20th OCT 2022 - Morning Daily News by Radio NUG


၂၀၂၂ အောက်တိုဘာလ ၂၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရက စက်တင်ဘာလအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၂၇၂.၃၁) သန်းကို ထောက်ပံ့ပေးနိုင်ခဲ့

📌 ၂။ အင်းစိန် အကျဥ်းထောင် ဗုံးပေါက်ကွဲမှု အရပ်သားပြည်သူတွေကို ထိခိုက်သေဆုံးမှုဖြစ်စေတဲ့အတွက် ရူတ်ချတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဆို

📌 ၃။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော အတင်းအကြပ်ပျောက်ကွယ်စေမှုအခြေအနေသည် တစ်နေ့ထက်တစ်နေ့ ကြောက်မက်ဖွယ်ကောင်းအောင် ဆိုးရွားလာနေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား

📌 ၄။ မြေပြင်နဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လစ်ဟင်းမှုမရှိစေရေး စဉ်းစားဆုံးဖြတ်ဆောင်ရွက်ရန် ပြည်ထဲရေးဒုဝန်ကြီးဆို

📌 ၅။ NUG မှ ဖွင့်လှစ်ထားသော ကျောင်းများသာမက Refugee Camp များတွင် ရောက်ရှိနေသော ဒုက္ခသည်ကျောင်းသားလူငယ်များအတွက်ပါ လိုအပ်သော နည်းပညာအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ကူညီမယ်လို့ ဆိုလ်းမြို့တော်၏ ပညာဝန်ကတိပေး

📌 ၆။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပြည်သူ့ရေးရာကော်မတီနှင့် နိုင်ငံရေး အကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP တို့တွေ့ဆုံ ဆွေးနွေး

📌 ၇။ NUGPay နှင့် ပြည်သူများရဲ့ For Our People လှုပ်ရှားမှု တတိယလ အစီအစဉ်အဖြစ် စစ်ဘေးရှောင် ပြည်သူများအတွက် မြွေဆိပ်ဖြေဆေး လှူဒါန်းမှုစတင်မယ်

📌 ၈။ မုံရွာမြို့နယ် ထုတ် Air Dropping & High Explosive Bomb များ ရှေ့တန်းရဲဘော်များထံ တပ်ဆင်ပေးခြင်းတို့လုပ်ဆောင်နေတယ်လို့ဆို

📌 ၉။ ဗမာ့ဇာမဏီအဖွဲ့မှ တပ်သားသစ်များ ခေါ်ယူ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရက စက်တင်ဘာလအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၂၇၂.၃၁) သန်းကို ထောက်ပံ့ပေးနိုင်ခဲ့


အမျိုးသားညီညွတ်ရေးအစိုးရက စက်တင်ဘာလအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၂၇၂.၃၁) သန်းကို ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ အောက်တိုဘာ ၁၉ ရက်နေ့မှာအမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနကအသိပေးဖော်ပြပါတယ်။

"အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၂၇၂.၃၁) သန်းကို ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။

အဆိုပါထောက်ပံမှုများ အများဆုံးပေးအပ်နိုင်ခဲ့တဲ့နေရာများမှာ စစ်ကိုင်းတိုင်း၊မကွေးတိုင်းနဲ့ချင်းပြည်နယ်တို့ပါဝင်ခဲ့ပါတယ်။ အာဏာသိမ်း အကြမ်းဖက် စစ်တပ်၏ မီးရှို့ဒဏ်ခံ ပြည်သူများ၊ ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် ဘေးလွတ်မည့်ဟု ထင်သော နေရာများသို့ ထွက်ပြေးခိုလှုံနေကြရသည့် ပြည်သူများ၊ တော်လှန်ရေး၌ပါဝင်ရင်း ထိခိုက် ဒဏ်ရာရရှိသူများနှင့် အသက်ဆုံးရှုံးရသူများ၏ မိသားစုဝင်များ၊ အကူအညီလိုအပ်နေသော မသန်စွမ်းများအပါအဝင် ထိခိုက်လွယ်အုပ်စုများ၊ နိုင်ငံရေးအကျဥ်းသားများနှင့် အကြောင်းကိစ္စအမျိုးမျိုးကြောင့် လူသားချင်းစာနာမှုအကူအညီလိုအပ်သူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက မိတ်ဖက်အသီးသီးနှင့် လက်တွဲ ချိတ်ဆက်၍ အတတ်နိုင်ဆုံး မြေပြင်အထိရောက်အောင် ကြိုးစား ပံ့ပိုးကူညီပေးလျက်ရှိတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၂။ အင်းစိန် အကျဥ်းထောင် ဗုံးပေါက်ကွဲမှု အရပ်သားပြည်သူတွေကို ထိခိုက်သေဆုံးမှုဖြစ်စေတဲ့အတွက် ရူတ်ချတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဆို


အင်းစိန် အကျဥ်းထောင် ဗုံးပေါက်ကွဲမှု အရပ်သားပြည်သူတွေကို ထိခိုက်သေဆုံးမှုဖြစ်စေတဲ့အတွက် ရူတ်ချတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကပြောပါတယ်။ အောက်တိုဘာ ၁၉ ရက်မှာ ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်လို့ လူ့အခွင့်ရေးရာ ဝန်ကြီးက မှတ်ချက်ပေးပြောပါတယ်။

"သံသယရှိစရာဗုံးပေါက်ကွဲမှုကို ဘယ်သူဘဲကျူးလွန်တာဖြစ်ဖြစ် အရပ်သားပြည်သူတွေကို ထိခိုက်သေဆုံးမှုဖြစ်စေတဲ့အတွက် ရူတ်ချပါတယ်။အကြမ်းဖက်တပ်ကို တွန်းလှန်ရာမှာ အပြစ်မဲ့အရပ်သားပြည်သူတွေအပေါ် ထိခိုက်နစ်နာမှုမရှိအောင် သတိပြုဖို့အတွက် ကြေညာထားပြီးသားပါ။ပြည်သူတွေကို ကာကွယ်ဖို့ပေါ်ပေါက်လာခဲ့တဲ့ အဖွဲ့အစည်းတွေဟာ ပြည်သူတွေရဲ့လုံခြုံရေးကို ထိပါးစေမှာမဟုတ်ပါဘူး"လို့ဆိုပါတယ်။

အောက်တိုဘာ ၁၉ ရက် မနက်ပိုင်း အင်းစိန်အကျဥ်းထောင် သက်သေအမည်စာရင်းပေးရသော နေရာမှာ ဗုံးပေါက်ကွဲကာ စကစတပ်ကလည်းရမ်းသမ်းပစ်ခတ်မှုတို့ဖြစ်ပွားခဲ့ပါတယ်။ ရမ်းသမ်းပစ်ခတ်မှုတို့ကြောင့် အရပ်သားများ ကျည်ထိမှန်သေဆုံးမှုတို့ရှိခဲ့ပြီး ဖြစ်စဥ်မှာ ထောင်ဝန်ထမ်းသုံးဦးနဲ့ အရပ်သား ငါးဦးသေဆုံးခဲ့ပါတယ်။


========================


📌📌 ၃။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော အတင်းအကြပ်ပျောက်ကွယ်စေမှုအခြေအနေသည် တစ်နေ့ထက်တစ်နေ့ ကြောက်မက်ဖွယ်ကောင်းအောင် ဆိုးရွားလာနေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား


မြန်မာ နိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော အတင်းအကြပ်ပျောက်ကွယ်စေမှုအခြေအနေသည် တစ်နေ့ထက်တစ်နေ့ ကြောက်မက်ဖွယ်ကောင်းအောင် ဆိုးရွားလာနေတယ်လို့ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောပါတယ်။

အောက်တိုဘာ၁၈ရက် (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီတွင် အတင်းအကြပ်ပျောက်ကွယ်စေမှုဆိုင်ရာ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌနှင့် အပြန်အလှန်ဆွေးနွေးမှုအစီအစဉ်မှာပြောပါတယ်။"အတင်းအကြပ်ပျောက်ကွယ်စေခြင်းဆိုင်ရာ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌအား ၎င်း၏ အစီရင်ခံစာနှင့်မိန့်ခွန်း တို့အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ၎င်း၏ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည့်အတိုင်း မြန်မာ နိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော အတင်းအကြပ်ပျောက်ကွယ်စေမှုအခြေအနေသည် တစ်နေ့ထက်တစ်နေ့ ကြောက်မက်ဖွယ်ကောင်းအောင် ဆိုးရွားလာလျက်ရှိကြောင်း၊အထူးသဖြင့် စစ်တပ်တွင် ခိုင်ခိုင်မြဲမြဲ အမြစ်တွယ်နေသော ဒဏ်ခတ်ခြင်းမခံရသည့် အစဉ်အလာက ၎င်းတို့အား အဆိုပါပြစ်မှုများကို ဆက်လက်ကျူးလွန်နေစေရန် အားပေးအားမြှောက်ပြုနေကြောင်း"ဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံတွင် လွန်ခဲ့သော လပေါင်း (၂၀) အတွင်း၌ အတင်းအကြပ်ပျောက်ကွယ်စေမှု ဖြစ်စဉ် အမြောက်အများရှိခဲ့ကြောင်း၊ စစ်တပ်မှ ပြည်သူများကို ဥပဒေမဲ့စွာဖမ်းဆီးပြီးလျှင် ယင်းပြည်သူများ မည်သည့်နေရာများသို့ ရောက်ရှိနေသည်ကိုပင် မသိရှိရတော့ကြောင်းသံအမတ်ကြီး ဦးကျော်မိုးထွန်းကထပ်လောင်းပြောကြားခဲ့ပါတယ်။


========================


📌📌 ၄။ မြေပြင်နဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လစ်ဟင်းမှုမရှိစေရေး စဉ်းစားဆုံးဖြတ်ဆောင်ရွက်ရန် ပြည်ထဲရေးဒုဝန်ကြီးဆို


မြေပြင်နဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လစ်ဟင်းမှုမရှိစေရေး စဉ်းစားဆုံးဖြတ်ဆောင်ရွက်ရန် ပြည်ထဲရေးဒုဝန်ကြီးခူထဲဘူးကဆိုပါတယ်။ အောက်တိုဘာ ၁၉ ရက်ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊မကွေးတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးမှုအစည်းအဝေးမှာ ပြည်ထဲရေးဒုဝန်ကြီးကဆိုပါတယ်။

" ပြည်သူ့အုပ်ချုပ်ရေး လုပ်ငန်းသည် စီမံခန့်ခွဲရေးလုပ်ငန်းဖြစ်ပြီး အရေးကြီးသော အခန်းကဏ္ဍတွင်ပါဝင်ပါကြောင်း၊မြေပြင်နဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လစ်ဟင်းမှုမရှိစေရေး သေချာစွာ စဉ်းစားဆုံးဖြတ်ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ တော်လှန်ရေးတွင်ပါဝင်နေသူများသည် အပြန်အလှန် အသိအမှတ်ပြုမှုနှင့်ပူးပါင်းဆောင်ရွက်ရန်ဖြစ်ပါကြောင်း"ပြောကြားခဲ့ပါတယ်။

ထို့နောက်ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာနမှ လုပ်ငန်းအစီရင်ခံစာ တင်ပြမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ တက်ရောက်လာသော ပအဖ အဖွဲ့ဝင်များကမြေပြင်အုပ်ချုပ်ရေးဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် လိုအပ်ချက်များ စသည်တို့ကို ရှင်းလင်းတင်ပြပြီး မူဝါဒပိုင်းဆိုင်ရာ သိရှိလိုသည်များအား မေးမြန်းကြကာ ဝန်ကြီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပါတယ်။

အစည်းအဝေးသို့ ဒုတိယပြည်ထောင်စုဝန်ကြီးခူထဲဘူးမှ ဦးဆောင်ကာ  တွဲဖက်အမြဲတမ်းအတွင်းဝန်၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် စစ်ကိုင်းတိုင်း၊မကွေးတိုင်းမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ  တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၅။ NUG မှ ဖွင့်လှစ်ထားသော ကျောင်းများသာမက Refugee Camp များတွင် ရောက်ရှိနေသော ဒုက္ခသည်ကျောင်းသားလူငယ်များအတွက်ပါ လိုအပ်သော နည်းပညာအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ကူညီမယ်လို့ ဆိုလ်းမြို့တော်၏ ပညာဝန်ကတိပေး


NUG မှ ဖွင့်လှစ်ထားသော ကျောင်းများသာမက Refugee Camp များတွင် ရောက်ရှိနေသော ဒုက္ခသည်ကျောင်းသားလူငယ်များအတွက်ပါ လိုအပ်သော နည်းပညာအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ကူညီမယ်လို့ ဆိုလ်းမြို့တော်၏ ပညာဝန်ကတိပေးဆိုပါတယ်။ အောက်တိုဘာလ(၁၉)ရက်၊NUGဖက်ဒရယ်ပြည်ထောင်စုဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်းအား ကိုရီးယားနိုင်ငံ ဆိုလ်းမြို့တော် ပညာဝန် မစ္စတာ ဂျိုဟီးယွန် တွေ့ဆုံ ရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

"NUG အစိုးရမှ ဖွင့်လှစ်သည့်ကျောင်းတိုင်းတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အခြေခံသဘောတရားများကိုပါ ထည့်သွင်းသင်ကြားပေးနေကြောင်း၊ အနာဂတ်မျိုးဆက်လူငယ်များ၏ ပညာသင်ကြားရေး ပြတ်တောက်သွားမှုမရှိစေရန် အစွမ်းကုန် ကြိုးစားလျက်ရှိနေကြောင်းနှင့် နည်းပညာအ ထောက်အကူပြုပစ္စည်းများ လိုအပ်နေမှုများကို ရှင်းလင်းပြောပြရာ ဆိုလ်းမြို့ပညာဝန်မှ NUG အစိုးရမှ အခက်အခဲများကြားမှ မြန်မာလူငယ်များ၏ အနာဂတ်အတွက် ကြိုးစားအားထုတ်နေမှုများကို ကြားသိရ၍ ပညာရေးကို အထူးအားပေးသော မိမိတို့ အနေဖြင့် ဝမ်းသာမိကြောင်း၊ NUG မှ ဖွင့်လှစ်ထားသော ကျောင်းများသာမက Refugee Camp များတွင် ရောက်ရှိနေသော ဒုက္ခသည်ကျောင်းသားလူငယ်များအတွက်ပါ လိုအပ်သော နည်းပညာအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ကူညီနိုင်ရေးအတွက် အမြန်ဆုံးနည်းလမ်းများရှာဖွေသွားမည်ဖြစ်သလို online ပညာရေးစနစ် တိုးတက်ဖွံ့ဖြိုးရေးအတွက်လည်း ဘက်ပေါင်းစုံမှကူညီသွားမည်ဖြစ်ကြောင်း"ဆိုခဲ့ပါတယ်။

အထက်ပါကိစ္စရပ်များအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကိုရီးယားပညာရေးအဖွဲ့ အစည်းများ၊ မြန်မာ့နိုင်ငံရေးစိတ်ဝင်စားကြသည့် ကိုရီးယားအစိုးရပိုင်းမှ တာဝန်ရှိသူများ၊ NUG အစိုးရအဖွဲ့မှ ပညာရေးတာဝန်ခံများကို Network သဏ္ဍာန် ချိတ်ဆက်ပြီး ကိုရီးယား NUG ကိုယ်စားလှယ်ရုံးမှတဆင့်  ဆက်လက် အကောင်အထည် ဖော်ဆောင်ရွက်သွားကြရန် သဘောတူညှိနှိုင်းမှုများကို ရရှိခဲ့ပါတယ်။


========================


📌📌 ၆။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပြည်သူ့ရေးရာကော်မတီနှင့် နိုင်ငံရေး အကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP တို့တွေ့ဆုံ ဆွေးနွေး


ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပြည်သူ့ရေးရာကော်မတီနှင့် နိုင်ငံရေး အကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP တို့တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ အောက်တိုဘာလ ၁၈ ရက်နေ့ပြည်သူ့ရေးရာကော်မတီဟာ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) နှင့် တွေ့ဆုံ၍ အကြမ်းဖက်စစ်တပ်က ဥပဒေမဲ့ဖမ်းဆီးထိန်းသိမ်းထားသော နိုင်ငံရေးအကျဥ်းသားများအား ကူညီစောင့်ရှောက်နေမှုအခြေအနေများကို သိရှိနိုင်ရန်ဗီဒီယိုကွန့် ဖရင့်မှတဆင့် ဆွေးနွေးခဲ့ကြပါတယ်။

တွေ့ဆုံပွဲမှာ ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခင်စိုးစိုးကြည်က ကော်မတီ အနေ ဖြင့် လူ့အခွင့်အရေးဆိုးဝါးစွာ ချိုးဖောက်ခံနေရပြီး ဥပဒေမဲ့ဖမ်းဆီးခံထားရသည့် လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ ပြည်သူများ၊ ကျောင်းသားကျောင်းသူများ၊ CDM ပြည်သူ့ဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစုဝင်များအား တစ်ထောင့်တစ်နေရာမှ ပါဝင်၍ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါ ကူညီ ထောက်ပံ့နိုင်ရေးအတွက် AAPP နှင့် အတူလက်တွဲ ပူးပေါင်းဆောင်ရွက်ရန်ရည်ရွယ်၍ တွေ့ဆုံရခြင်းဖြစ်ကြောင်း အဖွင့်အမှာ စကားပြောကြားခဲ့ပါတယ်။

 AAPP အနေဖြင့်လည်း အသင်း၏လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဥ်း၍ မြန်မာ့နိုင်ငံရေးအကျဥ်းသားများ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများအတွက် မှတ်တမ်းနှင့် အချက်အလက်ပြုစုထားရှိမှုများ၊ ဥပဒေအထောက်အကူပြုဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံရေးအကျဥ်းသားများအား ထောက်ပံ့မှု၊ ကူညီနေမှုအခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြပါတယ်။

ထို့နောက် တက်ရောက်လာကြသည့် ကော်မတီဝင်များက လက်ရှိ နိုင်ငံရေးအ ခြေအနေများနှင့်စပ်လျဥ်း၍ AAPP ရှင်းလင်းတင်ပြချက်များအပေါ် ချိတ်ဆက်လုပ်ဆောင်နိုင်မည့် လုပ်ငန်းများအား ဆွေးနွေးမေးမြန်းခဲ့ကြပါတယ်။ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခင်စိုးစိုးကြည်၊ အတွင်းရေးမှူး ဒေါ်အိအိပြုံး၊ ကော်မတီဝင်များနှင့် နိုင်ငံရေးအကျဥ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၇။ NUGPay နှင့် ပြည်သူများရဲ့ For Our People လှုပ်ရှားမှု တတိယလ အစီအစဉ်အဖြစ် စစ်ဘေးရှောင် ပြည်သူများအတွက် မြွေဆိပ်ဖြေဆေး လှူဒါန်းမှုစတင်မယ်


NUGPay နှင့် ပြည်သူများရဲ့ For Our People လှုပ်ရှားမှု တတိယလ အစီအစဉ်အဖြစ် စစ်ဘေးရှောင် ပြည်သူများအတွက် မြွေဆိပ်ဖြေဆေး လှူဒါန်းမှုစတင်မယ်လို့ သတင်းရရှိပါတယ်။ အောက်တိုဘာ ၁၉ ရက် မှာ NUG Pay ကအသိပေးဆိုပါတယ်။

"စစ်ကိုင်းဒေသ၌ မင်းအောင်လှိုင်ဦးစီးသော အကြမ်းဖက်သမားများကြောင့် ပြည်သူများ စစ်ဘေးရှောင်နေရပြီး မြွေပွေးအန္တရာယ်လည်း တွေ့ကြုံနေရပါတယ်။NUGPay နှင့် ပြည်သူများ၏ For Our People လှုပ်ရှားမှု တတိယလ အစီအစဉ်အဖြစ် စစ်ဘေးရှောင် ပြည်သူများအတွက် မြွေဆိပ်ဖြေဆေး လှူဒါန်းနိုင်ရန် ကြိုးပမ်းကြမှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။

NUGPay နဲ့ မြွေဆိပ်ဖြေဆေးလှူဒါန်းလိုသူများအနေနဲ့ NUG Pay ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြအသိပေးထားပါတယ်။ မြန်မာနိုင်ငံမှာ နှစ်စဥ်မြွေကိုက်ခံရမှုလူတစ်ငေါင်းခန့်ပျှမ်းမျှရှိကာ ၄င်းတို့ထဲမှ လူတစ်ထောင်ခန့်မှာ အသက်ဆုံးရှုံးနေရပါတယ်။


========================


📌📌 ၈။ မုံရွာမြို့နယ် ထုတ် Air Dropping & High Explosive Bomb များ ရှေ့တန်းရဲဘော်များထံ တပ်ဆင်ပေးခြင်းတို့လုပ်ဆောင်နေတယ်လို့ဆို


မုံရွာမြို့နယ် ထုတ် Air Dropping & High Explosive Bomb များ ရှေ့တန်းရဲဘော်များထံ တပ်ဆင်ပေးခြင်းတို့လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။ အောက်တိုဘာ ၁၉ ရက်မှာ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကဆိုပါတယ်။

"မုံရွာမြို့နယ် ထုတ် Air Dropping & High Explosive Bomb များထုတ်လုပ်ခြင်း စမ်းသပ်ခြင်း ရှေ့တန်းရဲဘော်များထံ တပ်ဆင်ပေးခြင်း တို့လုပ်ဆောင်နေလျက်ရှိပါတယ်"လို့ ဆိုပါတယ်။ ဒါ့အပြင်လက်နက်ခဲယမ်းများကိုကျေးရွာ ပကဖ များ၊ မဟာမိတ်များ၊ တပ်ရင်းများအား ထောက်ပို့ကူညီခြင်း တို့လည်း လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။

"ရန်သူ စကစ ရဲ့ ကပစ အားကိုငါတို့ မျိုးဆက်တွေက ဆန်းသစ် တီထွင်နိုင်မှု + ယုံကြည်မှုများ နဲ့ တိုက်ထုတ်မယ်"လို့မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကဆိုပါတယ်။


========================


📌📌 ၉။ ဗမာ့ဇာမဏီအဖွဲ့မှ တပ်သားသစ်များ ခေါ်ယူ


"ဗမာ့ဇာမဏီအဖွဲ့မှ တပ်သားသစ်များ ခေါ်ယူနေပြီလို့သတင်းရရှိပါတယ်။ အောက်တိုဘာ ၁၉ ရက်မှာ ဗမာ့ဇာမဏီအဖွဲ့မှ BPO က အသိပေးဆိုပါတယ်။

"ဗမာ့ဇာမဏီအဖွဲ့ (BPO) တပ်ရင်း () တပ်ခွဲ () ရက်တိုသင်တန်းမှ ပုံရိပ်တစ်ချို့ဖြင့် တော်လှန်ရေးအတွက် သွေးချွေးတို့ရင်းပြီး လေ့ကျင့်ရင်း လှုပ်ရှားနေကြသော ရဲဘော်များ၏ ကြိုးစားအားထုတ်မှုကို မှတ်တမ်းတင်လိုက်ပါတယ်။ မကြာမှီ ဗမာ့ဇာမဏီအဖွဲ့ ဌာနချုပ်မှ ရက်ရှည်သင်တန်း အပတ်စဥ် () အတွက်လည်း သင်တန်းသားအသစ်များ ခေါ်ဆိုမည်ဖြစ်ပါ၍ စစ်အာဏာရှင်စနစ်ကို တော်လှန်မည့် ပြည်သူများအနေဖြင့် ပါဝင်ကူညီတွန်းလှန်လိုပါက page chat box တွင် အသေးစိတ်ကို စုံစမ်းမေးမြန်းနိုင်ပါတယ်"လို့ဆိုပါတယ်။ Burma Phoenix Organization - BPO ဟာ စစ်အာဏာရှင် ကို ခုခံတွန်းလှန်နေတဲ့တော်လှန်ရေးအင်အားစုလည်းဖြစ်ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment