9th NOV 2022 - Morning Daily News by Radio NUG


၂၀၂၂ နိုဝင်ဘာလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ဆိုးရွားလွန်းတဲ့ အကြမ်းဖက်စစ်ကောင်စီကို အမြစ်ဖြတ် နိုင်ဖို့က အမျိုးသားညီညွတ်ရေးအစိုးရရဲ့ပထမဦးစားပေးဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား

📌 ၂။ အကြမ်းဖက် သူပုန်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်အုပ်စုဟာ နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်လုပ်ဆောင်ခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီထုတ်ပြန်

📌 ၃။ အကြမ်းဖက်စစ်ကောင်စီမှ ထိုးစစ်ဆင်နွှဲကာ ပိုမိုဖိနှိပ်ကြမ်းကြုတ် ရက်စက်လာနိုင် သဖြင့် ကြိုတင်ပြင်ဆင်ထားရန်ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြား

📌 ၄။ NUCC နဲ့ NUG/JCC တို့အကြား ချိတ်ဆက်ဆောင်ရွက်နေမှုနဲ့ပတ်သက်လို့ နိုင်ငံခြားရေးဒုဝန်ကြီးရှင်းလင်းတင်ပြ

📌 ၅။ ဥရောပသမဂ္ဂက  ထပ်မံ၍ လူပုဂ္ဂိုလ် (၁၉) ဦးနှင့် အဖွဲ့အစည်း တစ်ခုအပေါ်  ပြစ်ဒဏ်ခတ် ပိတ်ဆို့မှုများ ချမှတ်လိုက်

📌 ၆။ ဂျပန်မှာ NUGPay နဲ့အသုံးပြုနိုင်ပြီလို့အသိပေးကြေညာ

📌 ၇။ တောင်ကိုရီးယားမှာ ပထမအကြိမ် NUG ကိုယ်စားလှယ်ဖလားဆောင်းရာသီ ဘောလုံးပြိုင်ပွဲကျင်းပမယ်

📌 ၈။ ပြည်သူ့ပညာရေးကျောင်းမှ ဆရာနဲ့ကျောင်းသားများကို အရေးယူမယ်လို့ ချိန်းခြောက်စာများ အရာတော်မြို့နယ်အခြေစိုက်စစ်ကောင်စီတပ်ဖွဲ့များကလိုက်လံ ကပ်၍အသိပေး

📌 ၉။ ပေါက်မြို့နယ်၊ ကုက္ကိုစုရွာ၌ တပ်စွဲထားသော စကစတပ် နှင့် ပျူစောထီးများလက်နက်ကြီးများအပါအဝင် Rocket ရှော့တိုက်ဒုံးများနဲ့ပစ်ခတ်တိုက်ခိုက်ခံရ

📌 ၁၀။ မြင်းခြံမြို့နယ် ပျားကျေးရွာကို စကစတပ်များ မီးရှို့ဖျက်ဆီး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ဆိုးရွားလွန်းတဲ့ အကြမ်းဖက်စစ်ကောင်စီကို အမြစ်ဖြတ် နိုင်ဖို့က အမျိုးသားညီညွတ်ရေးအစိုးရရဲ့ပထမဦးစားပေးဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား


ဆိုးရွားလွန်းတဲ့ အကြမ်းဖက်စစ်ကောင်စီကို အမြစ်ဖြတ် နိုင်ဖို့က အမျိုးသားညီညွတ်ရေးအစိုးရရဲ့ပထမဦးစားပေးဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောကြားလိုက်ပါတယ်။ နိုဝင်ဘာ ရက် ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (NUG/JCC) တို့အကြား ချိတ်ဆက်ဆောင်ရွက်နေမှုတွေနဲ့ ပတ်သက်တဲ့ အစည်းအဝေးမှာ ဝန်ကြီးချုပ်ကပြောပါတယ်။


"ကျွန်တော်တို့ နိုင်ငံရဲ့ နောက်ခံသမိုင်းတွေကြောင့် အစုအဖွဲ့တွေအချင်းချင်းကြားမှာ ယုံကြည်မှု တည်ဆောက်ကြရတာ ခက်ခဲတာအမှန်ပါ။ ဒါပေမယ့် ဒီအချိန်ဒီကာလကတော့ တခြားအကြောင်းအရာတွေထက် ဆိုးရွားလွန်းတဲ့ အကြမ်းဖက်စစ်ကောင်စီကို အမြစ်ဖြတ် နိုင်ဖို့က ပထမဦးစားပေးဖြစ်တယ်လို့ ကျွန်တော်တော့ ရိုးရိုးသားသား ယုံကြည်ပါတယ်။ လူမဆန်တဲ့ အာဏာရူး အကြမ်းဖက်သမားတွေ မရှိတော့မယ့် တစ်နေ့မှာ ကျွန်တော်တို့ အားလုံးဟာ ညီညီညွတ်ညွတ်နဲ့ ကျွန်တော်တို့ တည်ထောင်ချင်ကြတဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးကို တည်ထောင်နိုင်မယ်လို့ အသေအချာ ယုံကြည်ပါတယ်။လို့ဝန်ကြီးချုပ်ကဆိုပါတယ်။


၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်းမှာ ပြည်သူ့ခုခံတွန်းလှန်စစ်ကို စတင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာခဲ့ပါတယ်။ လက်ရှိမှာ စစ်ရေးအရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိကာ အမျိုးသားညီညွတ်ရေးအစိုးရကလည်း တစ်နှစ်မဟာဗျူဟာ စီမံချက်ကိုအကောင်အထည်ဖော်ဆောင်လျက်ရှိပါတယ်။


========================


📌📌 ၂။ အကြမ်းဖက် သူပုန်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်အုပ်စုဟာ နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်လုပ်ဆောင်ခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီထုတ်ပြန်


အကြမ်းဖက် သူပုန်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်အုပ်စုဟာ နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်လုပ်ဆောင်ခဲ့တယ်လို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီထုတ်ပြန်ခဲ့ပါတယ်။ နိုဝင်ဘာ ရက်နေ့မှာ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ () နှစ်ပြည့် အထိမ်းအမှတ် သဘောထားထုတ်ပြန်ချက်ကိုပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကဖော်ပြထုတ်ပြန်ခဲ့ပါတယ်။


"ပြည်သူလူထုက ဒီမိုကရေစီ ခိုင်မာအားကောင်းလာစေရန် ပြင်းပြသော ၎င်းတို့၏ ဆန္ဒသဘောထားကို ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြသခဲ့သော်လည်း အကြမ်းဖက် သူပုန်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်အုပ်စုဟာ ရွေးကောက်ပွဲရလဒ်အား မဲမသမာမှုအဖြစ် အထောက်အထားမဲ့ စွပ်စွဲ၍ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်သည့် ပြည်သူ့အစိုးရအား လက်နက်အင်အား သုံးကာ ဥပဒေမဲ့ အာဏာသိမ်းပြီး နိုင်ငံတော်ပုန်ကန်မှု ပြစ်မှုအား ကျူးလွန်လုပ်ဆောင်ခဲ့တယ်"လို့ဆိုပါတယ်။


ဒါ့အပြင် အကြမ်းဖက်စစ်တပ်က ၎င်းတို့ကျူးလွန်ခဲ့သော ရာဇဝတ်မှုများမှ တာဝန်ခံရမှုနှင့် အပြစ်ပေးခံရမှုတို့မှ ကင်းလွတ်သွားစေရန် ရည်ရွယ်၍ အတုအယောင်ရွေးကောက်ပွဲကျင်းပကာ အာဏာသိမ်းမှု၏ ထွက်ပေါက် နည်းလမ်းတစ်ခုအဖြစ် နိုင်ငံတကာနှင့် ပြည်သူလူထုအား လှည့်ဖြားရန် ကြိုးပမ်းလျက်ရှိတယ်လို့ဖော်ပြပါရှိပါတယ်။


ထို့ကြောင့်တရားဥပဒေစိုးမိုးရေးနှင့် မြန်မာပြည်သူတို့၏ ဆန္ဒ သဘောထားကို လေးစားသောအားဖြင့် ကမ္ဘာ့နိုင်ငံများနှင့် ပြည်တွင်းရှိ နိုင်ငံရေးပါတီများက အကြမ်းဖက်သူပုန်အဖွဲ့အစည်းဖြစ်သည့် တရားမဝင်စစ်ကောင်စီက စီစဥ်လျက်ရှိသည့် အတု အယောင် ရွေးကောက်ပွဲအပေါ် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန်နှင့် တားဆီးကန့်ကွက်သွားကြရန် အထူးအလေးအနက် တောင်းဆို တိုက်တွန်းအပ်ပါတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကထုတ်ပြန်ပါတယ်။


========================


📌📌 ၃။ အကြမ်းဖက်စစ်ကောင်စီမှ ထိုးစစ်ဆင်နွှဲကာ ပိုမိုဖိနှိပ်ကြမ်းကြုတ် ရက်စက်လာနိုင် သဖြင့် ကြိုတင်ပြင်ဆင်ထားရန်ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြား


အကြမ်းဖက်စစ်ကောင်စီမှ ထိုးစစ်ဆင်နွှဲကာ ပိုမိုဖိနှိပ်ကြမ်းကြုတ် ရက်စက်လာနိုင် သဖြင့် ကြိုတင်ပြင်ဆင်ထားရန်ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြားလိုက်ပါတယ်။ နိုဝင်ဘာ ရက်ကျင်းပတဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီဝင်များ တွေ့ဆုံပွဲမှာ ဆိုပါတယ်။


"အဓိကအားဖြင့် တစ်နှစ်မဟာဗျူဟာ စီမံချက်ချမှတ်ခဲ့ပြီးနောက် သက်ဆိုင်ရာဝန်ကြီးဌာနများမှလည်း စီမံချက်များကို ဆောင်ရွက်နေပါကြောင်း၊ စစ်အရှိန်မြင့်လာသည်နှင့်အမျှ နေရာဒေသတိုင်း တွင် အကြမ်းဖက်စစ်ကောင်စီမှ ထိုးစစ်ဆင်နွှဲကာ ပိုမိုဖိနှိပ်ကြမ်းကြုတ် ရက်စက်လာနိုင် သဖြင့် ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ပါကြောင်း၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဝန်ကြီးဌာနအနေနဲ့ အရပ်သားထိခိုက်မှုလျော့နည်းရေးနှင့် ရိက္ခာဖူလှုံရေးကို အဓိကထားဆောင်ရွက်နေပြီး အခြားဝန်ကြီးဌာနများမှလည်း အုပ်ချုပ်မှု ဖော်ဆောင်သည့် ကိစ္စရပ်များအပြင် ကဏ္ဍအသီးသီးရှိ လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါကြောင်း၊  မြေပြင်၌ လက်တွေ့ဖော်ဆောင်ရန်အဓိကဖြစ်၍ လုံခြုံရေးကို အလေးထား ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း"ဆိုခဲ့ပါတယ်။


ဆက်လက်ပြီး တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယပြည်ထောင်စုဝန်ကြီးများမှ နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ပါတယ်။ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီဝင်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၄။ NUCC နဲ့ NUG/JCC တို့အကြား ချိတ်ဆက်ဆောင်ရွက်နေမှုနဲ့ပတ်သက်လို့ နိုင်ငံခြားရေးဒုဝန်ကြီးရှင်းလင်းတင်ပြ


NUCC နဲ့ NUG/JCC တို့အကြား ချိတ်ဆက်ဆောင်ရွက်နေမှုနဲ့ပတ်သက်လို့ နိုင်ငံခြားရေးဒုဝန်ကြီးဦးမိုးဇော်ဦးကရှင်းလင်းတင်ပြခဲ့ပါတယ်။ နိုဝင်ဘာ ရက်ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (NUG/JCC) တို့အကြား ချိတ်ဆက်ဆောင်ရွက်နေမှုတွေနဲ့ ပတ်သက်တဲ့ အစည်းအဝေးမှာ နိုင်ငံခြားဒုဝန်ကြီးကဆိုခဲ့ပါတယ်။


အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလနဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က အဖွင့်အမှာစကားပြောကြားခဲ့ ပါတယ်။ထို့နောက်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးက NUCC - NUG/JCC ချိတ်ဆက်ဆောင်ရွက်နေမှုတွေ နဲ့ ပတ်သက်ပြီး အကျဉ်းချုပ်ပြောပြခဲ့ပြီးတော့ သက်ဆိုင်ရာ JCC ကိုယ်စားပြု ဝန်ကြီးတွေက JCC တစ်ခုချင်းစီအလိုက် ဆွေးနွေးတင်ပြခဲ့ပါတယ်။ ဆွေးနွေးချက်များအပေါ် ယာယီသမ္မတ ဒူဝါလရှီးလနဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ကဖြည့်စွက်ပြောကြားခဲ့ပါတယ်။


========================


📌📌 ၅။ ဥရောပသမဂ္ဂက  ထပ်မံ၍ လူပုဂ္ဂိုလ် (၁၉) ဦးနှင့် အဖွဲ့အစည်း တစ်ခုအပေါ်  ပြစ်ဒဏ်ခတ် ပိတ်ဆို့မှုများ ချမှတ်လိုက်


ဥရောပသမဂ္ဂက  ထပ်မံ၍ လူပုဂ္ဂိုလ် (၁၉) ဦးနှင့် အဖွဲ့အစည်း တစ်ခုအပေါ်  ပြစ်ဒဏ်ခတ် ပိတ်ဆို့မှုများ ချမှတ်လိုက်ပါတယ်။ နိုဝင်ဘာ ရက်နေ့ညပိုင်းမှာ ဥရောပသမဂ္ဂကအသိပေးဖော်ပြပါတယ်။


"လွန်ခဲ့တဲ နှစ်နှစ်အကြာက စစ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်မှုများ မြင့်တက်လာပြီး ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ကောင်စီသည် ပဉ္စမအကြိမ် ပြစ်ဒဏ်ခတ်ပိတ်ဆို့မှုများကို အတည်ပြုခဲ့ပါတယ်"လို့ဖော်ပြပါတယ်။


ပိတ်ဆို့အရေးယူလိုက်သောလူပုဂ္ဂိုလ် (၁၉) ဦးနှင့် အဖွဲ့အစည်း တစ်ခု ပါဝင်သည့် စာရင်းသစ်တွင်စကစခန့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးကံဇော်၊ တရားလွှတ်တော်ချုပ် တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ကြည်းတပ်နှင့်လေတပ် မှ အဆင့်မြင့်အရာရှိများ   ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ နှင့် တပ်မတော်နှင့် အနီးကပ်ဆက်နွယ်ပြီး ချိတ်ဆက် ပံ့ပိုး ပေးလျက်ရှိသည့် ပုဂ္ဂလိက ကုမ္ပဏီများမှ  စီးပွားရေး ကိုယ်စားလှယ် များ ပါဝင်ပါတယ်။


မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေရန် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး နိုင်ငံအတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးတို့ကို ခြိမ်းခြောက်သည့် လုပ်ရပ်များ ဆောင်ရွက်လျက်သည့် စစ်ကောင်စီ လည်း အဆိုပါစာရင်းတွင် ပါဝင်ပါတယ်။ ပြစ်ဒဏ်ခတ်ပိတ်ဆို့မှုများဟာ လူပုဂ္ဂိုလ်  စုစုပေါင်း (၈၄) ဦးနှင့် အဖွဲ့အစည်း (၁၁) ခုအ‌ပေါ် အကျုံးဝင်သက်ရောက်တယ်လို့သိရပါတယ်။ စာရင်းသွင်းခံရသူများဟာ ပိုင်ဆိုင်မှု ထိန်းချုပ်ခံရခြင်း နှင့် ခရီးသွားလာခွင့် ပိတ်ပင်ခြင်းများ ခံရပြီး ယင်းတို့အား ဥရောပသမဂ္ဂ နယ်မြေအတွင်း ဝင်ရောက်ခြင်း သို့မဟုတ် ဖြတ်သန်းခြင်းမှ တားဆီးထားပါတယ်။


========================


📌📌 ၆။ ဂျပန်မှာ NUGPay နဲ့အသုံးပြုနိုင်ပြီလို့အသိပေးကြေညာ


ဂျပန်မှာ NUGPay နဲ့ အသုံးပြုနိုင်ပြီလို့အသိပေးကြေညာပါတယ်။ နိုဝင်ဘာ ရက် မှာ NUG Pay ကနေအသိပေးဆိုပါတယ်။


"ဂျပန်မှ ရွှေမြန်မာများ အတွက် သတင်းကောင်း တစ်ခု မျှဝေပါရစေ။ဂျပန်မှာ NUGPay ရှိနေပါပြီ။တော်လှန်ခေတ်ရဲ့ တော်လှန်ပိုက်ဆံ DMMK နဲ့ NUGPay ကို အသုံးပြုပြီး လွတ်လပ်တဲ့ တရားမျှတတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုဆီ အရောက်လှမ်းကြမယ်"လို့ဆိုပါတယ်။


အကောင့်ဖွင့် သုံးစွဲလိုပါကနိုင်ငံတကာရှိ NUGPay အေးဂျင့်များကို ဆက်သွယ်နိုင်ရန် NUG Payရဲ့တရားဝင်လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားပါတယ်။ NUG Pay ဟာ စစ်ကောင်စီလက်အောက်က လွတ်မြောက်တဲ့ တစ်ခုတည်းသော ဘဏ္ဍာရေးစနစ်လည်းဖြစ်ပါတယ်။


========================


📌📌 ၇။ တောင်ကိုရီးယားမှာ ပထမအကြိမ် NUG ကိုယ်စားလှယ်ဖလားဆောင်းရာသီ ဘောလုံးပြိုင်ပွဲကျင်းပမယ်


တောင်ကိုရီးယားမှာ ပထမအကြိမ် NUG ကိုယ်စားလှယ်ဖလားဆောင်းရာသီ ဘောလုံးပြိုင်ပွဲကျင်းပမယ်လို့သတင်းရရှိပါတယ်။ တော်လှန်ရေးရန်ပုံငွေရှာဖွေတဲ့ ဆောင်းရာသီ ဘောလုံးပြိုင်ပွဲကို နိုဝင်ဘာ၁၃ရက်နေ့မှာ ကစားကြမှာဖြစ်ပါတယ်။


တောင်ကိုရီးယားနိုင်ငံ ရှီဟွန်းမြို့ ဟွီမန်းပန်းခြံဝန်းအတွင်း ဘောလုံးကွင်းမှာ ကစားကြမှာဖြစ်ပြီးတော့ မြန်မာဘောလုံးအသင်းများနှင့် NUG - KOREA ကိုယ်စားလှယ်ရုံးတို့ ပူးပေါင်းစီစဥ်ကျင်းပမှာဖြစ်ပါတယ်။ ဆုကြေးများအနေနဲ့ ပထမဆုဝမ် ၁၀ သိန်း ဆုဖလားနဲ့ရွှေဆွဲပြား ၊ဒုတိယဆုဝမ် သိန်း ဆုဖလားနဲ့ ငွေဆွဲပြားတို့ကိုချီးမြှင့်ပေးအပ်သွားမှာဖြစ်ပါတယ်။


========================


📌📌 ၈။ ပြည်သူ့ပညာရေးကျောင်းမှ ဆရာနဲ့ကျောင်းသားများကို အရေးယူမယ်လို့ ချိန်းခြောက်စာများ အရာတော်မြို့နယ်အခြေစိုက်စစ်ကောင်စီတပ်ဖွဲ့များကလိုက်လံ ကပ်၍အသိပေး


ပြည်သူ့ပညာရေးကျောင်းမှ ဆရာနဲ့ကျောင်းသားများကို အရေးယူမယ်လို့ ချိန်းခြောက်စာများ အရာတော်မြို့နယ်အခြေစိုက်စစ်ကောင်စီတပ်ဖွဲ့များကလိုက်လံ အသိပေးနေတယ်လို့သတင်းရရှိပါတယ်။ နိုဝင်ဘာ ရက်မှာ အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအတည်ပြုဆိုပါတယ်။


"အရာတော်မြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့များက မြို့နယ်တွင်းရှိ ကြားကာလကိုယ်ထူကိုယ်ထကျောင်းများတွင် ပညာသင်ကြားနေသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား အရေးယူမည့်အကြောင်း ခြိမ်းခြောက်စာများကို မြို့တွင်း၌ လိုက်လံကပ်၍ ကြေညာနေပါသဖြင့် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် အရာတော်မြို့နယ်မှ ကြားကာလပညာရေး ကိုယ်ထူကိုယ်ထကျောင်းများတွင် လေကြောင်းရန်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ ပြုလုပ်ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။


အကြမ်းဖက်စစ်ကောင်စီ၏ စာသင်ကျောင်းများပါမချန် စစ်ရေးပစ်မှတ်အဖြစ် အကြမ်းဖက်တိုက်ခိုက်နေမှုများမှ ကာကွယ်နိုင်စေရန် အမျိုးသားညီညွတ်ရေးအစိုးရ၏ လမ်းညွှန်ချက်များအတိုင်း ကြိုတင်ပြင်ဆင်ထားနိုင်ရေးအတွက် အရာတော်မြို့နယ်၊ ရပ်/ကျေး ပအဖ၊ ပကဖအဖွဲ့များနှင့် ဆွေးနွေးစီစဉ်မှုများကျင်းပခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၉။ ပေါက်မြို့နယ်၊ ကုက္ကိုစုရွာ၌ တပ်စွဲထားသော စကစတပ် နှင့် ပျူစောထီးများလက်နက်ကြီးများအပါအဝင် Rocket ရှော့တိုက်ဒုံးများနဲ့ပစ်ခတ်တိုက်ခိုက်ခံရ


မကွေးတိုင်း ပေါက်မြို့နယ်၊ ကုက္ကိုစုရွာ၌ တပ်စွဲထားသော စကစတပ် နှင့် ပျူစောထီးများလက်နက်ကြီးများအပါအဝင် Rocket ရှော့တိုက်ဒုံးများနဲ့ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပါတယ်။ နိုဝင်ဘာ ရက်နေ့မှာ စစ်ရေးသတင်းကို Anonymous Special Task Force - Pauk အဖွဲ့ကအတည်ပြုဆိုပါတယ်။


"ပေါက်မြို့နယ်၊ ကုက္ကိုစုရွာ၌ တပ်စွဲထားသော စကစတပ် နှင့် ပျူစောထီးများကို(တန်ဆောင်မုန်းလပြည့်ည) ၁၂:၀၀နာရီ တိတိမှစ၍ ပေါက်မြို့နယ်အတွင်းရှိ ရပ်ကျေးပကဖများ၊ မဟာမိတ်ဧည့်သည်ကာကွယ်ရေးတပ်ဖွဲ့များနှင့် ကျွန်တော်တို့ Anonymous Special Task Force - Pauk အဖွဲ့သားများ ပူးပေါင်းကာ လက်နက်ကြီး အလုံး(၁၅၀ခန့်)နှင့်  Rocket ရှော့တိုက်ဒုံးများဖြင့် အချိန်၁နာရီခွဲခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။


တိုက်ပွဲမှာ စကစတပ်နှင့် ပျူစောထီးများ အထိနာနိုင်ပြီးအကျအဆုံးနှင့်တပ်စွဲထားရာ ဌာနေများ ပျက်ဆီးမှုကို စုံစမ်းနေဆဲဖြစ်တယ်လို့ဆိုပါတယ်။


========================


📌📌 ၁၀။ မြင်းခြံမြို့နယ် ပျားကျေးရွာကို စကစတပ်များ မီးရှို့ဖျက်ဆီး


မြင်းခြံမြို့နယ် ပျားကျေးရွာကို စကစတပ်များ မီးရှို့ဖျက်ဆီးခဲ့တယ်ဘို့သတင်းရရှိပါတယ်။ နိုဝင်ဘာ ရက် ညပိုင်းမှာ စကစတပ်များက မီးရှို့ဖျက်ဆီးခဲ့တာလို့ နဂါးနီပြောက်ကျားတပ်ဖွဲ့မြင်းခြံကအတည်ပြုဆိုပါတယ်။


"မြင်းခြံမြို့နယ် ပျားကျေးရွာကို စကစတပ်ကမီးတင်နေပါတယ်။ပြည်သူများဘေးကင်းကြပါစေ"လို့ဆိုထားပါတယ်။ အကြမ်းဖက် စစ်တပ်ဟာ တစ်နိုင်ငံလုံးမှာ အရပ်သား လူနေအိမ်နဲ့အဆောက်အဦပေါင်း ၃၆၀၀၀ ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment