၂၀၂၂ ဇွန်လ ၂၅ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အကြမ်းဖက် စစ်ခေါင်းဆောင် မဆင်မခြင် အာဏာသိမ်းလိုက်တဲ့အတွက် မြန်မာပြည်ပညာရေးဆိုးဝါးသွားတယ်လို့ NUG ပညာရေးဝန်ကြီးပြောကြားလိုက်
📌 ၂။ အကြမ်းဖက်စစ်တပ်ကို ရသလို တော်လှန်နေကြတဲ့ ပြည်သူလူထုအများစုစိတ်ဓါတ်ကြောင့် အောင်ပွဲက မဝေးတော့ပါဘူးလို့ လူ့အခွင့်ရေးရာဝန်ကြီးဆို
📌 ၃။ နေပြည်တော်အချုပ်ထောင် ထောင်ပိတ်ချိန်မှာ ချုပ်နှောင်ခံထားရသူများ ဒေါ်အောင်ဆန်းစုကြည် ကိုရည်ရွယ်၍ခွန်အားဖြည့်မိငယ်သီချင်း သံပြိုင်သီဆိုခဲ့
📌 ၄။ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ လူမှုကွန်ရက်တွင်ဆုတောင်းပေး၍ ရဲတပ်ကြပ်ကြီးတစ်ဦးကို ဖမ်းဆီး
📌 ၅။ အောင်လံလွှင့်ချီနွေဦးထီ NUGPay နှင့်အတူ ပိုမိုလုံခြုံစိတ်ချရတဲ့ payment ပုံစံအသစ်နဲ့ လုပ်ငန်းပြန်လည်စတင်မယ်
📌 ၆။ ဆားလင်းကြီးမြို့နယ် တုံအုပ်စု တောကျောင်းရွာကို အကြမ်းဖက်စစ်ကောင်စီတပ်မှမီးရှို့ဖျက်ဆီး
📌 ၇။ ကယန်းဒေသက စာသင်အရွယ်ကလေးတွေ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုမြင့်တက်နေတာကိုကုစားပေးဖို့ ကယန်းဘာသာစကားအခြေပြု မူလတန်းကျောင်းတစ်ကျောင်းကို ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့က စတင်ဖွင့်လှစ်
📌 ၈။ မွန်ပြည်နယ်၊ KNU တပ်မဟာ ၁ နယ်မြေမှာ ဇွန်လအတွင်း တိုက်ပွဲ ၂၀ ထက်မနည်းဖြစ်ပွားခဲ့ပြီး စစ်ကောင်စီအခြေစိုက် ပိန္နဲတောစခန်းကိုသိမ်းယူနိုင်ဖို့ PDF တွေက ကြိုးစားနေ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အကြမ်းဖက် စစ်ခေါင်းဆောင် မဆင်မခြင် အာဏာသိမ်းလိုက်တဲ့အတွက် မြန်မာပြည်ပညာရေးဆိုးဝါးသွားတယ်လို့ NUG ပညာရေးဝန်ကြီးပြောကြားလိုက်
အကြမ်းဖက် စစ်ခေါင်းဆောင် မဆင်မခြင် အာဏာသိမ်းလိုက်တဲ့အတွက် မြန်မာပြည်ပညာရေးဆိုးဝါးသွားတယ်လို့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောကြားလိုက်ပါတယ်။ RFA သတင်းဌာနနဲ့တွေ့ဆုံမေးမြန်းခန်းမှာ ဝန်ကြီးကပြောကြား အခုလိုပြောကြားခဲ့ပါတယ်။
"အစကတည်းက ကျနော်တို့တိုင်းပြည် ပညာရေးကအောက်ရောက်နေတာ။ဒီလိုအချိန်မျိုးမှာ မဆင်မခြင်အာဏာသိမ်းတာ၊သူတယောက်က အာဏာသိမ်းလိုက်လို့ ကျနော်တို့ပညာရေးသိပ်ကိုဆိုးသွားတာ လို့ဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ကျောင်းတစ်ခါမှ မပိတ်ခဲ့ဘဲ ကလေးများစဥ်ဆက်မပြတ်ပညာသင်ကြားရေးကိုသာဦးစားပေးခဲ့တယ်လို့ဝန်ကြီးကဆိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ကာ ပြည်သူ့ပညာရေးဖော်ဆောင်နေသော Online ကျောင်း စုစုပေါင်း (၅၁) ကျောင်းရှိပြီး ၊ မြေပြင် သင်ကြားရေးအနေဖြင့်လဲ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရှမ်း စသည့်ဒေသများတွင် ပြည်သူ့အခြေပြု စာသင်ကျောင်းများ ဖွင့်လှစ် သင်ကြားလျက်ရှိပါတယ်။
========================
📌📌 ၂။ အကြမ်းဖက်စစ်တပ်ကို ရသလို တော်လှန်နေကြတဲ့ ပြည်သူလူထုအများစုစိတ်ဓါတ်ကြောင့် အောင်ပွဲက မဝေးတော့ပါဘူးလို့ လူ့အခွင့်ရေးရာဝန်ကြီးဆို
အကြမ်းဖက်စစ်တပ်ကို ရသလို တော်လှန်နေကြတဲ့ ပြည်သူလူထုအများစုစိတ်ဓါတ်ကြောင့် အောင်ပွဲက မဝေးတော့ပါဘူးလို့ လူ့အခွင့်ရေးရာဝန်ကြီးဦးအောင်မျိုးမင်းက ဇွန်လ၂၅ ရက်နေ့ လူမှုကွန်ရက်မှာ ရေးသားပြောကြားခဲ့ပါတယ်။
"လွန်ခဲ့တဲ့ ၅ နှစ်က စစ်ကိုင်းတိုင်း တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များအတွက် အစီအစဥ်မှာ ပါဝင်လုပ်ဆောင်ခဲ့ပါတယ်။လူ့အခွင့်အရေး၊ တန်းတူညီမျှရေး၊ ဖွံ့ဖြိုးရေးအတွက် အိပ်မက်တွေ မျှော်လင့်ချက်တွေ အပြည့်နဲ့ လုပ်ဆောင်ခဲ့ကြတယ်။အခုတော့ ချစ်ခင်ရင်းနှီးရတဲ့ ပြည်သူကိုယ်စားလှယ်တွေလဲ စိန်ေခါ်မှုအမျိုးမျိုးကြားမှာ တော်လှန်ရေးကို ပုံစံပြောင်းဆင်နွဲနေကြ၊ စစ်ကိုင်းတိုင်းပြည်သူတွေမှာလဲ အကြမ်းဖက်စစ်တပ်ရဲ့ ရက်စက်မှုကို ခါးစည်းခံနေရတယ်။ဒါပေမဲ့ အကြမ်းဖက်စစ်တပ်ကို ရသလို တော်လှန်နေကြတဲ့ စိတ်ဓါတ်ကြောင့် အောင်ပွဲက မဝေးတော့ပါဘူးလို့ ဝန်ကြီးကပြောပါတယ်။
၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့မှာ တစ်နိုင်ငံလုံးခုခံတော်လှန်စစ် စတင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာခဲ့ပါတယ်။
========================
📌📌 ၃။ နေပြည်တော်အချုပ်ထောင် ထောင်ပိတ်ချိန်မှာ ချုပ်နှောင်ခံထားရသူများ ဒေါ်အောင်ဆန်းစုကြည် ကိုရည်ရွယ်၍ခွန်အားဖြည့်မိငယ်သီချင်း သံပြိုင်သီဆိုခဲ့
ဇွန်လ ၂၄ ရက် ည ၇ နာရီမှာ နေပြည်တော် အချုပ်ထောင်တွင်း ထောင်ပိတ်ချိန်မှာ ချုပ်နှောင်ခံထားရသူများကဒေါ်အောင်ဆန်းစုကြည် ကိုရည်ရွယ်၍ ခွန်အားဖြည့်မိငယ်သီချင်းကို သီဆိုခဲ့တာဖြစ်ပါတယ်။ ဇွန်လ ၂၅ ရက်နေ့မှာတော့ အချုပ်ထောင်အတွင်း လုံခြုံရေးတိုးမြှင့်ချထားကာ သီချင်းသီဆိုသူများကိုလည်း အရေးယူမှုတို့ရှိကြောင်းသိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက် စစ်အုပ်စုက ဇွန်လ၂၂ရက်နေ့ကစတင်ကာ နေပြည်တော် အချုပ်ထောင်ရှိ သီးသန့်ဆောင်ကို ပြောင်းရွှေ့ခဲ့တာပါ။
========================
📌📌 ၄။ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ လူမှုကွန်ရက်တွင်ဆုတောင်းပေး၍ ရဲတပ်ကြပ်ကြီးတစ်ဦးကို ဖမ်းဆီး
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ လူမှုကွန်ရက်တွင်ဆုတောင်းပေး၍ ရဲတပ်ကြပ်ကြီးတစ်ဦးကို ဖမ်းဆီးလိုက်ပါတယ်။ ဇွန်လ ၁၉ ရက်နေ့ကကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ကို လူမှုကွန်ယက်စာမျက်နှာပေါ်ကနေ ဆုတောင်းပေးခဲ့တာကြောင့် ပုသိမ်ရေကြောင်းရဲတပ်ဖွဲ့စုမှ ရဲတပ်ကြပ်ကြီးသန့်ဇင်ဦးဖမ်းဆီးလိုက်တာပါ။
"Happy Birthday ပါ အသက်ရှည်ရှည်နေရပါစေ"လို့ဆိုတဲ့စာကို အမည်မဖော်ပြဘဲ ဆုတောင်းစာရေးခဲ့တာကြောင့်အရေးယူတာဖြစ်တယ်လို့သတင်းရရှိပါတယ်။ ပုသိမ်ရေကြောင်းရဲတပ်ဖွဲ့စုမှ ရဲတပ်ကြပ်ကြီးသန့်ဇင်ဦးကို ဖမ်းဆီးပြီးနောက် မိသားစုကိုပါ ရဲဝန်ထမ်းလိုင်းခန်းကနှင်ထုတ်လိုက်ပါတယ်။
========================
📌📌 ၅။ အောင်လံလွှင့်ချီနွေဦးထီ NUGPay နှင့်အတူ ပိုမိုလုံခြုံစိတ်ချရတဲ့ payment ပုံစံအသစ်နဲ့ လုပ်ငန်းပြန်လည်စတင်မယ်
အောင်လံလွှင့်ချီနွေဦးထီ NUGPay နှင့်အတူ ပိုမိုလုံခြုံစိတ်ချရတဲ့ payment ပုံစံအသစ်နဲ့ လုပ်ငန်းပြန်လည်စတင်မယ်လို့ဆိုပါတယ်။ ဇွန်လ ၂၅ ရက်နေ့မှာ နွေဦးထီမိသားစုက တရားဝင်အသိပေးကြေညာထုတ်ပြန်ပါတယ်။
မကြာမီကာလအတွင်းမှာ NUGPay နှင့်အတူ ပိုမိုလုံခြုံစိတ်ချရတဲ့ payment ပုံစံအသစ်နဲ့ ပြည်သူများရှေ့မှောက်ကိုရောက်ရှိလာတော့မှာပဲဖြစ်ပါတယ်။ နိုင်ငံတကာမှ နွေဦးထီကိုယ်စားလှယ်များရောင်းချပေးလျှက်ရှိသည့် နွေဦးထီ bulk purchase အစီအစဉ်ကိုတော့ မူလပုံစံအတိုင်းဆက်လက် ရောင်းချပေးနေမှာဖြစ်ပါတယ်လို့ နွေဦးထီမိသားစုကဖော်ပြပါတယ်။
အောင်လံလွှင့်ချီနွေဦးထီကို စဉ်ဆက်မပြတ်အားပေးလျှက်ရှိကြသည့် မိဘပြည်သူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်လို့နွေဦးထီမိသားစုကဆိုပါတယ်။ နွေဦးထီရောင်းရငွေအများစုဟာ CDM ဝန်ထမ်းများအတွက် ပြန်လည် ထောက်ပံပေးအပ်တာဖြစ်ပါတယ်။
========================
📌📌 ၆။ ဆားလင်းကြီးမြို့နယ် တုံအုပ်စု တောကျောင်းရွာကို အကြမ်းဖက်စစ်ကောင်စီတပ်မှမီးရှို့ဖျက်ဆီး
ဇွန်လ ၂၅ ရက် နံနက်ပိုင်းမှာ ဆားလင်းကြီးမြို့နယ် တုံအုပ်စု တောကျောင်းရွာကို စစ်တပ်ကမီးရှို့နေတာလို့ ဒေသခံသတင်းအရင်းအမြစ်တွေကပြောပါတယ်။ ဒေသခံရွာသားများ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ပျက်စီးဆုံးရှုံးမှုအခြေအနေကိုမသိရသေးဘူးဖြစ်ပါတယ်။
လက်ရှိ စစ်ကိုင်းတိုင်းထဲမှာ တန့်ဆည်၊ရေဦး၊ ဒီပဲယင်း၊ မြောင်မြို့နယ်၊ ကန့်ဘလူ၊ ခင်ဦး စတဲ့မြို့နယ်က ရွာများကို စကစတပ်များဟာ ရွာလုံးကျွတ်နေ့စဥ် မီးရှို့ဖျက်ဆီးလျက်ရှိပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။
========================
အခု ဆက်လက်ပြီး သတင်းနှင့်အတူ လူထုစကားသံ အစီအစဉ်ကဏ္ဍကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
📌📌 ၇။ ကယန်းဒေသက စာသင်အရွယ်ကလေးတွေ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုမြင့်တက်နေတာကိုကုစားပေးဖို့ ကယန်းဘာသာစကားအခြေပြု မူလတန်းကျောင်းတစ်ကျောင်းကို ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့က စတင်ဖွင့်လှစ်ခဲ့ပါတယ်။
ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်နယ် နယ်စပ်မှာ အဓိကနေထိုင်တဲ့ ကယန်းလူမျိုးတွေဟာ တိုက်ပွဲတွေကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေခံစားနေရတဲ့ကလေးတွေကို ပညာရေးနဲ့ကုစားပေးနိုင်ဖို့ကြိုးစားခဲ့တာပါ။ ဇွန်လ ၂၂ရက်နေ့က အနောက်ကယန်းဒေသ၊ ရီလုံရီကန်ကျေးရွာအုပ်စုမှာ ကယန်းမိခင်ဘာသာစကားအခြေပြုထားတဲ့ မူလတန်းကျောင်းတစ်ကျောင်းကို ကယန်းမျိုးဆက်သစ်လူငယ် (KNGY) ကဦးဆောင်ဖွင့်လှစ်ခဲ့ပါတယ်လို့KNGY (တွဲဖက်အတွင်းရေးမှူး) ခွန်းမောင်တင် ကပြောဆိုထားပါတယ်။
ခွန်းမောင်တင် (တွဲဖက်အတွင်းရေးမှူး) KNGY
ကယန်းဒေသမှာ ထောင်နဲ့ချီတဲ့ကလေးတွေဟာ ပညာသင်ကြားခွင့်မရဘဲ စိတ်ပိုင်းဆိုင်ရာလေလွင့်မှုတွေဖြစ်ပေါ်နေတာပါ။ တိုက်ပွဲတွေ၊ နိုင်ငံရေးအခြေအနေတွေကြောင့် ပြည်သူတွေဟာ စိတ်ဖိစီးမှုဒဏ်ကို အပြင်းအထန်ခံစားနေရာတာဖြစ်ပြီး ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေးစတဲ့ အခြေခံလိုအပ်ချက်တွေကို တာဝန်ရှိသူတွေက မြန်မြန်ဖြည့်ဆည်းပေးနိုင်မှ ပြဿနာက ပြေလည်မှာဖြစ်တယ်လို့ စိတ်ပညာရေးရာကျွမ်းကျင်သူတစ်ယောက်ကပြောပါတယ်။
စိတ်ပညာကျွမ်းကျင်သူတစ်ဦး
ကယန်းလူငယ်တွေက ဒေသတွင်းကလေးတွေပညာရေးအတွက် Safe Back To School အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ကြိုးစားနေတာပါ။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တော်လှန်ရေးအောင်မြင်တဲ့အခါ တိုင်းရင်းသားလူငယ်တွေရဲ့ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုစေချင်ပြီး တိုင်းရင်းသားဘာသာစကားတွေကို ပညာရေးမှာ အလေးထားထည့်သွင်းပေးစေချင်တယ်လို့ ကယန်းလူငယ်တွေက ပြောပါတယ်။
ဒီသတင်းကိုတော့ နွေဦးKကပေးပို့တာဖြစ်ပါတယ်။
========================
📌📌 ၈။ မွန်ပြည်နယ်၊ KNU တပ်မဟာ ၁ နယ်မြေမှာ ဇွန်လအတွင်း တိုက်ပွဲ ၂၀ ထက်မနည်းဖြစ်ပွားခဲ့ပြီး စစ်ကောင်စီအခြေစိုက် ပိန္နဲတောစခန်းကိုသိမ်းယူနိုင်ဖို့ PDF တွေက ကြိုးစားနေကြပါတယ်။
မွန်ပြည်နယ်၊ သထုံခရိုင်၊ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ နယ်မြေမှာ ဇွန်လအတွင်းတိုက်ပွဲ ၂၀ထက်မနည်းဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်ကလက်နက်ကြီးပစ်ကူပေးခဲ့တဲ့ ပိန္နဲတောစခန်း အဝင်အထွက်လမ်းတွေကို PDF တွေကပိတ်ဆို့ထားပြီး ဖြတ် ၄ဖြတ်စနစ်နဲ့ သိမ်းယူနိုင်ဖို့ကြိုးစားနေပါတယ်လို့ သထုံ PDF ခေါင်းဆောင်တစ်ဦးကပြောပါတယ်။
သထုံ PDF ခေါင်းဆောင်တစ်ဦး
မွန်ပြည်နယ်ထဲက မြို့ပေါ်နေရာတွေကိုတော့ စစ်ကောင်စီက အင်အားအများအပြားနဲ့ ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။ ဒေသတွင်း PDF တွေကလည်း အခွင့်အရေးရရင်ရသလို ဖောက်ခွဲတိုက်ခိုက်တာတွေပြုလုပ်ခဲ့ပါတယ်။ မွန်ပြည်နယ်ထဲက အစိုးရဌာနတွေနဲ့ဘဏ်တွေကို စစ်ကောင်စီက လုံခြုံရေးအပြည့်ချထားပြီး သူတို့ယန္တရားလည်ပတ်နိုင်အောင်ကြိုးစားနေပါတယ်။ဒီအကြောင်းကိုတော့ မုဒုံမြို့ခံတစ်ဦးက အခုလိုပြောဆိုထားပါတယ်။
မုဒုံမြို့ခံတစ်ဦး
မွန်ပြည်နယ်၊ သထုံခရိုင် တပ်မဟာ ၁ နယ်မြေဟာ KNU က ပထဝီစစ်ရေးဗျူဟာအရ ထိန်းချုပ်ထားတဲ့နယ်မြေဖြစ်ပါတယ်။ မြန်မာပြည်အောက်ပိုင်းတစ်ကြောလုံးကို သွားလာဖို့အရေးပါတဲ့ မွန်ပြည်နယ်ကနေ KNU ဗဟိုကို သတင်းအချက်အလက်တွေထောက်ပို့ပေးတဲ့ နယ်မြေလည်းဖြစ်ပါတယ်။
ဒီသတင်းကိုတော့ နွေဦးKကပေးပို့တာဖြစ်ပါတယ်။
No comments:
Post a Comment