22nd APR 2022 - Evening Daily News by Radio NUG

၂၀၂၂ ဧပြီလ ၂၂ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌စီမံကိန်း ဘဏ္ဍာ‌ရေးနှင့် ရင်းနှီးမြုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်နှင့် RFA ဝိုင်းတော်သား ဦးခင်မောင်စိုးတို့ အင်တာဗျူးမှ ကောက်နုတ်ချက်များ
📌စစ်ကောင်စီက သင်ထားတဲ့ ကျွန်ပညာရေးကို သင်ကြားပါက တော်လှန်ရေးပြီးလျှင် လဟသတ် ဖြစ်သွားမယ်လို့ပြောကြား
📌မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်းနဲ့ မဟာမိတ်တပ်များ မိုင်းခွဲတိုက်ခိုက်မှုကြောင့် ကျောက်စစ်ပုံလမ်းထိပ်တွင် စကစတပ်ဖွဲ့ဝင် ၁၀ ဦးကျော် သေဆုံး
📌ရေဦးမြို့နယ် ဇိန်ဇွန်းရွာနှင့် ဆည်ကြီးရွာကြား တိုက်ပွဲတွင် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်မှုကြောင့် စကစတပ်နဲ့ ပျူစောထီးများ ၂၀ ဦးထက် မနည်းသေဆုံး
📌လေ့ကေ့ကော်ဒေသ ဖလူးရွာအနီး ၄ နာရီကြာ ပစ်ခတ်မှုတွင် စကစဘက်က ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ
📌Unity Force Monywa မြို့ပြ ပျောက်ကြားတပ်ဖွဲ့မှ တပ်စိပ်မှူးနဲ့ ဒုတပ်စိပ်မှူး နိုင်ငံတော်နှင့် ပြည်သူ့အကျိုးစီးပွားအတွက် တိုက်ပွဲ၀င်ရင်း ကျဆုံးခဲ့
📌မိခင်ဝမ်းထဲမှ သမီးငယ်လေး မေနှစ်သစ်ကို ရှေ့တန်းခွဲစိပ်ခန်းငယ်မှာ အောင်မြင်စွာမွေးဖွားနိုင်တဲ့ ဆေးအဖွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရက ချီးမြှင့်ငွေများပေးအပ်ချီးမြှင့်
📌ဂန့်ဂေါမြို့နယ်-ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ စစ်ဘေးရှောင်ပြည်သူများ၊ မီးဘေးသင့်ပြည်သူများနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအတွက် ကျပ်သိန်းပေါင်းကိုးရာကျော်ကို ခွဲဝေထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ခဲ့

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌စီမံကိန်း ဘဏ္ဍာ‌ရေးနှင့် ရင်းနှီးမြုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်နှင့် RFA ဝိုင်းတော်သား ဦးခင်မောင်စိုးတို့ အင်တာဗျူးမှ ကောက်နုတ်ချက်များ ကိုတင်ပြပေးပါ့မယ်

-ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အင်းယားလမ်း အိမ်အပါအဝင် အာဏာသိမ်းစစ်ခေါင်းဆောင်တွေရဲ့ မြေယာအိုးအိမ်ပိုင်ဆိုင်မှုတွေနဲ့ စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးဌာနတွေက မတရားရယူထားတဲ့ မြေယာပစ္စည်းတွေကို NUG က တော်လှန်ရေးအပြီးမှာ ပြန်လည် သိမ်းဆီးပြီး လေလံတင်ရောင်းချမှာဖြစ်ပေမယ့် ကြိုပွိုင့်အဖြစ် မေလမှာ အစုရှယ်ယာတွေကို စတင်ရောင်းချမယ်။

- အဆိုပါ ကာလတွင် သိမ်းဆီးမည့် မြေယာပစ္စည်းတွေကို လက်ရှိပေါက်ဈေးရဲ့ ၇ဝ% ခန့် လျှော့ချပြီး တန်ဖိုးသတ်မှတ်ကာ အစုရှယ်ယာတွေအဖြစ် ရှေ့လမှာ စတင်ရောင်းချမယ်။ ဥပမာ လက်ရှိ တစ်သိန်းတန်ပစ္စည်းကို သုံးသောင်းခန့်နဲ့ ကြိုပွိုင့်အဖြစ် ရောင်းချမှာဖြစ်ပြီး တော်လှန်ရေးပြီးလို့ ဈေးပြိုင်စနစ်နဲ့ လေလံတင်တဲ့အခါ တစ်သိန်းခွဲရမည်ဆိုလျှင်လည်း လက်ရှိ သုံးသောင်းနဲ့ ဝယ်ယူထားသူအနေနဲ့ တစ်သိန်းခွဲရရှိမှာဖြစ်တယ်။

- ကြိုပွိုင့်အဖြစ်ရောင်းချမယ့် ခြံမြေတွေထဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ရှိရယူထားတဲ့ မြေအကျယ်အဝန်း ၂ ဧက နီးပါးရှိ အင်းယားလမ်း ခြံနံပါတ် (၁၄) လည်းပါဝင်တယ်။ အဆိုပါခြံမြေကွက်နဲ့ အဆောက်အဦး ဟာလက်ရှိပေါက်ဈေးအရ အမေရိကန် ဒေါ်လာ သန်း ၃ဝ ခန့် တန်ဖိုးရှိတယ်။

- ရန်ကုန်တိုင်းတခုတည်းမှာတင် NUG ကကြိုတင် ရောင်းချမယ့် အာဏာရှင်တွေပိုင် မြေယာဧက စုစုပေါင်း ၄ဝဝ ခန့်နဲ့ ခြံမြေအဆောက်အဦး ၄ဝ ခန့်ရှိတယ်။

- အများပြည်သူတွေအနေနဲ့ အစုရှယ်ယာတွေကို ကန့်သတ်ချက်မရှိ ဝယ်ယူနိုင်မယ်။

- စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးဌာနတွေက မတရားရယူထားတဲ့ မြေယာတွေကိုလည်း နောင်တော်လှန်ရေးအပြီး တည်ဆောက်မယ့် ဖွံဖြိုးရေး စီမံကိန်းတွေအတွက် လုပ်ငန်းရှင်တွေအနေနဲ့ ကြိုတင်ဝယ်ယူနိုင်ရန် ရောင်းချမယ်။

- ၂ဝ၂၁ ခုနှစ် အာဏာာသိမ်းမှုမှာပါဝင်တဲ့ အာဏာာရှင်တွေရဲ့ ခြံမြေပိုင်ဆိုင်ပစ္စည်းတွေကိုသာ NUG က အခု သိမ်းယူမှာဖြစ်ပြီး ယခင် ခေတ်တွေက အာဏာသိမ်းခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆီးရန် မူဝါဒ မရှိပါ။

- စစ်တပ်အာဏာသိမ်းခြင်းရဲ့ အဓိက အချက်မှာ ရရှိမယ့် စည်းစိမ်ချမ်းသာတွေကို မက်မောတဲ့အတွက် ဖြစ်တယ်။ ဒီလို လုပ်ဆောင်လို့ မရပဲ မိမိတို့ ရှိပြီးသား ပိုင်ဆိုင်မှုတွေကိုပါ ဆုံးရှုံးရမယ်ဆိုတဲ့ အချက်ကို ကမ္ဘာသမိုင်းမှာ စံနမူနာအဖြစ် တည်ရှိရေးအတွက် အခုလို သိမ်းဆီးရောင်းချရန် NUG ကဆောင်ရွက်ခြင်း ဖြစ်တယ်။

- အခုလို သိမ်းဆီးပစ္စည်းများ ရောင်းချရရှိငွေများကို နွေဦးတော်လှန်ရေးအတွက် အသက်ပေး၊ ဖမ်းဆီး ညှဉ်းပမ်းနှိပ်စက်ခံခဲ့ရသူတွေ၊ CDM ဝန်ထမ်းတွေ နဲ့ အိုးအိမ်တွေဖျက်ဆီးမီးရှို့ခြေမှုန်းခံရတဲ့ ပြည်သူတွေ ပြန်လည်နလံထူရေး အတွက် သုံးစွဲမှာဖြစ်တယ်။

========================

📌📌စစ်ကောင်စီက သင်ထားတဲ့ ကျွန်ပညာရေးကို သင်ကြားပါက တော်လှန်ရေးပြီးလျှင် လဟသတ် ဖြစ်သွားမယ်လို့ပြောကြား

စစ်ကောင်စီကသင်ထားတဲ့ ကျွန်ပညာရေးကို သင်ကြားပါက တော်လှန်ရေးပြီးလျှင်လဟသတ် ဖြစ်သွားမယ်လို့ ပြည်သူမှ ပြည်သူသို့ တွေ့ဆုံမေးမြန်းခြင်းအစီအစဥ်တွင် ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကဆိုပါတယ်။

"အခုချိန်မှာ စကစကသင်ထားတဲ့ ကျွန်ပညာရေး၊ စကစ ကသင်ထားတဲ့ အရည်အသွေးမရှိတဲ့ပညာရေးကို ဆရာတို့တွေကအသိအမှတ်ပြုမှာ မဟုတ်ဘူး။ဒါကို အသိအမှတ်ပြုဖို့လည်း မဖြစ်နိုင်ဘူး။ ဘွဲ့တွေသာရမယ်။ ဘွဲ့ရပြီး ပညာမတတ်တဲ့ဟာကြတော့ ဘယ်လိုမှအဆင်မပြေဘူး။ အဲဒီပညာရေးကို ယူမယ်ဆိုရင် တော်လှန်ရေးပြီးတဲ့အခါမှာ အလဟသတ်ဖြစ်မဲ့ပညာရေးဖြစ်သွားလိမ့်မယ်"လို့ဝန်ကြီးကဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနအနေနဲ့ ကြားကာလပညာသင်ကြားရေးကို ၂၀၂၁ခု နှစ်မေလမှာစတင်နိုင်ခဲ့သလို အွန်လိုင်းသင်ကြားရေးစနစ်ကိုအခြေခံ၍ ချန်နယ်ငါးခုကနေ ထုတ်လွှင့်နိုင်ခဲ့ပါတယ်။

========================

📌📌မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်းနဲ့ မဟာမိတ်တပ်များ မိုင်းခွဲတိုက်ခိုက်မှုကြောင့် ကျောက်စစ်ပုံလမ်းထိပ်တွင် စကစတပ်ဖွဲ့ဝင် ၁၀ ဦးကျော် သေဆုံး

"ဧပြီ ၂၂ ရက် နံနက် ၇:၂၀ မိနစ်တွင် မုံရွာခရိုင် တပ်ရင်း ၂ တပ်ခွဲ ၄ FFP ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် Yan Gyi Aung တို့ပူးပေါင်း စကစတပ်ဖွဲ့ ကားအားကျောက်စစ်ပုံ လမ်းထိပ်တွင် မိုင်းခွဲတိုက်ခိုက်ရာ စကစတပ်မှ ၁၀ ဦးကျော်သေဆုံး​ပြီးပြည်သူနှစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့သိရပါတယ်"လို့ ဆိုပါတယ်။ အဆိုပါထိခိုက်မှုအား စိတ်မကောင်းဘဲ ပြည်သူများအနေဖြင့် စကစတပ်နဲ့ ရဲများဖြင့် ကပ်မလိုက်ပါရန် အထူးသတိပေး အပ်ပါတယ်လို့ FFP ပြည်သူ့ကာကွယ်ရေးတပ်ကဆိုပါတယ်။

========================

📌📌ရေဦးမြို့နယ် ဇိန်ဇွန်းရွာနှင့် ဆည်ကြီးရွာကြား တိုက်ပွဲတွင် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်မှုကြောင့် စကစတပ်နဲ့ ပျူစောထီးများ ၂၀ ဦးထက် မနည်းသေဆုံး

ဧပြီ ၂၁ ရက်နေ့မှာ စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ဇိန်ဇွန်းရွာနှင့် ဆည်ကြီးရွာကြား တိုက်ပွဲတွင် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်မှုကြောင့် စကစတပ်နဲ့ ပျူစောထီးများ ၂၀ ဦးထက် မနည်း သေဆုံးတယ်လို့ ဗိုလ်မုတ်ဆိတ်အဖွဲ့က ဖော်ပြပါတယ်။

အဆိုပါတိုက်ပွဲတွင် နတ်ဆိုးပြောက်ကျားအဖွဲ့နှင့် မဟာမိတ်ညီနောင်များ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။ ဒီပဲယင်းမြို့နယ် အပါအဝင် ရေဦး၊ တန့်ဆည်၊ ဘုတလင် အစရှိသည့် ထိစပ်မြို့နယ်များအားလုံးကို အင်အား အလုံးအရင်းဖြင့် စကစတပ်က ထိုးစစ်ဆင်နေတယ်လို့ ဒီပဲယင်း PDF က ဧပြီ ၂၁ ရက်မှာ အသိပေးကြေညာထားပါတယ်။

========================

📌📌လေ့ကေ့ကော်ဒေသ ဖလူးရွာအနီး ၄ နာရီကြာ ပစ်ခတ်မှုတွင် စကစဘက်က ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ

"ယမန်နေ့ (ဧပြီ ၂၁) ညနေ (၆) နာရီခွဲခန့်က စတင်ကာ အကြမ်းဖက်စစ်ကောင်စီ တပ်မ (၄၄) လက်အောက်ခံ ခမရ (၁) စစ်ကြောင်း (၁) နှင့် Cobra Column တို့ လေ့ကေ့ကော်ဒေသ ဖလူးရွာအနီးတွင် ထိတွေ့ ‌မှုစတင်ဖြစ်ပွားခဲ့ပါတယ်။ (၇) နာရီ (၁၀) မိနစ်မှ စတင်ပြီး ည (၁၁) နာရီ ဝန်းကျင်ခန့် အထိ စွယ်တော်ကုန်း(အမြှောက်ကုန်း) မှ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်လျက်ရှိပြီး ထိတွေ့မှု ဖြစ်ပွားခဲ့ပါတယ်"လို့ကော်ပရာစစ်ကြောင်းကဆိုပါတယ်။

၄င်းထိတွေ့မှုတွင် အကြမ်းဘက်စစ်ကောင်စီဘက်မှ (၁) ဦး သေဆုံး၊ (၃)ဦး ဒဏ်ရာ ရရှိခဲ့ကာ ကော်ဘရာစစ်သည်တော် (၂) ဦး လက်နက်ကြီးစ ထိမှန်ပြီး (မစိုးရိမ်ရ) ဒဏ်ရာ ရရှိခဲ့ပါကြောင်း ထုတ်ပြန်ချက်အရသိရပါတယ်။

========================

📌📌Unity Force Monywa မြို့ပြ ပျောက်ကြားတပ်ဖွဲ့မှ တပ်စိပ်မှူးနဲ့ ဒုတပ်စိပ်မှူး နိုင်ငံတော်နှင့် ပြည်သူ့အကျိုးစီးပွားအတွက် တိုက်ပွဲ၀င်ရင်း ကျဆုံးခဲ့

ဧပြီ ၂၁ ရက်နေ့မှာ Unity Force Monywa မြို့ပြ ပျောက်ကြားတပ်ဖွဲ့ရဲ့ ပ-တပ်စိပ်မှူး ရဲဘော် စုတ်ဖွားနှင့် ဒု-တပ်စုမှူး ရဲဘော်အောင်မြင့်မြတ်တို့ နိုင်ငံတော်နှင့် ပြည်သူ့အကျိုးစီးပွားအတွက် တိုက်ပွဲ၀င်ရင်း ကျဆုံးသွားတယ်လို့ Unity Force Monywa ကဆိုပါတယ်။

"ကျွန်ုပ်တို့ Unity Force Monywa (UG) အနေဖြင့် မိသားစု၀င်များနှင့် ထပ်တူ အထူး၀မ်းနည်းကြေကွဲရပါတယ်"လို့ ဖော်ပြထားပါတယ်။ Unity Force Monywa (UG) အဖွဲ့ဟာ မုံရွာမြို့အတွင်း စကစတပ်များရှိရာ နေရာများကို အများဆုံးစစ်ဆင်ရေးလုပ်နိုင်တဲ့အဖွဲ့အစည်းလည်းဖြစ်ပါတယ်။

========================

📌📌မိခင်ဝမ်းထဲမှ သမီးငယ်လေး မေနှစ်သစ်ကို ရှေ့တန်းခွဲစိပ်ခန်းငယ်မှာ အောင်မြင်စွာမွေးဖွားနိုင်တဲ့ ဆေးအဖွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရက ချီးမြှင့်ငွေများပေးအပ်ချီးမြှင့်

TMD - Kani ရဲ့ ပထမဆုံး ကိုယ်ထူကိုယ်ထ တောတွင်း ခွဲစိတ်ခန်းအတွင်းမှာ နှစ်ဆန်းတစ်ရက်နေ့က သမီးငယ်လေးကို မိခင်ဝမ်းထဲကခွဲစိပ်မွေးဖွားပေးနိုင်ခဲ့ပါတယ်။

"မြန်မာနှစ်ဆန်း တရက်နေ့မှာရှေ့ကလေးခွဲမွေးထားတဲ့ ကိုယ်ဝန်ဆောင် (previous 1 scar) မိခင် ဗိုက်နာပါတယ်။ အာထရာဆောင်း ရိုက်မထားပါဘူး။ကလေးကို အရေးပေါ် ခွဲစိတ်မွေးဖွားရန် လိုလို့ကျနော်တို့ရဲ့ ခွဲခန်းသစ်လေးမှာ၊ နှစ်သစ်၊ လူသားသစ်လေးကို အရေးပေါ် ခွဲစိတ်‌မွေးဖွားပေးခဲ့ပါတယ်"လို့ ဆေးအဖွဲ့ကဆိုပါတယ်။

ဖြစ်စဉ်ကို ကျနော်တို့ရဲ့ CMN အဖွဲ့ က NUG ရဲ့ ဝန်ကြီးဌာန ကို ဂုဏ်ယူဝမ်းမြောက်စွာ တင်ပြခဲ့ရာ သမီးလေးကို NUG က မေနှစ်သစ် လို့ နာမည်ပေးခဲ့ပြီး CMN Kani base အတွက် ချီးမြင့်ငွေ နှစ်သိန်းခွဲ၊ ကလေးအတွက်ထောက်ပံငွေ ငါးသောင်းပေးအပ်ချီးမြှင့်ခဲ့တယ်လို့သတင်းရရှိပါတယ်။

========================

📌📌ဂန့်ဂေါမြို့နယ်-ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ စစ်ဘေးရှောင်ပြည်သူများ၊ မီးဘေးသင့်ပြည်သူများနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအတွက် ကျပ်သိန်းပေါင်းကိုးရာကျော်ကို ခွဲဝေထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ခဲ့

ဂန့်ဂေါမြို့နယ်-ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ စစ်ဘေးရှောင်ပြည်သူများ၊ မီးဘေးသင့်ပြည်သူများနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအတွက် ကျပ်သိန်းပေါင်းကိုးရာကျော်ကို ခွဲဝေထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ ဧပြီ ၂၂ ရက် တစ်နှစ်တာဆောင်ရွက်ချက်များ အစီရင်ခံထုတ်ပြန်ရာတွင် ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဆိုပါတယ်။

"အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းပြီးသည့် တစ်နှစ်တာကာလအတွင်း စစ်ဘေးရှောင်ပြည်သူများ၊ မီးဘေးသင့်ပြည်သူများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအတွက် တန်ဖိုး ၉၀,၁၁၂,၈၀၀ကျပ် ( ကိုးရာ့တစ်သိန်း တစ်သောင်းနှစ်ထောင်ရှစ်ရာကျပ်) ခန့်ကို ထိထိရောက်ရောက် ခွဲဝေထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်"လို့ ဖော်ပြပါတယ်။

ဒါ့အပြင် တစ်နှစ်တာကာလအတွင်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပြင်ပအလှူရှင်များ၏ အကူအညီဖြင့် စစ်ဘေးရှောင်ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင် ၅၇ ဦးအတွက် တစ်ဦးလျှင် ၅၀,၀၀၀ ကျပ်စီ စုစုပေါင်း ၂၈၅၀၀၀၀ ကျပ်၊ စစ်ဘေးရှောင်အမျိုးသမီး ၄၈၂ ဦးအတွက် (၁၉,၂၈၀,၀၀၀) ကျပ် ကို ခွဲဝေထောက်ပံ့ပေးခဲ့ပါတယ်။

ပြည်သူများ ကိုဗစ်ကပ်ရောဂါကာလ ပြန်လည်ကုစားရေး အတွက်လည်း ငွေကျပ် ၃၀၀ သိန်းကို ထောက်ပံ့ပေးခဲ့ပြီး စစ်ဘေးရှောင်ပြည်သူများအတွက် တစ်နှစ်တာကာလအတွင်း ဆန်တင်းရေ ၇၀၀ တင်း ကိုလည်း သက်ဆိုင်ရာတာဝန်ခံများကတဆင့် ဖြန့်ဝေထောက်ပံ့ပေးခဲ့တယ်လို့သိရပါတယ်။






#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment