၂၀၂၂ သြဂုတ်လ ၁၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ မျိုးဆက်ပေါင်းစုံ ပါဝင်ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးဟာ မကျေသေးတဲ့အကြွေးကို ကြေအောင်ဆပ်ဖို့ အာဏာရှင်စနစ် အဆုံးသတ်မယ့်တော်လှန်ရေးလည်းဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်ဆို
📌 ၂။ အကြမ်းဖက် စစ်ကောင်စီအနေနဲ့ တော်လှန်ရေးရေချိန်ကျသွားအောင်ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတဲ့လှည့်ကွက်အနေနဲ့ လုပ်ဆောင်နေတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးပြောကြား
📌 ၃။ စစ်ကောင်စီပိုင်ဆိုင်သော ဆီကားများရပ်နားရာ သာကေတ ၃၈ ကျောင်းရှေ့ ဦးပိုင်ဟိုတယ်ဝန်းအား ချိန်ကိုက်ဗုံးအကြီးဖြင့် ဖောက်ခွဲရေးလုပ်ဆောင်ခဲ့
📌 ၄။ Myaung Fighter Defence Force ထုတ်လုပ်ရေးစင်တာမှ India ကျည်နဲ့ပစ်လို့ရတဲ့ လက်လုပ်သေနတ် အလက် ၃၀ ထုတ်လုပ်မယ်
📌 ၅။ ထိရောက်တဲ့ စစ်ရေးစီမံချက်များဖော်ဆောင်တော့မယ်လို့ ဧရာဝတီတိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က အသိပေး
📌 ၆။ နေပြည်တော် စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့ကို Buy2Donate-B2D က သေနတ်အတိုတစ်လက်ဝယ်ပေးနိုင်ခဲ့
📌 ၇။ အကြမ်းဖက် စစ်အုပ်စုမှ သတ်ဖြတ်၍ သေဆုံးသူ ၂၁၇၄ ဦးထိရှိလာ
📌 ၈။ NUGPay အကောင့်ကိုမေ့သွားပါက ပြန်ဝင်ဖို့ Login key ဖော်နည်းထုတ်ပြန်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ မျိုးဆက်ပေါင်းစုံ ပါဝင်ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးဟာ မကျေသေးတဲ့အကြွေးကို ကြေအောင်ဆပ်ဖို့ အာဏာရှင်စနစ် အဆုံးသတ်မယ့်တော်လှန်ရေးလည်းဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်ဆို
မျိုးဆက်ပေါင်းစုံ ပါဝင်ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးဟာ မကျေသေးတဲ့အကြွေးကို ကြေအောင်ဆပ်ဖို့ အာဏာရှင်စနစ် အဆုံးသတ်မယ့်တော်လှန်ရေးလည်းဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်ကသြဂုတ်လအတွင်း တော်လှန်ရေးနဲ့ပတ်သက်လို့ အမှတ်တရစကား ပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
"အခုလို ၈၈၈၈ အမှတ်တရကာလတွေက ခေတ်အဆက်ဆက် လူငယ်မျိုးဆက်တွေရဲ့ ရဲရင့်မှု တာဝန်ကျေမှုရဲ့သရုပ်သကန်ကို ထုနတ်ဖော်ဖို့လည်းဖြစ်တယ်။ ဒီစိတ်ဓာတ်အမွေနဲ့ မျိုးဆက်ပေါင်းစုံ ပါဝင်ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးဟာ မကျေသေးတဲ့အကြွေးကို ကြေအောင်ဆပ်ဖို့ အာဏာရှင်စနစ် အဆုံးသတ်မယ့်တော်လှန်ရေးလည်းဖြစ်တယ်"လို့ ဝန်ကြီးကဆိုပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်မှာ ပြည်သူ့ခုခံတွန်းလှန်စစ်စတင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရဟာကြေညာခဲ့ပါတယ်။
========================
📌📌 ၂။ အကြမ်းဖက် စစ်ကောင်စီအနေနဲ့ တော်လှန်ရေးရေချိန်ကျသွားအောင်ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတဲ့လှည့်ကွက်အနေနဲ့ လုပ်ဆောင်နေတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးပြောကြား
အကြမ်းဖက် စစ်ကောင်စီအနေနဲ့ တော်လှန်ရေးရေချိန်ကျသွားအောင်ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတဲ့လှည့်ကွက်အနေနဲ့လုပ်ဆောင်နေတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကပြောပါတယ်။ သြဂုတ်လအတွင်းသတင်းဌာနတစ်ခုနဲ့မေးမြန်းရာမှာ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကပြောကြားခဲ့ပါတယ်။
"အကြမ်းဖက် စစ်ကောင်စီအနေနဲ့ကတော့ သူတို့ လှည့်ကွက်အမျိုးမျိုးနဲ့ တော်လှန်ရေးရဲ့ လှုပ်ရှားမှုတွေ နည်းသွား အောင်၊ ရေချိန်ကိုကျသွားအောင် လုပ်ဆောင်တယ်။ အဲဒီနေရာမှာ အခုလုပ်ဆောင်နေတဲ့ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတဲ့ ကတိတခုပါ၊ စစ်အာဏာရှင်တွေ ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲဟာ သူတို့ဘယ်လိုမှ နိုင်ငံတကာမှာ ပြောမလို့မရတဲ့ တရားဝင်မှုဆိုတဲ့၊ legitimacy ကို ရအောင်ဖန်တီးမယ့် နည်းလမ်း တစ်ခု ပဲဖြစ်ပါတယ်။ အဲ့ဒီအရာမှာ တွေဝေမှုမရှိဖို့၊ ဒီနေရာမျိုးမှာ အကြမ်းဖက်စစ်ကောင်စီကို အသိအမှတ် ပြုမှု ဘယ်လိုနည်းနဲ့မှ မပေးဘူး"လို့ဝန်ကြီးကဆိုပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဖျက်ဆီးခဲ့တဲ့အကြမ်းဖက် စစ်အုပ်စုဟာ ၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲပြန်လည်ကျင်းပပေးမယ်လို့ လူထုကိုဖျားယောင်းစကားဆိုထားပါတယ်။
========================
📌📌 ၃။ စစ်ကောင်စီပိုင်ဆိုင်သော ဆီကားများရပ်နားရာ သာကေတ ၃၈ ကျောင်းရှေ့ ဦးပိုင်ဟိုတယ်ဝန်းအား ချိန်ကိုက်ဗုံးအကြီးဖြင့် ဖောက်ခွဲရေးလုပ်ဆောင်ခဲ့
စစ်ကောင်စီပိုင်ဆိုင်သော ဆီကားများရပ်နားရာ ရန်ကုန်မြို့သာကေတ ၃၈ ကျောင်းရှေ့ ဦးပိုင်ဟိုတယ်ဝန်းအား ချိန်ကိုက်ဗုံးအကြီးဖြင့် ဖောက်ခွဲရေးလုပ်ဆောင်ခဲ့ပါတယ်။ သြဂုတ်လ ၁၀ ရက် ည ၇ နာရီ ၂၁ အချိန်မှာ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ Soul Takers- Yangon Underground Force ကထုတ်ပြန်ပါတယ်။
"ကျနော်တို့ Soul Takers- Yangon Underground Force မှ သြဂုတ်လ ၁၀ ရက် ည ၇:၂၁ တွင် စစ်ကောင်စီပိုင်ဆိုင်သော ဆီကားများရပ်နားရာ သာကေတ ၃၈ ကျောင်းရှေ့ ဦးပိုင်ဟိုတယ်ဝန်းအား ချိန်ကိုက်ဗုံးအကြီးဖြင့် ဖောက်ခွဲရေးလုပ်ဆောင်ခဲ့ပါတယ်"လို့ဆိုပါတယ်။ အရပ်ဝတ်ကင်းပုန်းများ၊ စစ်ခွေးများ အင်အားသာလွန် ရှိနေသောကြောင့် ထိတွေ ပစ်ခတ်မှု့များ ပြန်လှန်ဖြစ်ပွားကာ အရေးပေါ်အခြေအနေအရ ဆုတ်ခွာခဲ့ရတယ်လို့ ဖော်ပြပါတယ်။ ပြန်လည်ဆုတ်ခွာရာ လမ်းကြောင်းတွေင် လက်ပစ် မိုင်း အသုံးပြုခဲ့ရခြင်း ခုခံတိုက်ခိုက် ခံရခြင်းများ ရှိသည့်အတွက် soul takers ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်တယ်လို့ဆိုပါတယ်။
========================
📌📌 ၄။ Myaung Fighter Defence Force ထုတ်လုပ်ရေးစင်တာမှ India ကျည်နဲ့ပစ်လို့ရတဲ့ လက်လုပ်သေနတ် အလက် ၃၀ ထုတ်လုပ်မယ်
Myaung Fighter Defence Force ထုတ်လုပ်ရေးစင်တာမှ India ကျည်နဲ့ပစ်လို့ရတဲ့ လက်လုပ်သေနတ် အလက် ၃၀ ထုတ်လုပ်မယ်လို့သတင်းရရှိပါတယ်။ သြဂုတ်လ ၁၁ ရက်မှာ Myaung Fighter Defence Force ကအသိပေးဆိုပါတယ်။
Myaung Fighter Defence Force ထုတ်လုပ်ရေးစင်တာ - တစ် မှ ရဲဘော်များ India ကျည်နဲ့ပစ်လို့ရတဲ့ သေနတ်လေးတွေရှိပါတယ်။ One Ball နဲ့ပစ်ရင်တောင် save ဖြစ်လို့ ချင်း made ထက်ကောင်းတယ်လို့ ပြောလို့ရပါတယ်။ သေနတ် အလက် ၃၀ ထုတ်လုပ်မှာဖြစ်ပါတယ်"လို့ဆိုပါတယ်။ လက်ရှိမှာသေနတ်တစ်လက်ရဲ့ ကုန်ကျမှုဟာ ကျပ်နှစ်သိန်းဝန်းကျင်လောက်ဖြစ်ပါတယ်။ Myaung Fighter Defence Force ဟာ စကစတပ်များကို ခုခံတွန်းလှန်နေတဲ့ တော်လှန်ရေးအင်အားစုလည်းဖြစ်ပါတယ်။
========================
📌📌 ၅။ ထိရောက်တဲ့ စစ်ရေးစီမံချက်များဖော်ဆောင်တော့မယ်လို့ ဧရာဝတီတိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က အသိပေး
ဧရာဝတီတိုင်းဒေသကြီးမှာ ထိရောက်တဲ့ စစ်ရေးစီမံချက်များဖော်ဆောင်တော့မယ်လို့ ဧရာဝတီတိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က အသိပေးကြေညာလိုက်ပါတယ်။ သြဂုတ်လ ၁၁ ရက်နေ့မှာ ကြေညာချက်အမှတ် ၁/၂၀၂၂ ကို ဧရာဝတီတိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ကကြေညာခဲ့ပါတယ်။
"ဧရာဝတီတိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ဟာဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊STF၊UG၊LDFအဖွဲ့များနဲ့ပူးပေါင်းကာ ကာကွယ်ရေးဝန်ကြီးဌာနမှ ချမှတ်ထားတဲ့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများနဲ့အညီ လိုက်နာဆောင်ရွက်ရန် ထိရောက်တဲ့စစ်ရေးစီမံချက်များ ဖော်ဆောင်နိုင်ရန် ကြိုးစားလုပ်ဆောင်သွားမယ်"လို့ ဆိုပါတယ်။ ဧရာဝတီတိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ကိုကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင်လအတွင်း ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါတယ်။
========================
📌📌 ၆။ နေပြည်တော် စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့ကို Buy2Donate-B2D က သေနတ်အတိုတစ်လက်ဝယ်ပေးနိုင်ခဲ့
နေပြည်တော် စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့ကို Buy2Donate-B2D က သေနတ်အတိုတစ်လက်ဝယ်ပေးနိုင်ခဲ့ပါတယ်။ သြဂုတ်လ ၁၁ ရက်နေ့မှာ Buy2Donate-B2D ကသတင်းအတည်ပြုထုတ်ပြန်ပါတယ်။
"နေပြည်တော်အတွက် အတိုတစ်လက်ရပြီ။ ကိုဂျင်မီ နှင့် ကိုဇေယျာသော် အပါအဝင် အာဇာနည်တွေ လုပ်ကြံသတ်ဖြတ်ခံလိုက်ရခြင်းက ကျွန်တော်တို့ကို ပိုပြီးအားစိုက်စေပါတယ်။ အာဇာနည်တွေရဲ့စွန့်လွတ်ခြင်းအတွက် ကျွန်တော်တို့တာဝန်ကြေချင်ပါတယ်။ အကြွေးတောင်းမည့် အစီအစဉ်အနေနဲ့ နေပြည်တော် စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့ကို Buy2Donate-B2D ကနေ ဒီနေ့ အတိုတစ်လက် ဝယ်ပေးဖြစ်ပါတယ်"လို့ဆိုပါတယ်။ နေပြည်တော်ဝန်းကျင်ဆိုတာ သူရဲကောင်း PDF-UG တွေ အတိုတစ်လက်အမြဲဆောင်ထားသင့်တဲ့နေရာဖြစ်တယ်လို့လည်းဖော်ပြပါတယ်။ ဒါ့အပြင်တစ်ရက်နှစ်ရက်အတွင်းကို Buy2Donate-B2D က ဒရုန်းတစ်စီးဝယ်ယူပေးဦးမယ်လို့ ဆိုပါတယ်။
========================
📌📌 ၇။ အကြမ်းဖက် စစ်အုပ်စုမှ သတ်ဖြတ်၍ သေဆုံးသူ ၂၁၇၄ ဦးထိရှိလာ
အကြမ်းဖက် စစ်အုပ်စုမှ သတ်ဖြတ်၍ သေဆုံးသူ ၂၁၇၄ ဦးထိရှိလာပြီလို့သတင်းရရှိပါတယ်။ သြဂုတ်လ ၁၀ ရက်နေ့မှာ နိုင်ငံရေအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကဖော်ပြပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၁၇၄) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။
ဩဂုတ်လ ၁ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ လက်ပံကျင်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏တပ်မှ ရဟတ်ယာဉ် ငါးစီးဖြင့် ပစ်ခတ်၍ စီးနင်းဝင်ရောက်လာခဲ့ပါတယ်။ ထို့နောက် ဩဂုတ်လ ၆ ရက်နေ့တွင် ဦးနိုင်လင်းကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့ပြီးနောက် ဗောဓိတစ်ထောင်ဘုရားအနီး၌ နောက်ကျောဘက်မှ ပစ်သတ်ခဲ့တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၈။ NUGPay အကောင့်ကိုမေ့သွားပါက ပြန်ဝင်ဖို့ Login key ဖော်နည်းထုတ်ပြန်
NUGPay အကောင့်ကိုမေ့သွားပါက ပြန်ဝင်ဖို့ Login key ဖော်နည်းထုတ်ပြန်လိုက်ပါတယ်။ သြဂုတ်လ ၁၁ ရက်မှာ NUGPay ကနေ Login key ဖော်နည်းကိုဖော်ပြပါတယ်။
"NUGPay အကောင့်ကို ပြန်ဝင်ဖို့ Login key က လုံးဝ မှတ်ထားဖို့ လိုတယ်နော်။ အကယ်၍ ဖုန်းထဲမှာ NUGPay App ကို သွင်းထားတယ်၊ ဒါပေမယ့် Login key မေ့နေတယ်ဆိုရင် ပြန်ကြည့်လို့ရမယ့် နည်းလမ်းလေးကို ဝေမျှပေးလိုက်ပါတယ်"လို့ ဆိုပါတယ်။ ပြန်ဖော်နည်းမှာ NUGPay အကောင့်ထဲကိုဝင်၍ View login key ကိုနှိပ်၍ Long press to reveal ကိုကြာကြာဖိထားကာ ကိုယ်ပိုင် PIN ၆ လုံး ကိုရိုက်ထည့်ရမှာဖြစ်ပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment