၂၀၂၂ အောက်တိုဘာလ ၂၀ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေး
📌 ၂။ NUG ဖက်ဒရယ်ရေးရာဝန်ကြီး ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းနဲ့ကိုရီးယားနိုင်ငံတော်သုတေသနကောင်စီ ဥက္ကဌ တွေ့ဆုံ
📌 ၃။ မြန်မာစစ်တပ်ဟာ ၎င်းတို့ ဆောင်ရွက်ခဲ့တဲ့ ဓာတုလက်နက်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှု လုံးဝမရှိခဲ့ဖူးလို့သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား
📌 ၄။ နွေဦးတော်လှန်ရေး ရန်ပုံငွေရှာဖွေမှုမှာ ပါဝင်မှုများဟာ အလဟသတ်ဖြစ်မသွားဘူးလို့ဒုဝန်ကြီးအိသဉ္ဇာမောင်ပြောကြား
📌 ၅။ အင်းစိန် အကျဥ်းထောင် ဗုံးပေါက်ကွဲမှု အမျိုးသားညီညွတ်ရေးအစိုးရကစုံစမ်းစစ်ဆေးနေပြီး အရပ်သားပြည်သူများအား ထိခိုက်စေတဲ့လုပ်ရပ်ကိူကျူးလွန်သူများအား တရားဥပဒေနှင့်အညီ အရေးယူမယ်လို့အသိပေး
📌 ၆။ ပျောက်ကျား Mission များတွင်အသုံးပြုနိုင်တဲ့ Shotgun များကို Serial နံပါတ် အလိုက်ထုတ်လုပ်သွားမယ်လို့ MPF (Taze) အသိပေး
📌 ၇။ c2d appပြန်ကျနေ၍ ဝိုင်းဝန်းကြရန် Click2 donate တိုက်တွန်း
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေး
အောက်တိုဘာလ ၁၉ ရက်နေ့မှာပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနတို့ ပြည်သူ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များနှင့်စပ်လျဥ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
တွေ့ဆုံပွဲမှာ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီ၊ ဥက္ကဋ္ဌ ဦးဇေလတ်က နွေဦးတော်လှန် ရေးအောင်မြင်စေရန် ကော်မတီနှင့် ဝန်ကြီးဌာနတို့အကြား လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်သူ့လုံခြုံရေးကဏ္ဍအတွက် ပိုမိုချိတ်ဆက်လုပ်ဆောင်သွားနိုင်ရန် အဖွင့်အမှာစကား ပြောကြားပြီးနောက် ဝန်ကြီးဌာန၏ တာဝန်ရှိသူများက မြေပြင်အုပ်ချုပ်ရေးဆောင်ရွက်နေမှုများ၊ ပြည်သူ့လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းထားရှိမှုနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် ချိတ်ဆက် လုပ်ဆောင်မှုများအား ရှင်းလင်းတင်ပြခဲ့ကြပါတယ်။
ထို့နောက် ကော်မတီအဖွဲ့ဝင်များက မြေပြင်အခြေအနေများနှင့်စပ်လျဥ်း၍ တရားဥပဒေစိုးမိုး ရေးဆိုင်ရာကိစ္စရပ်များ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များဆိုင်ရာကိစ္စရပ်များအပေါ် မေးခွန်းများ မေးမြန်းခြင်းနှင့် ဝန်ကြီးဌာနနှင့် ဟန်ချက်ညီစွာ ရှေ့ဆက်ပူးပေါင်းလုပ်ဆောင်သင့်သည်များကို ပိုမိုဆောင်ရွက်သွားနိုင်ရန် အကြံပြုပြောကြားခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးပွဲသို့ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကွမ်မင်း၊ တွဲဖက်အမြဲတမ်းအတွင်းဝန် ဒေါက်တာလှိုင်မြင့်ဟန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ရုံးအဖွဲ့များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ NUG ဖက်ဒရယ်ရေးရာဝန်ကြီး ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းနဲ့ကိုရီးယားနိုင်ငံတော်သုတေသနကောင်စီ ဥက္ကဌ တွေ့ဆုံ
အောက်တိုဘာလ (၁၉) ရက်မှာ NUG ဖက်ဒရယ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းဟာ ကိုရီးယားသမ္မတနိုင်ငံတော်၏ အစိုးရဆိုင်ရာ နိုင်ငံတော်သုတေသန ကောင်စီ၏ ဥက္ကဋ္ဌ မစ္စတာ ဂျောင်ဟဲဂူး(MR- JUNG HAE GU) နှင့် တွေ့ဆုံကာ မြန်မာအရေးအား ဆွေးနွေးခဲ့ပါတယ်။
ဆွေးနွေးပွဲမှာ ပြည်ထောင်စုဝန်ကြီးမှ လက်ရှိ မြန်မာ့နိုင်ငံအရေးနှင့် ပက်သက်ပြီး ကိုရီးယားနိုင်ငံတော်သုတေသနကောင်စီ၏ စိတ်အားထက်သန်စွာ ဝိုင်းဝန်းကူညီအားပေးမှုအား အထူးကျေးဇူးတင်ရှိပါကြောင်း၊ လက်ရှိ မြန်မာနိုင်ငံတော်တွင် မင်းအောင်လှိုင် ခေါင်းဆောင်သော အကြမ်းဖက်စစ်တပ်၏ လူမဆန်သော လုပ်ရပ်များကြောင့် လူငယ်များ၊ တက္ကသိုလ်ကျောင်းသူကျောင်းသားများနှင့် ကလေးသူငယ်များ ကျောင်းဆက် မတက်နိုင်မှုသည် အထူး စိုးရိမ်စရာဖြစ်နေကြောင်းနှင့် မြန်မာနိုင်ငံအနာဂတ်အတွက် ပညာရေးသည် အဓိကကျသောအရာအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရမှ သတ်မှတ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးမှ ကိုရီးယားနိုင်ငံတော်နှင် နိုင်ငံတော်သုတေသနကောင်စီအနေဖြင့် ကူညီထောက်ပံ့နိုင်မည့် နည်းလမ်းများကို ရှင်းလင်းပြောပြခဲ့ပါတယ်။
ကိုရီးယားနိုင်ငံတော်သုတေသနကောင်စီ ဥက္ကဋ္ဌကလည်း မိမိတို့ သုတေသနကောင်စီအနေဖြင့် မြန်မာဒီမိုကရေစီအရေးကို အစဉ်မပြတ် စောင့်ကြည့် လေ့လာနေသည်မှာ အတော်ကြာပြီ ဖြစ်ကြောင်း၊ အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ အခြေအနေများအပေါ် အထူးစိတ်မကောင်းဖြစ်ရကြောင်း၊ အကြမ်းဖက်စစ်ကောင်စီမှ ဖျက်စီးနေသောမြန်မာ့ပညာရေးကို သူတို့အနေနဲ့ ကူညီထောက်ပံ့နိုင်မည့် နည်းလမ်းများကိုလည်း ရှာဖွေလျှက်ရှိနေကြောင်း၊ ဝန်ကြီးအား အခုလို လူချင်းဆုံတွေ့နိုင်ခွင့်ရသည်ကိုလည်း အထူးကျေးဇူးတင်ရှိကြောင်းအား ပြောကြားကာ နောင် အနာဂတ်တွင်အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် ကိုရီးယားနိုင်ငံတော် သုတေသနကောင်စီ၏ အတူတွဲဘက် လုပ်ဆောင်မည့် လုပ်ငန်းအတွက် လိုအပ်ချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။
========================
📌📌 ၃။ မြန်မာစစ်တပ်ဟာ ၎င်းတို့ ဆောင်ရွက်ခဲ့တဲ့ ဓာတုလက်နက်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှု လုံးဝမရှိခဲ့ဖူးလို့သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား
အောက်တိုဘာ ၁၉ ရက်က (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ (လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီ) ၏ “အဖျက်စွမ်းအားပြင်းလက်နက်များ” ခေါင်းစဉ်ဖြင့် ဘာသာရပ်ဆိုင်ရာဆွေးနွေးမှုအစီအစဉ်မှာဆိုခဲ့ပါတယ်။
"မြန်မာစစ်တပ်ဟာ ၎င်းတို့ ဆောင်ရွက်ခဲ့တဲ့ ဓာတုလက်နက်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှု လုံးဝမရှိခဲ့ဖူးပါကြောင်း၊ နျူကလီးယားလက်နက်ဖျက်သိမ်းရေးနှင့် မပြန့်ပွားရေးကိစ္စရပ် များတွင်လည်း ကောင်းမွန်သည့်မိတ်ဖက်မဖြစ်ခဲ့ဖူးပါကြောင်း၊ ထို့အပြင် သမိုင်းကြောင်းအရသာမက လက်ရှိ မြန်မာစစ်တပ်၏ အပြစ်မဲ့မြန်မာပြည်သူများအပေါ် ရက်စက်စွာ လူမဆန်စွာ ယုတ်မာစွာ ကျူးလွန်နေမှုများကို ကြည့်ခြင်းအားဖြင့် မြန်မာစစ်တပ်သည် မြန်မာပြည်သူများအပေါ် ဆိုးရွားသည့် မည်သည့်လုံခြုံရေးခြိမ်းခြောက်မှုမျိုးကိုမဆို ကျူးလွန်ရန် တုန့်ဆိုင်းနေမည် မဟုတ်ပါကြောင်း"ဆိုခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဟာ အဖျက်စွမ်းအားပြင်းလက်နက်များ ကင်းစင်သောကမ္ဘာကြီး တည်ဆောက်ရေး တွင် အပြည့်အဝပူးပေါင်းဆောင်ရွက်သွားမယ်လို့ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကထပ်လောင်းဆိုပါတယ်။
========================
📌📌 ၄။ နွေဦးတော်လှန်ရေး ရန်ပုံငွေရှာဖွေမှုမှာ ပါဝင်မှုများဟာ အလဟသတ်ဖြစ်မသွားဘူးလို့ဒုဝန်ကြီးအိသဉ္ဇာမောင်ပြောကြား
နိုင်ငံတကာက ချီးကျူးရလောက်အောင် နွေဦးတော်လှန်ရေး ရန်ပုံငွေရှာဖွေမှုမှာ ပြည်သူလူထုက နည်းလမ်းမျိုးစုံနဲ့ပါဝင်နေကြပြီး ပါဝင်မှုများဟာ အလဟသတ်ဖြစ်မသွားဘူးလို့ဒုဝန်ကြီးအိသဉ္ဇာမောင်ကအောက်တိုဘာ ၁၉ ရက်ကျင်းပတဲ့ ချင်းရန်ပုံငွေအဖွဲ့ (CRFP) ရဲ့"တူမီးထီ စကားဝိုင်း" မှာဆိုပါတယ်။
"ကျမတို့ရဲ့ ရန်ပုံငွေရှာဖွေတဲ့အစီအစဥ်တွေကို နိုင်ငံတကာက ချီးကျူးရလောက်အောင် နည်လမ်းပေါင်းစုံနဲ့ထောက်ပို့နေကြတာပေါ့။လူပေါင်းစုံထောက်ပို့ပါဝင်ကြတယ်။ အမျိုးသမီးပါတယ်။လူငယ်တွေပါတယ်။နောက်တန်းမှာ ကျန်ခဲ့တဲ့ တော်လှန်ရေးတပ်သားကအစပါပါတယ်။ တချို့ရှိလို့ ပါတာလားဆိုတော့ တစ်နေ့လုပ်အားခနဲ့ပါကြပါတယ်။ဒီပိုက်ဆံတွေဟာ အလဟသတ် ဖြစ်မသွားပါဘူး။ တော်လှန်ရေးအင်အားစုတွေဆီကို မှန်မှန်ကန်ကန်နဲ့စီးဆင်းနေပါတယ်"လို့ဆိုပါတယ်။ လက်ရှိမှာ နွေဦးထီ၊ တူးမီးထီအပါအဝင် EOD ရှယ်ယာနဲ့ ငွေတိုက်စာချုပ်များမှ ရရှိငွေများဟာ CDM နဲ့ တော်လှန်ရေးအင်အားစုများကို ထောက်ပို့ပေးအပ်လျက်ရှိပါတယ်။
========================
📌📌 ၅။ အင်းစိန် အကျဥ်းထောင် ဗုံးပေါက်ကွဲမှု အမျိုးသားညီညွတ်ရေးအစိုးရကစုံစမ်းစစ်ဆေးနေပြီး အရပ်သားပြည်သူများအား ထိခိုက်စေတဲ့လုပ်ရပ်ကိူကျူးလွန်သူများအား တရားဥပဒေနှင့်အညီ အရေးယူမယ်လို့အသိပေး
အင်းစိန် အကျဥ်းထောင် ဗုံးပေါက်ကွဲမှု အမျိုးသားညီညွတ်ရေးအစိုးရကစုံစမ်းစစ်ဆေးနေပြီး အရပ်သားပြည်သူများအား ထိခိုက်စေတဲ့လုပ်ရပ်ကိူကျူးလွန်သူများအား တရားဥပဒေနှင့်အညီ အရေးယူမယ်လို့ အောက်တိုဘာလ ၁၉ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန် ကြေညာခဲ့ပါတယ်။
၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၉ ရက် နံနက် ၉ နာရီ ၄၀ ခန့်အချိန်တွင် ရန်ကုန်မြို့ အင်းစိန်ထောင် ထောင်ဝင်စာပေးပို့သည့် နေရာအနီး ပေါက်ကွဲမှု(၂)ကြိမ်နှင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကာ အကျဉ်းဦးစီးဝန်ထမ်းအချို့သာမက ထောင်ဝင်စာပေးပို့ရန်ရောက်ရှိနေသည့် ပြည်သူအနည်းဆုံး(၅) ဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း ဝမ်းနည်းဖွယ်ကြားသိရတယ်လို့ဆိုပါတယ်။
အဆိုပါ နေ့ရက်သည် အင်းစိန်ထောင်အတွင်း မတရားဖမ်းဆီးခြင်းခံထားရသော နိုင်ငံရေး အကျဉ်းသားများ ရုံးထုတ်ရက်နှင့် ထောင်ဝင်စာပေးပို့နိုင်သည့် ရက်ဖြစ်သောကြောင့် ပေါက်ကွဲမှုနှင့် ပစ်ခတ်မှုများ ဖြစ်ပွားသည့် ဖြစ်စဉ်အတွင်း သေဆုံးခဲ့ကြရသည့် အပြစ်မဲ့ပြည်သူများထဲတွင် နိုင်ငံရေးအကျဉ်းသားများ၏ မိခင်များနှင့် မိသားစုဝင်များလည်း ပါဝင်ခဲ့တယ်လို့သိရှိရတယ်လို့ဖော်ပြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အဆိုပါ ဖြစ်စဉ်အသေးစိတ်အား စုံစမ်းလျက်ရှိသလို အဆိုပါ ဖြစ်ရပ်အတွင်း သေဆုံးခဲ့ရသော အရပ်သားပြည်သူများ၏ သေဆုံးခဲ့ရခြင်းအကြောင်းရင်း (Cause of Death) ကိုလည်း စုံစမ်းစစ်ဆေးလျက်ရှိပါတယ်လို့ဆိုပါတယ်။
အရပ်သားပြည်သူများအား ထိခိုက်စေသည့် မည်သည့် လုပ်ရပ်မျိုးကို မည်သည့်အဖွဲ့က ကျူးလွန်သည်ဖြစ်စေ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကန့်ကွက်ရှုတ်ချရုံသာမက ကျူးလွန်ခဲ့သော အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် မည်သူ့ကိုမဆို တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေးကိုလည်း မဖြစ်မနေဆောင်ရွက် သွားမယ်လို့ထုတ်ပြန်ကြေညာခဲ့ပါတယ်။
နောက်ဆုံးရရှိတဲ့သတင်းတွေအရ ဒီကနေ့မှာတော့ "အင်းစိန်ဗဟိုအကျဉ်းထောင်မှာ ထောင်ဝင်စာပို့ ပါဆယ်ပို့၊အထူးတရားရုံးထုတ် အပြင်တရားရုံးထုတ်များကို ယာယီပိတ်ထားလိုက်ပြီဖြစ်ကြောင်း စုံစမ်းအတည်ပြုခဲ့ပါတယ်။ ဘယ်နေ့မှာပြန်ဖွင့်ပေးမလဲ ရက်အကန့်အသတ်မရှိသေးပါ။ ထောင်ဗူးဝရှေ့မှာ စာကပ်မထားပေမယ့် တာဝန်ကျထောင်ဝန်ထမ်းကို စုံစမ်းပြီးအတည်ပြုခဲ့ခြင်းဖြစ်ပါတယ်"လို့ဆိုပါတယ်။
========================
📌📌 ၆။ ပျောက်ကျား Mission များတွင်အသုံးပြုနိုင်တဲ့ Shotgun များကို Serial နံပါတ် အလိုက်ထုတ်လုပ်သွားမယ်လို့ MPF (Taze) အသိပေး
အောက်တိုဘာလအတွင်းမှာ လက်နက်နဲ့ပတ်သက်လို့ Muniment Production Force -MPF (Taze) မှအခုလို ဆိုထားပါတယ်။
"ကျွန်တော်တို့ Muniment Production Force -MPF (Taze) မှ ယခင် Shotgun များနှင့်မတူပဲ ပိုမိုကောင်းမွန် ကျစ်လစ်ပေါ့ပါးခိုင်ခန့် သည့် Shotgun ကိုထပ်မံ ထုပ်လုပ်လိုက်ပါတယ်။
ယခု Shotgun အမျိုးအစားဟာ ခါးချိုးလိုက်တာနဲ့ ကျည်ခွံပြန်ကန်ထွက်သည့် စနစ်ထည့်သွင်းထားတဲ့ အတွက် အနီးကပ် ပျောက်ကျား Mission များတွင် ပိုမိုထိရောက်စွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်"လို့ဆိုပါတယ်။
Gun တိုင်းတွင် အသားတံဆိပ်ပါဝင်ပြီး Serial နံပါတ် အလိုက် ထုတ်လုပ်သွားမှာဖြစ်ပါတယ်။ MPF-Taze စစ်အာဏာရှင်စနစ်ကိုခုခံတွန်းလှန်နေတဲ့တော်လှန်ရေးအင်အားစုလည်းဖြစ်ပါတယ်။
========================
📌📌 ၇။ c2d appပြန်ကျနေ၍ ဝိုင်းဝန်းကြရန် Click2 donate တိုက်တွန်း
c2d appပြန်ကျနေ၍ ဝိုင်းဝန်းကြရန်အောက်တိုဘာ ၂၀ရက်နေ့မှာ Click2 donateကအများပြည်သူကိုအသိပေးဆိုလိုက်ပါတယ်။
"c2d app လေးက ပြန်ကျနေတယ်ခင်ဗျာ။ ပြန်တွန်းတင်လိုက်ကြရအောင်ခင်ဗျာ။လက်ဆောင်ကတော့ အခြေအနေနည်းနည်းပြန်ကောင်းလာတယ် တစ်ထောင်အနည်းဆုံးရအောင်ကလစ်ကြရအောင်ခင်ဗျာ လက်ဆောင်မှာကြော်ငြာမတက်ရင် update လုပ်ပေးကြပါခင်ဗျာ။ ဒီနေ့အတွက် mission လေးကတော့ C2D app နဲ့ lattsaung လေးတွေကို မနက်၊ နေ့လည်၊ ည သုံးပိုင်းလောက် ဝင်ပေးကြပါခင်ဗျာ။iphone ကိုင်တဲ့သူများက ios aungpwe app လေးကို မဒေါင်းရသေးရင် ဒေါင်းပြီး ကလစ်ပေးကြပါဦးခင်ဗျာ"လို့ ဆိုပါတယ်။ Click2 donateဟာ ကလစ်မှ ရရှိငွေများကို တော်လှန်ရေးအင်အားစုများထံ ပြန်လည် ထောက်ပို့ပေးအပ်ခြင်းဖြစ်ပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment