၂၀၂၂ သြဂုတ်လ ၁၃ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ မြန်မာနိုင်ငံရဲ့ငွေကြေးဟာ စက္ကူသာသာ အဆင့်မျိုးရောက်တော့မယ့်အခြေအနေ ဖြစ်လာနေပြီလို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ဆို
📌 ၂။ အကြမ်းဖက်စစ်တပ်ကို ပြည်ပနိုင်ငံများက ငွေမချေးရန် သက်ဆိုင်ရာနိုင်ငံများထံ တရားဝင်အသိပေးအကြောင်းကြားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ဆို
📌 ၃။ ကမ္ဘာ့အဖယ်အကျဥ်ခံလူသားတွေအဖြစ် တံခါးပိတ်တဲ့ စစ်ကောင်စီဖြစ်သွားပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား
📌 ၄။ (၇၂) နှစ်မြောက် ကရင်အာဇာနည်နေ့အခမ်းအနားသို့ NUG အစိုးရ ပြည်ထောင်စုဝန်ကြီးနဲ့ ဒုဝန်ကြီးတက်ရောက်
📌 ၅။ ဘုတလင်မြို့နယ်တွင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ လမ်းညွှန်မှုဖြင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ
📌 ၆။ တစ်လလျှင် အမေရိကန်ဒေါ်လာ ၃၀ ထည့်ဝင်၍နွေဦးကျန်းမာရေးသူရဲကောင်းအဖွဲ့ဝင်အဖြစ်ခံယူနိုင်
📌 ၇။ PDA ယင်းမာပင်မှ 5.56 ကျည်အမျိုးအစားသုံး ရိုင်ဖယ်ထုတ်လုပ်အောင်မြင်
📌 ၈။ nyaView@ 6.5 Mile”“ ၁ ပတ်အတွင်း ဒေါ်လာ ၈ သိန်းကျော်ဖိုးရောင်းချရခဲ့
📌 ၉။ ဒီပဲယင်းမြို့နယ်မှာ ကျေးရွာပေါင်း၈ရွာမှ လူသားဒိုင်းအဖြစ် စကစတပ်များ ဖမ်းဆီးခေါ်ဆောင်သွားသော အရပ်သား ၅၀ ကျော်လွတ်မြောက်ခြင်းမရှိသေး
📌 ၁၀။ ဗန်းမောက် PDF နဲ့ ပကဖ များမှ မြို့နယ်ထွေအုပ်ရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးကျော်မင်းဟန် နေရာတွင် သေဆုံးသွားတယ်လို့ဆို
📌 ၁၁။ သန်လျင်မြို့ထမလုံရပ်ကွက် ဂိတ်ဝမှတ်တိုင်နားရှိအကြမ်းဖက် စစ်ကောင်စီ တပ်စွဲထားသော ဆက်သွယ်ရေးရုံးအား ဖောက်ခွဲ တိုက်ခိုက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ မြန်မာနိုင်ငံရဲ့ငွေကြေးဟာ စက္ကူသာသာ အဆင့်မျိုးရောက်တော့မယ့်အခြေအနေ ဖြစ်လာနေပြီလို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ဆို
မြန်မာနိုင်ငံရဲ့ငွေကြေးဟာ စက္ကူသာသာ အဆင့်မျိုးရောက်တော့မယ့်အခြေအနေ ဖြစ်လာနေပြီလို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က သြဂုတ်လ ၁၂ ရက်မှာ ကျင်းပတဲ့ တော်လှန်ထောက်ပို့တောင်ပိုင်းသို့ တော်လှန်ရေးရန်ပုံငွေရှာဖွေရေးအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
"အာဏာရှင်တွေဟာ ဘယ်တုန်းကမှ ပြည်သူ့အကျိုးကို ဦးစားမပေးနိုင်ဘူး။ဘာကြောင့်လဲဆိုရင် အာဏာတည်မြဲရေးကသာ သူတို့အတွက် ဦးစားပေးနံပါတ်တစ်၊ အာဏာတည်မြဲရေးကသာဦးစားပေးနှစ်၊ အာဏာတည်မြဲရေးကသာလျှင် ဦးစားပေးသုံးဖြစ်ပါတယ်။ လက်ရှိတိုင်းပြည် စီးပွားရေးအခြေအနေကို အစပြန်ကြည့်မယ်ဆိုလို့ရှိရင် အာဏာရှင်တည်မြဲရေးအတွက်ပဲ ဦးတည်ဆောင်ရွက်နေတယ်။တိုင်းပြည်မှာရှိတဲ့ငွေကြေးဆိုတာလည်း စက္ကူသာသာ အဆင့်မျိုးရောက်တော့မယ့်အခြေအနေ ဖြစ်လာပါပြီ"လို့ဝန်ကြီးကဆိုပါတယ်။ ဒါ့အပြင်လက်ရှိမှာ လုပ်ငန်းရှင်တွေဟာ မြန်မာငွေကို ကိုင်ထားရဲတဲ့အခြေအနေမျိုးမှာ မရှိတော့ဘူးလို့ ဝန်ကြီးကထပ်လောင်းပြောပါတယ်။
========================
📌📌 ၂။ အကြမ်းဖက်စစ်တပ်ကို ပြည်ပနိုင်ငံများက ငွေမချေးရန် သက်ဆိုင်ရာနိုင်ငံများထံ တရားဝင်အသိပေးအကြောင်းကြားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ဆို
အကြမ်းဖက်စစ်တပ်ကို ပြည်ပနိုင်ငံများက ငွေမချေးရန် သက်ဆိုင်ရာနိုင်ငံများထံ တရားဝင်အသိပေးအကြောင်းကြားမယ်လို့ စီမံကိန်း ဘဏ္ဍာရေးနဲ့ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က သြဂုတ်လ ၁၂ ရက်မှာ လူမှုကွန်ရက်မှာ ပြောဆိုလိုက်ပါတယ်။
"ပြည်သူ့အာဏာကို အကြမ်းဖက်စစ်တပ်က အဓမ္မ လုယူလိုက်တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ အဆိုပါ အကြမ်းဖက်စစ်တပ်နှင့်တကွ အပေါင်းပါ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ အသင်းအပင်း၊ ကုမ္ပဏီများက ရယူတဲ့ ပြည်တွင်း/ပြည်ပ ချေးငွေတွေကို လုံးဝအသိအမှတ်ပြုမှာ မဟုတ်သလို၊ ပြည်သူ့ကြွေးမြီအဖြစ်လည်း သတ်မှတ်မှာမဟုတ်ကြောင်း၊ ပြည်သူတွေကလည်း ပြန်လည်ပေးဆပ်မှာ မဟုတ်ဘူးဆိုတာကို-" ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှု ဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ" အဖြစ် တရားဝင် အတိအလင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။ လတ်တလော နိုင်ငံခြားအရန်ငွေ ပြတ်လပ်လုနီးပါးဖြစ်နေပြီး ကြံရာမရ ဖြစ်နေတဲ့ အကြမ်းဖက်စစ်တပ်က ပြည်ပနိုင်ငံတချို့ကနေ ချေးငွေရယူဖို့ ကြိုးစားနေတာ ကြားသိမြင်တွေ့နေရတဲ့အတွက် သက်ဆိုင်ရာနိုင်ငံများထံ ထပ်မံတရားဝင် အသိပေးအကြောင်းကြားသွားပါ့မယ်"လို့ဝန်ကြီးကဆိုပါတယ်။
ဒါ့အပြင်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့အတူ ပူးပေါင်းပြီး သက်ဆိုင်ရာ နိုင်ငံခြားသံရုံးများထံ NUG အစိုးရကပြဌာန်းထုတ်ပြန်ထားတဲ့ ဥပဒေကို ထပ်လောင်းပေးပို့ရင်း အကြမ်းဖက်စစ်တပ်နဲ့ ကင်းကင်းရှင်းရှင်း နေကြဖို့လည်း အသိပေးအကြောင်းကြားရန် စီမံဆောင်ရွက်လျက်ရှိပါတယ်လို့ဝန်ကြီးကထပ်လောင်းပြောပါတယ်။
========================
📌📌 ၃။ ကမ္ဘာ့အဖယ်အကျဥ်ခံလူသားတွေအဖြစ် တံခါးပိတ်တဲ့ စစ်ကောင်စီဖြစ်သွားပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား
ကမ္ဘာ့အဖယ်အကျဥ်ခံလူသားတွေအဖြစ် တံခါးပိတ်တဲ့ စစ်ကောင်စီဖြစ်သွားပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြားလိုက်ပါတယ်။ သြဂုတ်လ ၁၂ ရက် ကျင်းပတဲ့ တော်လှန်ထောက်ပို့တောင်ပိုင်းသို့ တော်လှန်ရေးရန်ပုံငွေရှာဖွေရေး ကံစမ်းမဲဖွင့်ပွဲအခမ်းအနားမှာ ပညာရေးနဲ့ကျန်းမာရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကဆိုပါတယ်။
"နိုင်ငံတကာရဲ့ ဖိအားကို ရနိုင်သလောက်ရအောင်ဆောင်ရွက်တဲ့အတွက်လည်း စစ်ကောင်စီဟာ ချောင်ပိတ်မိနေပြီဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။ချောင်ပိတ်မိနေတဲ့အတွက်နောက်ဆုံးသူတို့ဟာ မဖြစ်နိုင်တဲ့နည်းကိုရွေးသွားပြီဖြစ်ပါတယ်။တံခါးပိတ်တဲ့ စစ်ကောင်စီဖြစ်သွားပြီဖြစ်ပါတယ်။ကမ္ဘာ့ရဲ့အဖယ်အကျဥ်ခံလူသားတွေဖြစ်သွားပါပြီ"လို့ဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာ စကစဟာ အာဆီယံ အစည်းအဝေးများကိုလည်းတက်ရောက်ခွင့်မရှိဘဲ နိုင်ငံတကာအရေးယူပိတ်ဆို့မှုဒဏ်ခတ်ခြင်းများကို အလူးအလဲခံနေရပါတယ်။
========================
📌📌 ၄။ (၇၂) နှစ်မြောက် ကရင်အာဇာနည်နေ့အခမ်းအနားသို့ NUG အစိုးရ ပြည်ထောင်စုဝန်ကြီးနဲ့ ဒုဝန်ကြီးတက်ရောက်
(၇၂) နှစ်မြောက် ကရင်အာဇာနည်နေ့အခမ်းအနားသို့ NUG အစိုးရ ပြည်ထောင်စုဝန်ကြီးနဲ့ ဒုဝန်ကြီးတက်ရောက်ခဲ့ပါတယ်။ သြဂုတ်လ ၁၂ ရက်ကျင်းပတဲ့ (၇၂) နှစ်မြောက် ကရင်အာဇာနည်နေ့အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး နော်ဆူစန်နာလှလှစိုးနဲ့ အလုပ်သမားဒုဝန်ကြီး ဦးကျော်နီတို့တက်ရောက်ခဲ့ပါတယ်။
"သြဂုတ်လ ၁၂ ရက်ကျရောက်တဲ့ ကရင့်အာဇာနည်နေ့သို့တက်ရောက်အမှာစကားပြောကြားခဲ့ပါတယ်"လို့ ဝန်ကြီး နော်ဆူစန်နာလှလှစိုးကဆိုပါတယ်။ အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပန်းခြင်းလည်းပေးပို့ခဲ့ပါတယ်။
========================
📌📌 ၅။ ဘုတလင်မြို့နယ်တွင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ လမ်းညွှန်မှုဖြင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ
စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်တွင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ လမ်းညွှန်မှုဖြင့်ပညာရည်ချွန်ဆုပေးပွဲကို သြဂုတ်လ ၁၂ ရက်မှာကျင်းပခဲ့ပြီးတော့ ဆရာနဲ့မိဘများ၊ကျောင်းသား၊ကျောင်းသူများလည်း တက်ရောက်ခဲ့ပါတယ်။
ဘုတလင်မြို့နယ်မှာ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ လမ်းညွှန်မှုပြည်သူ့ပညာရေးကျောင်းများဖွင့်လှစ်လျက်ရှိပါတယ်။ ဘုတလင်မြို့နယ်မှာ ပြည်သူ့အခြေပြု အခြေခံပညာ စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြား၍ လပတ်စာမေးပွဲများ ပြုလုပ်ကာ ပညာရည်ချွန် ဆုပေးပွဲ အခမ်းအနားများကို ကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။
========================
📌📌 ၆။ တစ်လလျှင် အမေရိကန်ဒေါ်လာ ၃၀ ထည့်ဝင်၍နွေဦးကျန်းမာရေးသူရဲကောင်းအဖွဲ့ဝင်အဖြစ်ခံယူနိုင်
တစ်လလျှင် အမေရိကန်ဒေါ်လာ ၃၀ ထည့်ဝင်၍နွေဦးကျန်းမာရေးသူရဲကောင်းအဖွဲ့ဝင်အဖြစ်ခံယူနိုင်မယ်လို့သတင်းရရှိပါတယ်။ နွေဦးကျန်းမာရေးသူရဲကောင်းအဖွဲ့ဝင် (Spring Healthcare Heroes - SHH) အစီအစဉ်ဟာ "ကျန်းမာရေးစောင့်ရှောက်သူမှ ကျန်းမာရေးစောင့်ရှောက်သူသို့" ကူညီစောင့်ရှောက်မဲ့ အစီအစဉ် ဖြစ်ပါတယ်။
တော်လှန်ရေးကာလ ရှေ့တန်းမှာ ရွပ်ရွပ်ချွံချွံ တိုက်ပွဲနေကြတဲ့ တော်လှန်ရေးရဲဘော်များနဲ့ စစ်ဘေးရှောင် ပြည်သူများကို ပင်ပန်းဆင်းရဲခံပြီး တစ်သားတည်း ဆေးကုသမှုပေးလျက်ရှိတဲ့ ကျန်းမာရေးသူရဲကောင်းဝန်ထမ်းများကို ကူညီစောင့်ရှောက်မဲ့ အစီအစဉ် ဖြစ်ပါတယ်။ SHH ဟာ "ကျန်းမာရေးစောင့်ရှောက်သူမှ ကျန်းမာရေးစောင့်ရှောက်သူသို့" ဆိုတဲ့အတိုင်း ကမ္ဘာ့နေရာအနှံ့အပြားမှာ ရှိနေတဲ့ ကျန်းမာရေးစောင့်ရှောက်သူများက မိမိတို့ရဲ့ ညီအကိုမောင်နှမ၊ လုပ်ဖော်ကိုင်ဖက်များဖြစ်တဲ့၊ မြေပြင်မှာ တော်လှန်ရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ ကျန်းမာရေးစောင့်ရှောက်သူများကို ပံပိုးကူညီသွားမှာဖြစ်ပါတယ်။
Member ကြေးကို တစ်လလျှင် အမေရိကန်ဒေါ်လာ ၃၀ နှုန်း သတ်မှတ်ထားပြီး မိမိ ထည့်ဝင်နိုင်သလောက် ၃ လ၊ ၆ လ၊ ၁ နှစ် အထိ အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်ပါတယ်။ မိမိထောက်ပံ့လိုတဲ့ ရဲဘော်ရဲဘက် အရေအတွက်အလိုက် SHH အဖွဲ့ဝင်ကတ်များ ဝယ်ယူနိုင်မှာဖြစ်ကြောင်းသတင်းရရှိပါတယ်။
========================
📌📌 ၇။ PDA ယင်းမာပင်မှ 5.56 ကျည်အမျိုးအစားသုံး ရိုင်ဖယ်ထုတ်လုပ်အောင်မြင်
PDA ယင်းမာပင်မှ 5.56 ကျည်အမျိုးအစားသုံး ရိုင်ဖယ်ထုတ်လုပ်အောင်မြင်ခဲ့တယ်လို့ သြဂုတ်လ ၁၂ ရက်နေ့မှာ PDA ယင်းမာပင်ကအသိပေးဖော်ပြပါတယ်။
"ကျွန်ုပ်တို့ PDA ၏ ထုတ်လုပ်ရေးစခန်းမှ ထုတ်လုပ်အောင်မြင်ခဲ့သော 5.56 ကျည်အမျိုးအစားသုံး ရိုင်ဖယ်အမျိုးအစားဖြစ်ပါတယ်။ အဖက်ဖက်က အောင်မြင်အောင် ဝိုင်းဝန်းပံ့ပိုးခဲ့ကြသော ပြည်တွင်း ပြည်ပ မိတ်ဆွေများ(အလှုရှင်များ)နှင့် တကွ PDA ထုတ်လုပ်ရေး စခန်းမှ ရဲဘော်ရဲဘက်များကိုယ်လည်းကျေးဇူးအထူးတင်ရှိပါကြောင်း နှင့် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်"လို့ ဆိုပါတယ်။ PDA ယင်းမာပင်ဟာ စစ်အာဏာရှင် ကိုခုခံတွန်းလှန်နေတဲ့ တော်လှန်ရေးအင်အားစုလည်းဖြစ်ပါတယ်။
========================
📌📌 ၈။ nyaView@ 6.5 Mile”“ ၁ ပတ်အတွင်း ဒေါ်လာ ၈ သိန်းကျော်ဖိုးရောင်းချရခဲ့
InyaView@ 6.5 Mile”“ ၁ ပတ်အတွင်း ဒေါ်လာ ၈ သိန်းကျော်ဖိုးရောင်းချရခဲ့ပါတယ်။ သြဂုတ်လ ၁၂ ရက်နေ့မှာ End of Dictator Ship ကဖော်ပြပါတယ်။ ခြင်းကြားရှင်းမယ့်အင်းလျား အစီအစဉ်(၂) InyaView@6.5 Mile ပရောဂျက် စတင်ခဲ့တာ ၇ရက်ရှိပြီ...။ ဒီနေ့မှာတော့ "ရှယ်ရာပေါင်း ၅၀၀" (ဒေါ်လာ ၅ သောင်းဖိုး) ကို တစ်ယောက်တည်းက ဝယ်ယူ အားဖြည့်ခဲ့တဲ့ အတွက် ခုဆို စုစုပေါင်း အရောင်း ဒေါ်လာ ၈ သိန်း ကျော်သွားပါပြီ။ဒီနှုန်းနဲ့သာဆို ၁-၂ ရက်အတွင်း ပထမဆုံး ၁ သန်းပြည့်တော့မယ်လို့ ပြောလို့ရပါတယ်။ ဒီလိုအချိန်ထိ တောင့်ခံနိုင်တဲ့စွမ်းအား၊ နိုင်ရမယ်လို့ တထစ်ချယုံကြည်ထားတဲ့ ပြည်သူတစ်ဦးချင်းစီရဲ့ အင်အားကြောင့် ရှေ့က Project ပေါင်းများစွာကို အောင်မြင်ခဲ့ကြသလို ခြင်းကြားရှင်းမယ့် အင်းလျားအစီအစဉ် (၂) လည်း အောင်မြင်မယ်လို့ ယုံကြည်တယ်"လို့ ဆိုပါတယ်။
လက်ရှိမှာမင်းအောင်လှိုင်ရဲ့ ပိုင်ဆိုင်မှုတွေထဲက ရန်ကုန်မြို့ ၆ မိုင်ခွဲရှိ မြေနဲ့ အိမ်ကို ဒေါ်လာသန်း၂၀ ကျော်တန်သော်လည်း ဒေါ်လာ၇သန်းနဲ့သာ EOD ကရောင်းချပေးနေတာဖြစ်ပါတယ်။ မြေနဲ့ အိမ်ရဲ့ ကာလတန်ဖိုးက ဒေါ်လာ သန်း ၂၀ ကျော်တန်ကြေးရှိသော်လည်း ကြိုပွိုင့်မို့ ဒေါ်လာ ၇ သန်းနဲ့ Financial Right ကို အစုရှယ်ရာ အနေနဲ့ တစ်စုကို ဒေါ်လာ ၁၀၀ နဲ့ ရှယ်ယာပေါင်းက ၇ သောင်းတိတိကိုရောင်းချပေးမှာဖြစ်ပါတယ်။
========================
📌📌 ၉။ ဒီပဲယင်းမြို့နယ်မှာ ကျေးရွာပေါင်း၈ရွာမှ လူသားဒိုင်းအဖြစ် စကစတပ်များ ဖမ်းဆီးခေါ်ဆောင်သွားသော အရပ်သား ၅၀ ကျော်လွတ်မြောက်ခြင်းမရှိသေး
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှာ ကျေးရွာပေါင်း ၈ ရွာမှ လူသားဒိုင်းအဖြစ် စကစတပ်များ ဖမ်းဆီးခေါ်ဆောင်သွားသော အရပ်သား၅၀ ကျော်လွတ်မြောက်ခြင်းမရှိသေးဘူးလို့သတင်းရရှိပါတယ်။ သြဂုတ်လ ၁၂ ရက်မှာ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ဖော်ပြပါတယ်။
"ဩဂုတ်လ (၃) နေ့မှ စတင်ပြီး လူသားဒိုင်းအဖြစ်ဖမ်းဆီးခံကြရတဲ့ဘုရားထွက်- အင်ပင်-ယဒင် နဂါးဘို မြင်းတန့်ကျေး လျှော်ဖြူ ကိုင်းကံနှင့် လက်လှုပ်မှ ပြည်သူ စုစုပေါင်း (၅၀) ကျော်အား လူသားဒိုင်းအဖြစ်ဖမ်းဆီးပြီး စစ်ကြောင်းထိုးကာ ယခုအခါ အဖမ်းဆီးခံရသူများ ပြန်မလွတ်ပဲ ရေဦးမြို့သို့ ခေါ်ဆောင်သွားကြောင်း သိရပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် စကတပ်များဟာညောင်လှကျေးရွာအတွင်း စစ်ကြောင်းနဲ့ တည့်တည့်တိုးပြီး မူးရိုးကုန်းကျေးရွာ ကိုကျော်ဇင်ဦးအား ဆိုင်ကယ်နှင့်လူ တွဲလျှက် ကြိုးတုပ်ကာ မီးရှို့သတ်ဖြတ်ခဲ့ပါတယ်။ အလားတူညောင်လှကျေးရွာ ပြည်သူတစ်ဦးမှာလည်း စစ်ကြောင်းနဲ့ တည့်တည့်တိုးကာ ယဉ်ကျေးအနောက် တောလမ်းလယ်ကွင်း တစ်နေရာနဲ့ ပစ်သတ်ခံရပြီး သေဆုံးခဲ့ရပါတယ်။ ဒီပဲယင်းမြို့နယ်အတွင်း စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခံရမှုကြောင့်ကျေးရွာ (၃၀) ကျော်မှ ပြည်သူ့နေအိမ် (၁၅၀၀) ကျော် မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။
========================
📌📌 ၁၀။ ဗန်းမောက် PDF နဲ့ ပကဖ များမှ မြို့နယ်ထွေအုပ်ရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးကျော်မင်းဟန် နေရာတွင် သေဆုံးသွားတယ်လို့ဆို
ဗန်းမောက် PDF နဲ့ ပကဖ များမှ မြို့နယ်ထွေအုပ်ရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးကျော်မင်းဟန် နေရာတွင် သေဆုံးသွားတယ်လို့ဗန်းမောက်တော်လှန်ရေးအင်အားစုကဆိုပါတယ်။ သြဂုတ်လ ၁၂ ရက် မနက် ၉ နာရီမှာ မြို့နယ်ထွေအုပ်ရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဗန်းမောက်တော်လှန်ရေးအင်အားစုကဖော်ပြပါတယ်။
"သြဂုတ်လ ၁၂ ရက် မနက် ၉ နာရီတွင် ဗန်းမောက် PDF၊ ပကဖ များမှ မြို့နယ်ထွေအုပ်ရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးကျော်မင်းဟန် နေရာတွင် သေဆုံးသွားကြောင်း သတင်းရရှိပါတယ်"လို့ဆိုပါတယ်။ အပြန်အလှန်ပစ်ခတ်မှုများကြောင့်ပြည်သူ့ကာကွယ်ရေးတပ်များဘက်မှ တယောက် တင်ပါးနှင့် ဖနောင့် ကျည်ထိဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပါတယ်။
========================
📌📌 ၁၁။ သန်လျင်မြို့ထမလုံရပ်ကွက် ဂိတ်ဝမှတ်တိုင်နားရှိအကြမ်းဖက် စစ်ကောင်စီ တပ်စွဲထားသော ဆက်သွယ်ရေးရုံးအား ဖောက်ခွဲ တိုက်ခိုက်
ရန်ကုန်တိုင်း သန်လျင်မြို့ထမလုံရပ်ကွက် ဂိတ်ဝမှတ်တိုင်နားရှိအကြမ်းဖက် စစ်ကောင်စီ တပ်စွဲထားသော ဆက်သွယ်ရေးရုံးအား ဖောက်ခွဲ တိုက်ခိုက်ခဲ့ပါတယ်။ သြဂုတ်လ ၁၂ ရက် ည ၇:၃၀ တွင် သံလျင်မြို့ထမလုံရပ်ကွက် ဂိတ်ဝမှတ်တိုင်နားရှိ အကြမ်းဖက် စစ်တပ်တပ်စွဲထားသော ဆက်သွယ်ရေးရုံးကို လက်ပစ်ဗုံးပစ်သွင်းခဲ့တယ်လို့ Soul Takers- Yangon Underground Force မှဆိုပါတယ်။
"ကျနော်တို့ Soul Takers- Yangon Underground Force မှ ယနေ့ သြဂုတ်လ ၁၂ ရက် ည ၇:၃၀ တွင် သံလျင်မြို့ထမလုံရပ်ကွက် ဂိတ်ဝမှတ်တိုင်နားရှိ အကြမ်းဖက် စစ်တပ်တပ်စွဲထားသော ဆက်သွယ်ရေးရုံးအား လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ခဲ့ပါတယ်"လို့ ဆိုပါတယ်။ လက်ပစ်ဗုံးမှာလည်း ရုံးအတွင်းသို့ ရောက်ရှိပေါက်ကွဲသွားပြီး အလျှင်မြန်ပြန်လည် ဆုတ်ခွာလာသည့်အတွက် သေဆုံး ထိခိုက် မှု့ အသေးစိတ်ကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ဖော်ပြပါတယ်။ ယခုအချိန်တွင် missionအား အောင်မြင်စွာဆောင်ရွက်ပြီး ရဲဘော်အားလုံး လုံခြုံတဲ့ နေရာသို့ ဆုတ်ခွာနိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment