၂၀၂၂ အောက်တိုဘာလ ၂၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ မြန်မာ့နွေဦးတော်လှန်ရေး ကာလအတွင်းမှာ ကျရောက်တဲ့ ဒီပါဝလီနေ့ရက်မြတ်ကို တော်လှန်သော အထိမ်းအမှတ်နဲ့ ပူးတွဲယှဉ်တွဲ ခံယူကြတဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စား လှိုက်လှိုက်လှဲလှဲ ဦးညွှတ်မိတယ်လို့ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
📌 ၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဝန်ကြီး ဌာန၏ ဆောင်ရွက်ချက်များအား တင်ပြဆွေးနွေး
📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရဟာ နွေဦးတော်လှန်ရေးကို အမြန်ဆုံး အပြီးသတ် တိုက်ပွဲဝင်ချင်တာလို့ ဖက်ဒရယ်ရေးရာဝန်ကြီးဆို
📌 ၄။ မြန်မာကျပ်ငွေ တန်ဖိုးမဲ့သွားအောင် စစ်ကောင်စီပဲ လုပ်နေတယ်တယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်ပြောကြားလိုက်
📌 ၅။ NUGPay Website ကနေ Activation Code ဝယ်လို့ရပြီလို့သတင်းစကားပါး
📌 ၆။ Spring Yangon Investment Phase II ရဲ့ စီမံကိန်းများထဲကတော်ဝင်နွေဦး စီမံကိန်းရဲ့ ၄၀ ပေ x ၆၀ ပေ မြေကွက်များ အရောင်းစတင်ပြီး မိနစ် ၉၀ အတွင်းအားလုံးရောင်းကုန်
📌 ၇။ ထိုင်းနိုင်ငံ မဲဆောက်မှာ လုံခြုံရေးတိုးမြှင့်၍ နိုင်ငံရေးအရ ခိုလှုံဖို့စောင့်နေတဲ့ မြန်မာများကို နေအိမ်ထဲထိဝင်ရောက်ဖမ်းဆီးနေ
📌 ၈။ မြို့ပြစစ်ဆင်ရေးနှင့်စခန်းသိမ်းတိုက်ပွဲများဖော်ဆောင်ရန်ရည်ရွယ်၍ အထူးတိုက်ခိုက်ရေးကွန်မန်ဒို တပ်ဖွဲ့က အမြင့်ပိုင်းများကိုချီတက်ခြင်းလေ့ကျင့်
📌 ၉။ ကရင်ပြည်နယ်မှာနယ်မြေကျော်လာတဲ့ တပ်မ (၄၄) စကစတပ်များကို ကော်ပရာစစ်ကြောင်းနဲ့ပူးပေါင်းအဖွဲ့တို့ပစ်ခတ်ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် (၄) ဦး သေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ မြန်မာ့နွေဦးတော်လှန်ရေး ကာလအတွင်းမှာ ကျရောက်တဲ့ ဒီပါဝလီနေ့ရက်မြတ်ကို တော်လှန်သော အထိမ်းအမှတ်နဲ့ ပူးတွဲယှဉ်တွဲ ခံယူကြတဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စား လှိုက်လှိုက်လှဲလှဲ ဦးညွှတ်မိတယ်လို့ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
မြန်မာ့နွေဦးတော်လှန်ရေး ကာလအတွင်းမှာ ကျရောက်တဲ့ ဒီပါဝလီနေ့ရက်မြတ်ကို တော်လှန်သော အထိမ်းအမှတ်နဲ့ ပူးတွဲယှဉ်တွဲ ခံယူကြတဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စား လှိုက်လှိုက်လှဲလှဲ ဦးညွှတ်မိတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြားလိုက်တယ်လို့ဆိုပါတယ်။ အောက်တိုဘာ၂၂ ရက် မြန်မာ့ဟိန္ဒူအစည်းအရုံးက ဦးစီးကျင်းပသော ဒီပါဝလီနေ့ အထိမ်းအမှတ် အခမ်းအနားမှာအမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလမှ ဆိုပါတယ်။
"ဒီပါဝလီနေ့ အထိမ်းအမှတ် အခမ်းအနား ဖိတ်ကြားစာမှာ “စုပေါင်း ဆုတောင်း တော်လှန် ဒီပါဝလီ ပွဲတော်” ဆိုတဲ့ စကားရပ်ကို တွေ့ပါတယ်။ ဒါ့အပြင် တော်လှန်ဒီပါဝလီ အထိမ်းအမှတ်ဆိုတဲ့ အသုံးအနှုန်းကိုလည်း ကျွန်တော်တွေ့ပါတယ်။ မြန်မာ့နွေဦးတော်လှန်ရေး ကာလအတွင်းမှာ ကျရောက်တဲ့ ဒီပါဝလီနေ့ရက်မြတ်ကို တော်လှန်သော အထိမ်းအမှတ်နဲ့ ပူးတွဲယှဉ်တွဲ ခံယူကြတယ်ဆိုတာသိရလို့ ကျွန်တော့်အနေနဲ့ရော အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စား လှိုက်လှိုက်လှဲလှဲ ဦးညွှတ်မိပါတယ်"လို့ဆိုပါတယ်။
မြန်မာ့အတိတ်သမိုင်းကြောင်းကို ကြည့်ရင်လည်း မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ ဟိန္ဒူလူ့အဖွဲ့အစည်းဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ အမြဲတမ်း ယှဉ်တွဲတည်ရှိနေခဲ့တယ်ဆိုတာကို တွေ့နိုင်သလိုအထူးသဖြင့် ကိုလိုနီခေတ် အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုသမိုင်းထဲမှာ ဂေါ်ရခါးလူမျိုး ဟိန္ဒူဘာသာဝင်တွေရဲ့ အသက်သွေးချွေးတွေဟာ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ အထင်ကရ မှတ်ကျောက်တင်ခံရတဲ့ စွန့်လွှတ်စွန့်စားမှုတွေ ရှိခဲ့တယ်ဆိုတာကို တွေ့ခဲ့ရတယ်လို့ ယာယီသမ္မတ ကထပ်လောင်းပြောပါတယ်။
========================
📌📌 ၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဝန်ကြီး ဌာန၏ ဆောင်ရွက်ချက်များအား တင်ပြဆွေးနွေး
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဝန်ကြီး ဌာန၏ ဆောင်ရွက်ချက်များအား တင်ပြဆွေးနွေးခဲ့ပါတယ်။ အောက်တိုဘာလ ၂၁ ရက် နေ့၊ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံမှုကိုကျင်းပခဲ့တယ်လို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကဖော်ပြအသိပေးပါတယ်။
ပထမဦးစွာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က အဖွင့်အမှာစကား ပြောကြားပြီးနောက် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဝန်ကြီးဌာန၏ တစ်နှစ်တာမဟာဗျူဟာ ချမှတ်လုပ်ဆောင်နိုင်မှုအခြေအနေများနှင့်စပ်လျဥ်း၍ တရားဥပဒေစိုးမိုးရေးကဏ္ဍ၊ CDM ထောက်ပံ့နိုင်မှုကဏ္ဍ၊ ပြည်သူ့အုပ်ချုပ်ရေးကဏ္ဍ၊ ကြားကာလအုပ်ချုပ်ရေး လုပ်ငန်းဆောင်ရွက် ချက်များနှင့်အတူ တွေ့ကြုံရသည့် စိန်ခေါ်မှုများအား ရှင်းလင်းတင်ပြခဲ့ပါတယ်။
၎င်းနောက် တက်ရောက်လာကြသည့်အဖွဲ့ဝင်များက ပြည်သူ့အုပ်ချုပ်ရေးကိစ္စရပ်များနှင့် စပ်လျဥ်း၍ အသီးသီးဆွေးနွေးမေးမြန်းရာ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းတွဲဖက်အတွင်းဝန်က မေးခွန်းများအား ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပြီး သက်ဆိုင် ရာကဏ္ဍအလိုက် ပါဝင်ကူညီဆောင်ရွက်နိုင်မည့်လုပ်ငန်းစဥ်များအား ဆက်လက်ဆွေးနွေးခဲ့ ကြပါတယ်။
ထို့နောက် ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ဆက်လက်ကျင်းပကြရာ ရေးရာကော်မတီ များအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေတို့အား တင်ပြအစီရင်ခံ၍ ရှေ့ဆက် အကောင်အထည်ဖော်ဆောင်မည့်လုပ်ငန်းများအား ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းတွဲဖက်အတွင်းဝန်ဒေါက်တာလှိုင်မြင့်ဟန်၊ ပြည်သူ့ အုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ရုံးအဖွဲ့များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရဟာ နွေဦးတော်လှန်ရေးကို အမြန်ဆုံး အပြီးသတ် တိုက်ပွဲဝင်ချင်တာလို့ ဖက်ဒရယ်ရေးရာဝန်ကြီးဆို
အမျိုးသားညီညွတ်ရေးအစိုးရဟာ နွေဦးတော်လှန်ရေးကို အမြန်ဆုံး အပြီးသတ် တိုက်ပွဲဝင်ချင်တာလို့ ဖက်ဒရယ်ရေးရာဝန်ကြီးဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းကပြောပါတယ်။ အောက်တိုဘာ ၂၂ ရက်ကျင်းပတဲ့ဖယ်ဒရယ်ရေးရာဝန်ကြီးဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း နှင့်တောင်ကိုးရီးယားရောက်ချင်းလူမျိုးများတို့တွေ့ဆုံပွဲအခမ်းအနားအစီအစဉ်မှာ ဝန်ကြီးကပြောကြားခဲ့ပါတယ်။
"ကျနော်တို့ဖြစ်စေချင်တာက ဒီတော်လှန်ရေးကို အမြန်ဆုံးနဲ့သက်တမ်းတိုတောင်းဆုံးကာလမှာအပြီးသတ် တိုက်ပွဲဝင်ချင်တယ်။ဘာလို့လဲဆိုတော့ ပြည်သူလူထုရဲ့ ဒုက္ခကဘယ်လိုမှခံစားလို့မရဘူး။မင်းအောင်လှိုင်ရဲ့ သောင်းကျန်းမှုကတော့အားလုံးသိတဲ့အတိုင်းပဲ"လို့ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီကို အမြစ်ပြတ်အောင်တိုက်ထုတ်ရမယ်ဆိုတဲ့ ပြည်သူလူထုရဲ့ စိတ်ဓာတ်ကိုလည်း လေးစားရမယ်လို့ ဖက်ဒရယ်ရေးရာဝန်ကြီးကထပ်လောင်းပြောပါတယ်။ ၂၀၂၃ ခုနှစ်မှာ နွေဦးတော်လှန်ရေးကို အပြီးသတ် ဆောင်ရွက်မယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရက တစ်နှစ် စီမံချက်နဲ့ကြေညာအသိပေးထားပါတယ်။
========================
📌📌 ၄။ မြန်မာကျပ်ငွေ တန်ဖိုးမဲ့သွားအောင် စစ်ကောင်စီပဲ လုပ်နေတယ်တယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်ပြောကြားလိုက်
မြန်မာကျပ်ငွေ တန်ဖိုးမဲ့သွားအောင် စစ်ကောင်စီပဲ လုပ်နေတယ်တယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်ပြောကြားလိုက်ပါတယ်။ အောက်တိုဘာ ၂၂ ရက် လူမှုကွန်ရက်မှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်ကရေးသားပြောပါတယ်။
"စကစ က သိပ်မကြာခင်သေးခင်မှာ Counter Terrorism Financing ဆိုတဲ့ အလုပ်အဖွဲ့ဖွဲ့ပြီး FATF လို နိုင်ငံတကာ အဖွဲ့တွေကို နိုင်ငံတွင်းက အကြမ်းဖက်အဖွဲ့ တွေကို နိုင်ငံတကာရောက် မြန်မာတွေ ထောက်ပံ့နေတယ် ဆိုပြီး သွားသွားတိုင်တယ်နဲ့တူပါတယ်။ ဟိုက တကယ်အရေးယူတော့ နိုင်ငံသားအားလုံးကိုထိတာပဲ။ မြန်မာကျပ်ငွေ တန်ဖိုးမဲ့သွားအောင် စကစပဲ လုပ်နေတယ်"လို့ဆိုပါတယ်။
အောက်တိုဘာ၂၁ ရက်မှာ မြန်မာ ကို ပြင်သစ်အခြေစိုက် Financial Action Taskforce (FATF) က blacklist သွင်းလိုက်ပါတယ်။ ဒီလိုအရေးယူမှုကြောင့် VISA card, Master Card လိုဟာတွေ နိုင်ငံတွင်းသုံးဖို့အခက်အခဲတွေရှိလာနိုင်သလို နိုင်ငံတကာနဲ့ချိတ်ဆက် အလုပ်လုပ်နေတဲ့ လုပ်ငန်းမှန်တမျှ ငွေကြေးလွှဲပြောင်းရာမှာ ခက်ခဲလာနိုင်တယ်လို့ဆိုပါတယ်။
" အဓိက ကတော့ မြန်မာတွေရဲ့ငွေကြေးစီးဆင်းမှုတွေကို လေ့လာစောင့်ကြည့်ဖို့ပါ။ FATF ရဲ့ အဓိကအလုပ်ဟာ နိုင်ငံတကာ ငွေကြေးခဝါချမှုတွေကို စုံစမ်းပြီး အရေးယူတဲ့အလုပ်ကနေ နောက်ပိုင်း အကြမ်းဖက်အဖွဲ့အစည်းတွေကို ငွေကြေးထောက်ပံ့တာတွေကအစ အရေးယူ ဆောင်ရွက်လာတာဖြစ်ပါတယ်။ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို အဓိက အရေးယူဆောင်ရွက်ပေးမှာကတော့ IMF, World Bank လို နိုင်ငံတကာ ငွေကြေးအင်စတီကျူးရှင်း တွေဖြစ်တယ်။ ဒီတော့import, export သမားတွေ အခက်တွေ့မယ်၊ ကုန်စျေးနှုန်း မတည်ငြိမ်မှုတွေ ရှိလာမယ်။ မြန်မာကျပ်ငွေတန်ဖိုး ဆက်ကျမလား ဆိုတာ စောင့်ကြည့်ရမယ်"လို့ ဝန်ကြီးဒေါက်တာတူးခေါင်ကထပ်မံဆိုပါတယ်။
========================
📌📌 ၅။ NUGPay Website ကနေ Activation Code ဝယ်လို့ရပြီလို့သတင်းစကားပါး
NUGPay Website ကနေ Activation Code ဝယ်လို့ရပြီလို့သတင်းစကားပါးဆိုလိုက်ပါတယ်။ အောက်တိုဘာ ၂၂ ရက်မှာ NUGPay ကနေအသိပေးဆိုပါတယ်။
"https://nugpay.app အင်တာနက် စာမျက်နှာ Live Chat မှ တဆင့် မိဘပြည်သူများ အနေနဲ့ NUGPay Account ဖွင့်ဖို့ activation code ဝယ်လို့ရမှာ ဖြစ်ပါတယ်။ NUGPay အကောင့်မရှိသေးသောသူဖြစ်ပါက NUGpay အကောင့်ရှိထားပြီးသော မိမိ၏မိသားစုဝင်၊ မိတ်ဆွေများ အကူအညီနဲ့ ငွေပေးချေရမှာပဲ ဖြစ်ပါတယ်"လို့ဆိုပါတယ်။
Activation Code ကို ဝယ်ယူရန် အသိမိတ်ဆွေ၏ NUG Pay အကောင့် ဦးစွာလိုအပ်ကာ စင်ဂနယ် နံပါတ်နဲ့ အီးမေးလ် လိပ်စာတို့လိုအပ်မှာဖြစ်ပါတယ်။
========================
📌📌 ၆။ Spring Yangon Investment Phase II ရဲ့ စီမံကိန်းများထဲကတော်ဝင်နွေဦး စီမံကိန်းရဲ့ ၄၀ ပေ x ၆၀ ပေ မြေကွက်များ အရောင်းစတင်ပြီး မိနစ် ၉၀ အတွင်းအားလုံးရောင်းကုန်
Spring Yangon Investment Phase II ရဲ့ စီမံကိန်းများထဲကတော်ဝင်နွေဦး စီမံကိန်းရဲ့ ၄၀ ပေ x ၆၀ ပေ မြေကွက်များ အရောင်းစတင်ပြီး မိနစ် ၉၀ အတွင်းအားလုံးရောင်းကုန်ခဲ့ပါတယ်။ အောက်တိုဘာ ၂၂ ရက်မှာ End of Dictatorship ကအသိပေးဆိုပါတယ်။
"တော်လှန်ရေးဟာ ရှေ့သို့ချီလာတာနဲ့ တပြိုင်တည်း ထောက်ပို့ရဲဘော်များကလည်း နောက်ကျန် မနေခဲ့ပါဘူး။အရေးတကြီး လိုအပ်နေတဲ့ ဘဏ္ဍာရေးကို ဖြည့်ဆည်းဖို့ ဖော်ဆောင်ခဲ့တဲ့ Spring Yangon Investment Phase II ရဲ့ စီမံကိန်းများအနက် ဗဟန်းမြို့နယ်က တော်ဝင်နွေဦး ၄၀ ပေ x ၆၀ ပေ မြေကွက်များဟာ အရောင်းစတင်ပြီး မိနစ် ၉၀ အတွင်း ရောင်းကုန် သွားပါပြီ။တော်လှန်ရေး ကာလအတွင်း USD 28,800 ပေးသွင်းရတဲ့ မြေကွက် ၁၂၀ ဖြစ်ပါတယ်"လို့ဆိုပါတယ်။
အောက်တိုဘာ ၂၂ ရက်မှာ စတင်ရောင်းချတဲ့ အခြား စီမံကိန်းများ ဖြစ်တဲ့ တော်ဝင်နွေဦး ၆၀ ပေ x ၈၀ ပေ နှင့် တောင်ဒဂုံက နွေဦးအောင်လံ စီမံကိန်းဟာလည်း အရှိန်အဟုန်နဲ့ ရောင်းချ နေရတယ်လို့အသိပေးဆိုပါတယ်။
========================
📌📌 ၇။ ထိုင်းနိုင်ငံ မဲဆောက်မှာ လုံခြုံရေးတိုးမြှင့်၍ နိုင်ငံရေးအရ ခိုလှုံဖို့စောင့်နေတဲ့ မြန်မာများကို နေအိမ်ထဲထိဝင်ရောက်ဖမ်းဆီးနေ
ထိုင်းနိုင်ငံ မဲဆောက်မှာ လုံခြုံရေးတိုးမြှင့်၍ နိုင်ငံရေးအရ ခိုလှုံဖို့စောင့်နေတဲ့ မြန်မာများကို နေအိမ်ထဲထိဝင်ရောက်ဖမ်းဆီးနေတယ်လို့သတင်းရရှိပါတယ်။ အောက်တိုဘာ ၂၀ ရက်နေ့က စတင်ကာ အဖွဲ့စုံနဲ့စစ်ဆေးဖမ်းဆီးမှုများရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။ မဲဆောက်ဘက်ခြမ်း အမှတ်တစ်တံတားအနီးအောက်တိုဘာ၂၀ရက်နေ့က ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား အယောက်၅၀ထက်မနည်းရှိခဲ့ပါတယ်။
နိုင်ငံရေးအရ ခိုလှုံရန်စောင့်ဆိုင်းနေသော မြန်မာများကို မူလက ဒေသခံနယ်မြေရဲများကနားလည်မှုနဲ့လက်ခံထားသော်လည်း လက်ရှိမှာ စီမံချက်နဲ့ ဖမ်းဆီးနေတာဖြစ်တယ်လို့ မဲဆောက်မြို့နေထိုင်တဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သားတစ်ဦးကဆိုပါတယ်။
"တောမောင်းဆိုတာ အဖွဲ့စုံပေါ့။ထိုင်း ရဲပါမယ်။ စစ်တပ်နဲ့ လဝက ပါမယ်။ ဒါတွေက ဒီဘက်မှာ ဘာအထောက်အထားမှ မရှိဘဲနေတဲ့လူမှန်သမျှကိုဖမ်းတယ်။ ဖမ်းမိလို့တရားစွဲတင်ရင်တော့ ဘယ်သူကယ်ကယ် ကယ်လို့မရဘူး။ ထောင်ကျရင်ကျ။ မကျရင် မြန်မာနိုင်ငံဘက်ပြန်ပို့မှာဘဲ"လို့ဆိုပါတယ်။
အောက်တိုဘာ ၂၀ ရက်နေ့က စတင်တဲ့ဖမ်းဆီးစစ်ဆေးမှုဟာ ၂၂ ရက်နေ့မှာညပိုင်းနေအိမ်များကိုပါ ဝင်ရောက် စစ်ဆေးမှုတွေရှိနေပြီးတော့ CDM ပညာရေးဝန်ထမ်းတချို့ဖမ်းဆီးခံရတယ်လို့လည်း သတင်းထွက်ပေါ်လျက်ရှိပါတယ်။
အဆိုပါအဖြစ်အပျက်များနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံ ဘန်ကောက် အခြေစိုက် UNHCR နဲ့ မဲဆောက်မြို့ရှိ UNHCR ရုံးများကတော့ ထိထိရောက်ရောက် ထုတ်ပြန်တာ ကြားဝင်ညှိနှိုင်းပေးတာတွေ မကြားရသေးဘူးဖြစ်ပါတယ်။
"UNHCR ကိုသာ အားကိုးရတယ်လို့ တချို့ပြောကြမယ့် ဖုန်းဆက်ရင် မကိုင်တာများတယ်။တချို့ဆို နှစ်နဲ့ချီပြီ။ဒီအတိုင်း ပစ်ထားတာပဲ။ သူတို့အမြဲတမ်းပြောတာ သတိနဲ့နေပါ။ ရဲဖမ်းခံရရင် ဆက်သွယ်ပါဒါပဲပြောတယ်။ ဖုန်းဆက်ရင် ဘယ်တော့မှမကိုင်ဘူး"လို့ တိမ်းရှောင်နေသူတစ်ဦးကလည်းဆိုပါတယ်။ ဒီအဖြစ်အပျက်တွေနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ကြားဝင်အကူအညီပေးမှုကို နိုင်ငံရေးခိုလှုံရန် စောင့်ဆိုင်းနေသူများက လိုလားတယ်လို့လည်း ဆိုကြပါတယ်။
========================
📌📌 ၈။ မြို့ပြစစ်ဆင်ရေးနှင့်စခန်းသိမ်းတိုက်ပွဲများဖော်ဆောင်ရန်ရည်ရွယ်၍ အထူးတိုက်ခိုက်ရေးကွန်မန်ဒို တပ်ဖွဲ့က အမြင့်ပိုင်းများကိုချီတက်ခြင်းလေ့ကျင့်
မြို့ပြစစ်ဆင်ရေးနှင့်စခန်းသိမ်းတိုက်ပွဲများဖော်ဆောင်ရန်ရည်ရွယ်၍ အထူးတိုက်ခိုက်ရေးကွန်မန်ဒို တပ်ဖွဲ့က အမြင့်ပိုင်းများကိုချီတက်ခြင်းလေ့ကျင့်လျက်ရှိပါတယ်။ အောက်တိုဘာ ၂၂ ရက် တပ်ရင်း ၇၀၃၊ တပ်မဟာ ၇၊အနောက်ပိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်အသိပေးပါတယ်။
"တပ်ရင်း ၇၀၃၊ အထူးတိုက်ခိုက်ရေးကွန်မန်ဒို တပ်ဖွဲ့၏ လေ့ကျင့်နေမှုများကို အများပြည်သူကြည့်ရှုနိုင်ရန် ထုတ်ပြန်အပ်ပါတယ်။ယခုသင်ခန်းစာဟာ အထပ်မြင့် အဆောက်အဦးများတွင် တိုက်ပွဲဖော်ဆောင်ရန် ရည်ရွယ်ထားခြင်းဖြစ်ပါတယ်။လက်ရှိကွန်မန်ဒိုတပ်ဖွဲ့သည် မြို့ပြစစ်ဆင်ရေးနှင့်စခန်းသိမ်းတိုက်ပွဲများဖော်ဆောင် ရည်ရွယ်လေ့ကျင့်နေခြင်းဖြစ်ကြောင်း မိဘပြည်သူများကို အသိပေးအပ်ပါတယ်"လို့ဆိုပါတယ်။ ကွန်မန်ဒိုတပ်ဖွဲ့ဟာ အချိန်ယူလေ့ကျင့်သင်ကြားပေးရသည့် အထူးတပ်ဖွဲ့ဖြစ်၍ မိဘပြည်သူများ၏ ကူညီထောက်ပံ့မူများမရှိမဖြစ်လိုအပ်တယ်လို့လည်းဖော်ပြထားပါတယ်။
========================
📌📌 ၉။ ကရင်ပြည်နယ်မှာနယ်မြေကျော်လာတဲ့ တပ်မ (၄၄) စကစတပ်များကို ကော်ပရာစစ်ကြောင်းနဲ့ပူးပေါင်းအဖွဲ့တို့ပစ်ခတ်ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် (၄) ဦး သေဆုံး
ကရင်ပြည်နယ်မှာနယ်မြေကျော်လာတဲ့ တပ်မ (၄၄) စကစတပ်များကို ကော်ပရာစစ်ကြောင်းနဲ့ပူးပေါင်းအဖွဲ့တို့ပစ်ခတ်ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် (၄) ဦး သေဆုံးခဲ့ပါတယ်။ အောက်တိုဘာ ၂၂ ရက် မနက် (၉) နာရီ ခွဲခန့်မှ ညနေပိုင်းအထိစကစတပ်များနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းကအတည်ပြုပါတယ်။
"အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ (၄၄) တပ်များမှ လူခို့ ညောင်ချောင်းနှင့် ဆုံဆည်းမြိုင် တို့မှ (၁၂၀) မမ လက်နက်ကြီးဖြင့် ပူးပေါင်းတပ်ဖွဲ့များထံသို့ အောက်တိုဘာ ၂၂ ရက်မနက် (၉) နာရီ ခွဲခန့်မှ ညနေပိုင်းအထိ ညှပ်ကာ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ KNLA တပ်ရင်း (၂၇) ကော်ဘရာစစ်ကြောင်း၊ တပ်မဟာ စစ်ကြောင်း တပ်ခွဲ(၂) တို့မှ ကျူးကျော်လာသော တပ်မ (၄၄) လက်အောက်ခံ အကြမ်းဖက်စစ်ကောင်စီ တပ်များအား ခုခံတိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။ တိုက်ပွဲ အတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင် (၄) ဦး သေဆုံးကြောင်း စစ်မြေပြင် သတင်းအတည်ပြုချက် ရရှိပြီး ပူးပေါင်း တပ်ဖွဲ့များ ထိခိုက်မှု မရှိခဲ့ဘူးလို့သတင်းရရှိပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUGသတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment