၂၀၂၅ အောက်တိုဘာလ ၅ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ စစ်တပ်က အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေ ပိုပြီး ကျူးလွန်လာတယ်လို့ NUG ပြော
📌 ၂။ အမျိုးသမီးနဲ့ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး - WCP သင်တန်းကနေ ဆင့်ပွားသင်တန်းတွေထပ်လုပ်နိုင်ခဲ့တယ် လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနဆို
📌 ၃။ ကော်သူးလေအုပ်ချုပ်မှုနယ်မြေမှာ အကြမ်းဖက်စစ်တပ်လက်ချက်ကြောင့် စာသင်ကျောင်း ၁၈ ကျောင်း ပျက်စီးခဲ့ရပြီး ကျောင်းသား ကျောင်းသူ ၁၅ ဦး သေဆုံးခဲ့ရတယ်လို့ KNU ပြော
========================
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၅ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ မင်းတပ်မြို့ကို စစ်တပ်က ညပိုင်းမှာ လေကြောင်းကနေ ဗုံးထပ်ကြဲ
🚩 ၂။ မန္တလေး - မုံရွာလမ်းပေါ် မှာ ဆက်ကြေးကောက်နေတဲ့ စစ်သားတွေကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်မှုမှာ စစ်သား ၃ ဦးသေပြီး ၅ ဦးဒဏ်ရာရ
🚩 ၃။ ရွှေဘိုမှာ အင်အား ၆ဝ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ရာ စစ်သား ၇ ဦးသေပြီး ၄ ဦး ဖမ်းမိ
🚩 ၄။ တန့်ဆည်နယ်မှာ တိုက်ပွဲမရှိဘဲ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေတိုက်ခိုက်တာကြောင့် အိမ် ၁၈ လုံး ပျက်စီးပြီး ၂ ဦး ဒဏ်ရာရ
🚩 ၅။ သီပေါမြို့ကို စစ်တပ်က လေယာဉ်ကနေ့ ဗုံး ထပ်မံတာကြောင့် ဘုန်းကြီးကျောင်း၊ ဘုရား စေတီတွေနဲ့လူနေအိမ်တွေ ပျက်စီး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ စစ်တပ်က အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေ ပိုပြီး ကျူးလွန်လာတယ်လို့ NUG ပြော
အောက်တိုဘာလ (၅)ရက်
အာဏာသိမ်းထားတဲ့ အကြမ်းဖက်စစ်တပ်ဟာ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက် မှုတွေ ပိုပြီးလုပ်လာနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ - NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူတွေအပေါ် ဘက်ပေါင်းစုံကနေ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ တိုက်ခိုက်မှုတွေကို မှတ်တမ်းတင်ထားတယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ တိုက်ခိုက်မှုတွေ ကို အချက်အလက်သင်ပုန်း - Data Dashboard လစဉ်ပြုလုပ်နေတာကို ရည်ညွှန်းပြောဆိုလိုက်တာဖြစ်ပါ တယ်။
စစ်အုပ်စုဟာ သူတို့ ထွက်ပေါက်ရအောင် ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲအတွက် အားစိုက်ပြင်ဆင်နေသလို တဖက်မှာလည်း အကြမ်းဖက်မှုတွေကို ပိုပြီး အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ အခုနှစ် စက်တင်ဘာလကုန်ပိုင်းအထိ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၃ထောင့် ၇ ရာ ၅၀ခန့် ပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူ ၄ထောင့် ၁၀၀ ကျော် သေဆုံးခဲ့ရပြီလို့လည်း အသိပေးထားပြီး သေဆုံးသူတွေထဲ မှာ အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၅၅၉ ဦး ပါဝင်နေတယ်လို့လည်း ဖော်ပြထားပါတယ်။
ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်း ၃၇၄ ကျောင်း၊ ဆေးရုံ၊ ဆေးခန်း ၁၂၉ ခုနဲ့ ဘာသာရေး အဆောက်အအုံ ၅၇၆ ခု ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်က ဆိုထားပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ စက်တင်ဘာနဲ့ အောက်တိုဘာလအတွင်းမှာ သပိတ်ကျင်း၊ စဉ့်ကူး၊ မင်းတပ်၊ သီပေါ၊ နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ ဆဒုံး၊မိုးကုတ်၊ကျောက်မဲ၊ ကျောက်တော်၊ ပလက်၀၊ သံတွဲ ၊ ထားဝယ်၊ သရက်ချောင်း၊ လောင်းလုံ၊ ရေဖြူစတဲ့ မြို့နယ်တွေအပါအဝင် နိုင်ငံတဝန်း အရပ်သား ပြည်သူတွေနေထိုင်ရာ နေရာတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ Air-strike, Drone, Paramotor, Gynocopter စတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပုံစံမျိုးစုံနဲ့ ပြုလုပ်နေတာလို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် အကြမ်းဖက် စစ်တပ်ဟာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကိုလည်း ဆက်တိုက်ကျူးလွန်နေပြီး အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုပေါင်း ၄၅၂ မှုအထိ ကျူးလွန်ခဲ့တယ်လို့ဆိုပါတယ်။
လက်ရှိအချိန်ထိ စစ်တပ်ရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြောင့် သေဆုံးသူပေါင်း ၄ ထောင် ၇ ရာ ၆၃ ဦးရှိပြီး သေဆုံး သူတွေထဲမှာ အသက် ၁၈ နှစ်အောက်ကလေးငယ် ၅၃၈ ယောက်၊ အမျိုးသမီး ၈၂၉ ယောက်ပါဝင်တယ်လို့လည်း သိရပါတယ်။
အခုလို အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ပိုပြီးလုပ်နေတာကြောင့် လေကြောင်းသတိ၊ စစ်ရေးသတိ အမြဲရှိကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းနှိုးဆော်မှုတွေ လုပ်နေကြပါတယ်။
========================
📌📌 ၂။ အမျိုးသမီးနဲ့ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး - WCP သင်တန်းကနေ ဆင့်ပွားသင်တန်းတွေထပ်လုပ်နိုင်ခဲ့တယ် လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနဆို
အောက်တိုဘာလ (၅)ရက်
မကွေးတိုင်း ပေါက်မြို့နယ်အတွင်းမှာ ပဋိပက္ခကာလအတွင်း အမျိုးသမီးနဲ့ကလေးသူငယ်များကာကွယ်စောင့်ရှောက်ရေး သင်တန်း - WCP သင်တန်းတွေကနေ ဆင့်ပွားသင်တန်းတွေထပ်လုပ်နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒီလိုသင်တန်းတွေပို့ချနိုင်ဖို့အတွက် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာအနေနဲ့ မြေပြင်ရေးရာတာဝန်ခံတွေကို ၂၀၂၄ ခုနှစ်မှာ တကြိမ်၊ ၂၀၂၅ ခုနှစ်မှာ တကြိမ် နည်းပြသင်တန်းတွေပို့ချခဲ့တာကြောင့် အခုလို နောက်ဆက်တွဲ ဆင့်ပွားသင်တန်းတွေ ပြုလုပ်နိုင်တာလို့ ဆိုပါတယ်။
သင်တန်းမှာ ကလေးအခွင့်အရေးဆိုင်ရာ အခြေခံသဘောတရားများ၊ ကလေးငယ်တွေနဲ့ပတ်သက်လို့ ကြီးလေးတဲ့ ကျူးလွန်မှုတွေဖြစ်တဲ့ သတ်ဖြတ်ခြင်း၊ ကိုယ်လက်အင်္ဂါပျက်စီးစေခြင်း၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်း၊ တပ်သားစုဆောင်းခြင်း စတဲ့ အချက်တွေနဲ့ ဂျန်ဒါအခြေပြုအကြမ်းဖက်မှုတွေ၊ ပဋိပက္ခအခြေအနေမှာ ဖြစ်ပေါ်လာတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု - CRSV စတာတွေ သင်ကြားပို့ချခဲ့တယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက အသိပေးပါတယ်။
အဲဒီသင်တန်းတွေကနေ ကလေးနဲ့အမျိုးသမီးတွေအခွင့်အရေးနဲ့ပတ်သက်တဲ့အသိအမြင်တွေ၊ လူ့အခွင့်အရေးချိုးဖောက်မှု တွေနဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေဖြစ်လာရင်ဘယ်လိုတိုင်ကြားရမယ်ဆိုတာတွေ စတဲ့အသိပညာတွေ ပိုပြီး နားလည် လာတယ်လို့ တက်ရောက်လာတဲ့ သင်တန်းသားတွေက မှတ်ချက်ပြုပြောကြားခဲ့ကြပါတယ်။
ဒီသင်တန်းတွေမှာ ဆွေးနွေးသင်ကြားခြင်းအပြင် လက်တွေ့မြေပြင်မှာ ချိုးဖောက်မှုတွေရှိလာရင် ကာကွယ်ဆောင်ရွက်နိုင် မယ့် နည်းလမ်းတွေကိုလည်း သင်တန်းသားတွေကို အုပ်စုဖွဲ့ဆွေးနွေးစေခဲ့တယ်လို့ သိရပါတယ်။
ပေါက်မြို့နယ်မှာလုပ်တဲ့ ဒီသင်တန်းမှာတော့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ လူ့အခွင့် အရေးတာဝန်ခံတဦးက ဦးဆောင် သင်ကြား ဆွေးနွေးခဲ့တာဖြစ်ပြီး လူ့အခွင့် အရေးဆိုင်ရာဝန်ကြီးဌာနမှာ လူ့အခွင့်ရေးရာ တာဝန်ခံ စုစုပေါင်း ၁၀၂ ဦး ခန့်အပ်ထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၃။ ကော်သူးလေအုပ်ချုပ်မှုနယ်မြေမှာ အကြမ်းဖက်စစ်တပ်လက်ချက်ကြောင့် စာသင်ကျောင်း ၁၈ ကျောင်း ပျက်စီးခဲ့ရပြီး ကျောင်းသား ကျောင်းသူ ၁၅ ဦး သေဆုံးခဲ့ရတယ်လို့ KNU ပြော
အောက်တိုဘာလ (၅)ရက်
အာဏာသိမ်း အကြမ်းဖက်စစ်တပ်က စာသင်ကျောင်းတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီး နဲ့ ပစ်ခတ်တာတွေကြောင့် ကော်သူးလေအုပ်ချုပ်မှုနယ်မြေမှာ စာသင်ကျောင်း ၁၈ ကျောင်း ပျက်စီးခဲ့ရပြီး ကျောင်းသား ကျောင်းသူ ၁၅ ဦး သေဆုံးခဲ့ရတယ်လို့ KNU ဗဟိုက ဒီနေ့ အောက်တိုဘာ ၅ ရက် ကမ္ဘာ့ဆရာများနေ့မှာ ထုတ်ပြန်ပြောဆို လိုက်ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက်ပိုင်း ကော်သူးလေ အုပ်ချုပ်နယ်မြေတွေမှာနေထိုင်ကြတဲ့ ပြည်သူတွေရဲ့ ပညာရေးကို ဖျက်ဆီးဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ စာသင်ကျောင်းတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးနဲ့ပစ်တာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ အဆက်မပြတ် ကျူးလွန်ခဲ့တာကြောင့် စာသင်ကျောင်းတွေ ထိခိုက်ပျက်စီး ခဲ့ရပြီး ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဆရာ၊ ဆရာမတွေဟာ ကြောက်ရွံ့မှုတွေကြားမှာ ပညာသင်ကြားနေရတယ်လို့ ဆိုပါတယ်။
၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်မှာ ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန K.E.C.D က ဦးဆောင်ပြီး ကော်သူးလေ အုပ်ချုပ်နယ်မြေ တွေမှာ စာသင်ကျောင်းပေါင်း ၁,၇၃၈ ကျောင်း ဖွင့်လှစ်ထားပြီး ကျောင်းသား၊ ကျောင်းသူ တသိန်းခွဲနီးပါးကို ဆရာ၊ ဆရာမ တသောင်း ၂ထောင်ခန့်က သင်ကြားပို့ချပေးနေတယ်လို့ KNU ဗဟို ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီလို သင်ကြားသင်ယူမှုတွေလုပ်ပေးနေတာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေတိုက်ခိုက်တာ၊ လက်နက်ကြီး တွေနဲ့ ပစ်ခတ်တာကြောင့် အခုနှစ် ဇန်နဝါရီကနေ စက်တင်ဘာအထိ စာသင်ကျောင်း ၁၈ ကျောင်း ထိခိုက်ပျက်စီးခဲ့ရပြီး၊ ကျောင်းသား၊ ကျောင်းသူ ၃၆ ဦးနဲ့ ဆရာ၊ ဆရာမ ၂ ဦး ဒဏ်ရာရခဲ့တဲ့အပြင် ကျောင်းသား၊ ကျောင်းသူ ၁၅ ဦး သေဆုံးခဲ့ရ တယ်လို့ အသိပေးပါတယ်။
ကလေးသူငယ်တွေရဲ့ ပညာရေးအတွက် အနစ်နာခံပေးဆပ်နေတဲ့ ကျောင်းဆရာ၊ ကျောင်းဆရာမတွေကို ကရင်အမျိုးသား အစည်းအရုံး KNU အနေနဲ့ တန်ဖိုးထားဂုဏ်ပြုတဲ့အကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခက်အခဲတွေ စိန်ခေါ်မှုတွေ ကြုံတွေ့နေရပေမယ့် အခုလို အနစ်နာခံပြီး ပညာအလင်းထွန်းညှိပေးနေတဲ့ ဆရာ၊ ဆရာမ တဦးချင်းစီတိုင်းကို KNU ဗဟိုက လေးစားဂုဏ်ယူတဲ့အကြောင်း အသိမှတ်ပြုလိုက်တာဖြစ်ပါတယ်။
ကော်သူးလေ အုပ်ချုပ်နယ်မြေများအတွင်းက ကျောင်းဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေ လွတ်လပ်စွာ ပညာသင်ကြားခွင့်ရဖို့နဲ့ အသက်အန္တရာယ် စိုးရိမ်ရမှုကနေ ကင်းလွတ်စေဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းအသီးသီးကို ကရင်အမျိုးသားအစည်းအရုံးက တိုက်တွန်းတောင်းဆိုထားပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်အုပ်စု ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် ဖိအားပေးမှုနဲ့ အရေးယူမှုတွေ ဆောင်ရွက်ပေးဖို့လည်း နိုင်ငံတကာအဖွဲ့အစည်းတွေကို KNU ဗဟိုက တိုက်တွန်းထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ မင်းတပ်မြို့ကို စစ်တပ်က ညပိုင်းမှာ လေကြောင်းကနေ ဗုံးထပ်ကြဲ
အောက်တိုဘာလ (၅)ရက်
ချင်းပြည်နယ် မင်းတပ်မြို့ကို အာဏာသိမ်းစစ်တပ်က အောက်တိုဘာ ၄ ရက်မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့ပြီး ည သန်းခေါင်အချိန်မှာ ဗုံးထပ်ကြဲတယ်လို့ ဒေသသတင်းရင်းမြစ်က ပြောပါတယ်။
မနေ့ အောက်တိုဘာ ၄ ရက် ည ၁၁ နာရီ ၄၃ မိနစ်မှာ နေပြည်တော် အေလလေတပ်ကနေ တက်လာတဲ့ တိုက်လေယာဉ်က မင်းတပ်မြို့ပေါ် တနေရာကို ဗုံး ၂လုံးကြဲချခဲ့တာလို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ချင်းဒေသကာကွယ်ရေးတပ် CDF - မင်းတပ် ပါဝင်တဲ့ ချင်းညီနောင်မဟာမိတ်တွေ သိမ်းပိုက်ထား တဲ့ မင်းတပ်မြို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ မကြာခဏလုပ်လေ့ရှိတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ အောက်တိုဘာ ၄ ရက်မနက်အစောပိုင်း တနာရီခွဲဝန်းကျင်မှာ မင်းတပ်မြို့ပေါ် ၂ နေရာကို လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်လုပ်ခဲ့တယ်လို့ CDF-Mindat သတင်းပြန်ကြားရေးနှင့်မှတ်တမ်းဌာနက မနေ့ကပဲ ထုတ်ပြန် ထားပါတယ်။
အဲဒီ မနက်ပိုင်းတိုက်ခိုက်မှုမှာ ပြည်သူပိုင်အိမ်တွေ ပျက်စီးခဲ့ရပြီး ဒေသနေပြည်သူ ၃ ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ သူတို့ လက်လွှတ်ဆုံးရှုံးထားတဲ့ နယ်မြေတွေနဲ့ မြို့ရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် မှုတွေ အရှိန်မြှင့်လုပ်ဆောင်နေတာကြောင့် စစ်ရေးသတိရှိဖို့နဲ့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာတွေကို လိုက်နာကြဖို့ တော်လှန်ရေး အင်အားစုတွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။
========================
🚩🚩 ၂။ မန္တလေး - မုံရွာလမ်းပေါ် မှာ ဆက်ကြေးကောက်နေတဲ့ စစ်သားတွေကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်မှုမှာ စစ်သား ၃ ဦးသေပြီး ၅ ဦးဒဏ်ရာရ
အောက်တိုဘာလ (၅)ရက်
စစ်ကိုင်းတိုင်းက မုံရွာမြို့နဲ့ မန္တလေးတိုင်းက မန္တလေးမြို့ကိုဆက်သွယ်ထားတဲ့ မန္တလေး - မုံရွာလမ်းပေါ်မှာ ဆက်ကြေး ကောက်နေတဲ့ အကြမ်းဖက်စစ်သားတွေကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေပြီး ၅ ဦး ဒဏ်ရာ သွားတယ်လို့ မုံရွာခရိုင် အမှတ် ၄ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
မန္တလေး-မုံရွာလမ်းပေါ်မှာ ခရီးသွားပြည်သူတွေကို အနိုင်ကျင့်ပြီး ဆက်ကြေးကောက်နေတဲ့ အကြမ်းဖက်သားတွေကို မနေ့ အောက်တိုဘာ ၄ ရက် ညနေ ၅ နာရီ ၃၅ မိနစ်အချိန်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒီမိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်သား ၃ ဦး နေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားတာကြောင့် စစ်တပ်ဘက်က အင်အား ၃၀ ခန့် စစ်ကူရောက်လာချိန်မှာ မိုင်းထပ်ဆွဲခဲ့ရာ ဒုတိယအကြိမ် မိုင်းဆွဲမှုမှာ စစ်သား ၅ ဦးဒဏ်ရာရသွားတာလို့ မုံရွာခရိုင် အမှတ် ၄ တပ်ရင်းက ရှင်းပြထားပါတယ်။
အဲဒီ ဖောက်ခွဲတိုက်ခိုက်မှုတွေကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၄ တပ်ခွဲ ၂ 5/ Commando Force အဖွဲ့က ဦးဆောင်ခဲ့တာဖြစ်ပြီး မုံရွာခရိုင် အမှတ် ၄ တပ်ရင်း ၄ အထူးကွန်မန်ဒိုတပ်ဖွဲ့ Monywa The Boys၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၂၈ တပ်ခွဲ ၃၊ တမူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၄ TSG တပ်ရင်း၊ ChinDwin Fighter Group တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
မိဘပြည်သူများအနေနဲ့ မုံရွာ - မန္တလေးလမ်းပေါ်မှာ စစ်တပ်ယာဉ်တန်းတွေနဲ့တွေ့ရင် အဲဒီ စစ်ယာဉ်တန်းနောက်ကနေ ကပ်မလိုက်ကြဖို့ မုံရွာခရိုင် အမှတ် ၄ တပ်ရင်းက သတိပေးနှိုးဆော်ထားပါတယ်။
========================
🚩🚩 ၃။ ရွှေဘိုမှာ အင်အား ၆ဝ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ရာ စစ်သား ၇ ဦးသေပြီး ၄ ဦး ဖမ်းမိ
အောက်တိုဘာလ (၅)ရက်
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်မှာ အင်အား ၆ဝ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ် တွေ ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးပြီး ၄ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိ ခဲ့တယ်လို့ ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၁၈ တပ်ရင်းက ဒီနေ့ အောက်တိုဘာ ၅ ရက်မှာ ထုတ်ပြန် ပါတယ်။
တပ်မ ၃၃ လက်အောက်ခံ အမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးတပ် စခတ - ၈ က အင်အား ၆၀ နဲ့ထွက်လာတဲ့ စစ်တပ် စစ်ကြောင်းကို အောက်တိုဘာလ ၂ ရက်နေ့က တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ ထုတ်ပြန်လာတာဖြစ်ပါတယ်။
ရွှေဘိုမြို့ တောင်ဘက်မုခ် Good Brother ရုံးကတဆင့် တဂဏန်းရွာထဲကို ဝင်တဲ့လာတဲ့ စစ်ကြောင်းကို အဲဒီနေ့ မနက် ၆ နာရီခွဲအချိန်မှာ တော်လှန်ရေးတပ်တွေ ပူးပေါင်းပြီး ပိတ်ဆို့တိုက်ခိုက်ခဲ့တာလို့ သိပါတယ်။
၆ နာရီကျော်ကြာတဲ့ အဲဒီတိုက်ပွဲမှာ စစ်တပ်ဘက်က တပ်ကြီးစံထွေး အပါအဝင် ၇ ဦးသေဆုံးပြီး စစ်သား ၁၀ ဦးခန့် ဒဏ်ရာ ရသွားတယ်လို့ ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၁၈ တပ်ရင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်တပ်ဘက်က တပ်ကြပ်အဆင့်တဦးနဲ့ စစ်မှုထမ်းတပ်သားသစ် ၃ ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့သလို ၆၀ မမ ကွန်မန် ဒိုပြောင်းတလက်၊ MA 3 တလက်၊ MA 1 တလက်၊ ၆၀ မမ အဖူးတဖူး၊ RPG - 7အဖူး ၂ ဖူး၊ ကျောလွယ်ဂျန်မာ တစုံ၊ ၅ ပွိုင့် ၅၆ ကျည် ၁၀၀ တောင့် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်နေချိန်မှာ ရွှေဘို ကညန ရုံးမှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ ရွှေဘိုမြို့ အခြေစိုက် အမှတ် ၂ ထောက်ပို့တပ်က လက်နက်ကြီးတွေ ဟောင်ဝှစ်ဇာအမြောက်တွေနဲ့ စစ်တပ်စစ်ကြောင်းကို ပစ်ကူပေးခဲ့ရာ ရွှေဘိုမြို့ ကားကြီးကွင်းအနီးမှာ ရှိတဲ့ အောင်မြေဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အောင်မြေဘုန်းကြီးကျောင်းက ကိုယ်ရင် ၄ ပါး ပျံလွန်တော်မူခဲ့ပြီး ကိုရင် ၈ ပါး ဒဏ်ရာရခဲ့တယ်လို့လည်း အသိပေးထားပါတယ်။
ဒီစစ်ဆင်ရေးကို ရွှေဘိုခရိုင် တပ်ရင်း ၁၅၊ ၁၈၊ ၂၃၊ ၂၆၊ ၉၇၀၆ - Together We Can နဲ့ ရွှေဘိုခရိုင် အမှတ် ၄ တပ်ရင်း၊ ရွှေဘိုမြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့၊ တိုက်နယ် ၅ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တောဗိုလ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Northern Tiger Group ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်း ဖော်ဆောင်ခဲ့တာဖြစ်ပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးမှု များသလို တော်လှန်ရေးတပ်တွေဘက်က ရဲဘော် ၂ ဦး ကျဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ တန့်ဆည်နယ်မှာ တိုက်ပွဲမရှိဘဲ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေတိုက်ခိုက်တာကြောင့် အိမ် ၁၈ လုံး ပျက်စီးပြီး ၂ ဦး ဒဏ်ရာရ
အောက်တိုဘာလ (၅)ရက်
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်တာကြောင့် ပြည်သူပိုင်အိမ် ၁၈ လုံး ပျက်စီးပြီး ၂ ဦး ဒဏ်ရာရသွားတယ်လို့ တန့်ဆည်မြို့နယ် ပကဖ က ဒီနေ့ အောက်တိုဘာ ၅ ရက်မှာ ထုတ်ပြန်လာပါတယ်။
အကြမ်းဖက်စစတပ်ဟာ မနေ့ အောက်တိုဘာ ၄ ရက်နေ့ညပိုင်းနဲ့ ဒီနေ့မနက်အစောပိုင်းမှာ လေကြောင်းက နေ တိုက်ခိုက်ခဲ့တာတွေနဲ့ပတ်သက်လို့ အသိပေး ထုတ်ပြန်လာတာဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ တန့်ဆည်နယ်က သာဂရရွာနဲ့ သာဂလရွာကို မနေ့ည ၉ နာရီခွဲအချိန်မှာ မိတ္ထီလာ ရှမ်းတဲ လေတပ်စခန်းကတက်လာတဲ့ ဂျက်ဖိုက်တာနဲ့ တိုက်ခိုက်ခဲ့ပြီး ဒီနေ့ အောက်တိုဘာ ၅ ရက် မနက် အစောပိုင်း တနာရီအချိန်မှာ တ့တားဦးကနေ တက်လာတဲ့ Y12 လေယာဉ်နဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့ တယ်လို့ ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူပိုင် နေအိမ်၁၈လုံး ပျက်စီးပြီး အရပ်သား ၂ဦးထိခိုက်ဒဏ်ရာရခဲ့သလို နွား ၆ကောင်သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ အောက်တိုဘာ ၁ ရက်နေ့ကပဲ တန့်ဆည်မြို့နယ် တနယ်ရွာက ပြည်သူပိုင်ဆန်တွေကို လုယူ သွားပြီး အိမ် အလုံး ၂ဝ ကျော် မီးရှို့ဖျက်ဆီးခဲ့သလို တနယ်ရွာနဲ့ တမိုင်အကွာမှာရှိတဲ့ ခပေါင်းကြိုင်ရွာက စာသင်ကျောင်း ကို လေကြောင်းကနေ တိုက်ခိုက် ဖျက်ဆီးခဲ့တယ်လို့ စစ်ရေးသတင်းမှတ်တမ်းတွေအရ သိရပါတယ်။
အခုလို အကြမ်းဖက်စစ်တပ်က တန့်ဆည်မြို့နယ်အတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ အကြိမ်ကြိမ်လုပ်နေ တာကြောင့် ဒေသနေပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ် အထူးဂရုစိုက် နေထိုင်ကြဖို့ တိုက်တွန်းထားပြီး စစ်တပ်က လုပ်မယ့် တရားမဝင်ရွေးကောက်ပွဲကို မဲမပေးခြင်းနဲ့ တော်လှန်ကြဖို့ တန့်ဆည်မြို့နယ် ပကဖ က နှိုးဆော်ထားပါတယ်။
========================
🚩🚩 ၅။ သီပေါမြို့ကို စစ်တပ်က လေယာဉ်ကနေ့ ဗုံး ထပ်မံတာကြောင့် ဘုန်းကြီးကျောင်း၊ ဘုရား စေတီတွေနဲ့လူနေအိမ်တွေ ပျက်စီး
အောက်တိုဘာလ (၅)ရက်
ရှမ်းပြည်နယ်မြောက်ပိုင်းက TNLA တပ် သိမ်းပိုက်ထားတဲ့ သီပေါမြို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံး ထပ်ကြဲတာကြောင့် ဘုန်းကြီးကျောင်း၊ ဘုရား စေတီတွေနဲ့ လူနေအိမ်တွေ ပျက်စီးသွားတယ်လို့ ဒေသသတင်းရင်းမြစ်တွေ က ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ သီပေါမြို့ က သူတို့ရဲ့ တပ်စခန်းဟောင်းနေရာတွေဖြစ်တဲ့ ခြေလျင်တပ်ရင်း ၂၃ အနီး၊ အထက ၂ ကျောင်းနဲ့ ကျောင်စုရွာ ဘုန်းကြီးကျောင်းကို မနေ့ အောက်တိုဘာ ၄ ရက် ည ၈ နာရီ ၂၂ မိနစ်အချိန်မှာ ဗုံး ၅ လုံး ကြဲချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုတွေမှာ အရပ်သားပြည်သူတွေ ထိခိုက်မှုမရှိပေမယ့် ဘုန်းကြီးကျောင်း၊ ဘုရားစေတီတွေနဲ့ လူနေအိမ်တွေ ပျက်စီးသွားခဲ့ပြီး ဒေသနေပြည်သူတွေဟာ ညဘက်ကြီးမှာပဲ စုပေါင်း ဗုံးခိုနိုင်တဲ့နေရာတွေကို ရွှေ့ပြောင်းနေထိုင် ခဲ့ရတယ် သိရပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သီပေါမြို့မှာရှိတဲ့ ဘဏ္ဍာကျောင်းတိုက်၊ သိမ်ကျောင်းဆောင်၊ ဘုရား စေတီတွေ ပျက်စီးခဲ့တယ်လို့ မြို့နေပြည်သူတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုမှာ နေအိမ် ၈ လုံး လည်း ပျက်စီးသွားတယ်လို့ ဒေသတွင်းသတင်းတွေကို ဖော်ပြနေတဲ့ ရွှေဖီမြေသတင်းဌာန မှာ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်တပ်က မနေ့ကတရက်တည်းမှာတင် သီပေါမြို့ကို ဗုံး ၃ ကြိမ်ကြဲချခဲ့တာဖြစ်ပြီး အဆောက်အအုံတွေနဲ့ နေအိမ်များစွာပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၂ ရက်နေ့ ည ၁၀ နာရီ ၁၅ မိနစ်အချိန်တုန်းကလည်း အာကမ်းဖက်စစ်တပ်က သီပေါမြို့နယ်ထဲက စံဖိတ် ကျေးရွာမှာရှိတဲ့ ကုမုဒြာဟိုတယ်ကို ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အဆောက်အအုံတခု ထိခိုက်ပျက်စီး ခဲ့တယ်လို့ တအောင်းတပ် TNLA က ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ပိုလုပ်လာနိုင်ပြီး စစ်ကြောင်းထိုးမယ်ဆိုတဲ့သတင်းတွေ ကြားနေရတာကြောင့် တိမ်းရှောင်သွားသူတွေရှိသလို မရှောင်နိုင်သေးတဲ့သူတွေလည်း သတိနဲ့ နေကြရတယ်လို့ ဒေသတွင်း သတင်း ရင်းမြစ်တွေက ပြောဆိုနေကြပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment