၂၀၂၂ ဇူလိုင်လ ၂၈ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ဒီမိုကရေစီအရေး လှုပ်ရှားသူ ၄ ဦးကို မတရားတဲ့ သေဒဏ်စီရင်မှုအပေါ် ကုလသမဂ္ဂလုံခြုံရေး ကောင်စီက ပြင်းပြင်းထန်ထန်ရှုတ်ချကာ သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့တောင်းဆို
📌 ၂။ စစ်ကောင်စီဟာ မပြန်လမ်းကိုရွေးသွား၍ ဘဝသေ သူများဖြစ်သွားပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြားလိုက်
📌 ၃။ ရောက်ရှိရာ နိုင်ငံ၊ဒေသအလိုက် နီးစပ်ရာကိုဆက်သွယ်၍ ထောက်ပို့တပ်သားအဖြစ်ပါဝင်ရန် ဒုဝန်ကြီး အိသဉ္ဇာမောင်တိုက်တွန်း
📌 ၄။ ပေါက်မြို့နယ်၊ ကျားပစ်ကန်ကျေးရွာတွင် စစ်တပ်က ပစ်ခတ်သော လက် နက်ကြီးကျည်ထိမှန်၍ အသက် ၆ နှစ်အရွယ် မသိမ့်သိမ့်ဖြူ သေဆုံး၊ အသက်မပြည့် သေးသည့် အခြေခံပညာကျောင်းသား ၂ ဦးဖြစ်သည့် မောင်လမင်းမောင်မောင်နှင့် မောင်မိုးယံထက်ကို ပါးစပ်ထဲ သေနတ်ပြောင်းတေ့၍ စစ်တပ်က ပစ်သတ်
📌 ၅။ သူရဲကောင်းဆလိုင်းမိန်းထန်း ကို အလှူရှင်တစ်ဦးက ငွေတိုက်စာချုပ်”ပေးအပ်ဂုဏ်ပြု
📌 ၆။ "ဇေယျာသော်စစ်ဆင်ရေး" အနေနဲ့ သာကေတရှိရဲစခန်းနှစ်ခုကိုဒေါင်းစစ်သည်အဖွဲ့ကဗုံးခွဲတိုက်ခိုက်
📌 ၇။ ChindwinTigerForce မှရဲဘော်များ အဝေးပစ် (၆၀မမ အဖူး) များထုတ်လုပ်အောင်မြင်
📌 ၈။ ဘွန်းဝယ်ယူလိုသူတွေ များပြားလာ၍ ဘွန်းဝယ်ယူရန်နည်းလမ်းများ ယူနိုက်တက်ဘွန်းကအသိပညာပေး
📌 ၉။ “14 Inya Final Call ပထမနေ့” မှာဘဲ ရှယ်ယာပေါင်း ၁,၄၄၀ စု (ဒေါ်လာ ၁၄၄,၀၀၀ ဖိုး) ရောင်းချရခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ဒီမိုကရေစီအရေး လှုပ်ရှားသူ ၄ ဦးကို မတရားတဲ့ သေဒဏ်စီရင်မှုအပေါ် ကုလသမဂ္ဂလုံခြုံရေး ကောင်စီက ပြင်းပြင်းထန်ထန်ရှုတ်ချကာ သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့တောင်းဆို
ဒီမိုကရေစီအရေး လှုပ်ရှားသူ ၄ ဦးကို မတရားတဲ့ သေဒဏ်စီရင်မှုအပေါ် ကုလသမဂ္ဂလုံခြုံရေး ကောင်စီက ပြင်းပြင်းထန်ထန်ရှုတ်ချကာ သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့တောင်းဆိုလိုက်ပါတယ်။ ဒီမိုကရေစီအရေးလှုပ်ရှားသူ ၄ ဦးကို မတရားတဲ့ သေဒဏ်စီရင်ခဲ့မှုအပေါ် အဖွဲ့ဝင် ၁၅ နိုင်ငံပါ ဝင်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ပြီး အဲဒီလို ရှုတ်ချလိုက်တဲ့အထဲ တရုတ်နဲ့ ရုရှားနိုင်ငံတွေပါ ပါဝင်လာပါတယ်။
အကြမ်းဖက်စစ်ကောင်စီက ဒီမိုကရေစီအရေးလှုပ်ရှားသူတွေဖြစ်တဲ့ ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီ၊ ကိုအောင်သူရဇော်နဲ့ ကိုလှမျိုးအောင်တို့ကို သေဒဏ်စီရင်ပြီးဖြစ်တယ်ဆိုတဲ့ ထုတ်ပြန်မှုအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အဖွဲ့ဝင် ၁၅ နိုင်ငံက ကန့်ကွက်ရှုတ်ချတယ်လို့ ဖော်ပြထားပါတယ်။ ဒါအပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အဖွဲ့ဝင် ၁၅ နိုင်ငံလုံးက သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ကိုလည်းထပ်မံ တောင်းဆိုပါတယ်။ ကုလလုံခြုံရေးကောင်စီအနေနဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ တောင်းဆိုခဲ့တာလည်း အကြိမ်ကြိမ်ရှိခဲ့ပြီဖြစ်ပါတယ်။
========================
📌📌 ၂။ စစ်ကောင်စီဟာ မပြန်လမ်းကိုရွေးသွား၍ ဘဝသေ သူများဖြစ်သွားပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြားလိုက်
စစ်ကောင်စီဟာ အထီးကျန် တံခါးပိတ်ဝါဒ မပြန်လမ်းကိုရွေးသွား၍ ဘဝသေ သူများဖြစ်သွားပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြားလိုက်ပါတယ်။ ဇူလိုင်၂၈ ရက် လူမှုကွန်ရက်စာမျက်နှာမှာ ပညာရေးနဲ့ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကရေးသားပြောပါတယ်။
"စကစဟာ အထီးကျန်တံခါးပိတ်ဝါဒ မပြန်လမ်းကို ရွေးသွားပြီဖြစ်ပါတယ်။အထီးကျန်၊တံခါးပိတ်၊ အကျဥ်းကျ၊ဘဝသေ သူများဖြစ်သွားပါပြီ။ခြံစည်းရိုး ခွနေသူများ၊ စကစအလုပ် လုပ်နေသူများ အထီးကျန်၊တံခါးပိတ်၊အကျဥ်းကျ၊ဘဝ သေသူများဖြစ်လိုပါသလား"လို့ ဝန်ကြီးကဆိုပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နေ့ စစ်အာဏာသိမ်းပြီးနောက် ယခုအချိန်အထိ စစ်ကောင်စီဟာ လူပေါင်းတစ်သောင်းကျော်ကိုဖမ်းဆီးချုပ်နှောင်ထားကာ လူပေါင်းနှစ်ထောင်ကျော်ကို ညှင်းပန်းသတ်ဖြတ်ခဲ့ပါတယ်။
========================
📌📌 ၃။ ရောက်ရှိရာ နိုင်ငံ၊ဒေသအလိုက် နီးစပ်ရာကိုဆက်သွယ်၍ ထောက်ပို့တပ်သားအဖြစ်ပါဝင်ရန် ဒုဝန်ကြီး အိသဉ္ဇာမောင်တိုက်တွန်း
ရောက်ရှိရာ နိုင်ငံ၊ဒေသအလိုက် နီးစပ်ရာကိုဆက်သွယ်၍ ထောက်ပို့တပ်သားအဖြစ်ပါဝင်ရန်ဇူလိုင်၂၈ရက် လူမှုကွန်ရက်စာမျက်နှာမှာဒုဝန်ကြီး အိသဉ္ဇာမောင်ကတိုက်တွန်း ရေးသားလိုက်ပါတယ်။
"အမိမြေအတွက် ရှေ့တန်းကနေ အသက်စွန့်ပြီး ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းရွက်နေတဲ့ ရဲဘော်များကို ကူညီထောက်ပံ့ပေးနိုင်ဖို့အတွက်MFDMC က ထောက်ပံ့ရေးတပ်ဖွဲ့ဝင်များကို စုဆောင်းနေပါတယ်။မိမိတို့ရောက်ရှိရာ နိုင်ငံ၊ဒေသအလိုက် နီးစပ်ရာကို ဆက်သွယ်စုံစမ်း ပါဝင်နိုင်ပါတယ်။"တရားမျှတ၊လွတ်လပ်တဲ့ အနာဂတ်တိုင်းပြည် တည်ဆောက်ရေးအတွက် သင့်ခွန်အားကို အလိုရှိပါတယ်"လို့ဒုဝန်ကြီးကဆိုပါတယ်။ MFDMC ဟာ ထောက်ပံ့တပ်သားစုဆောင်းရေးအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တရားဝင် အသိအမှတ်ပြုထားတဲ့ ပြည်ပရောက်ထောက်ပံ့ရေးတပ်ဖွဲ့ ဖြစ်ပါတယ်။
========================
📌📌 ၄။ ပေါက်မြို့နယ်၊ ကျားပစ်ကန်ကျေးရွာတွင် စစ်တပ်က ပစ်ခတ်သော လက် နက်ကြီးကျည်ထိမှန်၍ အသက် ၆ နှစ်အရွယ် မသိမ့်သိမ့်ဖြူ သေဆုံး၊ အသက်မပြည့် သေးသည့် အခြေခံပညာကျောင်းသား ၂ ဦးဖြစ်သည့် မောင်လမင်းမောင်မောင်နှင့် မောင်မိုးယံထက်ကို ပါးစပ်ထဲ သေနတ်ပြောင်းတေ့၍ စစ်တပ်က ပစ်သတ်
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကျားပစ်ကန်ကျေးရွာကို စစ်တပ်က ယမန်နေ့ ဝင်ရောက်စီးနင်းရာတွင် လက်နက်ကြီးများဖြင့် ကျေးရွာကို ပစ်ခတ်ခဲ့ပြီး အသက် ၆ နှစ်အရွယ် မသိမ့်သိမ့်ဖြူမှာ စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။ ဇူလိုင် ၂၇ ရက်နေ့ တွင် အကြမ်းဖက်စစ်ကောင်စီတပ်များက ကျားပစ်ကန်ကျေး ရွာသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလက် နက်ကြီးများ ပစ်ခတ်၍ ဝင်ရောက် လာကြောင်း၊ ကျေးရွာအတွင်းသို့ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ရွာသူ ရွာ သားများ ထိမှန်ဒဏ်ရာများရရှိကြောင်း၊ ကိုဇော်နိုင်နှင့် မတင် ဆွေဦးတို့၏ သမီးဖြစ်သူ အသက် ၆ နှစ်အရွယ် မသိမ့်သိမ့်ဖြူမှာမူ လက် နက်ကြီးထိမှန်၍ သေဆုံးသွားကြောင်း သိရှိရသည်။ အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကျောက်ဆောက်ကျေးရွာမှ အသက် မပြည့် သေးသည့် အသက် ၁၆ နှစ်အရွယ် အခြေခံပညာ ကျောင်းသား ၂ ဦးဖြစ်ကြသည့် မောင်လမင်းမောင်မောင်နှင့် မောင်မိုးယံထက်တို့ကို ဇူလိုင်လ ၂၇ ရက်နေ့တွင် စစ်တပ်က ပါးစပ်ထဲ သေနတ်တေ့၍ ပစ်သတ်သွားကြောင်း ဒေသခံများက ပြောသည်။
"မြိုင်မြို့နယ်၊ကျောက်ဆောက်ကျေးရွာမှာ အသက်မပြည့်သေးတဲ့ကလေးနှစ်ယောက်ကို ပါးစပ်ထဲ သနတ်ပြောင်းထည့်ပြီး ပစ်သတ်သွားပါတယ်။ ပြီးမှ အ လောင်းတွေ ကိုမီးရှို့သွားပါတယ်။ ရွာသားတချို့က ရွာထဲမှာ ပုန်းခိုနေရင်း ဒါကို မြင်ရတာပါ။ ဒီမနက်မှာတော့ ရွာကို မီးရှို့နေပါတယ်။ ကျောင်းသား လေးတွေကို PDF တွေဆိုပြီး စစ်တပ်က သတ်ဖြတ်သွားတာပါ" ဟု ကျောက်ဆောက်ကျေးရွာသားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံပြောဆိုသည်။ ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းနှင့်စစ်ကိုင်းအတွင်းရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မီးရှို့မှုများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
========================
📌📌 ၅။ သူရဲကောင်းဆလိုင်းမိန်းထန်း ကို အလှူရှင်တစ်ဦးက ငွေတိုက်စာချုပ်”ပေးအပ်ဂုဏ်ပြု
သူရဲကောင်းဆလိုင်းမိန်းထန်း ကို အလှူရှင်တစ်ဦးက ငွေတိုက်စာချုပ်”ပေးအပ်ဂုဏ်ပြုလိုက်ပါတယ်။ ဇူလိုင်၂၈ ရက်မှာ OurSpringHeroes က ဖော်ပြခဲ့ပါတယ်။
"မင်းတပ်-မတူပီလမ်းကြား ၁၇မိုင် တိုက်ပွဲတွင် ဖြစ်ပွါးခဲ့သော တိုက်ပွဲမှာ CDF-Mindet မှ ပြည်သူ့ရဲဘော် ဆလိုင်းမိန်းထန်း သည် အကြမ်းဖက်စစ်တပ်အား တွန်းလှန်တိုက်ပွဲဝင်ရင်း မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပါတယ်။အခုလို တိုင်းပြည်နဲ့ပြည်သူအတွက် တိုက်ပွဲဝင်ရင်း အသက်ပေးလှူသွားခဲ့တဲ့ သူရဲကောင်းရဲဘော် ဆလိုင်းမိန်းထန်း ကို နွေဦးပြည်သူအပေါင်းက ဦးညွတ်အလေးပြုရင်း ကျန်ရစ်သူမိသားစုကို ကူညီစောင့်ရှောက်တဲ့အနေနဲ့ အလှူရှင်တစ်ဦးက "ဒို့ … နွေဦးသူရဲကောင်းအတွက် ငွေတိုက်စာချုပ်” အား ပေးအပ်ဂုဏ္ပြုခဲ့ပါတယ်"လို့ဖော်ပြပါတယ်။ ပြည်သူများအနေဖြင့် နွေဦးသူရဲကောင်းများအားရည်စူးပြီး သူတို့ရဲ့ကျန်ရစ်သူမိသားစုအတွက် "ဒို့ … နွေဦးသူရဲကောင်းအတွက် ငွေတိုက်စာချုပ်” တွေကို ဆက်သွယ်ဝယ်ယူ လှူဒါန်းပေးနိုင်တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၆။ "ဇေယျာသော်စစ်ဆင်ရေး" အနေနဲ့ သာကေတရှိရဲစခန်းနှစ်ခုကိုဒေါင်းစစ်သည်အဖွဲ့ကဗုံးခွဲတိုက်ခိုက်
"ဇေယျာသော်စစ်ဆင်ရေး"အနေနဲ့သာကေတရှိရဲစခန်းနှစ်ခုကိုဒေါင်းစစ်သည်အဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့ပါတယ်။ ဇူလိုင်၂၇ ရက် ည ၉ နာရီဝန်းကျင်မှာ ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ အမှတ်၁ရဲစခန်းနဲ့အမှတ်၂ ရဲစခန်းတို့ကို တိုက်ခိုက်ခဲ့ပါတယ်။ သာကေတမြိုနယ်ရဲစခန်းနှစ်ခုအား ဗုံးဖောက်ခွဲတိုက်ခိုက်ခြင်းကို ဒေါင်းစစ်သည် အဖွဲက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထိုတိုက်ခိုက်မှုအား 'ဇေယျာသော်စစ်ဆင်ရေး'လို့ အမည်ပေးခဲ့ပါတယ်။ ယခုကဲ့သို တိုက်ခိုက်ခြင်းမှာ မတရားကြိုးပေးခံရသော သူရဲကောင်းလေးဦးအတွက် သွေးကြွေးပြန်တောင်းခြင်းဖြစ်ပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ပြန်လည်ပစ်ခတ်မှုများရှိခဲ့သော်လည် ဒေါင်းစစ်သည်တပ်ဖွဲဝင်များ ဘေးကင်းခဲ့တယ်လို့ဆိုပါတယ်။
========================
📌📌 ၇။ ChindwinTigerForce မှရဲဘော်များ အဝေးပစ် (၆၀မမ အဖူး) များထုတ်လုပ်အောင်မြင်
ChindwinTigerForce မှရဲဘော်များ အဝေးပစ် (၆၀မမ အဖူး) များထုတ်လုပ်အောင်မြင်ခဲ့ပါတယ်။ ဇူလိုင်လနောက်ဆုံးပတ်မှာ ChindwinTigerForce မှ ၆၀မမ အဖူးများကိုဖော်ထုတ်ပြသခဲ့ပါတယ်။
"စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှအပြီးတိုင်ချူပ်ငြိမ်းစေရေးအတွက် ပြည်သူလူထုမှ ထောက်ပံ့ကူညီမှုဖြင့် ကျွနု်ပ်တို့ ChindwinTigerForceမှရဲဘော်များအဝေးပစ် (၆၀မမ အဖူး)များအားပြုလုပ်အောင်မြင်ကြောင်းနှင့်ထပ်မံ၍ ပြုလုပ်သွားမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။ ChindwinTigerForceဟာ စစ်အာဏာရှင် စနစ်ကို ခုခံတွန်းလှန်နေတဲ့တော်လှန်ရေးအင်အားစုလည်းဖြစ်ပါတယ်။
========================
📌📌 ၈။ ဘွန်းဝယ်ယူလိုသူတွေ များပြားလာ၍ ဘွန်းဝယ်ယူရန်နည်းလမ်းများ ယူနိုက်တက်ဘွန်းကအသိပညာပေး
ဘွန်းဝယ်ယူလိုသူတွေ များပြားလာ၍ ဘွန်းဝယ်ယူရန်နည်းလမ်းများ ယူနိုက်တက်ဘွန်းကအသိပညာပေးလိုက်ပါတယ်။ ဇူလိုင် ၂၅ ရက်နေ့တရက်တည်းမှာတင် ငွေတိုက်စာချုပ်ရောင်းရငွေလေးဆအထိ ခုန်တက်ခဲ့ပါတယ်။
"ဘွန်းဝယ်ယူလိုသူတွေ များပြားလာတာကြောင့် မေးမြန်းမှုအများဆုံးဖြစ်တဲ့ ဘွန်း ဘယ်လို ဝယ်ရမလဲ ဆိုတာကို ပြန်လည် မျှဝေလိုက်ပါတယ်။ဒီလို ညီညွတ်မှု၊ စကစ တွေကိုအနိုင်ယူလိုတဲ့ စိတ်ဓာတ်မျိုးနဲ့သာ ရှေ့ဆက်သွားကြရင် အချိန်တိုအတွင်းမှာ ပြည်သူ့အာဏာ ပြည်သူ့လက် ပြန်ရောက်လာမှ အမှန်ပါပဲခင်ဗျာ"လို့ ယူနိုက်တက်ဘွန်းကဆိုပါတယ်။ ငွေတိုက်စာချုပ်ဝယ်ယူလိုသူများအနေနဲ့ United bonds လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြထားပါတယ်။ လက်ရှိအချိန်အထိ ငွေတိုက်စာချုပ်ရောင်းချရမှု ၉၉၀၀၀ကေျာ်ရှိပြီး ရောင်းချငွေအမေရိကန်ဒေါ်လာ၃၈သန်းဖိုးအထိရရှိပြီးဖြစ်ပါတယ်။
========================
📌📌 ၉။ “14 Inya Final Call ပထမနေ့” မှာဘဲ ရှယ်ယာပေါင်း ၁,၄၄၀ စု (ဒေါ်လာ ၁၄၄,၀၀၀ ဖိုး) ရောင်းချရခဲ့
ဇူလိုင် ၂၈ ရက်မှာ End of Dictator Ship က အစုရှယ်ယာများရောင်းချထားမှုကိုအခုလိုဖော်ပြထားပါတယ်။ EOD ရဲ့ ၁၄ အင်းလျား ပရောဂျက်မှာ ကျန်ရှိသည့် ရှယ်ယာ ၁၂,၂၀၀ စု (ဒေါ်လာ ၁,၂၂၀,၀၀၀ ဖိုး) ကို Final Call အဖြစ် ၁၀ ရက် ရောင်းချသွားမှာ ဖြစ်ပါတယ်။
"ပထမဆုံးနေ့ ၂၇ ဇူလိုင်မှာ ရှယ်ယာပေါင်း ၁,၄၄၀ စု (ဒေါ်လာ ၁၄၄,၀၀၀ ဖိုး) ရောင်းချခဲ့ရပါတယ်။ အာဏာရှင် အဆုံးသတ်ရေးအတွက် မဆုတ်မနစ် ပါဝင်နေကြတဲ့ ဝယ်ယူသူများ၊ EOD ကိုယ်စားလှယ်များကို ဂုဏ်ပြုဦးညွှတ်ရင်း ရရှိသမျှ ဘဏ္ဍာငွေများကို တော်လှန်ရေး အမြန်ဆုံး အောင်မြင်ဖို့ ထိရောက်စွာ အသုံးပြုသွားဖို့ ကတိပြုပါတယ်"လို့ဆိုပါတယ်။
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်မတရားသဖြင့် ရယူထားသော နိုင်ငံတော်ပိုင် ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အင်းလျားလမ်း၊ ခြံအမှတ် (၁၄) ရှိ မြေနှင့်အဆောက်အအုံအားကာလပေါက်ဈေးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်တန်ကြေးရှိသော်လည်း ယခုအခါ ဒေါ်လာ၁၀သန်းတန်ကြေးသတ်မှတ်၍ တစ်စုလျှင် ဒေါ်လာ ၁၀၀ နဲ့ ရောင်းချပေးလျက်ရှိပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment