၂၀၂၂ ဇွန်လ ၁၄ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ပြည်သူလူထုအချင်းချင်းစည်းလုံးကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မှာကြား
📌 ၂။ လူသားအားလုံးမခွဲခြားဘဲ တရားမျှတမှုနဲ့ တန်းတူညီမျှမှုတို့ ပြည့်ပြည့်ဝဝရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ လူ့အခွင့်ရေးရာဝန်ကြီး ကတိပြုပြောကြား
📌 ၃။ စစ်ရေးအရှိန်ကို မြှင့်တင်နိုင်ဖို့အတွက် အရေးကြီးတဲ့ကာလထဲရောက်နေပြီလို့ ကာကွယ်ရေးဒုဝန်ကြီး နိုင်ကောင်းရွက်ဆို
📌 ၄။ စစ်တပ်သည် ပြည်သူများအား အကြောင်းမဲ့ ဦးတည်တိုက်ခိုက်လျက်ရှိကြောင်း ကုလသမဂ္ဂအထွေထွေညီလာခံ၌ မြန်မာအသံအမတ်ကြီးတင်ပြဆွေးနွေးခဲ့
📌 ၅။ အင်းစိန် အကျဥ်းထောင်တွင်အစာငတ်ခံ ဆန္ဒပြသည့် အကျဥ်းသား ၁၁ ဦးလုံးကို ထောင်အာဏာပိုင်များက ရိုက်နှက်၍ တိုက်ပိတ်ထား
📌 ၆။ ဆီမီးခုံရေနက်ဆိပ်ကမ်းမှလုံခြုံရေးလိုက်လာသော ဆီသင်္ဘောအား ဒရုန်းပေါ်မှ အီနာဂါဖြင့်ကျဲချရာ စကစတပ်ဖွဲ့ဝင်ခြောက်ဦးသေဆုံး
📌 ၇။ ကိုယ့်ကိုသူများလိမ်တာမခံရအောင် ညွှန်ပြပေးတဲ့ပညာရေးမျိုးကို ပြည်သူတွေကရွေးချယ်ကြဖို့ CDM ဆရာတွေကတိုက်တွန်း
📌 ၈။ ရန်ကုန်စက်မှုဇုန်တွေက တရုတ်စက်ရုံ ၇၀ရာခိုင်နှုန်းနီးပါးပြန်လည်ဖွင့်လှစ်နေပြီး သူတို့လုပ်ရပ်ဟာ စစ်ကောင်စီယန္တားတွေလည်ပတ်ဖို့ အထောက်အပံ့ဖြစ်လာ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ပြည်သူလူထုအချင်းချင်းစည်းလုံးကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မှာကြား
ဇွန်လ ၁၃ ရက် နေပြည်တော်ရှိ အထူးတရားရုံးတွင် ရုံးထုတ်ရာမှာ ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းထံမှသိရပါတယ်။
"ပြည်သူလူထု အချင်းချင်း ကူညီကြရန်နဲ့စည်းလုံးကြရန်၊ ပြည်သူလူထုအားလုံးကိုလည်းမေတ္တာပို့သပေးနေပါတယ်" လို့ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့တယ်လို့ဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ် အာဏာသိမ်းစဥ်ကတည်းက ဖမ်းဆီးခံထားရတဲ့ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ၁၉ ရက်နေ့မှာ အသက် ၇၇ နှစ်ပြည့်မြောက်မှာဖြစ်ပါတယ်။
========================
📌📌 ၂။ လူသားအားလုံးမခွဲခြားဘဲ တရားမျှတမှုနဲ့ တန်းတူညီမျှမှုတို့ ပြည့်ပြည့်ဝဝရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ လူ့အခွင့်ရေးရာဝန်ကြီး ကတိပြုပြောကြား
ဇွန်လအတွင်း လူမှုကွန်ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ ကလူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းက အခုလိုရေးသားပြောကြားခဲ့ပါတယ်။
"လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ဆောင်ပုဒ်ဖြစ်တဲ့ "တန်းတူညီမျှရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတရေး" ဆိုတဲ့အတိုင်း လူသားအားလုံးမခွဲခြားဘဲ တရားမျှတမှုနဲ့ တန်းတူညီမျှမှုတို့ ပြည့်ပြည့်ဝဝရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမှာပါ"လို့ ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာ စစ်ကောင်စီကို နိုင်ငံတကာရာဇဝတ်ခုံရုံးများတွင် တရားစွဲဆိုနိုင်ရေးအား လူ့အခွင့်ရေးရာဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိပါတယ်။ စစ်ကောင်စီ တပ်များဟာ လူပေါင်း၁၇၀ကုိ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခြင်းနဲ့ ရုပ်အလောင်းများဖျောက်ဖျက်ခြင်းတို့ကို ကျူးလွန်ထားပါတယ်။
========================
📌📌 ၃။ စစ်ရေးအရှိန်ကို မြှင့်တင်နိုင်ဖို့အတွက် အရေးကြီးတဲ့ကာလထဲရောက်နေပြီလို့ ကာကွယ်ရေးဒုဝန်ကြီး နိုင်ကောင်းရွက်ဆို
စစ်ရေးအရှိန်ကို မြှင့်တင်နိုင်ဖို့အတွက် အရေးကြီးတဲ့ကာလထဲရောက်နေပြီလို့ ကာကွယ်ရေးဒုဝန်ကြီး နိုင်ကောင်းရွက်ကဆိုလိုက်ပါတယ်။
"ကျနော်တို့ ဒီကနေ့ NUG ကာကွယ်ရေးဝန်ကြီးဌာနဟာဆိုရင် တတိယအကြိမ်၆လပတ်ထဲအစီအစဥ်ထဲကို ဝင်ရောက်နေပါပြီ။အဲဒီတော့ ကျနော်တို့ရဲ့PDFတပ်မတော်နဲ့ ကျနော်တို့ ကာကွယ်ရေးဝန်ကြီးဌာနဟာ တသွေးတည်း တသားတည်းဖြစ်နေပါတယ်။ကျနော်တို့ရဲ့ စစ်ရေးအရှိန်ကို မြှင့်တင်နိုင်ဖို့အတွက်က အရေးကြီးတဲ့ကာလထဲရောက်နေပါပြီ"လို့ ဒုဝန်ကြီး နိုင်ကောင်းရွက်ကဆိုပါတယ်။
လက်ရှိမှာ PDF နဲ့ မဟာမိတ်ညီနောင်တပ်ရင်းပေါင်း ၂၅၇ ရင်းကျော်ရှိပြီးမြို့နယ် ပကဖအဖွဲ့ပေါင်း ၂၅၀ ဖွဲ့စည်းပြီးဖြစ်ပါတယ်။
========================
📌📌 ၄။ စစ်တပ်သည် ပြည်သူများအား အကြောင်းမဲ့ ဦးတည်တိုက်ခိုက်လျက်ရှိကြောင်း ကုလသမဂ္ဂအထွေထွေညီလာခံ၌ မြန်မာအသံအမတ်ကြီးတင်ပြဆွေးနွေးခဲ့
စစ်တပ်သည် ပြည်သူများအား စစ်ရေးမဟာဗျူဟာအသွင် အကြောင်းမဲ့ ဦးတည်တိုက်ခိုက်လျက်ရှိကြောင်းကုလသမဂ္ဂအထွေထွေညီလာခံ၌ ကျင်းပသည့်အလွတ်သဘောအစည်းအဝေးတွင် မြန်မာအသံအမတ်ကြီးဦးကျော်မိုးထွန်းကတင်ပြဆွေးနွေးခဲ့ပါတယ်။ ဇွန်လ ၁၃ ရက်ကျင်းပတဲ့ကုလသမဂ္ဂအထွေထွေညီလာခံ၌ သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ ပြောကြားခဲ့တာဖြစ်ပါတယ်။
"နိုင်ငံအနှံအပြားတွင် ဖြစ်ပေါ်နေသည့် တရားမဝင်စစ်တပ်အုပ်ချုပ်မှုကို ဆန့်ကျင်သော တော်လှန်ရေး ကို ထိန်းချုပ်နိုင်ခြင်းမရှိသည့်အတွက် စစ်တပ်သည် ပြည်သူများအား စစ်ရေးမဟာဗျူဟာအသွင် အကြောင်းမဲ့ ဦးတည်တိုက်ခိုက်လျက်ရှိကြောင်း၊ ဤတိုက်ခိုက်မှုများကြောင့် ပြည်သူတစ်သန်းကျော်သည် နေရပ်စွန့်ခွာနေရပြီး၊ ပုဂ္ဂလိကပိုင် အဆောက်အအုံနှင့် ဘာသာရေးအဆောက်အအုံ (၂၂,၀၀၀) နီးပါးကို စစ်တပ်မှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ပိတ်ဆို့ရန် စစ်တပ်မှ နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းလျက်ရှိရာ ယင်းသည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဉပဒေကို ချိုးဖောက်မှုဖြစ်ကြောင်း"ဆိုခဲ့ပါတယ်။
ထို့အပြင်လက်ရှိ မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေသည် ဆိုးဝါးစွာကျဆင်းလျက်ရှိရာ နိုင်ငံ့လူဦးရေ၏ တစ်ဝက်ခန့်သည် နိုင်ငံဆင်းရဲနွမ်းပါးမှုအဆင့်အောက်သို့ ကျရောက်နေကြောင်း၊ မြန်မာပြည်သူ (၁၄.၄) သန်း သည် လူသားချင်းစာနာ ထောက်ထားမှု အကူအညီလိုအပ်လျက်ရှိကြောင်း၊ အရေးပေါ်အကူအညီလိုအပ်နေ သူများထံ နည်းလမ်းအားလုံးအသုံးပြု၍ အကူအညီများ ရောက်ရှိရေးသည် အထူးအရေးကြီးကြောင်း မြန်မာအသံအမတ် ကြီးဦးကျော်မိုးထွန်းကဆိုခဲ့ပါတယ်။
========================
📌📌 ၅။ အင်းစိန် အကျဥ်းထောင်တွင်အစာငတ်ခံ ဆန္ဒပြသည့် အကျဥ်းသား ၁၁ ဦးလုံးကို ထောင်အာဏာပိုင်များက ရိုက်နှက်၍ တိုက်ပိတ်ထား
ပြီးခဲ့သည့် ဇွန်လ ၈ ရက်၊ ၉ ရက်နှင့်၁၀ရက်နေ့များတွင် သေဒဏ်အတည်ပြုသည့်အကြောင်းအရာပေါ် နိုင်ငံရေးအကျဥ်းသားများကအစာငတ်ခံ ဆန္ဒပြ ခဲ့ကြောင်း အင်းစိန်အကျဥ်းထောင်နှင့်နီးစပ်သည့်အအသိုင်းအဝိုင်းကအတည်ပြုပါတယ်။ အဆိုပါ တိုက်ပိတ်ခံရသည့် နိုင်ငံရေးအကျဥ်းသား၁၁ဦးကို လူခွဲ၍ တိုက်ပိတ်ထားခြင်းဖြစ်ကြောင်းသိရပါတယ်။
ပြီးခဲ့သည့်ရက်ပိုင်းက ကိုဖြိုးဇေယျာသော်နှင့် ကိုဂျင်မီတို့ကို စစ်ကောင်စီက သေဒဏ်အတည်ပြုမှုအားနိုင်ငံရေးအကျဥ်းသားများက မတရားသည့်လုပ်ရပ်အဖြစ် ကန့်ကွက်ခဲ့ကြပါတယ်။ လက်ရှိတွင်မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၁) ဦး အပါအဝင် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၁၄) ဦးရှိပြီဖြစ်ကြောင်းAAPPမှတ်တမ်းအရသိရပါတယ်။
========================
📌📌 ၆။ ဆီမီးခုံရေနက်ဆိပ်ကမ်းမှလုံခြုံရေးလိုက်လာသော ဆီသင်္ဘောအား ဒရုန်းပေါ်မှ အီနာဂါဖြင့်ကျဲချရာ စကစတပ်ဖွဲ့ဝင်ခြောက်ဦးသေဆုံး
"ဇွန်လ ၁၃ ရက် နံနက် (၁၀:၀၉) နာရီအချိန်တွင် ဆီမီးခုံရေနက်ဆိပ်ကမ်းမှ အကြမ်းဖက် စစ်ခွေးများသည် ဆီသင်္ဘောနှင့် လုံခြုံရေးလိုက်ပါလာသော အကြမ်းဖက်စစ်ခွေးသင်္ဘော ၈ စီးအား ကြိုရန် စုန်ဆင်းရာ လမ်းတလျှောက် လက်နက်ကြီးများဖြင့် လမ်းကြောင်းရှင်းလင်းရန် ပစ်ခတ်သွား ခဲ့ပါတယ်။ကျွန်ုပ်တို့ မဟာမိတ်ညီနောင်များမှ လမ်းခုလတ်မှ ဖြတ်တောက်တိုက်ခိုက်ရာ အကြမ်းဖက်စကစတပ်မှ နှစ်ဦး သေဆုံးသွား ပါတယ်"လို့ဆိုပါတယ်။ အကြမ်းဖက်စစ်တပ်များမှလည်း အဆက်မပြတ် စနိုက်ပါဖြင့် ပြန်လည် ပစ်ခတ် နေ၍ မဟာမိတ်များမှ ပြန်ဆုတ်ခွာခဲ့ပါတယ်။
"ထို့နောက် အကြမ်းဖက်စစ်တပ်များ၏ ဆီသင်္ဘောများရှေ့သို့ ကျွနု်ပ်တို့ ညီနောင်မဟာမိတ်များမှ အပြင်းချီတက်ကာ ဒရုန်းစစ်ဆင်ရေး စတင်ခဲ့ပါတယ်။ ပထမတွင် စစ်ခွေးများ၏ ထောက်ပို့ ဆီသင်္ဘော အား ဖျက်ဆီးရန် စီစဥ်ခဲ့သော်လည်း အဆိုပါ ဆီသင်္ဘောမီးလောင်၍ မြစ်ကြောင်းအတွင်း မျောကုန် လျှင် မြစ်ဘေးရှိရွာများ မီးလောင်ကုန်မည်ကို စိုးရိမ်သဖြင့် ညနေ (၄:၀၀) နာရီတွင် ၆၀ မမ လက် နက်ကြီးတပ်ဆင်ပြီး လုံခြုံရေးလိုက်လာသော ဆီသင်္ဘောအား အီနာဂါဖြင့် ဖရဲသီးတစ်လုံး၏ ပွိုင့်ပြ သည့်အတိုင်း တိုက်ခိုက်ခဲ့ရာ စကစတပ်အများစု ထိုင်နေသော အလည်တည့်တည့်သို့ ကျရောက်ပေါက် ကွဲခဲ့ပါတယ်"လို့ထပ်မံဆိုပါတယ်။
အဆိုပါ ပေါက်ကွဲမှုတွင် သင်္ဘောကုန်းပတ်ပေါ်ရပ်နေသော စကစတပ်နှစ်ဦးသာ ထွက် ပြေးနိုင်ခဲ့ပြီး အကြမ်းဖက်စစ်တပ်က ၆ ဦး မရှုမလှ ဘဝကူးသွားခဲ့တယ်လို့ဖော်ပြပါတယ်။ တိုက်ခိုက်မှုအား မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ - CDSOM နှင့် ညီနောင် မဟာမိတ် (၉) ဖွဲ့ မှ လက်တွဲညီညီ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။
========================
အခု ဆက်လက်ပြီး သတင်းနှင့်အတူ လူထုစကားသံ အစီအစဉ်ကဏ္ဍကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
📌📌 ၇။ ကိုယ့်ကိုသူများလိမ်တာမခံရအောင် ညွှန်ပြပေးတဲ့ပညာရေးမျိုးကို ပြည်သူတွေကရွေးချယ်ကြဖို့ CDM ဆရာတွေကတိုက်တွန်းပါတယ်။
စစ်ကောင်စီက မေလ ၂၆ ရက်နေ့မှာ ကျောင်းအပ်လက်ခံကြောင်းစတင်ကြေညာခဲ့သလို အမျိုးသားညီညွတ်ရေးအစိုးရကလည်း အွန်လိုင်းပညာရေးစနစ်ကို အသက်သွင်းဖို့ကြိုးစားနေတာပါ။ ပြည်သူတွေအနေနဲ့ ကလေးတွေရေးပညာရေးအတွက် စိုးရိမ်နေရတာကို နားလည်ပေမယ့် ကိုယ့်ကိုသူများလိမ်တာမခံရအောင် ညွှန်ပြပေးနိုင်တဲ့ပညာရေးမျိုးကို ကလေးတွေအတွက် ရွေးချယ်ပေးစေချင်တယ်လို့ CDM တက္ကသိုလ်ဆရာတစ်ယောက်ကပြောပါတယ်။
CDM တက္ကသိုလ်ဆရာတစ်ဦး
((((((((()))))))
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ CDM ဆရာ၊ ဆရာမတွေဟာ စားဝတ်နေရေးအတွက်ရုန်းကန်နေရပြီး ဖမ်းဆီးခံရတာ၊ ခြိမ်းခြောက်ခံရတာတွေနဲ့ ဆက်တိုက်ကြုံတွေ့ခဲ့ရတာပါ။ အစိုးရတစ်ရပ်ဟာ ပညာရေးစနစ်တစ်ခုထူထောင်မယ်ဆိုရင် လုံလောက်တဲ့ ပညာရေးဝန်ထမ်းတွေကို ခန့်အပ်တာဝန်ပေးနိုင်ရမှာဖြစ်ပေမယ့် လတ်တလောမှာတော့ စေတနာ့ဝန်ထမ်းတွေအဖြစ်နဲ့ပဲ ရုန်းကန်နေရတယ်လို့ CDM ဆရာတစ်ယောက်က ပြောပါတယ်။
CDM ဆရာတစ်ဦး
(((((((())))))))
စစ်ကောင်စီက ကျောင်းတွေပြန်ဖွင့်နေတယ်ဆိုပေမယ့် မှန်ကန်တဲ့သင်ရိုးနဲ့လုံလောက်တဲ့ပညာရေးဝန်ထမ်းတွေ သူတို့ဆီမှာမရှိပါဘူး။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အွန်လိုင်းပညာရေးကလည်း သင်ရိုးကောင်းမွန်ပေမယ့် နည်းပညာအခက်အခဲ၊ အင်တာနက်ကုန်ကျစရိတ်တွေကြီးမားတဲ့အတွက် မိဘတွေဟာ ရွေးချယ်ရခက်တဲ့အခြေအနေကို ရောက်နေကြတာပါ။
ဒီသတင်းကိုတော့ နွေဦးKကပေးပို့တာဖြစ်ပါတယ်။
========================
📌📌 ၈။ ရန်ကုန်စက်မှုဇုန်တွေက တရုတ်စက်ရုံ ၇၀ရာခိုင်နှုန်းနီးပါးပြန်လည်ဖွင့်လှစ်နေပြီး သူတို့လုပ်ရပ်ဟာ စစ်ကောင်စီယန္တားတွေလည်ပတ်ဖို့ အထောက်အပံ့ဖြစ်လာပါတယ်။
ရန်ကုန်တိုင်း၊ စက်မှုဇုန်တွေမှာ စက်ရုံအလုပ်ရုံစုစုပေါင်း ၆ ထောင်ကျော်ရှိပြီး အဲ့ဒီအထဲက တရုတ်စက်ရုံတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်ဟာ မေလနဲ့ ဇွန်လတွေမှာ ပြန်လည်ဖွင့်လှစ်လာတာတွေ့ရတယ်လို့ အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူတစ်ယောက်ကပြောပါတယ်။ အထည်ချုပ်လုပ်ငန်းလုပ်ကိုင်တဲ့စက်ရုံတွေအများဆုံးပြန်လည်ဖွင့်လှစ်လာတာဖြစ်ပြီး အလုပ်သမားတွေကို အနိမ့်ဆုံးလုပ်ခလစာ ၄၈၀၀ ကျပ်နှုန်းမပေးချင်တာကြောင့် ၃၆၀၀ ကျပ်နှုန်းနဲ့နေ့စားဝန်ထမ်းတွေကိုပဲ ခန့်အပ်တာတွေ့ရတယ်လို့ ဆိုပါတယ်။
အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူတစ်ဦး
(((((((((((()))))))))))
ရန်ကုန်တိုင်းအတွင်းက လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ မင်္ဂလာဒုံ၊ ဒဂုံ(အရှေ့ပိုင်း)၊ ဒဂုံ(တောင်ပိုင်)၊ ဒဂုံ (ဆိပ်ကမ်း) မြို့နယ်တွေမှာ ရွှေလင်ပန်း၊ ငွေပင်လယ်၊ ဝါးတရာ၊ ပျဉ်းမပင်၊ ရွှေပေါက္ကံစတဲ့ စက်မှုဇုန်တွေကိုထူထောင်ထားတာပါ။ စက်မှုဇုန်တွေမှာ တရုတ်လုပ်ငန်းရှင်တွေကအများဆုံးရင်းနှီးမြှုပ်နှံထားတာဖြစ်ပြီး ထိုင်း၊ ဂျပန်နဲ့ တောင်ကိုးရီးယားနိုင်ငံတွေကလုပ်ငန်းရှင်တွေလည်း ရင်းနှီးမြှုပ်နှံမှုတချို့ရှိခဲ့ပါတယ်။
အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူတစ်ဦး
(((((((((((()))))))))))
မြန်မာနိုင်ငံတဝှမ်း စက်ရုံ၊ အလုပ်ရုံပေါင်း ၇ထောင့် ၂ရာနီးပါးမှာ အမျိုးသားလုပ်သား ၁ သိန်း ၉ သောင်းကျော်၊ အမျိုးသမီးလုပ်သား ၄ သိန်း ၉ သောင်းကျော် စုစုပေါင်း လုပ်သား ၆ သိန်း ၉ သောင်းကျော် အလုပ်လုပ်ကိုင်ခဲ့ကြတယ်လို့ ၂၀၂၀ ခုနှစ် NLD အစိုးရ၊ အလုပ်သမားဝန်ကြီးဌာနရဲ့မှတ်တမ်းတွေက ဖော်ပြပါတယ်။
ဒီသတင်းကိုတော့ နွေဦးKကပေးပို့တာဖြစ်ပါတယ်။
No comments:
Post a Comment