၂၀၂၂ သြဂုတ်လ ၁၀ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ကချင်တော်လှန်ရေး အင်အားစုများနှင့် လက်တွဲကာ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်သွားရန် လေးနက်စွာ သန္နိဋ္ဌာန်ချထားကြောင်းအမျိုးသားညီညွတ်ရေးအစိုးရအသိပေး
📌 ၂။ စစ်ကိုင်းတိုင်းမှာ ကျေးရွာတွေကို မီးရှို့၍ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်နေတဲ့ အကြမ်းဖက် စစ်တပ်ရဲ့လုပ်ရပ်များရပ်တန့်အောင်လုပ်ဆောင်ဖို့ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲ ရေးဝန်ကြီးဌာနကို ပြည်ထောင်စုဝန်ကြီးချုပ်တိုက်တွန်း
📌 ၃။ နွေဦးတော်လှန်ရေးမှာ ပြည်သူများရဲ့ မျက်ရည်စက်နဲ့သွေးစက်များ ပေးဆပ်တာလုံလောက်ပြီဖြစ်လို့ အဆုံးသတ်တိုက်ပွဲဆင်နွှဲမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဆို
📌 ၄။ ဖက်ဆစ်စစ်တပ်တွေက တစ်ချိန်လုံးမီးပတ်ရှို့နေကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ထုတ်ဖော်ပြောကြား
📌 ၅။ အမျိုးသားကျန်းမာရေးကော်မတီ ( National Health Committee - Myanmar) ဖွဲ့စည်းခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ကျန်းမာရေးနှီးနှောဖလှယ်ပွဲကျင်းပမယ်
📌 ၆။ ရေဦးမြို့နယ် ရွာမိသာ/ ကုန်းသာ/ ချမ်းသာရွာများအပေါ် Mi 35 နှစ်စီးနဲ့ ပစ်ခတ်၍ ကလေးနှစ်ဦးအပါအဝင်အရပ်သားသုံးဦးသေဆုံး
📌 ၇။ “EOD ရှယ်ယာများကို နာမည်ဝှက် (Nickname) နဲ့ ဝယ်ယူလို့ရတယ်လို့ကြေညာ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ကချင်တော်လှန်ရေး အင်အားစုများနှင့် လက်တွဲကာ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်သွားရန် လေးနက်စွာ သန္နိဋ္ဌာန်ချထားကြောင်းအမျိုးသားညီညွတ်ရေးအစိုးရအသိပေး
သြဂုတ်လ ၁၀ ရက်နေ့အမျိုးသားညီညွတ်ရေးအစိုးရက (၄၇) နှစ်မြောက် ကချင်အာဇာနည်နေ့ အခမ်းအနားသို့ ပေးပို့တဲ့သဝဏ်လွှာမှာ အခုလိုပါရှိပါတယ်။ ယနေ့ ၂၀၂၂ ခုနှစ် သြဂုတ်လ (၁၀) ရက်နေ့သည် ကချင်တော်လှန်ရေးအတွက် အသက်ပေး သွားကြသည့် ကချင်အာဇာနည်ခေါင်းဆောင်ကြီးများကို အောက်မေ့သည့် အထိမ်းအမှတ်ဖြင့် ပြုလုပ်သည့် (၄၇) နှစ်မြောက် အာဇာနည်နေ့ (Share Shagan Nhtoi) ဖြစ်ပြီး ကချင်တော်လှန်ရေး၏ သန္ဓေကို စုပေါင်းထမ်းရွက် ဆောက်တည်ခဲ့ကြသည့် ကချင်အမျိုးသား အာဇာနည်များအတွက် အောက်မေ့ဖွယ် နေ့ရက်တစ်ခု ဖြစ်ပါတယ်။
ကချင်လူမျိုးများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် နိုင်ငံရေးတန်းတူညီမျှခွင့်အတွက် ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းရွက်နေသော ကချင်တော်လှန်ရေး ဖခင်ကြီးများအား တော်လှန်ရေး မှေးမှိန်ပျောက်ကွယ်ရန် ရည်ရွယ်၍ အာဏာရှင်များက ၁၉၇၅ ခုနှစ် သြဂုတ်လ အစောပိုင်းရက်များတွင် စနစ်တကျ လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။
၎င်းဖြစ်ရပ်ဟာ ကချင်လူထုအတွက် ကြီးစွာသော ဆုံးရှုံးနစ်နာမှု ဖြစ်ခဲ့သလို၊ နှစ်ပေါင်းများစွာ ပူဆွေးဝမ်းနည်းခဲ့ရသည့် ကြေကွဲဖွယ်ဖြစ်ရပ် တစ်ခုလည်းဖြစ်ပါတယ်။ ဤသို့ ဝမ်းနည်းဖွယ် ဖြစ်ရပ်ဖြင့် ကြုံတွေ့ခဲ့ပါသော်လည်း ကချင်တော်လှန်ရေးသည် ဦးမကျိုးခဲ့ဘဲ (၄၇) နှစ်တိုင်တိုင် ဆင့်ကဲပြောင်းလဲ တာဝန်ထမ်းရွက်မှုဖြင့် ကချင့်တော်လှန်ရေးတပ်ဦးဖြစ်သည့် KIO/KIA ကို ညီညွတ်စွာ စုစည်း၍ ဆက်လက် ဦးဆောင်ချီတက်နိုင်ခဲ့သည်မှာ လေးစားဂုဏ်ယူဖွယ် ဖြစ်ပါတယ်လို့ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရဟာ ခေတ်အဆက်ဆက်က တိုင်းရင်းသားလူမျိုးများ၏ နိုင်ငံရေးအရ ရပိုင်ခွင့် အခွင့်အရေးများကို လျစ်လျူရှုကာ လက်နက်အားကိုး အုပ်ချုပ်ခဲ့သော အာဏာရှင်စနစ်ကို အပြီးသတ်ချေမှုန်းပြီး ကချင်လူမျိုးများအပါအဝင် တိုင်းရင်းသားလူမျိုးများ အားလုံးလိုလားသည့် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဒီမိုကရေစီကို အပြည့်အဝ အာမခံသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရန် သန္နိဋ္ဌာန်ချထားသည့် အစိုးရဖြစ်ပါတယ်လို့ဆိုပါတယ်။
သို့ဖြစ်ပါ၍ အမျိုးသားညီညွတ်ရေးအစိုးရသည် ၂၀၂၂ ခုနှစ် သြဂုတ်လ (၁၀) ရက်နေ့တွင် ကျရောက် သည့် (၄၇) နှစ်မြောက် ကချင်အာဇာနည်နေ့တွင် ကချင် တမျိုးသားလုံးနှင့်အတူ ဝမ်းနည်းကြေကွဲရ သကဲ့သို့ ကချင်တော်လှန်ရေး အင်အားစုများနှင့် လက်တွဲကာ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချပြီး ကချင်လူမျိုးများ အပါအဝင် မြန်မာနိုင်ငံတိုင်းရင်းသားအားလုံးလိုလားသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်သွားရန် လေးနက်စွာ သန္နိဋ္ဌာန်ချထားကြောင်း ဤသဝဏ်လွှာကို ပေးပို့အပ်ပါတယ်လို့ဖော်ပြပါရှိပါတယ်။
========================
📌📌 ၂။ စစ်ကိုင်းတိုင်းမှာ ကျေးရွာတွေကို မီးရှို့၍ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်နေတဲ့ အကြမ်းဖက် စစ်တပ်ရဲ့လုပ်ရပ်များရပ်တန့်အောင်လုပ်ဆောင်ဖို့ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲ ရေးဝန်ကြီးဌာနကို ပြည်ထောင်စုဝန်ကြီးချုပ်တိုက်တွန်း
သြဂုတ်လ ၉ ရက် ကျင်းပတဲ့အစိုးရအဖွဲ့အစည်းအဝေးမှာ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကအခုလိုပြောကြားခဲ့ပါတယ်။
"စစ်ကိုင်းတိုင်းဘက်မှာ ကျေးရွာတွေကို မီးရှို့၊ လူတွေကို ဖမ်းဆီးသတ်ဖြတ်နေတဲ့ ဆိုးရွားတဲ့ လုပ်ရပ်တွေကို ရပ်တန့်အောင် ဘယ်လိုတွေ စီမံကြမယ်ဆိုတဲ့ ကိစ္စကိုလည်း ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး စနစ်တကျနဲ့ အထိအခိုက်နည်းအောင် စီစဉ်ကြဖို့ဖြစ်ပါတယ်"လို့ဆိုပါတယ်။ လက်ရှိမှာ စကစတပ်များဟာ ဒီပဲယင်းမြို့နယ်၊ရေဦးမြို့နယ်၊ခင်ဦးမြို့နယ်တို့ကို လေကြောင်းပစ်ကူများနဲ့မြေပြင်မှာထိုးစစ်ဆင်ကာ အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိနေပါတယ်။
========================
📌📌 ၃။ နွေဦးတော်လှန်ရေးမှာ ပြည်သူများရဲ့ မျက်ရည်စက်နဲ့သွေးစက်များ ပေးဆပ်တာလုံလောက်ပြီဖြစ်လို့ အဆုံးသတ်တိုက်ပွဲဆင်နွှဲမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဆို
သြဂုတ်လအတွင်း လူမှုကွန်ရက်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကရေးသားပြောကြားခဲ့ရာမှာ"ယခု နွေဦးတော်လှန်ရေးတိုင်အောင် ချွေးစက် ၊ မျက်ရည်စက်၊သွေးစက်များဖြင့် ပေးဆပ်ရင်းနှီးခဲ့ကြတာ လုံလောက်ပြီလုံလောက်ပြီ။ဒို့ အားလုံးရဲ့အဆုံးသတ်တိုက်ပွဲ တရားတဲ့သူသာနိုင်ကြေးဟေ့"လို့ ဝန်ကြီးကဆိုပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် အကြမ်းဖက် စစ်တပ်ဟာ လူပေါင်းတစ်သောင်းကျော်ကို ဖမ်းဆီးချုပ်နှောင်ခဲ့ပြီး လူပေါင်းနှစ်ထောင်ကျော်ကို သတ်ဖြတ်ခဲ့ပါတယ်။
========================
📌📌 ၄။ ဖက်ဆစ်စစ်တပ်တွေက တစ်ချိန်လုံးမီးပတ်ရှို့နေကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ထုတ်ဖော်ပြောကြား
မြန်မာပြည်မှာ တော်လှန်ရေးရဲဘော်များက လူနေအိမ်ကိုမီးမရှို့ဘဲ ဖက်ဆစ်စစ်တပ်ကသာတစ်ချိန်လုံးမီးပတ်ရှို့နေတာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ထုတ်ဖော်ပြောကြား လိုက်ပါတယ်။ သြဂုတ်လ ၁၀ ရက် လူမှုကွန်ရက်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကရေးသားပြောပါတယ်။
"မြန်မာပြည်မှာ ဘယ်တော်လှန်ရေးစစ်တပ်မှ ကိုယ့်ရန်သူ စစ်တပ်ထိုင်တဲ့မြို့ရွာလူနေအိမ်တွေကို မီးမရှို့ဘူး။ဖက်ဆစ်တပ်တွေကသာ တစ်ချိန်လုံးမီးပတ်ရှို့နေတာဖြစ်တယ်"လို့ဝန်ကြီးကဆိုပါတယ်။ စကစတပ်များဟာ နယ်မြို့များမှာ ပြည်သူလူထုနေအိမ်များကို အလုံးရေထောင်နဲ့ချီမီးရှို့ဖျက်ဆီးနေကြပြီး တွေ့မြင်သမျှအရပ်သားများကိုလည်း မီးရှို့သတ်ဖြတ်ခြင်း၊သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်ခြင်းတို့ကျူးလွန်လျက်ရှိပါတယ်။
========================
📌📌 ၅။ အမျိုးသားကျန်းမာရေးကော်မတီ ( National Health Committee - Myanmar) ဖွဲ့စည်းခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ကျန်းမာရေးနှီးနှောဖလှယ်ပွဲကျင်းပမယ်
အမျိုးသားကျန်းမာရေးကော်မတီ ( National Health Committee - Myanmar) ဖွဲ့စည်းခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ကျန်းမာရေးနှီးနှောဖလှယ်ပွဲကျင်းပမယ်လို့သြဂုတ်လအတွင်းမှာ ကျန်းမာရေးဝန်ကြီးဌာနကအသိပေးဖော်ပြပါတယ်။
"အမျိုးသားကျန်းမာရေးကော်မတီ ( National Health Committee - Myanmar) ဖွဲ့စည်းခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ကျန်းမာရေးနှီးနှောဖလှယ်ပွဲတစ်ခုကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့မှ (၉) ရက်နေ့ထိ အမျိုးသားကျန်းမာရေးကော်မတီ (NHC)၊ အမျိုးသားညီညွတ်ရေအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (JCC - Health) တို့က ပူးတွဲ ဦးဆောင်ကျင်းပသွားရန်ရှိပါတယ်"လို့ဆိုပါတယ်။
စာတမ်းစုဆောင်းစိစစ်ရေး ကော်မတီအနေနဲ့ ကျန်းမာရေးနဲ့ ပတ်သက်စပ်ဆိုင်တဲ့ ပြည်တွင်းပြည်ပ ပညာရှင်များထံမှ စာတမ်းများကို ဖိတ်ခေါ်စိစစ်ပြီး နှီးနှောဖလှယ်ပွဲ ဖြစ်မြောက်ရေးကော်မတီထံ တင်ပြကာ နှီးနှောဖလှယ်ပွဲမှာ တင်ပြဆွေးနွေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။ နှီးနှောဖလှယ်ပွဲအားဖက်ဒရယ်ကျန်းမာရေးစနစ်ဖော်ဆောင်ရန် အမျိုးသားကျန်းမာရေးနှီးနှောဖလှယ်ပွဲ ခေါင်းစဥ်နဲ့ကျင်းပသွားမှာဖြစ်ပါတယ်။
========================
📌📌 ၆။ ရေဦးမြို့နယ် ရွာမိသာ/ ကုန်းသာ/ ချမ်းသာရွာများအပေါ် Mi 35 နှစ်စီးနဲ့ ပစ်ခတ်၍ ကလေးနှစ်ဦးအပါအဝင်အရပ်သားသုံးဦးသေဆုံး
စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ရွာမိသာ/ ကုန်းသာ/ ချမ်းသာရွာများအပေါ် Mi 35 နှစ်စီးနဲ့ပစ်ခတ်၍ ကလေးနှစ်ဦးအပါအဝင်အရပ်သားသုံးဦးသေဆုံးခဲ့ပါတယ်။ သြဂုတ်လ ၁၀ ရက်နေ့မှာ စကစတပ်များက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုကို Dragon Urban Guerrilla ကဖော်ပြပါတယ်။
"ရေဦးမြို့နယ် ရွာမိသာ/ ကုန်းသာ/ ချမ်းသာရွာရွာများအပေါ် Mi 35 နှစ်စီးဖြင့်စကစတပ်များကပစ်ခတ်ခဲ့ပါတယ်။ အသက် ၁၄ နှစ်အရွယ် ကလေး တစ်ဦးနှင့် ၉ နှစ်အရွယ်ကလေး နှစ်ဦးပေါင်းပြည်သူ သုံးဦး သေဆုံးသွားကြောင်း ကနဦး သတင်းရရှိပါတယ်"လို့ဆိုပါတယ်။ စစ်ရှောင်ပြည်သူများကို အနီးနားကျေးရွာများ ကူညီပေးကြရန်လည်း DUGF အဖွဲ့ကအရေးပေါ်ကြေညာထားပါတယ်။
========================
📌📌 ၇။ “EOD ရှယ်ယာများကို နာမည်ဝှက် (Nickname) နဲ့ ဝယ်ယူလို့ရတယ်လို့ကြေညာ
“EOD ရှယ်ယာများကို နာမည်ဝှက် (Nickname) နဲ့ ဝယ်ယူလို့ရတယ်လို့သြဂုတ်လ၁၀ရက်နေ့မှာ EOD Official page ကနေတရားဝင်ဖော်ပြအသိပေးပါတယ်။
"EOD Official page မှာ ကြေညာထားတဲ့ EOD နိုင်ငံတကာက အရောင်းကိုယ်စားလှယ်များ (EOD Agent) များနဲ့ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။ ဘွန်းဝယ်ခဲ့ဘူးတဲ့ Bond Agent များကိုလည်း ဆက်သွယ်စုံစမ်း ဝယ်ယူနိုင်ပါတယ်။ ရှယ်ယာ ၁ စောင်ကို USD 100 ဖြစ်ပြီး သက်ဆိုင်ရာ နိုင်ငံရဲ့ ငွေကြေးနဲ့ ဝယ်ယူနိုင်ပါတယ်။ Exchange rate ကို EOD page မှာ လစဉ် ကြေညာပေးပါမယ်။ကိုယ်ရေးအချက်အလက် အများကြီးပေးစရာ မလိုပါ။ နာမည်ဝှက် (Nickname) နဲ့ ဝယ်လို့ ရပါတယ်"လို့ဆိုပါတယ်။
တော်လှန်ရေးမြန်စေချင်ရင် ဘဏ္ဍာရေးက အဓိကဖြစ်ကြောင်း၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်က ၃၄ နှစ်မြောက် ရှစ်လေးလုံး လူထုအရေးတော်ပုံ အောက်မေ့ဖွယ် အခမ်းအနားနှင့် စကားဝိုင်းမှာ ပြောခဲ့ပါတယ်။ လက်ရှိမှာမင်းအောင်လှိုင်ရဲ့ ပိုင်ဆိုင်မှုတွေထဲက ရန်ကုန်မြို့ ၆ မိုင်ခွဲရှိ မြေနဲ့ အိမ်ကို ဒေါ်လာသန်း၂၀ ကျော်တန်သော်လည်း ဒေါ်လာ ၇ သန်းနဲ့သာ EOD ကရောင်းချပေးနေတာဖြစ်ပါတယ်။ မြေနဲ့ အိမ်ရဲ့ ကာလတန်ဖိုးက ဒေါ်လာ သန်း ၂၀ ကျော်တန်ကြေးရှိသော်လည်း ကြိုပွိုင့်မို့ ဒေါ်လာ ၇ သန်းနဲ့ Finical Right ကို အစုရှယ်ရာ အနေနဲ့ တစ်စုကို ဒေါ်လာ ၁၀၀ နဲ့ ရှယ်ယာပေါင်းက ၇ သောင်းတိတိကိုရောင်းချပေးမှာဖြစ်ပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment