23rd APR 2022 - Morning Daily News by Radio NUG

၂၀၂၂ ဧပြီလ ၂၃ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းတို့မှာလည်း နယ်မြေ စိုးမိုးထိန်းချုပ်နိုင်ဖို့ မြေပြင်ဆန်းစစ်မှုတွေဆောင်ရွက်နေပြီလို့ ပြည်ထဲရေးဝန်ကြီးအသိပေး
📌တော်လှန်ရေး အင်အားစုများ သွေးမကွဲဘဲ စုစည်းထားရန် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတိုက်တွန်း
📌မြန်မာနိုင်ငံတွင်း အရပ်သားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှတ်တမ်းကိုကြည့်ရင် နိုင်ငံတကာရာဇဝတ်မှု​တွေကိုအကြမ်းဖက် ကောင်စီကျူးလွန်မှုအထင်အရှားပဲလို့ ဝန်ကြီးဦးအောင်မျိုးမင်းပြော
📌ရဲတပ်ဖွဲ့ဥပဒေအတည်ပြုပြီးပါက CDM ရဲဝန်ထမ်းများနဲ့ ရဲတပ်ဖွဲ့ကိုအမြန်ဆုံးဖွဲ့စည်းမယ်
📌ဧပြီ ၂၄ ရက်နေ့ ဂျပန်နိုင်ငံ ရှီဇုအိုကာမြို့မှာ အထူးငွေတိုက်စာချုပ်များရောင်းချမယ်
📌စစ်ကောင်စီနဲ့ အဓိက နယ်စပ်ကုန်သွယ်ရေး ထိုင်းနဲ့ အလုပ်ဖြစ်နေကာ ၇၅ ရာခိုင်နှုန်းကုန်သွယ်နေ
📌အမျိုးသမီးစစ်သည်တော်တပ်ရင်း(မြောင်)-M2W ကျည်မိုး၊ မိုင်းမိုး၊ သင်္ကြန်မိုး Campaign ''မှ ရရှိတဲ့ငွေများနဲ့ ကျည်ဆန်အတောင့်တစ်ထောင်ကျော်ဝယ်ယူ
📌သပိတ်ကျင်း တွင်းငယ်ရဲစခန်းမှ မူးယစ်ဆေးပြားများနဲ့အတူတွေ့ရှိတဲ့ ဆိုင်ကယ်စျေးသည်ကို သိန်းနှစ်ဆယ်ယူ၍ ပြန်လွှတ်ပေး
📌ငွေတိုက်စာချုပ်များနှင့် အတူပန်းချီကားပို့စ်ကတ်လေးများလက်ဆောင်အဖြစ်ပေးပို့ခြင်း အထူးအစီအစဉ် နောက်ဆုံးငွေပေးချေရမည့်ရက်မှာ ဧပြီလကုန်ဖြစ်

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းတို့မှာလည်း နယ်မြေ စိုးမိုးထိန်းချုပ်နိုင်ဖို့ မြေပြင်ဆန်းစစ်မှုတွေဆောင်ရွက်နေပြီလို့ ပြည်ထဲရေးဝန်ကြီးအသိပေး

ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းတို့မှာလည်း နယ်မြေ စိုးမိုးထိန်းချုပ်နိုင်ဖို့ မြေပြင်ဆန်းစစ်မှုတွေဆောင်ရွက်နေပြီလို့ ပြည်ထဲရေးဝန်ကြီးဦးလွင်ကိုလတ်က အသိပေးပြောကြားလိုက်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ဝန်ကြီးဌာန၏လုပ်ကိုင်ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ပြည်သူသို့ အစီရင်ခံရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

"လက်ရှိအချိန်မှာ စစ်ကိုင်းတိုင်း ၃၇ မြို့နယ်မှာ ၂၉ မြို့နယ်နဲ့ မကွေးတိုင်းမှာ ၇ မြို့နယ် ဒီမြို့နယ်တွေကို ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ ဖွဲ့စည်းပြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ပြည်သူများပူးပေါင်းကာ ပြည်သူ့အုပ်ချုပ်ရေးကိုဖော်ဆောင်နေပြီဖြစ်ပါတယ်။ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းတို့မှာလည်းပဲ ကနဦးမြေပြင်ဆန်းစစ်မှုများဆောင်ရွက်ပြီး စိုးမိုးထိန်းချုပ် အုပ်ချုပ်ရေး စီမံချက်များရေးဆွဲပြီး တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၊ PDFများ၊ ပကဖများ၊ ပလဖများ၊ မြို့ပြပြောက်ကျားအဖွဲ့များ၊ သပိတ်ကော်မတီများ၊ လွှတ်တော်ကိုယ်စားလှယ်များနဲ့ပူးပေါင်းပြီး ကြားကာလပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်ဖို့ ဆင်လက်ကြိုးစားသွားမှာဖြစ်ပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။

လက်ရှိ စစ်ကိုင်းတိုင်းတွင်း ၉ မြို့နယ်ကို ကြားကာလ အစီအစဉ်များစတင်အကောင်အထည်ဖော်နေပြီဖြစ်ကာ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး၊ ကြားကာလ ပညာသင်ကြားရေးတို့ကို စတင်နေကြောင်းသိရပါတယ်။

=======================

📌📌တော်လှန်ရေး အင်အားစုများ သွေးမကွဲဘဲ စုစည်းထားရန် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတိုက်တွန်း

တော်လှန်ရေး အင်အားစုများ သွေးမကွဲဘဲ စုစည်းထားရန် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးကတိုက်တွန်းပြောကြားလိုက်ပါတယ်။ ဧပြီလအတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်က လူမှုကွန်ရက်မှာ ရေးသားပြောကြားခဲ့ပါတယ်။

"တော်လှန်ရေး အင်အားစုများ တောင့်ခံနိုင်ဖို့ ကျားကန်ပေးထားကြမယ်။ တောင်ခံနိုင်ဖို့ညီညွတ်ကြမယ်။ငါတို့ပဲရှိတဲ့ငါတို့အချင်းချင်းကြား သွေးကွဲမသွားဘဲ စုစည်းထား"လို့ဝန်ကြီးကဆိုပါတယ်။

၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့မှာ အကြမ်းဖက် စစ်ကောင်စီကို ခုခံတွန်းလှန်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာခဲ့ပါတယ်။ လက်ရှိမှာ စကစတပ်များဟာ မကွေးတိုင်း၊စစ်ကိုင်းတိုင်း၊ချင်းပြည်နယ်နဲ့ကရင်ပြည်နယ်၊ကရင်နီဒေသတို့မှာအထိနာ ၍အကျအဆုံးများပြားလျက်ရှိပါတယ်။

========================

📌📌မြန်မာနိုင်ငံတွင်း အရပ်သားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှတ်တမ်းကိုကြည့်ရင် နိုင်ငံတကာရာဇဝတ်မှု​တွေကိုအကြမ်းဖက် ကောင်စီကျူးလွန်မှုအထင်အရှားပဲလို့ ဝန်ကြီးဦးအောင်မျိုးမင်းပြော

မြန်မာနိုင်ငံတွင်း အရပ်သားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှတ်တမ်းကိုကြည့်ရင် နိုင်ငံတကာရာဇဝတ်မှု​တွေကိုအကြမ်းဖက် ကောင်စီကျူးလွန်မှုအထင်အရှားပဲလို့ ဝန်ကြီးဦးအောင်မျိုးမင်းကပြောကြားလိုက်ပါတယ်။ ဧပြီလအတွင်းမှာ ၄င်းလူမှုကွန်ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရက လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကရေးသားပြောကြားခဲ့ပါတယ်။

"ခရစ်စမတ်အကြိုည ဖရူဆိုးလူသတ်ပွဲအ​ကြောင်းကို ဗြိတိန်အ​ခြေစိုက် Sky news က စုံစမ်းပြီး ရိုက်ကူးထားတဲ့ အစီအစဥ်ပါ။ ​အမျိုးသမီး​တွေ သက်ကြီးရွယ်အို​တွေ ကလေး​သူငယ်​တွေ စုစု​ပေါင်း အနည်းဆုံး (၃၇) ဦးကို ရက်ရက်စက်စက်သတ်ဖြတ်မီးရှို့တဲ့အဖြစ်အပျက်ကို ကြည့်ရင် နိုင်ငံတကာရာဇဝတ်မှု​တွေကို ကျူးလွန်နေတဲ့အကြမ်းဖက်စစ်​ကောင်စီရဲ့လုပ်ရပ်ကိုအထင်အရှားပါပဲ"လို့ ဝန်ကြီးကဆိုပါတယ်။

စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၁၇၈၂) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။ အကြမ်းဖက် စစ်တပ်ဟာ နယ်မြို့များမှာ အရပ်သားနေအိမ်များကိုမီးရှို့ဖျက်ဆီးရုံသာကမဘဲ တွေ့သမျှအရပ်သားများကိုလည်း ပစ်ခတ်သတ်ဖြတ်လျက်ရှိပါတယ်။

========================

📌📌ရဲတပ်ဖွဲ့ဥပဒေအတည်ပြုပြီးပါက CDM ရဲဝန်ထမ်းများနဲ့ ရဲတပ်ဖွဲ့ကိုအမြန်ဆုံးဖွဲ့စည်းမယ်

ရဲတပ်ဖွဲ့ဥပဒေအတည်ပြုပြီးပါက CDM ရဲဝန်ထမ်းများနဲ့ ရဲတပ်ဖွဲ့ကိုအမြန်ဆုံးဖွဲ့စည်းမယ်လို့ ပြည်ထောင်စုဝန်ကြီးဦးလွင်ကိုလတ်ကဆိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ဝန်ကြီးဌာန၏လုပ်ကိုင်ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ပြည်သူသို့ အစီရင်ခံရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

"ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ကြားကာလရဲတပ်ဖွဲ့ဥပဒေကို အတည်ပြုပြီးတာနဲ့ ဥပဒေနဲ့အညီ ရဲတပ်ဖွဲ့ကို CDM ရဲဝန်ထမ်းများနဲ့ အမြန်ဆုံးဖွဲ့စည်းသွားမှာဖြစ်ပါတယ်။ မိမိတို့ စိုးမိုးထိန်းချုပ်ထားပြီး ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်နေပြီဖြစ်တဲ့ မြို့နယ်များကို ခိုင်ခိုင်မာမာထိန်းချုပ်ခုခံ ကာကွယ်နိုင်ရေးအတွက် ကာကွယ်ရေးအစီအစဉ်နဲ့လုံခြုံရေးအစီအစဉ်ကို ပေါင်းစပ်ပြီး လုံခြုံရေးစီမံချက်တစ်ခုချမှတ်ကာ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ မိမိတို့ဝန်ကြီးဌာနပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။

ထို့အပြင်ရဲတပ်ဖွဲ့များ ဖွဲ့စည်းပြီးပါက ထိန်းချုပ်နယ်မြေများတွင် တရားရေးဌာနနဲ့ ပေါင်းစပ်ကာ ရဲလုပ်ငန်းများဆောင်ရွက်မှာဖြစ်ပြီးတော့ ပြည်ထဲရေးဝန်ကြီးဌာနကို စကစတပ်များရာဇဝတ်ကျူးလွန်မှုတိုင်ကြားထားတဲ့ အမှုပေါင်းလေးရာကျော်ကိုလည်းကိုင်တွယ်ဖြေရှင်းသွားမယ်လို့သိရပါတယ်။ လက်ရှိမှာ CDM ဝင်ထားတဲ့ရဲတပ်ဖွဲ့နဲ့တပ် စုစုပေါင်းတစ်သောင်းခန့်ရှိပြီဖြစ်ပါတယ်။

========================

📌📌ဧပြီ ၂၄ ရက်နေ့ ဂျပန်နိုင်ငံ ရှီဇုအိုကာမြို့မှာ အထူးငွေတိုက်စာချုပ်များရောင်းချမယ်

ဧပြီ ၂၄ ရက်နေ့ ဂျပန်နိုင်ငံ ရှီဇုအိုကာမြို့မှာ အထူးငွေတိုက်စာချုပ်များရောင်းချမယ်လို့သိရပါတယ်။ "အောင်ပွဲမြန်ဖို့ ဘွန်းဝယ်စို့"ရှီဇုအိုကာမြို့မှ တော်လှန်ရေးညီအစ်ကိုမောင်နှမများကို ၄ လပိုင်း ၂၄ ရက်နေ့ (Sun) အားတင်းထားပါ ပြည်မြန်မာ ပွဲမှာ ငွေတိုက်စာချုပ်ဝယ်ယူသူများအတွက်လည်း ငွေတိုက်စာချုပ်ရောင်းချပေးသွားမယ့် အထူးအစီအစဉ်ရှိပါတယ်"လို့ ငွေတိုက်စာချုပ်ရောင်းချမယ့် ဂျပန်ကိုယ်စားလှယ်အဖွဲ့ကဆိုပါတယ်။

ငွေသားနဲ့ ရောင်းချပေးမှာ ဖြစ်ကာမြန်ရင် ၃ ရက်၊ ကြာရင် ၁ ပတ်အတွင်းစာချုပ်ရရှိမှာဖြစ်တယ်လို့သတင်းရရှိပါတယ်။ လက်ရှိမှာ ငွေတိုက်စာချုပ်ပေါင်းခုနစ်သောင်းကျော်ရောင်းချပြီးဖြစ်ကာ အမေရိကန်ဒေါ်လာသုံးဆယ့်သုံးမီလီယံ ရရှိပြီးဖြစ်ပါတယ်။

========================

📌📌စစ်ကောင်စီနဲ့ အဓိက နယ်စပ်ကုန်သွယ်ရေး ထိုင်းနဲ့ အလုပ်ဖြစ်နေကာ ၇၅ ရာခိုင်နှုန်းကုန်သွယ်နေ

စစ်ကောင်စီနဲ့ အဓိက နယ်စပ်ကုန်သွယ်ရေး ထိုင်းနဲ့ အလုပ်ဖြစ်နေကာ ၇၅ ရာခိုင်နှုန်းကုန်သွယ်နေတယ်လို့ သတင်းရရှိပါတယ်။

မြန်မာ့ နယ်စပ်ကုန်သွယ်ရေးမှာ တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေးက ပမာဏအများဆုံးအနေနဲ့ ရပ်တည်ခဲ့ရာကနေ ၂၀၂၁ - ၂၀၂၂ မီနီဘတ်ဂျက်ကာလမှာတော့ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးက တဟုန်ထိုး မြင့်တက်ခဲ့တယ်လို့ ISP Myanmar ကထုတ်ဖော်ပြသပါတယ်။

မီနီဘတ်ဂျက်ကာလအကုန်မှာ ထိုင်းနဲ့ နယ်စပ်ကုန်သွယ်ရေးကို ကာလတူနှိုင်းယှဉ်ရင် ယခင်ဘဏ္ဍာနှစ်ကထက် အမေရိကန်ဒေါ်လာသန်း ၆၄၀ ကျော်တက်လာခဲ့တာ ဖြစ်ပါတယ်။ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုဟာ ယခင်ဘဏ္ဍာနှစ်မှာ စုစုပေါင်း နယ်စပ်ကုန်သွယ်မှုရဲ့ ၃၄ ရာခိုင်နှုန်းကနေ ၇၅ ရာခိုင်နှုန်းကျော် အထိဖြစ်လာခဲ့ပါတယ်။

မြန်မာ-ထိုင်းကုန်သွယ်မှုမှာ အဓိက ကုန်သွယ်ဂိတ်ဖြစ်တဲ့ မြဝတီမှာ အမေရိကန်ဒေါ်လာသန်း ၆၀၀ နီးပါး၊ နဘုလယ်/ ထီးခီးမှာ အမေရိကန်ဒေါ်လာသန်း ၁၈၀ ကျော်၊ မောတောင်မှာ အမေရိကန်ဒေါ်လာ သုံးသိန်းနီးပါး မြင့်တက်ခဲ့တာကြောင့်ဖြစ်ပါတယ်။

မီနီဘတ်ဂျက်ကာလအတွင်း မြန်မာ့နယ်စပ်ကုန်သွယ်ရေးမှာ ပို့ကုန်ရော သွင်းကုန်ပါ ကျဆင်းခဲ့ပါတယ်။ မြန်မာ့နယ်စပ်ကုန်သွယ်မှုစုစုပေါင်းတန်ဖိုးကို အရင်ဘဏ္ဍာနှစ်နဲ့ ကာလတူနှိုင်းယှဥ်ရင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၆ ဘီလီယံ လျော့ကျခဲ့ပြီး တရုတ်နယ်စပ်ကုန်သွယ်မှုမှာတော့ ကာလတူနှိုင်းယှဉ်ရင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံ ကျဆင်းခဲ့တာဖြစ်ပါတယ်။

========================

📌📌အမျိုးသမီးစစ်သည်တော်တပ်ရင်း(မြောင်)-M2W ကျည်မိုး၊ မိုင်းမိုး၊ သင်္ကြန်မိုး Campaign ''မှ ရရှိတဲ့ငွေများနဲ့ ကျည်ဆန်အတောင့်တစ်ထောင်ကျော်ဝယ်ယူ

အမျိုးသမီးစစ်သည်တော်တပ်ရင်း(မြောင်)-M2W ကျည်မိုး၊ မိုင်းမိုး၊ သင်္ကြန်မိုး Campaign ''မှရရှိတဲ့ငွေများနဲ့ကျည်ဆန်အတောင့်တစ်ထောင်ကျော်ဝယ်ယူနိုင်ခဲ့တယ်လို့သိရပါတယ်။

ဧပြီ ၂၂ ရက်နေ့မှာ ကျည်ဆန်များဝယ်ယူရောက်ရှိကြောင်း အမျိုးသမီးစစ်သည်တော်တပ်ရင်း(မြောင်)-M2W ကဆိုပါတယ်။

"M2W အတွက် အရေးပါလှတဲ့ ကမ်ပိန်းလေးတစ်ခုဖြစ်တဲ့ '' ကျည်မိုး၊ မိုင်းမိုး၊ သင်္ကြန်မိုး Campaign '' လေးဟာ ကျွန်မတို့အတွက် တန်ဖိုးကြီးမားခဲ့ပါတယ်။ ကျွန်မတို့အဖွဲ့ကို ယုံကြည်ပြီး ထောက်ပို့ကူညီပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်။ အခုဆိုရင် ကျည်မိုးရွာသွန်းနိုင်ဖို့ရယ်ဒီပါပဲ ။ နှုတ်ခမ်းနီးဈေးတွေကလည်းတက်တယ်ရှင် ။ နှုတ်ခမ်းနီဒီဇိုင်းအစုံလေး (၁၁၀၀ တောင့် ) ဝယ်ထားပြီးပါပြီ"လို့ဆိုပါတယ်။

''ကျည်မိုး၊ မိုင်းမိုး၊ သင်္ကြန်မိုး Campaign ''မှ ရန်ပုံငွေ သိန်းသုံးရာ့ခြောက်ဆယ်ကျော်ရရှိခဲ့ပါတယ်။ အမျိုးသမီးစစ်သည်တော်တပ်ရင်း(မြောင်)-M2W ဟာ မြိုင်မြို့နယ်မှာ စစ်ဆင်ရေးများအတွက် ဖျက်အားပြင်းမိုင်းများထုတ်လုပ်ရေးကိုအဓိကလုပ်ဆောင်ပါတယ်။

========================

📌📌သပိတ်ကျင်း တွင်းငယ်ရဲစခန်းမှ မူးယစ်ဆေးပြားများနဲ့အတူတွေ့ရှိတဲ့ ဆိုင်ကယ်စျေးသည်ကို သိန်းနှစ်ဆယ်ယူ၍ ပြန်လွှတ်ပေး

သပိတ်ကျင်း တွင်းငယ်ရဲစခန်းမှ မူးယစ်ဆေးပြားများနဲ့အတူတွေ့ရှိတဲ့ ဆိုင်ကယ်စျေးသည်ကို သိန်းနှစ်ဆယ်ယူ၍ ပြန်လွှတ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။ ဧပြီ ၂၂ ရက်မှာ သပိတ်ကျင်းတော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန်ခဲ့ပါတယ်။

"ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက် နေ့လည် ၁၂ ၀န်းကျင်က ၇ မိုင်မောင်တံဂိတ်အနီး သတင်းရလို့ ၇ မိုင်ဆိုင်ကယ်စျေးသည်တဦးကို စောင့်ဖမ်းကာ ဆေးပြားများနဲ့အတူတွေ့ ရှိခဲ့လို့ တွင်းငယ်ရဲစခန်းကိုဖမ်းသွားကြောင်းသိရပြီး ညနေရောက်တော့သိန်း ၄၀ တောင်းတာမှာသိန်း ၂၀ နဲ့ပြတ်​ပြီးပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်"လို့ သပိတ်ကျင်း TR ကဖော်ပြပါတယ်။ မူးယစ်ဆေးဝါများကိုလက်ရှိပကဖအဖွဲ့များကလည်း ဖမ်းဆီးဖျက်ဆီးကာ သယ်ဆောင်သူများကို ဥပဒေနဲ့အညီအရေးယူခြင်းများဆောင်ရွက်လျက်ရှိပါတယ်။

========================

📌📌ငွေတိုက်စာချုပ်များနှင့် အတူပန်းချီကားပို့စ်ကတ်လေးများလက်ဆောင်အဖြစ်ပေးပို့ခြင်း အထူးအစီအစဉ် နောက်ဆုံးငွေပေးချေရမည့်ရက်မှာ ဧပြီလကုန်ဖြစ်

ဧပြီလ ၁ ရက်နေ့မှ စတင်ပြီး ငွေတိုက်စာချုပ်များနှင့်အတူ ကိုမင်းကိုနိုင် ကိုယ်တိုင် ရေးဆွဲပေးထားတဲ့ပန်းချီကား ပို့စ်ကတ် လေးကို လက်ဆောင်အဖြစ် ပေးပို့ခြင်း အစီအစဉ်သည် ဧပြီလကုန်တွင်ပြီးဆုံးတော့မည်ဖြစ်ကြောင်း သိရှိရပါတယ်။
ငွေတိုက်စာချုပ်သက်တမ်းကုန်ဆုံးမည့်ရက်စွဲ ၂၀၂၄ ခုနှစ် ဧပြီ ၃၀ ဖြင့် ထွက်လာမည့် ငွေတိုက်စာချုပ်များအထိသာ ပန်းချီကားပို့စ်ကတ် ပါဝင်မည်ဖြစ်ပြီး ဧပြီ ၂၇ နောက်ဆုံးထား၍ bond order list ပေး၍ ငွေပေးချေကြပါရန် နှင့် ပုံစံ ခ များ တင်ကြရမယ်လို့ သိရှိရပါတယ်။






#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment