၂၀၂၂ ဇွန်လ ၁၁ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အကြမ်းဖက် စစ်ကောင်စီဟာ စစ်ရာဇဝတ်မှုပေါင်း နှစ်ထောင်ကျော်ကျူးလွန်ခဲ့ကြောင်း ပြည်ထဲရေး သတင်းထုတ်ပြန်
📌 ၂။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီဝင် ချက်နိုင်ငံကို အကြမ်းဖက်စစ်ကောင်စီရဲ့ သတ်ဖြတ်မှုနဲ့ မီးရှို့မှုတွေကိုအထောက်အထားနဲ့တကွ တင်ပြခဲ့
📌 ၃။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၇၇ နှစ်မြောက်မွေးနေ့အမှတ်တရ တီရှပ်များ ဝတ်ဆင်ရန် NUG အလုပ်သမားဝန်ကြီးဌာန တိုက်တွန်း
📌 ၄။ မြိုင်ပြည်သူများ တော်လှန်ရေးအတွက် ရွှေလက်ဝတ်လက်စားများ ၂၁ စုံ လှူဒါန်း
📌 ၅။ ထန်တလန်မြို့မှာ သက်တမ်းအရင့်ဆုံးဘုရားကျောင်းတစ်ကျောင်းဖြစ်တဲ့ ထန်တလန်နှစ်ခြင်းအသင်းတော် (TBC) ဘုရားကျောင်း ယမန်နေ့က မီးလောင်ပျက်စီး
📌 ၆။ ရေစကြိုမြို့နယ်၊ သဲတောကျေးရွာမှ အသက်ခုနစ်ဆယ်အရွယ်အဘွားအိုကို စစ်ကောင်စီတပ်များက မီးရှို့သတ်ဖြတ်
📌 ၇။ စစ်အုပ်စုက မျက်ကွယ်ပြစ်ဒဏ်ချမှတ်ထားသူများတွင် မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၁) ဦးပါဝင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အကြမ်းဖက် စစ်ကောင်စီဟာ စစ်ရာဇဝတ်မှုပေါင်း နှစ်ထောင်ကျော်ကျူးလွန်ခဲ့ကြောင်း ပြည်ထဲရေး သတင်းထုတ်ပြန်
အကြမ်းဖက်စစ်ကောင်စီဟာ ပြည်သူလူထုအပေါ် စစ်ရာဇဝတ်မှုပေါင်း နှစ်ထောင်ကျော်ကျူးလွန်ခဲ့တယ်လို့ ဇွန်လ ၁၀ ရက်နေ့မှာ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် မေလ ၃၁ ရက်နေ့အထိ ၆ လအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူလူထုအပေါ် အကြမ်းဖက်စစ်ရာဇဝတ်မှုများကို ကျူးလွန်နေခြင်းမှာ စစ်ရာဇဝတ်မှုပေါင်း (၂၇၇၈) ခု တွေ့ရှိရတယ်လို့ဆိုပါတယ်။
အာဏာသိမ်းအကြမ်းဖက် ဖက်ဆစ်စစ်တပ်အနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းပြီးချိန်မှစ၍ ယနေ့အထိ ပြည်သူလူထုအပေါ် ဖမ်းဆီး ညှဉ်းပမ်းနှိပ်စက် သတ်ဖြတ်မှုများ၊ လူနေအိမ် ဘာသာရေးအဆောက်အဦးများကို မီးရှို့ ဖျက်ဆီးမှုများ၊ ပြည်သူ့ကိုယ်ပိုင် အဖိုးတန်ပစ္စည်းများကို ခိုးယူသိမ်းဆည်း ဖျက်ဆီးမှုများ၊ စစ်ကြောရေးများတွင် ဥပဒေမဲ့ ရိုက်နှက်သတ်ဖြတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ရည်ရွယ်ချက်ရှိရှိ မျိုးသုဉ်းသတ်ဖြတ်နေမှုများကျူးလွန်ခဲ့ပါတယ်။
ဒါ့အပြင် လူထုနေထိုင်ရာနေရာများကို တိုက်လေယာဉ်၊ ရဟတ်ယာဉ်များ သုံးလျက် ပစ်ခတ်တိုက်ခိုက်နေမှုများ၊ လက်နက်ကြီးများဖြင့် လူနေအိမ်များဆီ ရမ်းသန်းပစ်ခတ်၍ လူထုအသက်သေဆုံးမှု အိုးအိမ်ပျက်စီးဆုံးရှုံးနေရမှုများ စသည့် ဖက်ဆစ်ဆန်ဆန် အကြမ်းဖက်စစ်ရာဇဝတ်မှုများကို နေ့စဉ်နှင့်အမျှ တစ်ရက်မပျက် ကျူးလွန်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။
ပြည်သူလူထုအနေဖြင့် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ရဲတပ်ဖွဲ့၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တို့နှင့် ချိတ်တွဲလျက် အကြမ်းဖက် ဖက်ဆစ်စစ်တပ်၏ စစ်ရာဇဝတ်မှုများကို အမှုဖွင့်တိုင်ကြားပေးခြင်းဖြစ်စေ၊ သတင်းပေးတိုင်ကြားခြင်းဖြစ်စေ စစ်ရာဇဝတ်တရားခံ အပြစ်သားများကို ဥပဒေအောက် အရောက်ခေါ်ယူပြီး တရားစွဲဆိုနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းထားပါတယ်။
========================
📌📌 ၂။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီဝင် ချက်နိုင်ငံကို အကြမ်းဖက်စစ်ကောင်စီရဲ့ သတ်ဖြတ်မှုနဲ့ မီးရှို့မှုတွေကိုအထောက်အထားနဲ့တကွ တင်ပြခဲ့
ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီဝင်ဖြစ်တဲ့ ချက်နိုင်ငံကို အကြမ်းဖက်စစ်ကောင်စီရဲ့ သတ်ဖြတ်မှု နဲ့ မီးရှို့မှုတွေကို အထောက်အထားနဲ့တကွ တင်ပြခဲ့တယ်လို့ လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဇွန်လ (၁၀) ရက်နေ့မှာ လူမှုကွန်ရက်ကတစ်ဆင့် အသိပေး ရေးသားဖော်ပြခဲ့ပါတယ်။
"လူ့အခွင့်အရေးကောင်စီမှာ ရုရှားနိုင်ငံကို ကောင်စီအဖွဲ့ဝင်အဖြစ်ကနေဆိုင်းငံ့ပြီး ချက်ပြည်သူ့သမ္မတနိုင်ငံဟာ အဖွဲ့ဝင်အသစ် ဖြစ်လာခဲ့ပါတယ်။ ချက်ပြည်သူ့သမ္မတနိုင်ငံဟာ ဒီမိုကရေစီအရေးနှင့် ပတ်သတ်ပြီး တက်တက်ကြွကြွ ကြိုးပမ်းဆောင်ရွက်နေတဲ့ နိုင်ငံဖြစ်တဲ့အတွက် လူ့အခွင့်အရေးကောင်စီမှာ အဖွဲ့ဝင်နိုင်ငံဖြစ်လာခြင်းက အရေးပါလှပါတယ်။ ကိုဂျင်မီ၊ ကိုဖြိုးဇေယျသော်နဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူအချို့ကို အကြမ်းဖက်စစ်ကောင်စီက သေဒဏ်ပေးစီရင်ဖို့ လုပ်ဆောင်နေတာနဲ့ စစ်ကိုင်းတိုင်း အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ အရပ်သားပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်နေတာတွေ၊ နေအိမ်အမြောက်အများကို မီးရှို့ဖျက်စီးမှုတွေနဲ့ပတ်သတ်တဲ့ မြေပြင်သတင်းတွေကို အထောက်အထား တိတိကျကျနဲ့ တင်ပြဆွေးနွေးနိုင်ခဲ့ပါတယ်" လို့ ဝန်ကြီးကဆိုပါတယ်။
မြန်မာ့ဒီမိုကရေစီအရေးကို အစဉ်အဆက် အားပေးပြီး ကြိုးပမ်းဆောင်ရွက်နေတဲ့ ချက်ပြည်သူ့သမ္မတနိုင်ငံရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီးဖြစ်သူ (MR. Jiri Kozak နဲ့လည်း လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းဟာ ၂၀၂၂ ခုနှစ် ဇွန်လ ၉ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။
========================
📌📌 ၃။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၇၇ နှစ်မြောက်မွေးနေ့အမှတ်တရ တီရှပ်များ ဝတ်ဆင်ရန် NUG အလုပ်သမားဝန်ကြီးဌာန တိုက်တွန်း
၇၇ နှစ်မြောက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အမှတ်တရတီရှပ်များ ဝတ်ဆင်ရန် တိုက်တွန်းကြောင်း ဇွန်လ ၁၀ ရက်နေ့မှာ အလုပ်သမားဝန်ကြီးဌာနက လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
"အသက်ရှည်ကျန်းမာပါစေ ပြည်သူ့အမေ။ စစ်ဘေးရှောင် နှင့် CDM တွေကို ကူညီဖို့ အမေ့မွေးနေ့မှာ ပါဝင်စို့။ (၇၇ နှစ်မြောက် လူထုခေါင်းဆောင် အမေစုမွေးနေ့အမှတ်တရ တီရှပ်ဝတ်ဆင်ရင်းဖြင့် ပါဝင်ကြပါ)" လို့ ဆိုထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၇ နှစ်ပြည့်မွေးနေ့ဟာ လာမည့် ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မှာဖြစ်ပြီးတော့ လက်ရှိမှာ စကစရဲ့ မတရားစွဲဆိုထားတဲ့အမှုများနဲ့ ရင်ဆိုင်နေရပါတယ်။
========================
📌📌 ၄။ မြိုင်ပြည်သူများ တော်လှန်ရေးအတွက် ရွှေလက်ဝတ်လက်စားများ ၂၁ စုံ လှူဒါန်း
ယနေ့ ဇွန်လ (၁၀) ရက်နေ့ညနေတွင် မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာ၌ ပြုလုပ်တဲ့ အာဏာရှင်တော်လှန်ရေးသပိတ်စစ်ကြောင်းအပြီးမှာ ပြည်သူများက မိမိတို့ဝတ်ဆင်လာကြသော ရွှေကလစ်များ ၊ ရွှေနားဆွဲများ ၊ ရွှေနားကပ်များနှင့် ငွေသားပိုက်ဆံများကို ကျေးရွာကာကွယ်ရေးအဖွဲ့အတွက် လှူဒါန်းထောက်ပံ့ခဲ့ကြတယ်။ ထိုလှူဒါန်းမှုမှ နားကပ် ၊ နားဆွဲနှင့်ကလစ်စုစုပေါင်း (၂၁) စုံနှင့် ငွေသားစုစုပေါင်း ၆ သိန်းကျပ်တိတိကို ရရှိခဲ့သည်ဟုသိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုက ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသည့်အပြင် အပြစ်မဲ့ပြည်သူများကို ရက်ရက်စက်စက်ဖမ်းဆီးသတ်ဖြတ်ကာ ပြည်သူလူထုကို ကြောက်စိတ်ဝင်လာရန် နည်းမျိုးစုံဖြင့် ကြိုးစားနေသည့်ကြားကပင် စစ်မှန်သော တော်လှန်ရေးစိတ်ဓာတ်အပြည့်ဖြင့် တော်လှန်ရေးအတွက် ကျရာကဏ္ဍကနေ နိုင်ရာတာဝန်ထမ်းပြီး သမိုင်းပေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်နေကြသော ပြည်သူလူထုတစ်ရပ်လုံးအား လေးလေးစား ဦးညွတ်ဂါရဝပြုအပ်ပါသည်ဟု BEGSC-MYAING ကော်မတီကဖော်ပြထားပါတယ်။
========================
📌📌 ၅။ ထန်တလန်မြို့မှာ သက်တမ်းအရင့်ဆုံးဘုရားကျောင်းတစ်ကျောင်းဖြစ်တဲ့ ထန်တလန်နှစ်ခြင်းအသင်းတော် (TBC) ဘုရားကျောင်း ယမန်နေ့က မီးလောင်ပျက်စီး
ချင်းပြည်နယ် ထန်တလန်မြို့မှာ သက်တမ်းအရင့်ဆုံးဘုရားကျောင်း တစ်ကျောင်းဖြစ်တဲ့ ထန်တလန် နှစ်ခြင်းအသင်းတော် (TBC) ဘုရားကျောင်းဟာ ယမန်နေ့က မီးလောင်ပျက်စီးခဲ့ကြောင်း ဆလိုင်းအိုက်ဇက်ခင်က ဇွန်လ ၁၀ ရက်နေ့မှာ လူမှုကွန်ရက်မှာ အသိပေးရေးသားခဲ့ပါတယ်။
"ထန်တလန်မြို့ရဲ့ ကျက်သရေဆောင်၊ ထန်တလန်မြို့မှာ သက်တမ်းအရင့်ဆုံး ဘုရားကျောင်း တစ်ကျောင်းဖြစ်တဲ့ ထန်တလန် နှစ်ခြင်းအသင်းတော် (TBC) ဘုရားကျောင်း ယမန်နေ့က မီးလောင်ပျက်စီးသွားခဲ့ပြီလို့ သိရှိရတဲ့အတွက် များစွာ ဝမ်းနည်း စိတ်မကောင်းဖြစ်ရပါတယ်။ ဒီဘုရားကျောင်းကတော့ မပျက်မစီး ကျန်နိုင်ခဲ့မယ်လို့ အောက်မေ့ခဲ့တာပါ" လို့ ဆိုပါတယ်။
ချင်းပြည်နယ်က ထန်တလန်မြို့ဟာ စကစတပ်များရဲ့ အကြိမ်ကြိမ် မီးရှို့ဖျက်ဆီးခံရတဲ့ မြို့တစ်မြို့လည်းဖြစ်ပါတယ်။
========================
📌📌 ၆။ ရေစကြိုမြို့နယ်၊ သဲတောကျေးရွာမှ အသက်ခုနစ်ဆယ်အရွယ်အဘွားအိုကို စစ်ကောင်စီတပ်များက မီးရှို့သတ်ဖြတ်
ရေစကြိုမြို့နယ်၊ သဲတောကျေးရွာမှ အသက် ခုနစ်ဆယ်အရွယ် အဘွားအိုကို စစ်ကောင်စီတပ်များက မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ဇွန်လ ၁၀ ရက်နေ့မှာ ဖော်ပြပါတယ်။
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ သဲတောကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏တပ်နှင့် ပျူစောထီးများက ဇွန်လ ၉ ရက်နေ့တွင် ဝင်ရောက်စီးနင်းခဲ့ပြီး အဆိုပါကျေးရွာတွင်နေထိုင်သည့် အသက် ၇၀ အရွယ် ဒေါ်အေးကို မီးရှို့သတ်ဖြတ်ခဲ့ကြကြောင်း သိရှိရပါတယ်။
စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့ကအထိ (၁၉၂၉) ဦး ရှိခဲ့ပြီ ဖြစ်ပါတယ်။
စကစတပ်များဟာ နေ့စဥ်ရက်ဆက် ရွာများကို မီးရှို့ဖျက်ဆီးနေပြီး တွေ့မြင်တဲ့ အရပ်သားမှန်သမျှကိုလည်း ဖမ်းဆီးသတ်ဖြတ်လျက်ရှိနေပါတယ်။
========================
📌📌 ၇။ စစ်အုပ်စုက မျက်ကွယ်ပြစ်ဒဏ်ချမှတ်ထားသူများတွင် မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၁) ဦးပါဝင်
စစ်ကောင်စီဟာ စစ်ခုံရုံးများနဲ့ အရပ်သားများအပေါ် မတရားစီရင်၍ သေဒဏ်များကို ချမှတ်လျက်ရှိနေပါတယ်။ စစ်အုပ်စုက မျက်ကွယ်ပြစ်ဒဏ်ချမှတ်ထားတဲ့ ၁၂၀ ဦးတွင် မျက်ကွယ် သေဒဏ်ချမှတ်ခြင်း ခံထားရသူ (၄၁) ဦး ပါဝင်တယ်လို့ သိရပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇွန်လ ၁၀ ရက်နေ့ထိ ဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရသူ စုစုပေါင်း (၁၁,၀၀၄) ဦးရှိပြီး ၎င်းတို့အနက်မှ (၁၁၂၀) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရပါတယ်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၇၃) ဦးမှာ သေဒဏ်ချမှတ်ခံထားရကာ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၁) ဦး အပါအဝင် (၁၂၀) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။
ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၁၄) ဦးရှိပြီဖြစ်ပါတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ သိရပါတယ်။
No comments:
Post a Comment