၂၀၂၂ ဇူလိုင်လ ၂၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ဖက်ဆစ် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ဖို့ တိုက်ပွဲဝင်သွားမယ်လို့ ဖက်ဒရယ် ဒီမိုကရေစီအင်အားစုများက တော်လှန်ရေး သန္နိဌာန်ချမှတ်
📌 ၂။ ကိုယ်စီနာကျင်မှုများမှ စည်းလုံးမှုစိတ်ဓာတ်နှင့်အတူ နွေဦးတော်လှန်ရေး အောင်ပွဲဆီသို့ အရောက်လှမ်းရန် လူ့အခွင့်ရေးရာဝန်ကြီးဆို
📌 ၃။ စစ်ကိုင်းတွင် မသင့်မမြတ်ဖြစ်နေသော တော်လှန်ရေးအင်အားစုများ သူရဲကောင်းလေးဦးကျဆုံးမှုကို အကြောင်းပြု၍ ပြန်လည်စည်းလုံးကာ မဟာမိတ်ဖွဲ့ရန်ပြင်ဆင်နေ
📌 ၄။ အနုပညာရှင်နှင့် ထင်ပေါ်ကျော်ကြားသူ ၁၉ ဦးကို ပြည်ကြီးတံခွန် သပိတ်အင်အားစု (မန္တလေး) မှ လူမှုရေးပြစ်ဒဏ်ချမှတ်
📌 ၅။ အကြမ်းဖက် စစ်အာဏာရှင်အမြစ်ဖြတ်ရေး နိုင်ငံတကာရောက် မြန်မာမိသားစုများ တော်လှန်ရေးရန်ပုံငွေထည့်ဝင်တဲ့ အစီအစဥ်ကို ချက်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်တိုက်တွန်း
📌 ၆။ ခင်ဦးမြို့နယ် လက်ပံလှရွာကို ယနေ့မနက် စစ်ကောင်စီတပ်များ ဝင်ရောက်သောင်းကျန်း၍ မီးရှို့ဖျက်ဆီး
📌 ၇။ မြိုင်မြို့နယ်ရဲ့ ပထမဆုံး ပြည်သူ့အခြေပြု ကျောင်းဆင်းပွဲကျင်းပ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ဖက်ဆစ် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ဖို့ တိုက်ပွဲဝင်သွားမယ်လို့ ဖက်ဒရယ် ဒီမိုကရေစီအင်အားစုများက တော်လှန်ရေး သန္နိဌာန်ချမှတ်
ဖက်ဆစ် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်မယ့် ပြည်သူ့တော်လှန်ရေး အမြန်ဆုံး အောင်မြင်အောင် ညီညီညွတ်ညွတ် မဆုတ်မနစ် ဆန့်ကျင်တွန်းလှန် တိုက်ပွဲဝင်သွားမယ်လို့ ခိုင်မာသော သန္နိဌာန်ဖြင့် အဓိဌာန်ပြုကြောင်း ဖက်ဒရယ် ဒီမိုကရေစီအင်အားစုများက တော်လှန်ရေးသန္နိဌာန် ချမှတ်လိုက်ပါတယ်။ ဇူလိုင်လ (၂၆) ရက်ကြေညာချက်အရ - အကြမ်းဖက်စစ်ကောင်စီဟာ ဦးဂျင်မီ (ခ) ဦးကျော်မင်းယု၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင် နှင့် ကိုအောင်သူရဇော်တို့ကို ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးကြောင်း ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ ပြစ်ဒဏ်စီရင်မှုဟာ ပြဌာန်း သတ်မှတ်ထားသော ဥပဒေများ လုပ်ထုံးလုပ်နည်းများနှင့်ညီညွတ်မှု လုံးဝမရှိသော အကြမ်းဖက် လူသတ်မှု သက်သက်သာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၉) ရက်နေ့တွင် နေပြည်တော်၌ မမြသွဲ့သွဲ့ခိုင်အား ကျည်အစစ်ဖြင့် ဦးခေါင်းသို့ ပစ်ခတ်ချိန်မှစ၍ နေ့စဉ်ရက်ဆက် အကြမ်းဖက် သတ်ဖြတ်မှုများကို ဥပဒေမဲ့ လက်ရဲဇက်ရဲ ကျူးလွန်နေသော ဖက်ဆစ်စစ်အုပ်စု၏ ခွင့်မလွှတ်နိုင်သော နောက်ထပ် ရာဇဝတ်မှုကြီးတစ်ခု ဖြစ်ပါတယ်။ ထို့ပြင် ခေတ်အဆက်ဆက် ပြည်သူလူထုအား အထူးသဖြင့် လူနည်းစု တိုင်းရင်းသားများအား ရက်စက်ကြမ်းကြုတ်စွာ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအား ထပ်မံ အတည်ပြုခြင်းလည်း ဖြစ်ပါတယ်။
အကြမ်းဖက် စစ်ကောင်စီအား အပြုသဘောဖြင့် ဆက်ဆံချဉ်းကပ်ခြင်းသည် ပြေလည်စေမည့်အဖြေ ဖြစ်နိုင်လိမ့်မည်ဟု ယုံကြည်နေသူများအနေဖြင့်လည်း အကြမ်းဖက်စစ်ခေါင်းဆောင်တို့၏ သဘောထားအမှန်ကို နားလည်သဘောပေါက်သင့်ပြီ ဖြစ်ပါတယ်။
ထို့ကြောင့် နိုင်ငံရေးပါတီများ တော်လှန်ရေးအင်အားစုများ နှင့် ပြည်တွင်း/ပြည်ပရှိ ပြည်ထောင်စုဖွားအားလုံးသည် အကြမ်းဖက်စစ်ကောင်စီနှင့် ဖက်ဆစ်စနစ်ကို ကျွန်ုပ်တို့နှင့် ပူးပေါင်း၍ ညီညီညွတ်ညွတ်ဖြင့် ဖြစ်နိုင်ချေရှိသည့် နည်းလမ်းပေါင်းစုံဖြင့် အမြစ်ပြတ်သည်အထိ ပြတ်ပြတ် သားသားတော်လှန်ကြရန် ဖြစ်ပါတယ်။
နိုင်ငံတကာအဖွဲ့အစည်းများနှင့် မိတ်ဖက်နိုင်ငံများအနေဖြင့် နိုင်ငံရေးနည်းလမ်းကို ငြင်းပယ်ထားသော အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီကို အပြစ်ပေးအရေးယူနိုင်ရေး၊ ပိတ်ဆို့ဟန့်တားရေးနှင့် တော်လှန်ရေးကို ဆင်နွှဲနေသော ပြည်သူလူထုနှင့် အင်အားစုအားလုံးကို အဖက်ဖက်မှ ကူညီပံ့ပိုးရေးတို့ကို လက်တွေ့ကျကျ ထိရောက်စွာ အရှိန်မြှင့် ဆောင်ရွက်ပေးကြရန် တောင်းဆိုလိုက်ပါတယ်။ ပြည်သူ့တော်လှန်ရေး၏ ပန်းတိုင်သည် ဖက်ဆစ်စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဆန့်ကျင် တိုက်ဖျက်ပြီးနောက် ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို တည်ဆောက်ရန် ဖြစ်သည်ဟူသော အချက်မှာ တော်လှန်ရေးအင်အားစုများ၏ ဘုံတူညီသော ရည်မှန်းချက်အဖြစ် ရှင်းလင်းပြတ်သားပြီး ဖြစ်ပါတယ်။
ဤကြေညာချက်သည် ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများ ဆင်နွဲနေသည့် ဖက်ဆစ် စစ်အာဏာရှင် စနစ်မြေလှန်ပစ်မည့် ပြည်သူ့တော်လှန်ရေး အဆုံးသတ်တိုက်ပွဲများ၏ ခရာတွတ်သံ ဖြစ်ပါတယ်။ ကျွန်ုပ်တို့သည် ပြည်သူလူထုတစ်ရပ်လုံး၏ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်မှုဖြင့် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး၊ အုပ်ချုပ်ရေး စစ်မျက်နှာစုံတွင် ဖြစ်နိုင်သည့် နည်းလမ်းအားလုံးကို အသုံးပြုပြီး ဖက်ဆစ် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်မည့် ပြည်သူ့တော်လှန်ရေး အမြန်ဆုံးအောင်မြင်အောင် ညီညီညွတ်ညွတ် မဆုတ်မနစ် ဆန့်ကျင်တွန်းလှန် တိုက်ပွဲဝင်သွားမည်ဟု ခိုင်မာသော သန္နိဌာန်ဖြင့် အဓိဌာန်ပြုကြောင်း ကြေညာလိုက်တယ်လို့ ဖော်ပြပါရှိပါတယ်။
အဆိုပါကြေညာချက်အား အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
========================
📌📌 ၂။ ကိုယ်စီနာကျင်မှုများမှ စည်းလုံးမှုစိတ်ဓာတ်နှင့်အတူ နွေဦးတော်လှန်ရေး အောင်ပွဲဆီသို့ အရောက်လှမ်းရန် လူ့အခွင့်ရေးရာဝန်ကြီးဆို
ဇူလိုင်လ နောက်ဆုံးပတ်က လူမှုကွန်ရက်မှာ လူ့အခွင့်ရေးရာ ဝန်ကြီး ဦးအောင်မျိုးမင်းက ကိုယ်စီနာကျင်မှုများမှ စည်းလုံးမှုစိတ်ဓာတ်နှင့်အတူ နွေဦးတော်လှန်ရေး အောင်ပွဲဆီသို့ အရောက်လှမ်းကြဖို့ ရေးသားပြောဆိုလိုက်ပါတယ်။
"ကိုယ်စီနာကျင်မှုမှသည်.. စည်းလုံးမှုစိတ်ဓါတ်နှင့်အတူ အောင်ပွဲဆီသို့" လို့ ဝန်ကြီးကဆိုပါတယ်။ အကြမ်းဖက်စစ်ကောင်စီဟာ ဦးဂျင်မီ (ခ) ဦးကျော်မင်းယု၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင် နှင့် ကိုအောင်သူရဇော်တို့ကို ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးကြောင်း ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီး အဆိုပါ စီရင်မှုကို ပြည်သူလူထုတစ်ရပ်လုံးနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းများကပါ လက်မခံဘဲ ကန့်ကွက်ရှုံချခဲ့ကြပါတယ်။
========================
📌📌 ၃။ စစ်ကိုင်းတွင် မသင့်မမြတ်ဖြစ်နေသော တော်လှန်ရေးအင်အားစုများ သူရဲကောင်းလေးဦးကျဆုံးမှုကို အကြောင်းပြု၍ ပြန်လည်စည်းလုံးကာ မဟာမိတ်ဖွဲ့ရန်ပြင်ဆင်နေ
ဇူလိုင်လ (၂၅) ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီမှ ဒီမိုကရေစီ ရဲဘော်(၄)ဦးဖြစ်သော ဦးဖြိုးဇေယျာသော်၊ ဦးဂျင်မီ၊ ဦးသူရဇော်နှင့် ဦးလှမျိုးအောင်တို့အား ပြစ်ဒဏ်စီရင်ပြီးစီးကြောင်း သတင်းထုတ်ပြန်မှုအပေါ် တော်လှန်ရေးအင်အားစုများက လက်မခံဘဲ စစ်ရေးအရ ပြင်းပြင်းထန်ထန် တုံပြန်မှုများရှိခဲ့ပါတယ်။ အလားတူ စစ်ကိုင်းတွင် မသင့်မမြတ်ဖြစ်နေသော တော်လှန်ရေးအင်အားစုများ သူရဲကောင်းလေးဦးကျဆုံးမှုကို အကြောင်းပြု၍ ပြန်လည်စည်းလုံးကာ မဟာမိတ်ဖွဲ့ရန်ပြင်ဆင်နေပြီလို့ ဇူလိုင်၂၇ ရက်နေ့မှာ Black Angel Force တပ်ဖွဲ့ရဲ့ အသိပေးပြောကြားချက်အရ သတင်းရရှိပါတယ်။
"အဆိုးထဲက အကောင်းလို့ပဲ ပြောရမယ်။ စစ်ကိုင်းတိုင်းမှာ အချင်းချင်းရန်စောင်နေကြတာ။ ဖြစ်နေတာတွေ ညှိပေး စေ့စပ်ပေးနေတာ။ ကိုဂျင်မီတို့ကိစ္စကြောင့် အချင်းချင်း စည်းလုံးမှရမယ်။ ဒါမှတော်လှန်ရေး မြန်မြန်အောင်မယ်ဆိုတာ တချို့တွေသဘောပေါက်သွားပြီး PDFအဖွဲ့တွေ မဟာမိတ်တွေဖွဲ့မယ်တွေ ဖြစ်ကုန်ပြီ" လို့ ပြောဆိုနေကြပါတယ်။
========================
📌📌 ၄။ အနုပညာရှင်နှင့် ထင်ပေါ်ကျော်ကြားသူ ၁၉ ဦးကို ပြည်ကြီးတံခွန် သပိတ်အင်အားစု (မန္တလေး) မှ လူမှုရေးပြစ်ဒဏ်ချမှတ်
ပြည်သူ့ဘက်မှ မရပ်တည်ပဲ စစ်ကောင်စီအလိုကျ လိုက်နာဆောင်ရွက်နေကြသည့် အနုပညာရှင် နှင့် ထင်ပေါ်ကျော်ကြားသူ ၁၉ ဦးကို ပြည်ကြီးတံခွန် သပိတ်အင်အားစု (မန္တလေး) မှ လူမှုရေးပြစ်ဒဏ် ချမှတ်လိုက်ကြောင်း ဇူလိုင်၂၇ ရက်နေ့မှာ ဖော်ပြပါတယ်။
“ဖက်ဆစ် စစ်တပ်နှင့် ပူးပေါင်းသူမှန်သမျှ ဆန့်ကျင်ကြ” ဆိုတဲ့အတိုင်း စစ်တပ်နှင့်ပူးပေါင်းသော၊ စစ်တပ်နှင့် ဆက်စပ်သော အသိုင်းအဝိုင်းများနှင့် တွဲဖက်အလုပ်လုပ်ကိုင်သော၊ အာဏာသိမ်းစအချိန်တည်းက အခုချိန်ထိ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့ခြင်းမရှိသော၊ အစပိုင်းတွင် ပါဝင်ခဲ့သော်လည်း ယခုအချိန်တွင် စစ်တပ်နှင့်ပူးပေါင်း တွဲဖက်လုပ်ကိုင်ကြသော အနုပညာရှင်များ၊ social influencer များကို လူမှုပြစ်ဒဏ် ချမှတ်သွားမှာ ဖြစ်ပါတယ်"လို့ ဆိုပါတယ်။ ပထမအကြိမ်အနေဖြင့် အနုပညာရှင် ၁၉ ဦးအား လူမှုရေးပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ဖော်ပြပါတယ်။ အဲ့ဒီလို လူမှုရေးပြစ်ဒဏ်ချမှတ်ခံလိုက်ရသော အနုပညာရှင်များကတော့ -
၁၊ အေးမြတ်သူ
၂၊ ခန့်စည်သူ
၃၊ မယ်လိုဒီ
၄၊ အောင်ရေချမ်း
၅၊ မိုးစက်ဝိုင်
၆၊ စိုးမြတ်သူဇာ
၇၊ စိုးမြတ်နန္ဒာ
၈၊ ရန်အောင်
၉၊ နန္ဒာလှိုင်
၁၀၊ ဝတ်မှုန်ရွှေရည်
၁၁၊ ရဲအောင်
၁၂၊ ဒိန်းဒေါင်
၁၃၊ အေးသောင်း (ခ) (အေးဝတ်ရည်သောင်း)
၁၄၊ ရဲလေး
၁၅၊ အေးငြိမ်းဖြူ
၁၆၊ ကောင်းမြတ်ဆန်း
၁၇၊ မေမြင့်မိုရ်
၁၈၊ ယွန်းမြတ်သူ နှင့်
၁၉၊ ကျော်မင်းဦးတို့ ပါဝင်တယ်လို့ သိရှိရပါတယ်။
========================
📌📌 ၅။ အကြမ်းဖက် စစ်အာဏာရှင်အမြစ်ဖြတ်ရေး နိုင်ငံတကာရောက် မြန်မာမိသားစုများ တော်လှန်ရေးရန်ပုံငွေထည့်ဝင်တဲ့ အစီအစဥ်ကို ချက်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်တိုက်တွန်း
အကြမ်းဖက်စစ်အာဏာရှင်ကို အမြစ်ဖြတ်ကာ တော်လှန်ရေးအောင်မြင်ဖို့ နိုင်ငံတကာရောက် မြန်မာမိသားစုများ တော်လှန်ရေးရန်ပုံငွေထည့်ဝင်တဲ့ အစီအစဥ်ကို ချက်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ဦးလင်းသန့်က ဇူလိုင်လနောက်ဆုံးပတ်မှာ တိုက်တွန်းပြောဆိုလိုက်ပါတယ်။
"အာဇာနည် ၄ ဦးရဲ့အသက်ဝိဉာဉ်တွေ ထပ်မံဆုံးရှုံးလိုက်ရတယ်ဆိုတာ သိကြပြီးနောက် လူတွေ သွေးနွေးနေကြပြီဆိုတာ သတိထားမိတယ်။ အကြမ်းဖက်စစ်အာဏာရှင်ကို အမြစ်ဖြတ် တော်လှန်ရေး အောင်မြင်ဖို့ အဓိက သွေးကြောက ရန်ပုံငွေပဲ။ အားလုံးသော နိုင်ငံတကာရောက် မြန်မာမိသားစုတွေကို အထူးပြုပြီး အစီအစဉ်တခု အတွေးရတယ်။ တစ်လကို မိသားစုတစ်စုက အနည်းဆုံး အမေရိကန် ဒေါ်လာ ၁၀၀ ထည့်ဝင်တဲ့ အစီအစဉ်ပါ။ မိသားစုတစုကို ဒေါ်လာ ၁၀၀ ဆိုရင် နိုင်ငံတကာမှာ မိသားစုပေါင်း ၁ သိန်းရှိရင် တလကို ဒေါ်လာ သိန်း ၁၀၀ ဒေါ်လာ ၁၀ သန်း" လို့ ၄င်းက ဆိုပါတယ်။ အဆိုပါအစီအစဉ်ကို စနစ်တကျ ဖွဲ့စည်းထားတဲ့ အစုအဖွဲ့တခုအနေနဲ့ တာဝန်ယူ ငွေကြေးကောက်ခံဖို့ နိုင်ငံတကာရောက် မြန်မာများစုစည်းကာ လုပ်ဆောင်ကြပါက တော်လှန်ရေး အမြန်ဆုံး အပြီးသတ်လိမ့်မယ်ဆိုတာ အကြွင်းမဲ့ယုံကြည်တယ်လို့ ချက်နိုင်ငံဆိုင်ရာ NUG အစိုးရ ကိုယ်စားလှယ် ဦးလင်းသန့်ကထပ်လောင်း ပြောဆိုထားပါတယ်။
========================
📌📌 ၆။ ခင်ဦးမြို့နယ် လက်ပံလှရွာကို ယနေ့မနက် စစ်ကောင်စီတပ်များ ဝင်ရောက်သောင်းကျန်း၍ မီးရှို့ဖျက်ဆီး
ဇူလိုင်လ၂၇ ရက်နေ့ မနက်ပိုင်းက စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် လက်ပံလှရွာကို စစ်ကောင်စီတပ်များ ဝင်ရောက်ကာ မွှေနှောက်သောင်းကျန်းခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံအရင်းအမြစ်များထံမှ သတင်းရရှိပါတယ်။
"ခင်ဦးမြို့နယ် လက်ပံလှရွာထဲ လက်နက်ကြီး၊ ငယ် ပစ်ပြီး အကြမ်းဖက် ဝင်ရောက်နေသော စကစတပ်စစ်ကြောင်းဟာ ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များအား အကြောင်းမဲ့ မီးရှို့နေပါတယ်။ ဖမ်းဆီးခံရသူများလည်းရှိပါတယ်" လို့ ဆိုပါတယ်။ စကစတပ်များဟာ ဇူလိုင်လ၂၃ ရက်နေ့က ခင်ဦးမြို့နယ်၊ မောင်းကျောက်တောရွာက နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးကာ ငါးတင်းကြီးကျေးရွာ ဆေးပေးခန်းအပါဝင် နေအိမ်၂ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။ အဲ့ဒီနောက် ဇူလိုင်လ၂၅ ရက်နေ့တွင် ရွာစဥ်ကျေးရွာမှ နေအိမ် (၈) လုံး၊ ပါဂျဲရိုးကားတစ်စီး၊ ထော်လာဂျီတစ်စီးကို မီးရှို့ပြီး (၂၆) ရက်နေ့မှာတော့ ခြေမြစ်ကျဥ်း (မြောက်) ရွာတွင် နေအိမ် (၅) လုံး ထပ်မံမီးရှို့ခံခဲ့ရတယ်လို့ သိရှိရပါတယ်။
========================
📌📌 ၇။ မြိုင်မြို့နယ်ရဲ့ ပထမဆုံး ပြည်သူ့အခြေပြု ကျောင်းဆင်းပွဲကျင်းပ
မြိုင်မြို့နယ်ရဲ့ ပထမဆုံး ပြည်သူ့အခြေပြုကျောင်းဆင်းပွဲကို ကျင်းပခဲ့တယ်လို့ ဇူလိုင် ၂၇ ရက်နေ့မှာ မြိုင်မြို့နယ် ပညာရေးဘုတ်အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
"မြိုင်မြို့နယ်ရဲ့ ပြည်သူ့ပထမဆုံး ပြည်သူ့အခြေပြုကျောင်းဆင်းပွဲ စာသင်နှစ်တစ်နှစ်ပြီးမြောက်အောင် စိတ်ပါဝင်စားစွာ သင်ယူလေ့လာဆည်းပူကြသော သားသားမီးမီးများ၊ ကူညီပေးကြပါသော ရပ်ရွာလူထု၊ KGမှ GRADE11ထိ ကျောင်းသားကျောင်းသူများကို စေတနာအရင်းခံ သင်ကြားပေးကြပါသော ဆရာ /ဆရာမအားလုံးကို အထူးကျေးဇူးတင်ပါတယ်" လို့ မြိုင်မြို့နယ် ပညာရေးဘုတ်အဖွဲ့က ဆိုပါတယ်။ မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ကျောင်းသူ/သား ၁၅၉ ဦးအား ဆရာ/ဆရာမ ၁၉ ဦးက စာသင်ချိန် ၆ လတာကို ပြီးခဲ့တဲ့ ၂၀၂၂ ဖေဖော်ဝါရီလကတည်းက စတင် သင်ကြားပေးခဲ့တာဖြစ်ပြီး ကျောင်းသူ/ကျောင်းသားများအား ၁ နှစ်တာ ကြားကာလပညာသင်ကြားမှုပြီးစီး၍ ကျောင်းဆင်းပွဲနှင့် ဆုနှင်းသဘင်အခမ်းအနားအား ဇူလိုင်လ ၂၆ ရက်နေ့က ကျင်းပခဲ့တယ်လို့ သိရှိရပါတယ်။
No comments:
Post a Comment