၂၀၂၂ သြဂုတ်လ ၁၀ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စစ်အာဏာရှင်တွေနိဂုံးချုပ်ပြီး ပြည်သူ့အောင်ပွဲ အတော်နီးစပ်နေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား
📌 ၂။ နွေဦးတော်လှန်ရေးအဆုံးသတ် အမြစ်ဖြတ်တိုက်ပွဲတွေ ဆင်နွှဲနိုင်ဖို့ဘဏ္ဍာငွေလိုအပ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
📌 ၃။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားပြုကော်မတီတို့ တွေ့ဆုံဆွေးနွေး
📌 ၄။ နွေဦးတော်လှန်ရေးရဲ့အရှိန်အဟုန်ကို ဆက်လက် ထိန်းသိမ်းထားဖို့ လူထုသပိတ်ကော်မတီတွေအရေးကြီးတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ဆို
📌 ၅။ စစ်အာဏာရှင် နဲ့အကြမ်းဖက် စစ်ခေါင်းဆောင်များနေ့စဥ်နေ့တိုင်း ကျဆုံးနေပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာပြောကြားလိုက်
📌 ၆။ Project Dragonfly စီမံချက် စစ်ရေးမဟာဗျုဟာများနှင့်အညီ ကနဦးပစ္စည်းအချို့ စတင်တာဝန်ထမ်းဆောင်နေပြီလို့ ကာကွယ်ရေးဝန်ကြီးဌာန အသိပေး
📌 ၇။ ချင်းမိုင်တက္ကသိုလ်နှင့် နွေဦးတက္ကသိုလ်တို့ သဘောတူစာချွန်လွှာရေးထိုးပြီးဖြစ်၍ကနဦးအစီအစဉ်များအရ ကျောင်းသားပေါင်း (၅၀၀) အထိ စတင်လက်ခံသင်ကြားပေးမယ်
📌 ၈။ အင်းဂါးတိုက်ပွဲအပြီး ဘီလူးမတောင်တွင်ကျဆုံးခဲ့သောရဲဘော် မောင်အောင်ခိုင်ဦး အတွက် NUG Bond ဖြင့် အနုပညာရှင် "ဒေါင်း"မှ ဂုဏ်ပြုလှူဒါန်း
📌 ၉။ အမေ့ယပ်တောင် အမည်နဲ့ရန်ပုံငွေရှာဖွေရာမှ ရရှိလာသော ငွေကြေးများကို မီးရှို့ဖျက်ဆီးခံရတဲ့ နယ်မြေတွေက ဒုက္ခသည်တွေထံ ပေးပို့ကူညီမယ်
📌 ၁၀။ ပွတ်လုံးဒေသ မြစ်ကြောင်းတိုက်ပွဲမှာ အောင်ပွဲနဲ့အတူပြန်လာတဲ့ပြည်သူ့ရဲဘော်PDFများကိုဒေသခံမိဘပြည်သူများက အောင်ပန်းများနဲ့အတူ စားသောက်စရာများနဲ့ကြိုဆိုဂုဏ်ပြု
📌 ၁၁။ အင်းလေး IUGR မှ M4 မောင်းပြန်သေနတ်တစ်လက်ဝယ်ယူနိုင်ခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စစ်အာဏာရှင်တွေနိဂုံးချုပ်ပြီး ပြည်သူ့အောင်ပွဲ အတော်နီးစပ်နေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား
စစ်အာဏာရှင်တွေနိဂုံးချုပ်ပြီး ပြည်သူ့အောင်ပွဲ အတော်နီးစပ်နေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြားလိုက်ပါတယ်။ သြဂုတ်လ ၈ ရက် ညပိုင်း အမျိုးသားညီညွတ်ရေးအစိုးရက ကျင်းပတဲ့ ရှစ်လေးလုံးနေ့နှစ်ပတ်လည်အခမ်းအနားမှာ ဝန်ကြီးချုပ်ကဆိုပါတယ်။
"၁၉၈၈ က ပခုံးထမ်းတင်ပေးလိုက်တဲ့ ယခု နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင် တွေကိုနိဂုံးချုပ်ပြီး ပြည်သူ့အဆုံးသတ်အောင်ပွဲကို အတော်ပင်နီးစပ်နေပြီဖြစ်ပါတယ်"လို့ ဆိုပါတယ်။ ဒါ့အပြင် အကြမ်းဖက် စစ်တပ်ဟာ ၂၀၂၁ ခုနှစ် ပြည်သူ့အာဏာကိုလုယူစဥ် လူထု အုံကြွမှုကို လျော့တွက်ခဲ့ပုံရပြီးတော့ ယခုအချိန်မှာ မင်းအောင်လှိုင်နဲ့အပေါင်းအပါတွေဟာ လူထုဆန္ဒကို လျှော့တွက်လို့မရမှန်း သိသွားပြီလို့ ဝန်ကြီးချုပ်က ထပ်လောင်းပြောပါတယ်။
========================
📌📌 ၂။ နွေဦးတော်လှန်ရေးအဆုံးသတ် အမြစ်ဖြတ်တိုက်ပွဲတွေ ဆင်နွှဲနိုင်ဖို့ဘဏ္ဍာငွေလိုအပ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
နွေဦးတော်လှန်ရေးအဆုံးသတ် အမြစ်ဖြတ်တိုက်ပွဲတွေ ဆင်နွှဲနိုင်ဖို့ဘဏ္ဍာငွေလိုအပ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောပါတယ်။ သြဂုတ်လ ၉ ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ ၆၃ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးကျင်းပရာမှာ ဝန်ကြီးချုပ်ကဆိုခဲ့ပါတယ်။
"အရေးကြီးတာ တစ်ခုက တော်လှန်ရေးအဆက်ဆက်ကို ရဲရဲဝံ့ဝံ့ ဖြတ်သန်း လာကြတဲ့ ခေါင်းဆောင်ကြီးတွေက ဦးဆောင်လမ်းပြပြီး တော်လှန်ရေးမျိုးဆက်သစ်တွေ အားကောင်းလာကြတယ်။ ဒါဟာ ကျွန် တော်တို့ရဲ့ အခု ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးရဲ့ အားသာချက်တွေပဲ ဖြစ်ပါတယ်။ ဒါတွေကို အသုံးချပြီး တော်လှန်ရေးကို အားနဲ့မာန်နဲ့ ကြိုးစားအဆုံးသတ်ကြဖို့ပဲဖြစ်ပါတယ်။တော်လှန်ရေးအဆုံးသတ် အမြစ်ဖြတ်တိုက်ပွဲတွေ ဆင်နွှဲနိုင်ဖို့တော့ ကျွန်တော်တို့ မှာ ဘဏ္ဍာငွေလိုအပ်တာ အမှန်ပဲဖြစ်ပါတယ်"လို့ဝန်ကြီးချုပ်ကဆိုပါတယ်။
ဒါ့အပြင် ရှေ့ဆက်လုပ် ဆောင်ရမှာတွေကလည်း ပိုမိုများပြားလာ တာမို့ ဘဏ္ဍာငွေလိုအပ်မှု တွေလည်း ပိုများလာမှာ အမှန်ပဲဖြစ်တယ်လို့ဝန်ကြီးချုပ်ကဆိုပြီးတော့ ရရှိလာတဲ့ ဘဏ္ဍာငွေတွေကို လည်း စနစ်တကျ ထိထိရောက်ရောက် စီမံခန့်ခွဲကြဖို့လည်း အင်မတန်အရေးကြီးတယ်လို့ ထပ်လောင်းပြောပါတယ်။ လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ အထူးငွေတိုက်စာချုပ်နဲ့EODမှရှယ်ယာများရောင်းချရငွေနဲ့ ကာကွယ်ရေးစရိတ်ကိုအဓိကသုံးစွဲနေပါတယ်။
========================
📌📌 ၃။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားပြုကော်မတီတို့ တွေ့ဆုံဆွေးနွေး
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားပြုကော်မတီတို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဩဂုတ်လ ၉ ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတဆင့်ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ကိုယ်စား ပြုကော်မတီတို့ တွေ့ဆုံခဲ့ကြပါတယ်။
အစည်းအဝေးမှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီးနောက် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီမှ အဖွဲ့ဝင်များက ကြားကာလမူဘောင် (မူကြမ်း) ကို တင်ပြဆွေးနွေးခဲ့ကြပါတယ်။ ထို့နောက် ရှေ့ဆက် အကောင်အထည်ဖော် လုပ်ဆောင်ရမည့် အခြေအနေများနှင့်စပ်လျဉ်း၍ တက်ရောက်လာကြသူ များက အပြန်အလှန် ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။ အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ၊ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီမှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၄။ နွေဦးတော်လှန်ရေးရဲ့အရှိန်အဟုန်ကို ဆက်လက် ထိန်းသိမ်းထားဖို့ လူထုသပိတ်ကော်မတီတွေအရေးကြီးတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ဆို
နွေဦးတော်လှန်ရေးရဲ့အရှိန်အဟုန်ကို ဆက်လက် ထိန်းသိမ်းထားဖို့ လူထုသပိတ်ကော်မတီတွေအရေးကြီးတယ်လို့နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။ သြဂုတ်လအတွင်း မန္တလေးသပိတ်အင်အားစုဖွဲ့စည်းတည်ထောင်ခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ်အတွက် ဂုဏ်ပြုအမှတ်တရပြောကြားချက်မှာ ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောပါတယ်။
"ကျမတို့ရဲ့ တော်လှန်ရေးဟာ သပိတ်တွေက စခဲ့ရာက တဖြည်းဖြည်း ဖြစ်သမျှနည်းနဲ့ အမြင့်ဆုံးအရှိန်အဟုန်ကိုရောက်ရှိလာပြီဖြစ်ပါတယ်။ဒီအရှိန်အဟုန်ကိုဆက်လက်ပြီးတော့ ထိန်းသိမ်းဖို့ရာ မူလ စမှတ်ဖြစ်တဲ့သပိတ်ကော်မတီတွေရဲ့ အခန်းကဏ္ဍာဟာ အရမ်းမှအရေးကြီးပါတယ်။အခုချိန်ထိပြည်သူ့ကာကွယ်ရေးတပ်မတော်တွေ ပေါ်ပေါက်လာသည့်တိုင်အောင် ဒီသပိတ်ကော်မတီတွေရဲ့ လှုပ်ရှားမှုတွေ ဆက်လက်တည်ရှိနေတာက ဒီတော်လှန်ရေးရဲ့ ထူးခြားချက်ဖြစ်ပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင် ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုသပိတ်များပေါ်ပေါက်ခဲ့ပါတယ်။
========================
📌📌 ၅။ စစ်အာဏာရှင် နဲ့အကြမ်းဖက် စစ်ခေါင်းဆောင်များနေ့စဥ်နေ့တိုင်း ကျဆုံးနေပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာပြောကြားလိုက်
စစ်အာဏာရှင် နဲ့အကြမ်းဖက် စစ်ခေါင်းဆောင်များနေ့စဥ်နေ့တိုင်း ကျဆုံးနေပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာပြောကြားလိုက်ပါတယ်။ သြဂုတ်လ ၈ ရက် လူမှုကွန်ရက်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက လူထုကိုပြောကြားခဲ့ပါတယ်။
"စစ်အာဏာရှင်နဲ့ အကြမ်းဖက် စစ်ခေါင်းဆောင်များဟာ နေ့စဥ်နေ့တိုင်း ကျဆုံးနေပြီဖြစ်ပါတယ်။ မြန်မာပြည်သူလူထုများရဲ့ ဖက်ဒရယ်ဒီမိုကရေစီဟာ နေ့စဥ်နဲ့အမျှ အရှိန်အဟုန်နဲ့ဆက်လက်ချီတက်ပြီး အောင်မြင်နေပြီဖြစ်ပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာ စကစဟာ အာဆီယံအစည်းအဝေးများကိုလည်း တက်ရောက်ခွင့်မရဘဲ နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှုဒဏ္ကို အလူးအလဲခံနေရပါတယ်။
========================
📌📌 ၆။ Project Dragonfly စီမံချက် စစ်ရေးမဟာဗျုဟာများနှင့်အညီ ကနဦးပစ္စည်းအချို့ စတင်တာဝန်ထမ်းဆောင်နေပြီလို့ ကာကွယ်ရေးဝန်ကြီးဌာန အသိပေး
Project Dragonfly စီမံချက် စစ်ရေးမဟာဗျုဟာများနှင့်အညီ ကနဦးပစ္စည်းအချို့ စတင်တာဝန်ထမ်းဆောင်နေပြီလို့ ကာကွယ်ရေးဝန်ဌာနက အသိပေးထုတ်ပြန်ပါတယ်။ သြဂုတ်လအတွင်း ထောက်ပံ့ကူညီခဲ့ကြသူများကို ကျေးဇူးတင်မှတ်တမ်းဖော်ပြရာမှာ ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာပါတယ်။
"PROJECT DRAGONFLY စီမံချက်အောင်မြင်စေရန် ထောက်ပံ့ကူညီပေးခဲ့ကြသည့် ပြည်သူများ၊ အသိပညာရှင်၊အတတ်ပညာရှင်၊အနုပညာရှင်များအားလုံးကို ကျွန်ုပ်တို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက အထူးကျေးဇူးတင်ရှိကြောင်း ဖော်ပြအပ်ပါတယ်။ လူကြီးမင်းတို့အားလုံး ထောက်ပံ့ကူညီခဲ့ကြသည့် PROJECT DRAGONFLY စီမံချက်မှတစ်ဆင့် ရရှိလာသော ရန်ပုံငွေများအား စစ်ရေးမဟာဗျုဟာများနှင့်အညီ အသုံးချလျက်ရှိရာ ကနဦးပစ္စည်းအချို့မှာ စတင်တာဝန်ထမ်းဆောင်နေပြီး ဖြစ်ပါတယ်"လို့ဆိုပါတယ်။ ထပ်မံ၍ လိုအပ်သောပစ္စည်းများ ဆက်လက်ရရှိရေးနှင့်ထိရောက်စွာအသုံးပြုနိုင်ရေး စနစ်တကျ ဆောင်ရွက်နေပြီ ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
========================
📌📌 ၇။ ချင်းမိုင်တက္ကသိုလ်နှင့် နွေဦးတက္ကသိုလ်တို့ သဘောတူစာချွန်လွှာရေးထိုးပြီးဖြစ်၍ကနဦးအစီအစဉ်များအရ ကျောင်းသားပေါင်း (၅၀၀) အထိ စတင်လက်ခံသင်ကြားပေးမယ်
ချင်းမိုင်တက္ကသိုလ်နှင့် နွေဦးတက္ကသိုလ်တို့ သဘောတူစာချွန်လွှာရေးထိုးပြီးဖြစ်၍ ကနဦးအစီအစဉ်များအရ ကျောင်းသားပေါင်း (၅၀၀) အထိ စတင်လက်ခံသင်ကြားပေးမယ်လို့ ဆိုပါတယ်။ သြဂုတ်လ ၉ ရက်နေ့မှာ နွေဦးတက္ကသိုလ်ကနေ တရားဝင်ထုတ်ပြန်ကြေညာပါတယ်။
"ချင်းမိုင်တက္ကသိုလ် လက်အောက်ခံကျောင်းတစ်ခုနှင့် နွေဦးတက္ကသိုလ်တို့သည် ပညာရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်အတွက် သဘောတူစာချွန်လွှာ ရေးထိုးထားပြီဖြစ်ကြောင်း ကြေညာအပ်ပါတယ်။အဆိုပါသဘောတူညီမှုအရ လာမည့် (၃) နှစ်အတွင်း မြန်မာကျောင်းသားလူငယ်များအတွက် ရက်တိုရက်ရှည် သင်တန်းများ၊ သုတေသနအစီအစဉ်များ၊ နိုင်ငံတကာနှင့် ချိတ်ဆက်ရေးလုပ်ငန်းများ စသည်တို့ကို ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်"လို့ ဖော်ပြပါတယ်။ ကနဦးအစီအစဉ်များအရ ကျောင်းသားပေါင်း (၅၀၀) အထိ လက်ခံသင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသားခေါ်ယူခြင်းကို မကြာမီကာလများအတွင်း စတင်သွားမယ်လို့ဆိုပါတယ်။
========================
📌📌 ၈။ အင်းဂါးတိုက်ပွဲအပြီး ဘီလူးမတောင်တွင်ကျဆုံးခဲ့သောရဲဘော် မောင်အောင်ခိုင်ဦး အတွက် NUG Bond ဖြင့် အနုပညာရှင် "ဒေါင်း"မှ ဂုဏ်ပြုလှူဒါန်း
အင်းဂါးတိုက်ပွဲအပြီး ဘီလူးမတောင်တွင်ကျဆုံးခဲ့သောရဲဘော် မောင်အောင်ခိုင်ဦး အတွက် NUG Bond ဖြင့် အနုပညာရှင် "ဒေါင်း"မှ ဂုဏ်ပြုလှူဒါန်း ခဲ့ပါတယ်။ သြဂုတ်လ ၉ ရက်နေ့မှာ Our Spring Heroes က အသိပေးဖော်ပြပါတယ်။
"တိုင်းပြည်နဲ့ပြည်သူအတွက် တိုက်ပွဲဝင်ရင်း အသက်ပေးလှူသွားခဲ့တဲ့ သူရဲကောင်းရဲဘော် မောင်အောင်ခိုင်ဦး ကို နွေဦးပြည်သူအပေါင်းက ဦးညွတ်အလေးပြုရင်း ကျန်ရစ်သူမိသားစုကို ကူညီစောင့်ရှောက်တဲ့ အနေနဲ့ အနုပညာရှင် "ဒေါင်း" က "ဒို့ … နွေဦးသူရဲကောင်းအတွက် ငွေတိုက်စာချုပ်” အား ပေးအပ်ဂုဏ်ပြုလိုက်ပါတယ်" လို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ် စက်တင်ဘာလ (၂၈) က အကြမ်းဖက်စစ်တပ်နှင်ဖြစ်ပွားသော စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ဝမ်းဘဲအင်း၊ အင်းဂါးတိုက်ပွဲအပြီး ဘီလူးမတောင်တွင် စစ်ကိုင်းတိုင်း ကောလင်းခရိုင် တပ်ရင်း(၃) မှ ပြည်သူ့ရဲဘော် မောင်အောင်ခိုင်ဦး သည် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပါတယ်။ ပြည်သူများအနေဖြင့် နွေဦးသူရဲကောင်းများအားရည်စူးပြီး သူတို့ရဲ့ကျန်ရစ်သူမိသားစုအတွက် "ဒို့ … နွေဦးသူရဲကောင်းအတွက် ငွေတိုက်စာချုပ်” တွေကို ဆက်သွယ်ဝယ်ယူလှူဒါန်းပေးနိုင်တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၉။ အမေ့ယပ်တောင် အမည်နဲ့ရန်ပုံငွေရှာဖွေရာမှ ရရှိလာသော ငွေကြေးများကို မီးရှို့ဖျက်ဆီးခံရတဲ့ နယ်မြေတွေက ဒုက္ခသည်တွေထံ ပေးပို့ကူညီမယ်
သြဂုတ်လအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည် ကိုင်ဆောင်အသုံးပြုခဲ့တဲ့ ယပ်တောင်ကို မဲဖေါက်ပြီး ရောင်းချမယ်လို့ CRPH Support Group, Norway ကကြေညာအသိပေးပါတယ်။ အမေ့ယပ်တောင် အမည်နဲ့ရန်ပုံငွေရှာဖွေရာမှ ရရှိလာသော ငွေကြေးများကို မီးရှို့ဖျက်ဆီးခံရတဲ့ နယ်မြေတွေက ဒုက္ခသည်တွေထံ ပေးပို့ကူညီမယ်လို့သတင်းရရှိပါတယ်။
"အကြမ်းဖက်စစ်တပ်ရဲ့ ရွာလုံးကျွတ် မီးရှို့မှုများနဲ့ လေယာဉ်ပေါ်မှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် မြန်မာနိုင်ငံအနှံ့မှာ ပြည်တွင်းစစ်ဘေးရှောင်ဒုက္ခသည်ပေါင်း ရှစ်သိန်းကျော်လောက် ရှိနေပါပြီ။ သူတို့ကို ကူညီဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန အနေနဲ့ ရံပုံငွေများ လိုအပ်နေပါတယ်။ ဒီလိုအပ်ချက်ကို ဖြည်ဆည်းဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် ကိုင်ဆောင်အသုံးပြုခဲ့တဲ့ ယပ်တောင်ကို မဲဖေါက်ပြီး ရောင်းချနေပါတယ်" လို့ ဆိုပါတယ်။
လက်ရှိမှာ ကံစမ်းမဲလက်မှတ်တစ်စောင်အား အမေရိကန်ဒေါ်လာ၁၀ဒေါ်လာနဲ့ရောင်းချနေပြီးဒီအစီအစဉ်ကနေ ရရှိလာတဲ့ ရံပုံငွေအားလုံးကို အထက်ပါ ဝန်ကြီးဌာနက တဆင့် မီးရှို့ဖျက်ဆီးခံရတဲ့ နယ်မြေတွေက ဒုက္ခသည်တွေထံကို ပေးပို့ကူညီသွားမှာ ဖြစ်ပါတယ်။ လက်မှတ်ရောင်းချမည့်ရက်မှာ - ၈၊ ၈၊ ၂၀၂၂ မှ ၂၄၊ ၈၊ ၂၀၂၂ အထိဖြစ်ပါတယ်။
========================
📌📌 ၁၀။ ပွတ်လုံးဒေသ မြစ်ကြောင်းတိုက်ပွဲမှာ အောင်ပွဲနဲ့အတူပြန်လာတဲ့ပြည်သူ့ရဲဘော်PDFများကိုဒေသခံမိဘပြည်သူများက အောင်ပန်းများနဲ့အတူ စားသောက်စရာများနဲ့ကြိုဆိုဂုဏ်ပြု
ပွတ်လုံးဒေသ မြစ်ကြောင်းတိုက်ပွဲမှာ အောင်ပွဲနဲ့အတူပြန်လာတဲ့ပြည်သူ့ရဲဘော် PDF များကိုဒေသခံမိဘပြည်သူများက အောင်ပန်းများနဲ့အတူ စားသောက်စရာများနဲ့ကြိုဆိုဂုဏ်ပြုခဲ့ပါတယ်။ ဒေသခံပြည်သူများ ကြိုဆိုတဲ့အကြောင်းကို စစ်ကျွန်မခံ မြွေဆိုးတစ်သိုက် PDF က ထုတ်ပြန်ပါတယ်။
"ပွတ်လုံးဒေသ မြစ်ကြောင်းအတိုင်းဆန်တက်လာတဲ့ စကစတပ်များ လိုက်ပါလာတဲ့ရေယာဥ်သုံးစီးကို တိုက်ခိုက်လာခဲ့တဲ့ ပြည်သူ့ရဲဘော် PDF လေးများကို ဒေသခံမိဘပြည်သူများက အောင်ပန်းများ မုန်ပဲသရေစာများနဲ့ အားပေးကြိုဆိုခဲ့ပါတယ်။ပြည်သူလူထုနဲ့ PDF ရဲဘော်များနဲ့ ယခုလိုအပေးအယူညီညီမျှမျှနဲ့ အာဏာရှင်ကို တိုက်ထုတ်ကြပါစို့" လို့ ဆိုထားပါတယ်။ သြဂုတ်လ ၆ ရက်နေ့က ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်လာတဲ့ စစ်အုပ်စုရေယာဥ်များကို ကနီနဲ့ချိုင်အကြား ပွတ်လုံးဒေသမှာ ကာကွယ်ရေးတပ်များက ခုခံတိုက်ခိုက်ခဲ့ပါတယ်။
========================
📌📌 ၁၁။ အင်းလေး IUGR မှ M4 မောင်းပြန်သေနတ်တစ်လက်ဝယ်ယူနိုင်ခဲ့
အင်းလေး IUGR မှ M4 မောင်းပြန်သေနတ်တစ်လက်ဝယ်ယူနိုင်ခဲ့ပါတယ်။ သြဂုတ်လအတွင်းမှာ အင်းလေး IUGR မှအသိပေးဖော်ပြခဲ့ပါတယ်။
"ပြည်တွင်းပြည်ပရှိ အလှူရှင်များကျေးဇူးကြောင့် မိမိတို့ IUGR မှ M4 မောင်းပြန် တစ်လက် ဝယ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်" လို့ ဆိုပါတယ်။ ဝယ်ယူရရှိသော လက်နက်နဲ့ စစ်ကောင်စီ၏ ထောက်တိုင်များ၊ ရဲစခန်း၊ တပ်စခန်းများအား အလစ်ငိုက် ချေမှုန်းနိုင်ရေး အဓိကလုပ်ဆောင်သွားမယ်လို့ကြေညာပါတယ်။
No comments:
Post a Comment