရွာငံမှာ တောင်ပြိုကျလို့ စစ်ဘေးရှောင်နေတဲ့ ကလေးငယ်တွေအပါအဝင် လူ ၁၀ ဦးသေဆုံး
စက်တင်ဘာလ (၂၆ )ရက်
ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်က စစ်ဘေးရှောင်တွေနေထိုင်တဲ့နေရာမှာ တောင်ပြိုကျခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် လူ ၁၀ ဦး သေဆုံးခဲ့ရတယ်လို့ ဓနုအမျိုးသားကာကွယ်ရေး တပ်တော် - DSNDA က ဒီနေ့ စက်တင်ဘာ ၂၆ မှာ ထုတ်ပြန်လာပါတယ်။
စက်တင်ဘာ ၂၄ ရက်နေ့က စစ်ဘေးရှောင်စခန်းတခုပေါ်ကို တောင်ပြိုကျမှုဖြစ်စဉ်နဲ့ပတ်သက်လို့ အခုလို အသိပေးလာတာ ဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးနေတာကြောင့် ဒေသနေပြည်သူတွေဟာ တောင်အောက်မှာ ခိုလှုံနေရချိန် တောင်ပြို ကျမှုနဲ့ ကြုံခဲ့ရတာလို့ ဒေသတွင်း သတင်းရင်းမြစ်တွေကလည်း ပြောပါတယ်။
တောင်ပြိုကျမှုကြောင့် စစ်ဘေးရှောင်စခန်းဟာ ကျောက်ခဲတွေနဲ့ မြေသားတွေပိပြီး စစ်ဘေးရှောင်ပြည်သူ ၁၀ ဦး နစ်မြုတ် သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသူတွေဟာ အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၅ ဦးဖြစ်ပြီး အမျိုးသားတွေက အသက် ၆၀၊ ၄၅ ၊ ၂၂၊ ၁၀ နဲ့ ၇နှစ် အရွယ် တွေဖြစ်ကာ အမျိုးသမီးတွေကတော့ အသက် ၆၅၊ ၄၇၊ ၃၆၊ ၂၄ နဲ့ တနှစ်အရွယ်တွေ ဖြစ်တယ်လို့ DSNDA က အသိပေး ပါတယ်။
လက်ရှိမှာ သေဆုံးသူတွေထဲက အလောင်းအချို့ ပျောက်ဆုံးနေဆဲပြီး အသက်၂၂ နှစ်အရွယ် အမျိုးသားတဦးရဲ့အလောင်း ကိုပဲ ရှာထားတယ်လို့ သိရပါတယ်။
ရွာငံမြို့ ကျောက်တောရွာဘက်မှာ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ လေယာဉ်နဲ့ ဗုံးကြဲတာ၊ ခြေလျင်စစ်ကြောင်းထိုးတာတွေကြောင့် ဒေသနေပြည်သူတွေဟာ ဘေးလွတ်ရာ တောတောင်တွေထဲမှာ ခိုအောင်းနေရပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ဒီစစ်ဘေးရှောင်တွေကို ဝိုင်းဝန်းကူညီပေးကြဖို့ ဓနုအမျိုးသားကာကွယ်ရေး တပ်တော် - DSNDA က မေတ္တာရပ်ခံထားပါတယ်။
========================
🚩🚩 ၂။ ရွာငံမြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေကို ကူညီပေးကြဖို့ DSNDA မေတ္တာရပ်ခံ
စက်တင်ဘာလ (၂၆ )ရက်
ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်မှာ စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူပိုင်အိမ်တွေနဲ့ စပါးကျီတွေကို မီးရှို့ဖျက်ဆီး ခဲ့နေတာကြောင့် စစ်ဘေးရှောင်နေရတဲ့ ဒေသနေပြည်သူတွေကို ကူညီပေးကြဖို့ ဓနုအမျိုးသားကာကွယ်ရေးတပ်တော် - DSNDA က မေတ္တာရပ်ခံထားပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဩဂုတ်လကစပြီး အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသနေပြည်သူတွေ စစ်ဘေးရှောင်နေရတာလို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကော်မရှင်တပ်ဟာ မင်းပလောင်ရွာက စစ်ဘေးရှောင်ပြည်သူတွေနေထိုင်ရာ တောတောင်တွေထဲကို လက်နက်ကြီး တွေနဲ့ ပစ်ခတ်သလို စစ်ဘေးရှောင်တဲတွေကိုပါ မီးရှို့ဖျက်ဆီးခဲ့ပြီး မင်းပလောင်ရွာမှာ တပ်စွဲနေတဲ့အတွက် မင်းပလောင်ရွာ က စစ်ဘေးရှောင်တွေ အခက်အခဲနဲ့ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
ထို့အတူ ရွာငံမြို့နယ်ထဲက ညောင်ပင်သာရွာနဲ့ ကျောက်တောရွာကိုလည်း ဩဂုတ်လ ၁၈ ရက်နေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာ တစင်း၊ ရဟတ်ယာဉ် ၂ စင်းနဲ့ ဗုံး ၃ လုံးကြဲချခဲ့ပြီး ဩဂုတ်လ ၁၉ ရက်ကစပြီး ၄ ရက်ဆက်တိုက် ဟောင်ဝစ်ဇာနဲ့ အလုံး ၄၀ ကျော်ပစ်ခဲ့သလို ဩဂုတ်လ ၂၁ ရက်နေ့မှာလည်း ရဟတ်ယာဉ် ၂စင်းနဲ့ ဗုံး ၃ လုံး ထပ်ပြီး ကြဲချခဲ့တယ်လို့ DSNDA က အသိပေးပါတယ်။
အကြမ်းဖက်စစ်ကော်မရှင်တပ်ဟာ ဝေဟင်ကနေ ဗုံးကြဲတိုက်ခိုက်ပြီး အင်အား ၂၀၀ ကျော်နဲ့ ညောင်ပင်သာရွာကို ခြေလျင်စစ်ကြောင်း ထိုးခဲ့ပြီး ကျောက်တောရွာကို အင်အား ၈၀ နဲ့ စစ်ကြောင်းထိုးကာ တပ်စွဲထားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။
အဲဒီစစ်ကြောင်းတွေဟာ ညောင်ပင်သာရွာက ပြည်သူပိုင် အိမ်တွေကို ဖျက်ဆီးတာ၊ အိမ်မွေးတရိစ္ဆာန်တွေဖြစ်တဲ့ ကျွဲ ၊ ကြက်နဲ့ အိမ်မွေးခွေးတွေကို သတ်စားတာ၊ ပြည်သူတွေ သိမ်းဆည်းထားတဲ့ ပစ္စည်းတွေကို ခိုးယူတာတွေလုပ်ခဲ့ တယ်လို့ ဆိုပါတယ်။
ဩဂုတ်လ ၂၅ ရက်နေ့ကဆိုရင် ကျောက်တောရွာက ပြည်သူပိုင်အိမ် ၃၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကြောင်းတွေ ပြန်ဆုတ်သွားခဲ့ပေမယ့် စက်တင်ဘာ ၁၃ ရက်နေ့မှာ အင်အား ၁၂၀ နဲ့ စစ်ကြောင်းတပ်ထိုးပြီး လယ်တောတွေမှာရှိတဲ့ တဲတွေကို မီးလိုက်ရှို့ခဲ့ပြီး ဝက်နဲ့ကြက်တွေကို သတ်စားကာ စက်တင်ဘာ ၁၄ နဲ့ ၁၅ မှာတော့ ကျောက်တောရွာက အိမ် ၂၃ လုံးနဲ့ စပါးကျီတွေကို မီးထပ်ရှို့ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ အဲဒီရွာတွေက ဒေသနေပြည်သူအများအပြား စစ်ရှောင်နေရပြီး ဒုက္ခရောက်နေကြတာကြောင့် မိဘပြည်သူများ အနေနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့ ဓနုအမျိုးသားကာကွယ်ရေးတပ်တော် - DSNDA က မေတ္တာရပ်ခံထားတာဖြစ်ပါတယ်။
========================
🚩🚩 ၃။ မြန်မာစစ်တပ်ထံ လက်နက်ရောင်းချရာမှာ ပါဝင်နေတဲ့ မြောက်ကိုရီးယား ၂ ဦး၊ မြန်မာ ၃ ဦးနဲ့ ကုမ္ပဏီတခုကို အမေရိကန် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့
စက်တင်ဘာလ (၂၆ )ရက်
မြောက်ကိုရီးယားကနေ မြန်မာစစ်ကော်မရှင်ကို လက်နက်ရောင်းချရာမှာ ပါဝင်ပတ်သက်နေတဲ့ မြောက်ကိုရီးယား ၂ ဦး၊ မြန်မာ ၃ ဦးနဲ့ ကုမ္ပဏီတခုကို အမေရိကန်က စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်တယ်လို့ အမေရိကန်အစိုးရ ဘဏ္ဍာရေး ဝန်ကြီးဌာန - OFAC က ဒီနေ့ စက်တင်ဘာ ၂၅ မှာ ထုတ်ပြန်လိုက်ပါတယ်။
မြောက်ကိုရီးယားစစ်တပ်ရဲ့ လက်နက်ရောင်းဝယ်ဖောက်ကားမှုအစီအစဉ်မှာ ငွေကြေးပိုင်းတာဝန်ယူထားသူတွေကွန်ရက်ကို အရေးယူခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ထုတ်ပြန်လာတာဖြစ်ပါတယ်။
မြောက်ကိုရီးယားရဲ့ ဥပဒေမဲ့ လက်နက်အစီအစဉ်တွေဟာ အမေရိကန်နဲ့ မဟာမိတ်တွေကို တိုက်ရိုက်ခြိမ်းခြောက်မှုနေတာမို့ ပါဝင်ပတ်သက်နေတဲ့ ငွေကြေးကွန်ရက်တွေကို ဖျက်သိမ်းချေမှုန်းသွားမှာပါလို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန အကြမ်းဖက်မှုနှင့် ငွေကြေးဆိုင်ရာ ထောက်လှမ်းရေးတာဝန်ရှိသူ John K. Hurley က ပြောပါတယ်။
မြောက်ကိုရီးယားရဲ့ Korea Mining Development Trading Corporation – KOMID နဲ့ စစ်ကော်မရှင်ကြား လက်နက် ရောင်းဝယ်မှု လွယ်ကူချောမွေ့စေရေး အဓိက ကွန်ရက်တခုကို အမေရိကန်က ဖော်ထုတ်အရေးယူထားပြီး အမေရိကန်ရဲ့ အရေးယူမှုဟာ စစ်ကော်မရှင်ထံ လက်နက်ရောင်းချနေတာကို ဟန့်တားဖို့နဲ့ မြောက်ကိုရီးယားအစိုးရအတွက် အရေးကြီး တဲ့ ရန်ပုံငွေလမ်းကြောင်းကို ဖြတ်တောက်ဖို့ ဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
မြန်မာနိုင်ငံက Royal Shune Lei ကုမ္ပဏီလီမိတက်ဟာ စစ်ကော်မရှင်အတွက် KOMID ကုမ္ပဏီနဲ့ လက်နက်ဝယ်ယူရေး သဘောတူညီချက်ကို ၂၀၂၂ ခုနှစ်မှာ ပထမဆုံးအကြိမ် ပွဲစားလုပ်ပေးခဲ့ပြီး ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကစလို့ KOMID ထံကနေ လက်နက်တွေ ထပ်ပြီး ဝယ်ယူနိုင်ဖို့အတွက် Royal Shune Lei ကုမ္ပဏီလီမိတက်က ဝန်ထမ်းဖြစ်တဲ့ ကျော်သူမျိုးမြင့်နဲ့ CEO အမှုဆောင်အရာရှိချုပ် တင်မျိုးအောင်တို့က တရုတ်နိုင်ငံကို သွားခဲ့ကြတယ်လို့ ဆိုပါတယ်။
Royal Shune Lei ကုမ္ပဏီလီမိတက်က ဝန်ထမ်းတွေဟာ မြန်မာကိုယ်စားလှယ်အဖွဲ့အတွက် မြောက်ကိုရီးယားဗီဇာ ရရှိရေး တရုတ်နိုင်ငံ ဘေဂျင်းမြို့ကို သွားရောက်ခဲ့တာလို့လည်း အသိပေးပါတယ်။
ဘေဂျင်းမြို့မှာရှိတဲ့ KOMID က လက်ထောက်ကိုယ်စားလှယ် Kim Yong Ju က အခြား KOMID ကိုယ်စားလှယ်တွေ၊ တင်မျိုးအောင်၊ ကျော်သူမျိုးမြင့်တို့နဲ့အတူ မြန်မာစစ်တပ်အတွက် Royal Shune Lei ကနေတဆင့် ဝေဟင်ဗုံး ၂ မျိုး၊ ဝေဟင်စောင့်ကြည့်ရေးကိရိယာတွေ ရောင်းချပေးဖို့ ညှိနှိုင်းပေးခဲ့ရာမှာ KOMID က Royal Shune Lei ကုမ္ပဏီကို ဝေဟင်ဗုံး လမ်းညွှန်ကိရိယာနမူနာတွေ စမ်းသပ်သုံးစွဲဖို့နဲ့ အရောင်းအဝယ်ဖြစ်စေဖို့ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
မြန်မာစစ်တပ်အတွက် လက်နက်ပွဲစားလုပ်နေတဲ့ Royal Shune Lei ကုမ္ပဏီမှာ အောင်ကိုကိုဦး ဆိုသူက ကုမ္ပဏီ ဒါရိုက်တာအဖြစ် ပါဝင်ဆောင်ရွက်နေတယ်လို့လည်း OFAC ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် Royal Shune Lei ကုမ္ပဏီနဲ့ ကျော်သူမျိုးမြင့်၊ တင်မျိုးအောင်၊ အောင်ကိုကိုဦးတို့ကို အမေရိကန်က စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်အရေးယူလိုက်တာလို့ သိရပါတယ်။
Royal Shune Lei ကုမ္ပဏီကို ကနေဒါနဲ့ ဗြိတိန်တို့က ၂၀၂၄ ခုနှစ် အောက်တိုဘာလမှာ ဒဏ်ခတ်အရေးယူခဲ့ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ ဥရောပသမဂ္ဂက အရေးယူဒဏ်ခတ်ခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
ဒါ့အပြင်စစ်ကော်မရှင်နဲ့ လက်နက်ရောင်းဝယ်မှုမှာ ပါဝင်နေတဲ့ မြောက်ကိုရီးယားရဲ့ လက်နက်အစီအစဉ်တွေမှာ ပါဝင်နေ တဲ့ မြောက်ကိုရီးယား KOREA MINING DEVELOPMENT TRADING CORPORATION ကုမ္ပဏီက Kim Yong Ju နဲ့ မြောက်ကိုရီးယား ထောက်လှမ်းရေးဌာနက Nam Chol Ung တို့ကိုလည်း အမေရိကန်က အရေးယူဒဏ်ခတ်လိုက်တယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ ဝန်းသိုမြို့နယ်က လူထုကို ထောက်ပံ့မှုနဲ့အတူ မိုင်းနဲ့ လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေးမှုတွေပြုလုပ်
စက်တင်ဘာလ (၂၆ )ရက်
စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတွေမှာ လူထုကို ထောက်ပံ့မှုနဲ့အတူ မိုင်းနဲ့ လေကြောင်းအန္တရာယ် ကာကွယ်ရေး အသိပညာပေးတာတွေ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန က ဒီနေ့ စက်တင်ဘာ ၂၆ မနက်မှာ ထုတ်ပြန်လာပါတယ်။
ဝန်းသိုမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတွေရှိတဲ့ ဒေသခံတွေနဲ့ ဆရာ၊ ဆရာမတွေအပါအဝင် ကျောင်းသူ၊ ကျောင်းသားတွေ ကို အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးတာဝန်ခံနဲ့ အမျိုးသမီးရေးရာတာဝန်ခံတို့က ထောက်ပံ့ကူညီမှုတွေနဲ့ အသိပညာပေးဟောပြောမှုတွေ အခုလထဲမှာ ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
ကျေးရွာလူထု၊ ဆရာ၊ ဆရာမနဲ့ ကျောင်းသား၊ ကျောင်းသူတွေကို အာဟာရကျွေးမွေးတာ၊ စာရေးကိရိယာထောက်ပံ့တာ တွေအပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို ထောက်ပံ့ငွေလည်း ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အမျိုးသမီးရေးရာတာဝန်ခံနဲ့လူ့အခွင့်ရေးရာတာဝန်ခံတွေဟာ မိုင်းအန္တရာယ်ကာကွယ်ခြင်း၊ လေကြောင်းအန္တရာယ် ကာကွယ်ခြင်းနဲ့ UDHR၊ Child Right တို့ကို ဟောပြောဆွေးနွေးတာတွေ လုပ်ခဲ့ကြပြီး အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်း Handbook ၈၀ အုပ် ပေးဝေခဲ့တယ်လို့ အသိပေးထားပါတယ်။
ဟောပြောပွဲကို တက်ရောက်လာတဲ့ ကျောင်းသားတဦးနဲ့ ကျောင်းသူတဦးက ကလေးသူငယ်အခွင့်အရေးတွေနဲ့ ပတ်သက် တာတွေ သိခွင့်ရတာကြောင့် မိမိတို့ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်နိုင်သလို မိမိကိုယ်တိုင်လည်းကာကွယ်နိုင်ကြောင်းနဲ့ လူ့အခွင့်အရေး အခြေခံတွေကိုသိရတဲ့အတွက် မိမိတို့အခွင့်အရေးအပြင် တခြားသူတွေရဲ့ အခွင့်အရေးကိုလေးစားရမယ် ဆိုတာ သိရှိလာရကြောင်း မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment