၂၀၂၅ စက်တင်ဘာလ ၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ ကျန်းမာစွာ အမြန်ဆုံးလွတ်မြောက်ရေးအတွက် စစ်အုပ်စုအပေါ် ဖိအားပေးရန် ကမ္ဘာ့အသိုင်းအဝိုင်းကို NUG တိုက်တွန်း
📌 ၂။ ဂျပန်မြန်မာယဉ်ကျေးမှုဖလှယ်ပွဲတစ်ရပ်ကို NUG ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ် တက်ရောက်
📌 ၃။ ဝန်းသိုမြို့က စစ်ဘေးရှောင်တွေအတွက် အရေးတကြီးလိုအပ်နေတဲ့ အကူအညီများကို NUG ထောက်ပံ့
📌 ၄။ ဘားအံအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၁၂ဦးကို ရိုက်နှက်ကာ ခြေကျင်းခတ် တိုက်ပိတ်ခဲ့သဖြင့် တစ်ဦး သေဆုံးခဲ့ရသည့်အပြင် အသက်အန္တရာယ်ခြိမ်းခြောက်မှုများ ပြုလုပ်နေ
📌 ၅။ ကရင်နီ ဒေသမှာ ဩဂုတ်လ တလအတွင်း စစ်ကော်မရှင်က လူ့အခွင့်အရေး ချိုးဖောက်မှု ၂၅ ကြိမ် ကျူးလွန်ခဲ့
📌 ၆။ အမေစုအတွက် ကမ္ဘာလုံးဆိုင်ရာ စုစည်းညီညွတ်မှု တော်လှန်အနုပညာရှင် ခါရာ တောင်းဆို
========================
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ ကျန်းမာစွာ အမြန်ဆုံးလွတ်မြောက်ရေးအတွက် စစ်အုပ်စုအပေါ် ဖိအားပေးရန် ကမ္ဘာ့အသိုင်းအဝိုင်းကို NUG တိုက်တွန်း
စက်တင်ဘာ ၈
Radio NUG
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ကျန်းမာစွာဖြင့် အမြန်ဆုံးလွတ်မြောက်ရေးအတွက် အကြမ်းဖက်စစ်အုပ်စုအပေါ် ထိရောက်တဲ့ ဖိအားပေးမှုများ အဆောတလျင် ဆောင်ရွက်ကြရန် ကုလသမဂ္ဂ၊ အာဆီယံ၊ အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့အသိုင်းအဝိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရမှ တိုက်တွန်းကြောင်း စက်တင်ဘာလ ၈ရက်နေ့တွင် ထုတ်ပြန်ကြေညာပါတယ်။
အကြမ်းဖက်စစ်အုပ်စု၏ မတရားဖမ်းဆီးထိန်းသိမ်းခြင်း ခံနေရတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စိုးရိမ်ဖွယ်ရာ နှလုံးရောဂါအခြေအနေကို ခံစားနေရပြီး လုံလောက်သော ဆေးကုသမှုမရရှိကြောင်း သားဖြစ်သူ ကိုထိန်လင်း (ခ) ကင်မ်အဲရစ်က အသိပေးမှုကြောင့် သိရှိရသည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် နက်ရှိုင်းစွာ စိုးရိမ်ပူပန်မိကြောင်း ဖော်ပြထားပါတယ်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အထူးလိုအပ်လျက်ရှိတဲ့ ထိရောက်သည့် ဆေးကုသခွင့်မပေးခြင်းသည် နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ အသက်အန္တရာယ် ခြိမ်းခြောက်ခြင်း ဖြစ်ပြီး ထိုကိစ္စအတွက် ဖြစ်ပေါ်လာမည့် အကျိုးဆက်များအားလုံးကို အကြမ်းဖက်စစ်အုပ်စုက အပြည့်အဝ တာဝန်ယူရမှာဖြစ်ကြောင်း သတိပေးထားပါတယ်။
========================
📌📌 ၂။ ဂျပန်မြန်မာယဉ်ကျေးမှုဖလှယ်ပွဲတစ်ရပ်ကို NUG ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ် တက်ရောက်
စက်တင်ဘာ ၈
Radio NUG
စက်တင်ဘာလ ၇ရက်နေ့တွင် ဂျပန်မြန်မာယဉ်ကျေးမှုဖလှယ်ပွဲတစ်ရပ်ကို Nagano States Shinshu မြို့တွင်ပြုလုပ်ခဲ့ရာ မြို့တော်ဝန် Mr. Ogiwara Kenji၊ ၄င်းဒေသ၏ လွှတ်တော်ကိုယ်စားလှယ် Mr. Sugio၊ NUG ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးစောဘလှသိန်း၊ Nagano မြို့ခံဂျပန်နှင့် မြန်မာလူမျိုးများ၊ Tokyo အပါအဝင်အခြားပြည်နယ်မှ မြန်မာနိုင်ငံသားတိုင်းရင်းသားများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါတယ်။
မြို့တော်ဝန် Mr. Ogiwara Kenji မှ ငြိမ်းချမ်းလာသော သူတို့တိုင်းပြည်နှင့် သူတို့မြို့အကြောင်း ပြောကြားခဲ့သလို ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်မှလည်း မြန်မာနိုင်ငံ၏ ငြိမ်းချမ်းခြင်း မရှိသေးသော အကြောင်းအရာများကို ပြောကြားခဲ့ပြီး နှစ်နိုင်ငံ ရိုးရာအဝတ်အစားများနှင့် နှစ်နိုင်ငံအကများကို ဖလှယ်တင်ဆက်ခဲ့ကြတယ်လို့ သိရပါတယ်။
========================
📌📌 ၃။ ဝန်းသိုမြို့က စစ်ဘေးရှောင်တွေအတွက် အရေးတကြီးလိုအပ်နေတဲ့ အကူအညီများကို NUG ထောက်ပံ့
စက်တင်ဘာ ၈
Radio NUG
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့မှာ အကြမ်းဖက်စစ်အုပ်စုကြောင့် စစ်ဘေးတိမ်းရှောင်နေရတဲ့ ဒေသခံလူထုအတွက် အရေးတကြီးလိုအပ်နေတဲ့ စားနပ်ရိက္ခာအကူအညီတွေကို ဩဂုတ်လထဲမှာ ထောက်ပံ့ကူညီခဲ့ကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။
ထောက်ပံ့ကူညီမှုတွေကို လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ရေးရာတာဝန်ခံတွေနဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာန တာဝန်ခံတို့က ပူးပေါင်းထောက်ပံ့ကူညီခဲ့ကြတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဝန်းသိုမြို့နယ်အတွင်း စစ်ဘေးရှောင်အိမ်ထောင်စု ၁၉ စု၊ လူဦးရေ ၆၇ ဦးကို ထောက်ပံ့ကူညီမှုတွေလုပ်ခဲ့တဲ့အပြင် လူ့အခွင့်အရေးဆိုင်ရာ အခြေခံအသိပညာတွေနဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးမှုဆွေးနွေးမှုတွေကိုလည်း ပို့ချခဲ့တယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက NUG အစိုးရအနေနဲ့ စစ်ဘေးရှောင်တွေကို ပစ်ပယ်မထားဘဲ ထောက်ပံ့ကူညီတဲ့အပြင် လူ့အခွင့်အရေးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာများ ပို့ချတဲ့အတွက် ဝမ်းသာကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
========================
📌📌 ၄။ ဘားအံအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၁၂ဦးကို ရိုက်နှက်ကာ ခြေကျင်းခတ် တိုက်ပိတ်ခဲ့သဖြင့် တစ်ဦး သေဆုံးခဲ့ရသည့်အပြင် အသက်အန္တရာယ်ခြိမ်းခြောက်မှုများ ပြုလုပ်နေ
စက်တင်ဘာ ၈
Radio NUG
ကရင်ပြည်နယ်၊ ဘားအံအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများအား မတရားညှင်းပမ်းနှိပ်စက်မှုများ ပြုလုပ်ကာ တိုက်ပိတ်ပြီးနောက် အသက်အန္တရာယ်ခြိမ်းခြောက်မှုများကို ထောင်အာဏာပိုင်များမှ ကျူးလွန်လျက်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM မှ အသိပေးထုတ်ပြန်ပါတယ်။
၂၀၂၅ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့တွင် ဘားအံထောင် ကြိုးကြာဆောင်ရှိ နိုင်ငံရေးအကျဉ်းသား (၁၂)ဦးအား ထောင်အာဏာပိုင်များမှ အဓမ္မခေါ်ယူ ရိုက်နှက်ကာ ခြေကျင်းခတ်ပြီး ၃လ တိုက်ပိတ်ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပိတ်သည့်နေရာသို့ ခေါ်ဆောင်ရာ၌ နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက ရိုက်နှက်ခဲ့သည့်အပြင် တိုက်ပိတ်ခံထားရသည့် နေရာအတွင်းသို့ ဝင်ရောက်ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြသဖြင့် မတရားညှင်းပမ်း နှိပ်စက်မှုများကြောင့် ဇူလိုင်လ (၁၃)ရက်နေ့တွင် ကိုဉာဏ်မင်းထွန်း အသက်ဆုံးပါးခဲ့ရပြီး အခြားတိုက်ပိတ်ခံ နိုင်ငံရေးအကျဉ်းသားများလည်း ထိခိုက်ဒဏ်ရာများစွာ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထောင်အာဏာပိုင်များက တိုက်ပိတ်ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားများအနက် ကိုဇော်ဝင်းအောင် (ခ) ကိုဂျက်ကို ဦးဆောင်သူဟု သတ်မှတ်ကာ တစ်လကျော် နေ့စဉ် အပြင်ခေါ်ထုတ်၍ ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့တယ်လို့ အသိပေးထားပါတယ်။
ထိုကြောင့် ဇော်ဝင်းအောင် (ခ) ကိုဂျက်သည် ယခုအချိန်တွင် ရုပ်ပိုင်းဆိုင်ရာနှင့် မိမိကိုယ်ကို အဆုံးစီရင်ရန်အထိ စိတ်ပိုင်းဆိုင်ရာ အလွန် ပြင်းထန်စွာ ထိခိုက်နေမှုများ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
ထိုအပြင် ဘားအံထောင်မှ တစ်ပွင့် အရာရှိ အောင်ရဲနိုင် (ခ) ရခိုင် (နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ် ၁၁/စတန(နိုင်)၀၆၉၃၉၃) သည် စစ်ခုံရုံးမှ ပြစ်ဒဏ်ချမှတ်ထားသည့် စစ်ဗိုလ်များ၊ မူးယစ်ဆေးရောင်းဝယ်မှုများကြောင့် ထောင်ကျနေသည့် သူများဖြင့် ဖွဲ့စည်းထားကာ ရင်ထိုးအနီရောင် ထိုးကြသည့် မိန်းဂျေးရုံးအဖွဲ့ကို သစ်သားတုတ်များ၌ နာမည်များ ရေးပြီး နိုင်ငံရေးအကျဉ်းသားများကို ရိုက်နှက်ရန်အတွက် စီစဉ်ပေးခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။
ယင်းကဲ့သို့ စီစဉ်ပေးခဲ့သည့်အပြင် တစ်ပွင့် အရာရှိ အောင်ရဲနိုင် (ခ) ရခိုင်သည် ဘားအံထောင်အတွင်း သတင်းများ ပြင်ပသို့ပေါက်ကြားပါက တိုက်ပိတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား(၁၂) ဦးအား သတ်ပစ်မည်ဟု ဆိုကာ ခြိမ်းခြောက်ထားကြောင်း PPNMမှ သက်သေများနှင့်တကွ အတည်ပြုနိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။
လက်ရှိတွင် ဘားအံအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများသည် ထောင်အာဏာပိုင်များ၏ အစီအစဉ်တကျ ညှဉ်းပမ်းနှိပ်စက်မှုများကို ခံနေရပြီး နေ့စဉ် မနက် ၉ နာရီမှ ၁၀ နာရီအထိ နေပူ၊ မိုးရွာ အခြေအနေမရွေး အိပ်ဆောင်နှင့် အုတ်ရိုးအကြား ရေညှိများကို တိုက်ကြရကာ ထောင်ဝန်ထမ်းများအကြောင်းကို ပြောဆိုပါက ခြေကျင်းခတ်၊ တိုက်ပိတ်မည်ဟု ခြိမ်းခြောက်ထားကြတယ်လို့ သိရပါတယ်။
ထို့ကြောင့် ဘားအံအကျဉ်းထောင်အတွင်းရှိ ထောင်အာဏာပိုင်များမှ နိုင်ငံရေးအကျဉ်းသားများအား ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာဖိနှိပ်မှုများနှင့် အသက်အန္တရာယ်ခြိမ်းခြောက်နေမှုများအတွက်
၁။ မတရားတိုက်ပိတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား (၁၂) ဦးအား ခြေကျင်းခတ်၊ တိုက်ပိတ်ခြင်းမှ ချက်ချင်း လွှတ်ပေးရန်။
၂။ နိုင်ငံရေးအကျဉ်းသား ကိုဇော်ဝင်းအောင်အပါအဝင် ရိုက်နှက်ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားများအား ချက်ချင်း ဆေးဝါးကုသမှုနှင့် စိတ်ပိုင်းဆိုင်ရာ ကူညီမှု ပေးရန်။
၃။ တစ်ပွင့် အရာရှိ အောင်ရဲနိုင် (ခ) ရခိုင်အပါအဝင် ရိုက်နှက်ညှင်းပမ်းရန် ညွှန်ကြားသူများကို တာဝန်ယူစေပြီး နိုင်ငံရေးအကျဉ်းသားများအပေါ် တရားမဲ့ ညှင်းပမ်းမှုများကို ချက်ချင်း ရပ်တန့်ရန်။
၄။ ထောင်အာဏာပိုင်များမှ ဘားအံအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများအပေါ် မည်သည့်နည်းဖြင့်မဆို အသက်အန္တရာယ် ခြိမ်းခြောက်မှုများ လုံးဝ မရှိရန်။ စတဲ့ အချက်များကို တောင်းဆိုကြောင်း ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၅။ ကရင်နီ ဒေသမှာ ဩဂုတ်လ တလအတွင်း စစ်ကော်မရှင်က လူ့အခွင့်အရေး ချိုးဖောက်မှု ၂၅ ကြိမ် ကျူးလွန်ခဲ့
စက်တင်ဘာလ ၈ ရက်၊
Radio NUG
ကရင်နီ ပြည်နယ်ရှိ မြို့နယ်များကို စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်က ပြီးခဲ့တဲ့ ဩဂုတ်လ တလအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ၂၅ ကြိမ် ကျူးလွန်ခဲ့တယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG) က ထုတ်ပြန်ထားပါတယ်။
ဩဂုတ်လအတွင်း လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု၊ မြေမြှုပ်မိုင်းနဲ့ သေနတ်ဖြင့် ပစ်သတ်ခံရမှု တို့ကြောင့် ကလေးငယ် ၃ ဦးနဲ့ အမျိုးသမီး ၈ ဦး အပါအဝင် အရပ်သား ပြည်သူ စုစုပေါင်း ၃၅ ဦး သေဆုံးခဲ့ကာ ကလေးငယ် ၆ ဦး၊ အမျိုးသမီး ၁၃ ဦး အပါအဝင် ၄၇ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် နေအိမ် ၄၅ လုံး၊ ဘာသာရေး အဆောက်အဦး ၁ လုံး၊ စာသင်ကျောင်း ၂ ဆောင်၊ ဆေးပေးခန်း ၃ လုံးနဲ့ ပြည်သူပိုင် အဆောက်အဦး ၁ လုံး ပျက်စီးခဲ့ကာ မော်တော်ယာဉ် ၆ စီး၊ စိုက်ခင်း ၉ ခင်းလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
စစ်ကော်မရှင်တပ်က လွိုင်ကော်၊ ဒီးမော့ဆို၊ ဖားဆောင်း၊ ဖရူဆို၊ ဘော်လခဲ နဲ့ ဖယ်ခုံမြို့နယ်အတွင်း လေကြောင်း တိုက်ခိုက်မှု ၉ ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု ၁၃ ကြိမ်၊ သေနတ်ဖြင့် ပစ်သတ်ခြင်း ၁ ကြိမ်၊ ဖမ်းဆီးခြင်း ၁ ကြိမ် နဲ့ မိုင်းနင်းမိခြင်း ၁ ကြိမ်ကို ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကော်မရှင်က ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ မြို့နယ်များရရှိအောင် စစ်ကြောင်းထိုး လာတာကြောင့် ပြည်သူများ ထပ်မံရွေ့ပြောင်း နေရဆဲဖြစ်ပြီး ဇူလိုင်နဲ့ ဩဂုတ်လအတွင်း ရွေ့ပြောင်းနေရသူ နှစ်သိန်း (၂၀၀,၀၀၀) ခန့်ထိ ရှိခဲ့ တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ စစ်ဘေးရှောင် အရေးပေါ် စားနပ်ရိက္ခာနဲ့ အမိုးအကာလိုအပ်မှု အမြင့်မားဆုံး အခြေအနေနဲ့ ရင်ဆိုင်နေ ရတာကြောင့် နိုင်ငံတကာ အကူအညီများ လိုအပ်နေတဲ့အပြင် နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများ အပါအဝင် အရေးပေါ် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကိုလည်း လိုအပ်နေတယ်လို့ တောင်းဆိုထား ပါတယ်။
========================
📌📌 ၆။ အမေစုအတွက် ကမ္ဘာလုံးဆိုင်ရာ စုစည်းညီညွတ်မှု တော်လှန်အနုပညာရှင် ခါရာ တောင်းဆို
စက်တင်ဘာ ၈
Radio NUG
တော်လှန်အနုပညာရှင် ခါရာက ကမ္ဘာတစ်ဝှမ်းရှိ မြန်မာနိုင်ငံသားများအား မတရားဖမ်းဆီးချုပ်နှောင်ခံထားရပြီး ကျန်းမာရေးအခြေအနေ ဆိုးရွားနေသည့် ဒေါ်အောင်ဆန်းစုကြည်အတွက် စုစည်းညီညွတ်စွာ အသံထုတ်ဖော်ပြီး တက်ညီလက်ညီ အော်ဟစ်တောင်းဆိုရန် တိုက်တွန်းထားပါတယ်။
ခါရာက "ဘာမှမလုပ်နေရင် ဘာမှမဖြစ်လာတာထက်စာရင် အားလုံးရဲ့ အသံတွေကြောင့် ပိုကောင်းတဲ့ အပြောင်းလဲတစ်ခုခုဖြစ်လာဖို့ ရည်ရွယ်ပါတယ်။ အားလုံးပါဝင်ပေးကြပါ။"လို့ ပြောကြားထားပါတယ်။
ထို့ပြင် ခါရာက ဆယ်စုနှစ်ပေါင်းများစွာ တိုင်းပြည်နှင့် ပြည်သူများအတွက် ပေးဆပ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် စစ်မှန်သော လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြသည့် သူရဲကောင်းများအား ကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့ပြီး “ကျွန်တော်တို့ အပိုင်းကို ကျွန်တော်တို့ ဆက်လုပ်ကြရအောင်။ အမေစုအတွက် ကျွန်တော်တို့ရှိပါတယ်။” လို့ ဆက်လက်တိုက်တွန်းခဲ့ပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ဗန်းမော်နှင့် ဖားကန့်တိုက်ပွဲများ၌ စစ်ကောင်စီတပ် အထိနာနေပြီး လက်နက်ခဲယမ်းများ KIAသိမ်းဆည်းရရှိ
စက်တင်ဘာ ၈
Radio NUG
ကချင်ပြည်နယ်၊ ဗန်းမော်နှင့် ဖားကန့်မြို့နယ်များတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ ပြင်းထန်နေပြီး၊ ဗန်းမော်တိုက်ပွဲတွင် စစ်ကောင်စီထံမှ လက်နက်ကြီးများနှင့် ကျည်ဆံများ သိမ်းဆည်းရမိကြောင်း People's Spring သတင်းဌာနမှာ ဖော်ပြထားပါတယ်။
ဗန်းမော်မြို့ရှိ စစ်ကောင်စီ၏ သံချပ်ကာတပ်ရင်းနှင့် ခလရ (၂၃၆) တပ်ရင်းအနီးတွင် စက်တင်ဘာ ၈ရက် နံနက်ပိုင်းက ပြင်းထန်သည့် တိုက်ပွဲများ ဖြစ်ပွားခဲ့ကာ ထိုတိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု များပြားခဲ့ပြီး၊ KIA ပူးပေါင်းတပ်က စက်သေနတ်ကြီး ပွိုင့်ဖိုက် (Point Five) ၁ လက်၊ 14.5 မီလီမီတာ ၁ လက်နှင့် ဆက်စပ်ကျည်ဆံများ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ဖားကန့်မြို့နယ်တွင်လည်း စက်တင်ဘာ ၇ နှင့် ၈ ရက်နေ့များက ဆန်းကြွယ်နှင့် မော်တောင်းအနီးတဝိုက်၌ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ ထမင်းမစားရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင် တပ်စခန်းကို KNLA, KNDO နဲ့ ပူးပေါင်းအဖွဲ့ သိမ်းပိုက်ရရှိ
စက်တင်ဘာလ ၈ ရက်၊
Radio NUG
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ထမင်းမစား ရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင် တပ်စခန်းကို KNLA, KNDO နဲ့ တော်လှန်ရေး ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်မှ သတင်းထုတ်ပြန်ထားပါတယ်။
ကရင့်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင် အုပ်ချုပ်နယ်မြေ၊ လယ်မူလားမြို့နယ်၊ ထမင်းမစား ကျေးရွာမှာ အင်အား ၄၀ ကျော်ဖြင့် တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဆိုပါတယ်။
စက်တင်ဘာလ ၈ ရက်၊ မနက် ၇ နာရီ အချိန်မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး KNLA တပ်မဟာ (၄) လက်အောက်ခံ KNDO တပ်ရင်း ၇၊ တပ်ခွဲ ၂၊ တပ်ခွဲ ၅၊ KNLA အထူးတပ်ဖွဲ့၊ ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
၎င်း တပ်စခန်းဟာ စစ်ကော်မရှင်ရဲ့ ခလရ (၂၀၈) တပ်ရင်း၊ အမတ (၃၀၉) တပ်ရင်း နဲ့ အမှတ် (၁၂) တပ်မတော် လေ့ကျင့်ရေး သင်တန်းကျောင်းတို့က တပ်ဖွဲ့ဝင်များ အခြေချ တပ်စွဲထားတာ ဖြစ်ပါတယ်။
========================
🚩🚩 ၃။ ပွင့်ဖြူမှာ စစ်ကော်မရှင်နဲ့ ပျူစောထီး စစ်ကြောင်း (၂) ခုကို တိုက်ခိုက်ခဲ့ရာ ၁၈ ဦးခန့် ထိခိုက်သေဆုံး
စက်တင်ဘာလ ၈ ရက်၊
Radio NUG
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်မှာ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီး စစ်ကြောင်း ၂ ခုကို တိုက်ခိုက်ခဲ့ရာ ၁၈ ဦးခန့် သေဆုံးခဲ့တယ်လို့ ပွင့်ဖြူ ပကဖ က ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၆ ရက်က ပွင့်ဖြူ ဝါစိုက်ပျိုးရေးတပ်နဲ့ ပျူစောထီး အင်အား ၃၀ ဝန်းကျင်ဟာ ကျောင်းကုန်းကြီး ကျေးရွာမှာ စုဖွဲ့မှု ပြုလုပ်ပြီး မဒဲကျေးရွာ မြောက်ဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတယ်လို့ ဆိုပါတယ်။
၎င်းစစ်ကြောင်းကို လိုက်လံတိုက်ခိုက်ခဲ့ရာ မိနစ် ၃၀ ခန့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်ဘက်မှ ၄ ဦး ထိခိုက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အလားတူ မဲဇလီ စခန်းမှ အင်အား ၈၀ ခန့်ပါ စစ်ကြောင်းဟာ မဒဲကျေးရွာ ဘုန်းကြီးကျောင်းကို နေ့လည်ပိုင်းမှာ ရောက်ရှိလာပြီး၊ ထိုနေ့ညနေ ၄ နာရီဝန်းကျင်မှာ ၎င်းစစ်ကြောင်းကို ပူးပေါင်းတပ်ဖွဲ့က လိုက်လံတိုက်ခိုက်ခဲ့တယ် လို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင် စစ်ကြောင်းဟာ တော-မဲဇလီ လမ်းပိုင်းကို ထွက်ပြေးသွားခဲ့ကြရာမှ လမ်းပိုင်း တနေရာမှာ မိုင်းကွင်းအား တိုးမိပြီး ၁၄ ဦးဝန်းကျင် ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပွင့်ဖြူ၊ ပွင့်ဖြူကာကွယ်ရေးတပ် (Local) နဲ့ မင်းဘူးခရိုင် ပကဖ တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
၎င်းစစ်ကော်မရှင် စစ်ကြောင်းဟာ လမ်းတလျောက်က ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးကာ မိုင်းကွင်း ဖြတ်ခိုင်းခြင်း၊ ပစ်ခတ်သတ်ဖြတ်ခြင်းများ ပြုလုပ်သွားခဲ့ပြီး အပြစ်မဲ့ ပြည်သူ ၉ ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာရခဲ့ တယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ ကန့်ဘလူမှာ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီး လှည့်ကင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၇ ဦး သေဆုံး
စက်တင်ဘာလ ၈ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် တနေရာမှာ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီး ပူးပေါင်း လှည့်ကင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ၇ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) က ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၈ ရက်နေ့ မနက် ၇ နာရီ ၄၅ မိနစ်ခန့်က အင်အား (၁၇) ဦးခန့်ပါ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီး လှည့်ကင်းကို ဝက်တိုးရွာနဲ့ ကာဘိုးရွာကြား အရောက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
၎င်း တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်မှ ၇ ဦး သေဆုံးခဲ့တယ်လို့ အတည်ပြုနိုင်ခဲ့ပြီး ကာဘိုင် ၂ လက်၊ MA-1 ၁ လက်၊ G-3 ၁ လက်၊ ပြောင်းချော ၁ လက်နဲ့ စပ်ဆက် ခဲယမ်းများကို သိမ်းဆည်းရရှိ ခဲ့တယ်လို့ သိရပါတယ်။
၎င်းတိုက်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA)၊ ကန့်ဘလူလှုပ်ရှားအဖွဲ့ (ပကဖ)၊ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) နဲ့ တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး အထိခိုက်မရှိ ပြန်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၅။ ထီးချိုင့်မြို့နယ်တွင် စစ်တပ်၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၁၁ ဦးခန့် သေဆုံး
စက်တင်ဘာ ၈
Radio NUG
စက်တင်ဘာ ၆ ရက်နှင့် ၇ ရက်တို့တွင် စစ်တပ်၏ စစ်သင်္ဘောအုပ်စုသည် ဧရာဝတီမြစ်အတိုင်း ဖြတ်သန်းစဉ် ၎င်းတို့၏ လုံခြုံရေးအတွက် လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း Tigyaing Revolution – TR အဖွဲ့မှ သတင်းထုတ်ပြန်ပါတယ်။
တိုက်ပွဲဖြစ်ပွားခြင်းမဟုတ်ဘဲ တစ်ဖက်သတ် အကြမ်းဖက်ပစ်ခတ်မှုများကြောင့် မောင်းကုန်းရွာမှ ပြည်သူ ၅ ဦး၊ ကျော်မှော်ရွာမှ ၁ ဦး၊ ဘိုကုန်းရွာမှ ၃ ဦး၊ ဝဲကြီး (ချွန်း) ရွာမှ ၂ ဦး စုစုပေါင်း ၁၁ ဦး သေဆုံးခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရသူများလည်း ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၆။ အကြမ်းဖက်စစ်တပ်က သရက်ချောင်းမြို့နယ်၊ သင်းကျွန်းရွာနှင့် ရန်တောင်ကျေးရွာတို့ရှိ နေအိမ် ၄၀ ခန့်ကို မီးရှို့ဖျက်ဆီး
စက်တင်ဘာ ၈
Radio NUG
အာဏာသိမ်းစစ်တပ်၏ လက်အောက်ခံ အကြမ်းဖက်စစ်သားများသည် စက်တင်ဘာ ၇ ရက်၊ နံနက်ပိုင်းတွင် ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သင်းကျွန်းရွာနှင့် ရန်တောင်ကျေးရွာတို့ရှိ နေအိမ် ၄၀ ခန့်ကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း DDMSC မှ သတင်းထုတ်ပြန်ပါတယ်။
မီးရှို့ဖျက်ဆီးမှုကြောင့် ရန်တောင်ကျေးရွာတွင် နေအိမ် ၃၀ ခန့်နှင့် သင်းကျွန်းရွာတွင် နေအိမ် ၈ လုံး မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
သင်းကျွန်းရွာကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကျေးရွာနေပြည်သူများက နေအိမ်များ မီးရှို့ ဖျက်ဆီးခြင်းမပြုလုပ်ရန် ရှိခိုး တောင်းပန်ခဲ့သော်လည်း အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါမီးရှို့ဖျက်ဆီးသူများသည် သရက်ချောင်းမြို့နယ် အခြေစိုက် ခမရ ၄ဝ၃ ၊ ခမရ ၄ဝ၄ နှင့် ခမရ ၄ဝ၅ တပ်ရင်းက အကြမ်းဖက်စစ်သားများဖြစ်တယ်လို့ သိရပါတယ်။
========================
🚩🚩 ၇။ မြင်းကျကန်ရွာမှာ ဒေသခံ ၂ ဦးကို စစ်ကော်မရှင် တပ်သားများက ပစ်သတ်ပြီး တဲအနီး မြေမြှုပ်ထား၊ ညောင်အုပ်ဖီးမှာလည်း ရွာသား ၂ ဦးကို ဖမ်းဆီးသွားခဲ့
စက်တင်ဘာလ ၈ ရက်၊
Radio NUG
မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် အရှေ့ပိုင်းက ကမ်းပါးနီ စိုက်ကွင်းမှာ ညအိပ်တောင်ယာ လုပ်ကိုင်နေကြတဲ့ ဒေသခံ ၂ ဦးကို စစ်ကော်မရှင် တပ်သားများက ပစ်သတ်ခဲ့တယ်လို့ Voice of Wundwin က ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၆ ရက်နေ့ ညပိုင်းမှာ မြင်းကျကန် ရွာသား တဦးနဲ့ (မြင်းကျကန်မှာ အိမ်ထောင်ကျသူ) ဆူးပန်း ရွာသား တဦးကို စစ်ကော်မရှင် တပ်သားများက ပစ်သတ်ခဲ့ပြီး တဲအနီးမှာ မြေမြှပ်ထားခဲ့တယ်လို့ ဆိုပါတယ်။
နောက်တနေ့ ၎င်းတို့ရဲ့ ဆွေမျိုးများ ရောက်လာပြီး မြေပုံကို တူးဖော်ဖို့လုပ်ရာမှာ ထိခွင့်မရှိကြောင်း ပြောဆိုခဲ့ပြီး တဲအနီး ငိုယိုခွင့်ပင် မပေးဘဲ အိမ်ပြန်ကြရန် ခြိမ်းခြောက် နှင်လွှတ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဖြစ်စဉ် ဖြစ်ခဲ့ပြီး နောက်တနေ့မှာ မြင်းကျကန် အုပ်ချုပ်ရေးမှူးက အထက်အမိန့်အရ ဆိုကာ “စိုက်ကွင်းမှ တောင်သူများ အားလုံး ရွာထဲကို ချက်ချင်း ပြန်လာခိုင်းကာ တဲတွေမှာကျန်ခဲ့တဲ့ ပစ္စည်းတွေကိုလည်း အမျိုးသမီးများသာ သွားရောက်ယူဆောင်ခွင့် ရှိမယ်။” လို့ လော်စပီကာနဲ့ အော်ဟစ်ပြောဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထို့အပြင် မကျီးအုပ် အရှေ့ဘက်၊ ခရိုင်ချင်းဆက်လမ်း အရှေ့ဘက်က မောင်းခွက် ကျေးရွာမှာလည်း ရွာသူ/သား များကို နှင်ထုတ်ကာ စစ်ကောင်စီ တပ်သားများက ဖြန့်ကျက်နေရာယူထားတယ်လို့ ဆိုပါတယ်။
စက်တင်ဘာလ ၈ ရက်၊ နေ့လယ် ၂ နာရီခွဲ ခန့်မှာလည်း ညောင်အုပ်ဖီးရွာကို စစ်ကော်မရှင်တပ်နဲ့ ပျူစောထီးများ ရောက်ရှိလာပြီး ဒေါ်ဒွေးမုန်းသားနှင့် မှဲ့သီး (ခ) နေလင်းမောင်ဆိုသူတို့ကို ဖမ်းဆီးသွားခဲ့တယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၈။ KNDF အမှတ် (၁) ဗျူဟာတွင် တာဝန်လွဲပြောင်းထမ်းဆောင်မည့် ဗျူဟာမှူး၊ စစ်နည်းဗျူဟာမှူးနှင့် ရုံးဦးစီးမှူးတို့၏ ကျမ်းသစ္စာကျိန်ဆိုခြင်း အခမ်းအနား ကျင်းပပြုလုပ်
စက်တင်ဘာ ၈
Radio NUG
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ အမှတ် (၁) ဗျူဟာတွင် တာဝန်လွဲပြောင်းထမ်းဆောင်မည့် ဗျူဟာမှူး၊ စစ်နည်းဗျူဟာမှူးနှင့် ရုံးဦးစီးမှူးတို့၏ ကျမ်းသစ္စာကျိန်ဆိုခြင်း အခမ်းအနားကို စက်တင်ဘာလ ၅ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း KNDFမှ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ အခမ်းအနားသို့ KNDF၏ စစ်ရေးချုပ်၊ ဗဟိုကော်မတီဝင်များနှင့် တပ်သားရဲဘော်များ တက်ရောက်ပါဝင်ခဲ့ကြပြီး အမှတ် (၁) ဗျူဟာတွင် ယခင် တာဝန်ထမ်းဆောင်ခဲ့သော ဗျူဟာမှူးနှင့် စစ်နည်းဗျူဟာမှူးတို့မှလည်း တာဝန်ဝတ္တရားများကို အဆင်ပြေစွာ လွှဲပြောင်းအပ်နှင်းခဲ့တယ်လို့ သိရပါတယ်။
KNDF အမှတ် (၁) ဗျူဟာအနေဖြင့် KNDF၏ မူဝါဒကြေညာစာတမ်းနှင့် သစ္စာအဓိဋ္ဌာန် (၅) ချက်အရ တော်လှန်ရေး၏ တာဝန်ဝတ္တရားများကို ဆက်လက်ထမ်းဆောင်သွားမည်ဟု ကတိပြုကြောင်း ဖော်ပြထားပါတယ်။
========================
🚩🚩 ၉။ တပ်ရင်း/တပ်ဖွဲ့ (၃၈) ရင်း/ဖွဲ့ အတွက် ဆေးတပ်သား သန္ဓေအင်အား (၁၀၀)ကျော် မွေးထုတ်ပေးနိုင်ခဲ့တဲ့ တိုက်ပွဲတွင်း ဆေးပညာနှင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှု စစ်/ဆေးသင်တန်း (M1) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့
စက်တင်ဘာ ၈
Radio NUG
အမျိုးသားညီညွှတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်၊ စစ်ရေးဌာန၊ ဆေးဝန်ထမ်းဌာနခွဲ၊ မန္တလေးတိုင်းစစ်ဌာနမှ တိုက်ပွဲတွင်း ဆေးပညာနှင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှု စစ်/ဆေး (M1) သင်တန်းဆင်းပွဲအား သြဂုတ်လ(၈)ရက်နေ့က အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
သင်တန်းဆင်းပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဆေးတပ်ဖွဲ့ဝင်အဖြစ် သစ္စာအဓိဌာန်ရွတ်ဆိုခြင်း၊ ယင်းမာပင်ခရိုင် ဒု/ကွပ်ကဲရေးမှုးက အမှာစကား ပြောကြားခြင်း၊ ယင်းမာပင်ခရိုင် စစ်ဌာနမှ ဆေးတပ်ဖွဲ့တာဝန်ခံက သင်တန်းဆင်းရဲဘော်များအား ဂုဏ်ပြုစကားပြောကြားခြင်းနှင့် ထူးချွန်ဆုရ ကျောင်းသားများအား ဆုချီးမြှင့်ခြင်း၊ မန္တလေးတိုင်းစစ်ဌာန တာဝန်ရှိသူ တစ်ဦးက သင်တန်းဆင်းမိန့်ခွန်းပြောကြားခြင်းနှင့် ရဲဘော်များက စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြုခြင်းတို့
ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
သင်တန်းကာလသည် ရက်ပေါင်း (၆၀)ကြာမြင့်ခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန (MOH)မှ ဆရာဝန်များ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD)မှ ဆရာဝန်များက ကြီးကြပ်သင်ကြားပေးခဲ့ပြီး စစ်ဖက်သင်တန်းနည်းပြဆရာများနှင့် ခရိုင်ဆေးသင်တန်းဆရာများ ပါဝင်ခဲ့ကာ မန္တလေးတိုင်း ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း တိုင်း(၃)တိုင်း ပါဝင်ခဲ့ပြီး တပ်ရင်း/တပ်ဖွဲ့ (၃၈) ရင်း/ဖွဲ့ အတွက် ဆေးတပ်သား သန္ဓေအင်အား (၁၀၀)ကျော် မွေးထုတ်ပေးနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာဖြစ်ပါတယ်။










No comments:
Post a Comment