12th AUG 2022 - Evening Daily News by Radio NUG

၂၀၂၂ သြဂုတ်လ ၁၂ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်ကောင်စီကို စစ်ရေးအရ အဆုံးအဖြတ်ပေးဖို့ပဲကျန်တော့တယ်လို့ ပြည်ထဲရေးဝန်ကြီးဆို

📌 ၂။ စစ်အာဏာရှင်စနစ်ကြောင့် ပြည်သူများခါးစည်းခံနေရတဲ့ ဒုက္ခများ ပြေလည် စေရန် ကရင်အမျိုးသားများနှင့်လက်တွဲညီညီဖြေရှင်းသွားမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနကတိပြု

📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ နည်းပညာဝန်ကြီးဌာနအနေနဲ့ လေကြောင်းရန်ကိုကာကွယ်ဖို့ နည်းပညာနဲ့ပဲတားဆီးဖို့ရာရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ပြောကြားလိုက်

📌 ၄။ ဂျပန်အထက်လွှတ်တော်အမတ် (Hon) Michihiro Ishibashi  နဲ့ NLD ပါတီဆက်ဆံရေးတာဝန်ခံတို့တွေ့ဆုံ

📌 ၅။ မုံရွာမြို့နယ် ဇီးတောရွာကို စကစတပ်များ ယနေ့နံနက်ပိုင်းမီးရှို့ဖျက်ဆီး

📌 ၆။ ပြည်သူ့ကာကွယ်ရေးအဖွဲ့- မုံရွာမြို့နယ်မှ G3 သေနတ်ပုံစံတူများ ထုတ်လုပ်အောင်မြင်

📌 ၇။ "Project Skywalk"  ဘဏ္ဏာငွေရှာဖွေရေး အစီအစဥ်မှာ ပြည်သူများပါဝင်ထောက်ပံ့နိုင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်ကောင်စီကို စစ်ရေးအရ အဆုံးအဖြတ်ပေးဖို့ပဲကျန်တော့တယ်လို့ ပြည်ထဲရေးဝန်ကြီးဆို


စစ်ကောင်စီကို စစ်ရေးအရ အဆုံးအဖြတ်ပေးဖို့ပဲကျန်တော့တယ်လို့ ပြည်ထဲရေးဝန်ကြီးဦးလွင်ကိုလတ်ကလူထုမေးသမျှဖြေကြားတဲ့အစီအစဥ်မှာ ဆိုခဲ့ပါတယ်။


"အခုဆိုနောက်ဆုံးဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဥ်းသားတွေကိုပါ သေဒဏ်စီရင်တဲ့ဟာမျိုးအထိဖြစ်လာတယ်ဆိုတာက ပြောလို့ရှိရင်တော့ စစ်ရေးအရ ဆုံးဖြတ်ပေးဖို့ပဲကျန်တော့တယ်။စစ်ရေးနဲ့လူထုတိုက်ပွဲကို ခိုင်ခိုင်မာမာပေါင်းစပ်ပြီးတော့ ကျနော်တို့ဆောင်ရွက်ဖို့ဖြစ်တယ်"လို့ ဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာ နွေဦးတော်လှန်ရေးဟာ စစ်ရေးအရှိန်ပိုမိုမြှင့်တက်လာပြီး စကစတပ်များအထိအခိုက်အကျအဆုံးများပြားလျက်ရှိပါတယ်။


========================


📌📌 ၂။ စစ်အာဏာရှင်စနစ်ကြောင့် ပြည်သူများခါးစည်းခံနေရတဲ့ ဒုက္ခများ ပြေလည် စေရန် ကရင်အမျိုးသားများနှင့်လက်တွဲညီညီဖြေရှင်းသွားမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနကတိပြု


စစ်အာဏာရှင်စနစ်ကြောင့် ပြည်သူများခါးစည်းခံနေရတဲ့ ဒုက္ခများ ပြေလည် စေရန် ကရင်အမျိုးသားများနှင့်လက်တွဲညီညီဖြေရှင်းသွားမယ်လို့ သြဂုတ်လ (၁၂) ရက်နေ့ (၇၂) နှစ်မြောက် ကရင်အာဇာနည်နေ့သို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာမှာဖော်ပြပါရှိပါတယ်။


ကာကွယ်ရေးဝန်ကြီးဌာနကပေးပို့သောသဝဏ်လွှာအပြည့်အစုံမှာ-


ယနေ့ကျရောက်သော (၇၂) နှစ်မြောက် ကရင်အာဇာနည်နေ့သို့ လေးစားစွာဖြင့် ဦးညွှတ်ဂုဏ်ပြုအပ်ပါတယ်။ကရင်အမျိုးသားများ၏ အမျိုးသားရေးအရ ခွဲခြားဆက်ဆံမှုမရှိစေရန်နှင့်နိုင်ငံရေးအရ တန်းတူအခွင့်အ‌ရေး ရရှိရန် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် ကရင့်အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီးကျဆုံးခဲ့သည့် သြဂုတ်လ (၁၂)ရက်နေ့ကို ကရင်အာဇာနည်နေ့ဟု သတ်မှတ်ကျင်းပခဲ့ကြပါတယ်။

 

ခေတ်အဆက်ဆက်တွင် အမျိုးသားတန်းတူရေးအတွက်   ကိုယ်ကျိုးစွန့်ကာ အသက်ပေးတာဝန်ထမ်းဆောင် ခဲ့ကြသည့် ကရင့်အာဇာနည်များကို ကျွန်ုပ်တို့ အမျိုးသားညီညွတ်‌ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက အသိအမှတ်ပြုအပ်ပါတယ်လို့ဆိုပါတယ်။


ဒါ့အပြင်ယနေ့မြန်မာနိုင်ငံတော်တွင် စစ်အာဏာရှင်စနစ်ကြောင့် ပြည်သူများခါးစည်းခံနေရသည့် ဒုက္ခများ ပြေလည် စေရန် ကရင်အမျိုးသားများနှင့်လက်တွဲညီညီဖြေရှင်းသွားမည်ဖြစ်ကြောင်း ကတိပြုရင်း သဝဏ်လွှာကို တော်လှန်ရေးစိတ်ဓာတ်ဖြင့် ပေးပို့အပ်ပါတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာန ကဖော်ပြထားပါတယ်။


========================


📌📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ နည်းပညာဝန်ကြီးဌာနအနေနဲ့ လေကြောင်းရန်ကိုကာကွယ်ဖို့ နည်းပညာနဲ့ပဲတားဆီးဖို့ရာရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ပြောကြားလိုက်


အမျိုးသားညီညွတ်ရေးအစိုးရ နည်းပညာဝန်ကြီးဌာနအနေနဲ့ လေကြောင်းရန်ကိုကာကွယ်ဖို့ နည်းပညာနဲ့ပဲတားဆီးဖို့ရာရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ကသြဂုတ်လအတွင်းကျင်းပတဲ့ FEDERAL WINGS ဒရုန်းတပ်ဖွဲ့မိတ်ဆက်တဲ့အခမ်းအနားမှာ ဝန်ကြီးကထည့်သွင်းပြောကြားခဲ့ပါတယ်။


"ဒီကနေ့ခေတ်မှာ နည်းပညာနဲ့တိုက်ခိုက်တာကို နည်းပညာနဲ့ပြန်ပြီးတိုက်ခိုက်တာပါပဲ။ကျနော်တို့နည်းပညာဝန်ကြီးဌာနအနေနဲ့ပြောရရင် လေကြောင်းရန် ကာကွယ်ဖို့ နည်းပညာနဲ့တားဆီးဖို့ရာပဲရှိပါတယ်။ ဒရုန်းနဲ့ပတ်သက်ရင် ဘယ်သူနဲ့ပဲ​ြဖစ်ဖြစ် ကျနော်တို့ပူးပေါင်းလုပ်ဆောင်နေပါတယ်။ MOD ဒရုန်းရော၊ ဘယ်ဒရုန်းဖြစ်ဖြစ်ပါ။ဒါတွေက ကျနော်တို့ ဒရုန်းနည်းပညာကို ပြန်ဖြန့်ဝေမယ်"လို့ ဝန်ကြီကဆိုပါတယ်။ FEDERAL WINGS ဒရုန်းတပ်ဖွဲ့ဟာ စစ်ဆင်ရေးအကြိမ်၁၀၀မှာ စကစတပ်သား၅၀ ကျော်သေဆုံးနိုင်ခဲ့ပြီး ၈၀‌ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။


========================


📌📌 ၄။ ဂျပန်အထက်လွှတ်တော်အမတ် (Hon) Michihiro Ishibashi  နဲ့ NLD ပါတီဆက်ဆံရေးတာဝန်ခံတို့တွေ့ဆုံ


ဂျပန်အထက်လွှတ်တော်အမတ် (Hon) Michihiro Ishibashi  နဲ့ NLD ပါတီ ဗဟိုအလုပ်ကော်မတီရဲ့ ဆက်ဆံရေးတာဝန်ခံဦးဘိုဘိုဦးတို့တွေ့ဆုံခဲ့တယ်လို့ သြဂုတ်လ ၁၁ ရက်နေ့မှာ  ဦးဘိုဘိုဦးက လူမှုကွန်ရက်မှာဆိုပါတယ်။


"ဂျပန်အထက်လွှတ်တော်အမတ် (Hon) Michihiro Ishibashi  နဲ့တွေ့ဆုံခဲ့ပါတယ်။ မြန်မာ့အရေးနဲ့ပါတ်သက်ပြီး  စိတ်ထက်သန်တဲ့ မြန်မာပြည်သူတွေကို နားလည်ထောက်ခံနေတဲ့၊ ဂျပန်အထက်လွှတ်တော်အမတ်ကိုတွေ့ရတာအကျိုးရှိပါတယ်။ မြန်မာ့အရေးနဲ့ပါတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်"လို့ ဆိုပါတယ်။ ဒါ့အပြင်ဂျပန်အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ်မူဝါဒချမှတ်တဲ့အခါမှာ မြန်မာပြည်သူတွေရဲ့ဆန္ဒကိုထင်ဟပ်စေဖို့ ဂျပန်အထက်လွှတ်တော်အမတ်တစ်ဦးအနေနဲ့ ကြိုးပမ်းပေးဖို့တိုက်တွန်းခဲ့တယ်လို့လည်း ဦးဘိုဘိုဦးကပြောပါတယ်။


========================


📌📌 ၅။ မုံရွာမြို့နယ် ဇီးတောရွာကို စကစတပ်များ ယနေ့နံနက်ပိုင်းမီးရှို့ဖျက်ဆီး


စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ဇီးတောရွာကို စကစတပ်များ ယနေ့နံနက်ပိုင်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ သြဂုတ်လ ၁၂ ရက်နေ့ နံနက်အစောပိုင်းမှာ စကစတပ်များဟာ ဇီးတောကျေးရွာကိုဖျက်ဆီးခဲ့တယ်လို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုကအတည်ပြုပြောပါတယ်။


"မုံရွာမြို့နယ်ဇီးတောရွာကိုစကစတပ်များမှနေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့ပါတယ်။ချင်းတွင်းတံတားပေါ်မှရွှေတောင်ဦးအောင်ဇေယျစကစတပ်များကုန်းထိလည်းလုံခြုံရေးတင်းကြပ်စွာချထားတာကိုလဲတွေ့ရပါတယ်ခရီးသွားပြည်သူများသတိထားကြပါ"လို့ဆိုပါတယ်။ စကစတပ်များဟာ စစ်ကိုင်းတိုင်းထဲရှိ မြို့နယ်များကို နေ့စဥ်ရက်ဆက် စစ်ကြောင်းထိုးနေပြီး အရပ်သားနေအိမ်ထောင်နဲ့ချီကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။


========================


📌📌 ၆။ ပြည်သူ့ကာကွယ်ရေးအဖွဲ့- မုံရွာမြို့နယ်မှ G3 သေနတ်ပုံစံတူများ ထုတ်လုပ်အောင်မြင်


ပြည်သူ့ကာကွယ်ရေးအဖွဲ့- မုံရွာမြို့နယ်မှ G3 သေနတ်ပုံစံတူများ ထုတ်လုပ်အောင်မြင်ခဲ့ကြောင်းကို သြဂုတ်လအတွင်းမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့- မုံရွာမြို့နယ်ကအသိပေးပြောပါတယ်။


"ပြည်သူ့ကာကွယ်ရေးအဖွဲ့- မုံရွာမြို့နယ်၏ ထုတ်လုပ်ရေးစခန်းမှ ထုတ်လုပ်သော ပြောင်းအရစ်ပါ ဘာဘိုင် ဘောက်ထိုး (5.56, 7.62, G3) လက်နက်ငယ်များနှင့် မိုင်းအမျိုးအစားများဖြစ်ပါတယ်"လို့ ဆိုပါတယ်။ ပကဖ မုံရွာမြို့နယ်၏ လမ်းညွန်မှု့နှင့်အညီ ဖွဲ့စည်ထားသော ကျေးရွာ ပကဖများအတွက် အဓိက ထုတ်လုပ်ဖြန့်ဝေပေးလျှက်ရှိတယ်လို့ဆိုပါတယ်။ ဖြန့်ဝေပြီး လက်နက်ငယ် အချောင်းရေ (၅ဝ) ကျော် နှင့် မိုင်းအမျိုးမျိုး အလုံး (300) ကျော် ဖြန့်ဝေပြီး ဖြစ်ပါတယ်။


========================


📌📌 ၇။ "Project Skywalk"  ဘဏ္ဏာငွေရှာဖွေရေး အစီအစဥ်မှာ ပြည်သူများပါဝင်ထောက်ပံ့နိုင်


"Project Skywalk"  ဘဏ္ဏာငွေရှာဖွေရေး အစီအစဥ်မှာ ပြည်သူများပါဝင်ထောက်ပံ့နိုင်တယ်လို့သတင်းရရှိပါတယ်။


"နည်းပညာခေတ်မှာ ကြီးပြင်းလာတဲ့ မျိုးဆက်သစ်တော်လှန်ရေး ပြည်သူ့ကာကွယ်ရေးတပ်သားတွေရဲ့ Drone တိုက်ခိုက်မှုစွမ်းရည်တွေက ခေတ်နောက်ပြန်ဆွဲနေတဲ့ စစ်အာဏာရှင်​​လက်အောက်ခံ စစ်ကောင်စီတပ်သားတွေကို အရှိုက်ထိအောင်၊ အထိနာ​​အောင် စိန်ခေါ်ခြိမ်းခြောက်နေနိုင်ပါပြီ"လို့ Project Skywalk ကဖော်ပြပါတယ်။


မြေပြင်က Drone တိုက်ခိုက်ရေးတပ်ဖွဲ့တွေအတွက် စစ်ဆင်ရေးကို ပိုပြီး အရှိန်မြှင့်နိုင်ဖို့နဲ့ ဟန်ချက်ညီညီ ချိတ်ဆက်လုပ်ဆောင်မှုတွေ ပိုပြီးပုံဖော်နိုင်ဖို့ရာအတွက်ထောက်ကူပံ့ပိုး​​ပေးဖို့ "Project Skywalk" က ဘဏ္ဍာငွေရှာဖွေရေး အစီအစဥ်တစ်ရပ်အနေနဲ့စတင်နေပြီလို့လည်းဖော်ပြထားပါတယ်။ လက်ရှိမှာ စစ်ဆင်ရေးအတွက် ဒရုန်းများဝယ်ယူတပ်ဆင်ရန် ရန်ပုံငွေရှာဖွေနေခြင်းလည်းဖြစ်ပါတယ်။


"(..၂၀၂၂)မှ (..၂၀၂၂) ထိ လတာအတွင်း အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ၏ဘက်မှ သေဆုံးသူ- ၁၉၇၅ ဦး အထိကျဆုံးခဲ့ပြီး ထိခိုက်သူ - ၈၉၀ ဦး အထိဒဏ်ရာရရှိခဲ့တယ်လို့ပြည်ထဲရေးဝန်ကြီးဌာနကဖော်ပြပြီး စစ်ဆင်ရေးတွေထဲမှာ ဒရုန်းနဲ့တိုက်ခိုက်မှုတို့လည်းပါဝင်ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment