၂၀၂၂ ဇွန်လ ၁၂ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ CDM အရေးဦးဆောင်သူများတွေ့ဆုံဆွေးနွေး
📌 ၂။ စိုက်ပျိုးရေးတက္ကသိုလ်မှ ပါမောက္ခချုပ်အပါအဝင် ပါမောက္ခချုပ်များနှင့် ပါမောက္ခများ အရာထမ်းများ စုစုပေါင်း ၆၄ ဦးကို ပညာရေးဝန်ကြီးအမိန့်နဲ့ရာထူးမှထုတ်ပယ်
📌 ၃။ ဖိနှိပ်မှုကင်းတဲ့ လောကအသစ် တကယ်ကိုရှိပြီးတော့ လုပ်နိုင်စွမ်းအပေါ်ပဲ မူတည်တယ်လို့ ဒုဝန်ကြီးအိသဉ္ဇာမောင်ဆို
📌 ၄။ အာရှပစိဖိတ် အစားအစာနှင့် ယဉ်ကျေးမှုပွဲတော်မှာ နွေဦးအောင်နိုင်ရေးခရီးစဥ်အကြောင်း ဟောပြောခွင့်ရခဲ့တယ်လို့ အရှင်ဇဝနမိန့်ကြား
📌 ၅။ ကန့်ဘလူမြို့နယ်၊ဇော်ချောင်းရွာကို စစ်တပ်က ယနေ့မနက်မီးရှို့ဖျက်ဆီး ရွာလုံးကျွတ်မီးလောင်ဆုံးရှုံးဖွယ်ရှိ
📌 ၆။ မဲဆောက်ရောက် မြန်မာရွှေ့ပြောင်းကလေးတွေကို အခမဲ့ပညာသင်ကြားပေးဖို့ ပန်းပျိုးလက်ပညာသင်ကြားရေးစင်တာကို စတင်ဖွင့်လှစ်
📌 ၇။ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာ ဝန်ထမ်းတွေနဲ့ပွဲစားတွေက နည်းမျိုးစုံနဲ့ငွေညှစ်နေတာကြောင့် ပြည်ပထွက်ခွာမယ့် သင်္ဘောသားတွေဟာ အခက်အခဲကြုံတွေ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ CDM အရေးဦးဆောင်သူများတွေ့ဆုံဆွေးနွေး
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ပြည်သူ့ရေးရာကော်မတီ၊ ပညာရေးဝန်ကြီးဌာနတို့နှင့် တိုင်းဒေသကြီး /ပြည်နယ်များမှ လွှတ်တော်ကိုယ်စားလှယ်များ၊ CDM အရေးဦးဆောင်သူများတွေ့ဆုံမှုကို ဇွန်လ အတွင်း ဗီဒီယိုကွန့်ဖရင့်မှတဆင့် ကျင်းပခဲ့တာလို့သတင်းရရှိပါတယ်။
တွေ့ဆုံဆွေးနွေးရာတွင် ကြားကာလပညာရေးမူဝါဒများ၊ ဖက်ဒရယ်ကျောင်းဖော်ဆောင်နေမှုများ၊ HBL နှင့် Online, On ground ပညာသင်ကြားမှုနည်းစနစ်များ၊ CRPH ပြည်သူ့ရေးရာ ကော်မတီနှင့်ဝန်ကြီးဌာနများအကြား လက်တွဲဖော်ဆောင် နေမှုများကိုပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ပြည်သူ့ရေးရာကော်မတီမှ CDM များသို့ အရေးပေါ်ကူညီပံ့ပိုးနေမှုများ၊ Ahlu Shin Application အသုံးပြုပုံ နည်းစနစ်များ၊ CDM ပြည်သူ့ဝန်ထမ်းများအနေဖြင့်လည်း Application အား ဝိုင်းဝန်းပံ့ပိုးပေးကြပါရန်နှင့် တက်ရောက် လာသူ လွှတ်တော်ကိုယ်စားလှယ်များ၊ CDM ဝန်ထမ်းများ၏ တင်ပြချက်များအား ပြန်လည်ဆွေးနွေးအားပေး၍ အတူ လက်တွဲ ညှိနှိုင်းဆောင်ရွက်သွားရမည့် အချက်များအပေါ် ဆွေးနွေးခဲ့ပါတယ်။
တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်း၊ အမျိုးသား ညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးများဖြစ်သည့် ဦးစိုင်းခိုင်မျိုးထွန်း၊ ဒေါ်ဂျာထွယ်ပန်၊ ပြည်သူ့ ရေးရာကော်မတီ အတွင်းရေးမှူး ဒေါ်အိအိပြုံး၊ ပြည်သူ့ရေးရာကော်မတီဝင်များ၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ပအဖများတက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ စိုက်ပျိုးရေးတက္ကသိုလ်မှ ပါမောက္ခချုပ်အပါအဝင် ပါမောက္ခချုပ်များနှင့် ပါမောက္ခများ အရာထမ်းများ စုစုပေါင်း ၆၄ ဦးကို ပညာရေးဝန်ကြီးအမိန့်နဲ့ရာထူးမှထုတ်ပယ်
အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနမှ ကြေညာချက်အမှတ် (၉/၂၀၂၂) နဲ့ ဇွန်လ (၁၂) ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
ကြေညာချက်အရယခုအခါ အကြမ်းဖက်စစ်ကောင်စီ၏ လက်ကိုင်တုတ်များဖြစ်သော Non-CDM ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပညာရေးမှူးများ၊ ကျောင်းအုပ်များ၊ ဌာနမှူးများ ဦးဆောင်သော အကြမ်းဖက်အုပ်စုလက်ပါးစေများက CDM ၀န်ထမ်းများအား ချေးငွေပြန်ဆပ်ရန်၊ ၀န်ထမ်းအိမ်ရာများမှ ဖယ်ပေးရန် ဖိအားပေးခြိမ်းခြောက် ခဲ့သည့်အပြင် ပစ္စည်းများအား ဖယ်ရှား၍ အိမ်ရာများအား သိမ်းဆည်းခြင်းများ ကျူးလွန်နေကြောင်း သိရှိရပါတယ်။
ပြည်သူ့၀န်ထမ်းများ၏ ရှင်သန်ရပ်တည်ခွင့်နှင့်အတူ လူလုံခြုံရေး၊ ပစ္စည်းလုံခြုံရေး များအပေါ် ထိခိုက် နစ်နာစေရန် ချိုးဖောက် ကျူးလွန်ရာတွင် အားပေးနေခြင်းတို့ကိုလုပ်ဆောင်နေပါသည်။
သို့ဖြစ်ပါ၍ တရားမဝင် အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်တွင် ဆက်လက် တာဝန်ထမ်းဆောင်နေပြီး CDM ဝန်ထမ်းများအား ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ရာထူးမှ ထုတ်ပယ်ခြင်း၊ စသည့် အမျိုးမျိုးသော ဖိနှိပ်မှုများကို ကျူးလွန်နေသော ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ အောက်ဖော်ပြပါ ဝန်ထမ်းများအား အမည်ပျက်စာရင်း သွင်းလိုက်ပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပစ် (Dismiss)လိုက်တယ်လို့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး အမိန့်အရလို့ဖော်ပြပါရှိပါတယ်။
========================
📌📌 ၃။ ဖိနှိပ်မှုကင်းတဲ့ လောကအသစ် တကယ်ကိုရှိပြီးတော့ လုပ်နိုင်စွမ်းအပေါ်ပဲ မူတည်တယ်လို့ ဒုဝန်ကြီးအိသဉ္ဇာမောင်ဆို
ဇွန်လ ၁၁ ရက်နေ့မှာ ဒုဝန်ကြီးအိသဉ္ဇာမောင်က လူမှုကွန်ရက်မှာ အခုလိုရေးသားပြောကြားခဲ့ပါတယ်။
"ပြင်မလား၊ ဖျက်မလား၊ အသစ်ရေးမလား ငြင်းခုန်ခဲ့ကြတဲ့ ၂၀၀၈ ကိုလည်း ဖျက်သိမ်းခဲ့ကြပြီးပြီ။ တချို့နေရာတွေမှာ ထိန်းချုပ်နယ်မြေတွေ ရှိလာပြီ။ နောက်တခါ အာဏာသိမ်းမယ် ဆိုတာကို စစ်တပ်က လွယ်လွယ်မထွက်ရဲတော့ဘူး။ ဒီအရွေ့ကြီး တခုလုံးက ဘယ်သူတွေလုပ်ခဲ့တာလဲ လူထုက တွန်းတင်ခဲ့တာပါ။ ကိုယ့်အစွမ်းအစ ကို မမေ့ပါနဲ့။ ပြောင်းလဲမှုက ကိုယ့်လက်ထဲမှာဘဲရှိတယ်။ ဖိနှိပ်မှုကင်းတဲ့ လောကအသစ် က တကယ် ရှိတယ်။ ကိုယ့်ရဲ့ လုပ်နိုင်စွမ်းပေါ်ပဲ မူတည်ပါတယ်"လို့ဆိုထားပါတယ်။
========================
📌📌 ၄။ အာရှပစိဖိတ် အစားအစာနှင့် ယဉ်ကျေးမှုပွဲတော်မှာ နွေဦးအောင်နိုင်ရေးခရီးစဥ်အကြောင်း ဟောပြောခွင့်ရခဲ့တယ်လို့ အရှင်ဇဝနမိန့်ကြား
ဇွန်လ ၁၂ ရက်နေ့မှာ နွေဦးအောင်နိုင်ရေးခရီးစဥ်ရဲ့ ဦးဆောင်ဆရာတော် အရှင်ဇဝနက အခုလိုမိန့်ခဲ့ပါတယ်။
"တစ်နှစ်တစ်ခါကျင်းပတဲ့ အာရှပစိဖိတ် အစားအစာနှင့် ယဉ်ကျေးမှုပွဲတော်မှာ နွေဦးအောင်နိုင်ရေးကားကြီးနဲ့ မိမိ တို့ ခရီးစဉ်အကြောင်းပြောပြခွင့်ရပါတယ်။ စိတ်ဝင်တစား လက်မှတ်ဝင်ထိုးကြသူများလည်း ရှိပါတယ်"လို့မိန့်ပါတယ်။
အမေရိကန်ပြည်ထောင်စုရှိ အမျိုးသားညီညွတ်ရေးအစိုးရအားထောက်ခံသည့် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများဦးဆောင်၍ မြန်မာပြည်ဖွား တိုင်းရင်းသား အများအပြားနေထိုင်လျှက်ရှိသော ပြည်နယ်ပေါင်း (၃၀) ၊ မြို့ပေါင်း (၁၀၀) ကျော်ဆီသို့ လှည့်လည်ပြီး တော်လှန်ရေးကြီးမှာ အဆုံးထိပါဝင်ကြဖို့ တမြို့ဝင်တမြို့ထွက် တိုက်တွန်းစည်းရုံးသွားမည့် နွေဦးအောင်နိုင်ရေးခရီးစဉ်‘‘Democracy Road Trip for Burma’’ ကို ၂၀၂၂ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် စတင်ခဲ့ပါတယ်။
========================
📌📌 ၅။ ကန့်ဘလူမြို့နယ်၊ဇော်ချောင်းရွာကို စစ်တပ်က ယနေ့မနက်မီးရှို့ဖျက်ဆီး ရွာလုံးကျွတ်မီးလောင်ဆုံးရှုံးဖွယ်ရှိ
စစ်တပ်က ဇွန်လ ၁၂ ရက်နေ့ နံနက် ၇ နာရီ ၁၅ အချိန်မှစတင်ကာ စစ်ကိုင်းတိုင်း ကန့်ဘလူ ဇော်ချောင်းရွာကို မီးရှို့နေတာလို့ ကန့်ဘလူတော်လှန်ရေးအင်အားစုကဆိုပါတယ်။" မီးလောင်ကျွမ်းနေတာ (၂) နာရီကျော်လာပေမယ့် ဆက်လက်မီးရှို့နေကြဆဲမို့ တရွာလုံးနီးပါးလောင်ကျွမ်းနိုင်ပါတယ်"လို့ဆိုပါတယ်။ ကန့်ဘလူဇော်ချောင်းရွာမှာအိမ်ခြေ (၂၀၀) နီးပါးရှိသောကျေးရွာဖြစ်ပါတယ်။
အခုတင်ပြပေးခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
========================
အခု ဆက်လက်ပြီး သတင်းနှင့်အတူ လူထုစကားသံ အစီအစဉ်ကဏ္ဍကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
📌📌 ၆။ မဲဆောက်ရောက် မြန်မာရွှေ့ပြောင်းကလေးတွေကို အခမဲ့ပညာသင်ကြားပေးဖို့ ပန်းပျိုးလက်ပညာသင်ကြားရေးစင်တာကို စတင်ဖွင့်လှစ်လိုက်ပါတယ်။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကိုရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ကလေးတွေကို အခမဲ့ပညာသင်ကြားပေးဖို့ ပန်းပျိုးလက်ပညာသင်ကြားရေးစင်တာမှာ ဇွန်လ ၁၁ ရက်နေ့ကစပြီး ကျောင်းအပ်လက်ခံနေပါတယ်။ မဲဆောက်ရောက်မြန်မာလုပ်သားတွေရဲ့ကလေးတွေဟာ ကိုဗစ် ၁၉ စတင်ဖြစ်ပွားခဲ့တဲ့ ၂၀၂၀ ခုနှစ်ကတည်းက ပညာရေးနဲ့ဝေးကွာခဲ့တာလို့ပန်းပျိုးလက်ပညာသင်ကြားရေးစင်တာကပြောပါတယ်။
ပန်းပျိုးလက်ပညာသင်ကြားရေးစင်တာ
((((((((((((((()))))))))))))))
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်သူအများအပြား ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် ကလေးတွေရဲ့ပညာရေးအတွက် ကြီးမားတဲ့အခက်အခဲဖြစ်လာပါတယ်။ မဲဆောက်ရောက် မြန်မာလုပ်သားတစ်ယောက်ကတော့ သူ့ကလေးတွေကို ထိုင်းနိုင်ငံပညာရေးနဲ့ပဲ သင်ကြားပေးချင်တယ်လို့ ဆိုပါတယ်။
မဲဆောက်ရောက်မြန်မာလုပ်သားတစ်ဦး
((((((((((())))))))))))))
ပန်းပျိုးလက်ပညာသင်ကြားရေးစင်တာကတော့ Online ကနေ သင်ကြားပေးတာမျိုးမဟုတ်ဘဲ ဆရာတွေကိုယ်တိုင်သင်ကြားပေးမှာဖြစ်ပါတယ်။ လတ်တလောမှာတော့ စင်တာက ကိုယ့်စရိတ်နဲ့ကိုယ် အကုန်ကျခံသင်ကြားပေးသွားမှာဖြစ်ပြီး ကျောင်းသားအရေအတွက်များလာလို့ နေရာ ထိုင်ခင်းလိုအပ်ချက်ရှိလာရင်တော့ အလှူခံသွားမယ်လို့ ဆိုပါတယ်။
ဒီသတင်းကိုတော့နွေဦးK ကပေးပို့တာဖြစ်ပါတယ်။
========================
📌📌 ၇။ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာ ဝန်ထမ်းတွေနဲ့ပွဲစားတွေက နည်းမျိုးစုံနဲ့ငွေညှစ်နေတာကြောင့် ပြည်ပထွက်ခွာမယ့် သင်္ဘောသားတွေဟာ အခက်အခဲကြုံတွေ့နေရပါတယ်။
မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာ ပြည်ပထွက်ပြီးအလုပ်လုပ်ဖို့ နိုင်ငံကူးလက်မှတ်လာရောက်လျှောက်ထားသူတွေများပြားနေတာပါ။ ဒီအခြေအနေကို ဝန်ထမ်းတွေနဲ့ပွဲစားတွေကအခွင့်အရေးယူပြီး အလွန်အကျွံငွေကြေးတောင်းခံတာပြုလုပ်နေတယ်လို့ ပြည်ပထွက်ခွာမယ့် သင်္ဘော သားတချို့ကပြောပါတယ်။
ပြည်ပထွက်ခွာမယ့် သင်္ဘောသားတစ်ဦး
(((((((((((())))))))))
ကိုဗစ် ၁၉ ကြောင့်အလုပ်အကိုင်ရှာပါးလို့ စားဝတ်နေရေးကျပ်တည်းခဲ့တဲ့ပြည်သူတွေဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မိသားစုစားဝတ်နေရေးကိုဖြေရှင်းဖို့ ပြည်ပထွက်ပြီးအလုပ်အကိုင်ရှာဖွေဖို့ နည်းလမ်းကိုစဉ်းစားလာကြတာဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေကိုထွက်ခွာမယ့်သူတွေဆိုရင် Passport ရဖို့ ငွေကျပ် ၁ သိန်းခွဲ ဈေးပေါက်နေပြီး ဝင်ငွေကောင်းနိုင်တဲ့ သင်္ဘောသားတွေဆိုရင် ငွေကျပ် ၂ သိန်းကနေ ၅ သိန်းအထိ လိုအပ်ချက်အပေါ်မူတည်ပြီး ပွဲစားတွေနဲ့ဝန်ထမ်းတွေက ငွေကျပ်တောင်းခံနေတာဖြစ်တယ်လို့ပြည်ပထွက်ခွာမယ့် သင်္ဘောသားတစ်ဦးကပြောပါတယ်။
ပြည်ပထွက်ခွာမယ့် လူငယ်သင်္ဘောသားတစ်ဦး
(((((((((((())))))))))
Passport ရုံးမှာ ရန်ကုန်တိုင်းထဲကသူတွေသာမက နယ်မြို့တွေကလူတွေပါ နိုင်ငံကူးလက်မှတ်လာရောက်လျှောက်ထားတာကြောင့် တိုးမပေါက်အောင်ဖြစ်နေပါတယ်။ နိုင်ငံကူးလက်မှတ်လျှောက်ထားဖို့ ဩဂုတ်လအထိ Booking တွေပြည့်နေပေမယ့် ရုံးအရှေ့မှာ QR Code မှောင်ခိုရောင်းသူတွေရှိနေပြီး ရုံးဝန်ထမ်းတွေဆီကလည်း QR Code ဝယ်ယူနိုင်တာကိုတွေ့ရပါတယ်။
ဒီသတင်းကိုတော့နွေဦးK ကပေးပို့တာဖြစ်ပါတယ်။
No comments:
Post a Comment