၂၀၂၂ ဒီဇင်ဘာလ ၁၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ယနေ့ မြန်မာ့နွေဦးတော်လှန်ရေးဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်နေတဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် သုတ်သင်ချေမှုန်းတဲ့ တော်လှန်ရေးဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံ
📌 ၃။ ပြည်သူများ၏ နေအိမ်များဖျက်ဆီး၍ မြေယာများလုယူနေခြင်းနှင့် စပ်လျဉ်း၍ NUGအစိုးရကအထူးသတိပေးတားမြစ်ချက်တစ်ရပ်ထုတ်ပြန်
📌 ၄။ ခုခံတွန်းလှန်စစ်ရဲ့ ဒုတိယတစ်နှစ်တာမှာ ရည်မှန်းထားတဲ့ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ပြည့်မီသွားလိမ့်မယ်လို့ ဝန်ကြီး ဦးတင်ထွန်းနိုင်ပြောကြား
📌 ၅။ စစ်အာဏာရှင်စနစ်အောက်မှာလူ့စွမ်းအားအရင်းအမြစ်နှင့် ထုတ်ကုန်လျော့ကျနေမှုမြင့်တက်နေပြီး နိုင်ငံရဲ့အဆိုးဆုံးအချိန်ကို ရောက်ရှိနေတယ်လို့ဆို
📌 ၆။ စီးပွားရေးလုပ်ငန်းရှင်ပြည်သူများအနေနဲ့ တော်လှန်ရေးရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အခွန်ဆောင်ဖို့ NUG ပြည်တွင်းအခွန်များဦးစီးဌာနဆို
📌 ၇။ Kachin State Civilian Movement- KSCM သပိတ်ကော်မတီမှ မြစ်ကြီးနားမြိုရှိ UN ရုံးရှေ့တွေ သပိတ်မှောက်ခဲ့
📌 ၈။ စစ်ကိုင်းတိုင်း မြောင်မြို့နယ်ထဲကဘအိမ်ခြေ ၃၀၀ ခန့် ပြာကျသွားတဲ့ ရွာကြီးတစ်ရွာအတွက် စားစရာနဲ့ အနွေးထည်များလိုအပ်နေ
📌 ၉။ ရန်ကုန်မြို့လှိုင်မြို့နယ်အင်းစိန်လမ်းမကြီးနှင့် ကန်လမ်းထောင့်ရှိ့ EPC ရုံးမှာတပ်စွဲထားတဲ့ စကစတပ်ကင်းစခန်းအား ဗုံးပစ်တိုက်ခိုက်
📌 ၁၀။ ပေါင်းတည်မြို့နယ် တိုက်ဂါးစစ်ကြောင်းက ကင်းပုန်းဝပ်နေစဥ်စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးအား လက်နက်ခဲယမ်းများနှင့်အတူဖမ်းဆီးရမိ
📌 ၁၁။ ကန့်ဘလူမြို့နယ်အတွင်းကျွန်းသစ်များခိုးထုတ်နေသော စစ်ကောင်စီတပ်နှင့် ပျူများအား လက်နက်ကြီးများဖြင့်ကာကွယ်ရေးတပ်များ ပစ်ခတ်တိုက်ခိုက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ယနေ့ မြန်မာ့နွေဦးတော်လှန်ရေးဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်နေတဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် သုတ်သင်ချေမှုန်းတဲ့ တော်လှန်ရေးဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
ယနေ့ မြန်မာ့နွေဦးတော်လှန်ရေးဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်နေတဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် သုတ်သင်ချေမှုန်းတဲ့ တော်လှန်ရေးဖြစ်တယ်လို့ယာယီသမ္မတ ဒူဝါလရှီးလကပြောပါတယ်။ ဒီဇင်ဘာ (၁၀) ရက် (၇၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းအနား၌ အမျိုးသားညီညွတ်ရေးအစိုးရယာယီသမ္မတ ဒူဝါလရှီးလ ကပြောကြားခဲ့ပါတယ်။
"ယနေ့ မြန်မာ့နွေဦးတော်လှန်ရေးဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နေ့ညမပြတ် ကျူးလွန်နေတဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် သုတ်သင်ချေမှုန်းတဲ့ တော်လှန်ရေးလည်း ဖြစ်တယ်ဆိုတာ မမေ့ကြဖို့ သတိပေးလိုပါတယ်။ လူသားဂုဏ်သိက္ခာအပြည့်အဝရှိပြီး လူသားတန်ဖိုးတွေကို အရှိ ပကတိအတိုင်း ကြည့်မြင် လေးစားနိုင်တဲ့ လူ့အဖွဲ့အစည်းဖြစ်အောင် ယုံကြည်ချက်နဲ့လည်း ကြိုးစားရမှာ ဖြစ်သလို၊ ဉာဏ်ပညာအားဖြင့် လည်း ကြိုးစားကြရမယ်လို့ ကျွန်တော့်အနေနဲ့ ပြောကြားလိုပါတယ်"လို့ဆိုပါတယ်။ ဒါ့အပြင်အမျိုးသားညီညွတ်ရေးအစိုးရဟာ – စစ်အာဏာရှင်စနစ်ကို တော်လှန်ပြီး ဒီမိုကရေစီလူ့ဘောင်သစ် ပေါ်ထွန်းအောင် ဦးဆောင်နေတဲ့ တော်လှန်ရေးအစိုးရတစ်ရပ်ဖြစ်တယ်လို့လည်း ယာယီသမ္မတ ကထပ်လောင်းဆိုပါတယ်။
========================
📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံ
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံခဲ့တယ်လို့သတင်းရရှိပါတယ်။ ဒီဇင်ဘာလ ၁၀ ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့်ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၆/၂၀၂၂)ကို ကျင်းပခဲ့ပါတယ်။ အစည်းအဝေးမှာကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦးစိုးသူရထွန်းမှအဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ဆက်လက်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ တာဝန်ရှိသူတစ်ဦးမှ ဆောင်ရွက်နေသာ လုပ်ငန်းများနှင့် မူဝါဒများကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မြေပြင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့် မူဝါဒပိုင်းဆိုင်ရာသိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံပွဲသို့ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၃။ ပြည်သူများ၏ နေအိမ်များဖျက်ဆီး၍ မြေယာများလုယူနေခြင်းနှင့် စပ်လျဉ်း၍ NUGအစိုးရကအထူးသတိပေးတားမြစ်ချက်တစ်ရပ်ထုတ်ပြန်
ပြည်သူများ၏ နေအိမ်များဖျက်ဆီး၍ မြေယာများလုယူနေခြင်းနှင့် စပ်လျဉ်း၍ NUGအစိုးရကအထူးသတိပေးတားမြစ်ချက်တစ်ရပ်ထုတ်ပြန်လိုက်ပါတယ်။ ဒီဇင်ဘာလ (၁၀) ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ခဲ့ပါတယ်။ မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံတော်အာဏာကို လက်နက်အားကိုး၊လုယူပြီးနောက် ကျေးလက်နေ ပြည်သူပိုင်နေအိမ်များ၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းပြုလုပ်နေရုံသာမက၊ မြို့ပြနေ ပြည်သူများ၏ နေအိမ်များကိုပါ အတင်းအဓမ္မ ဖျက်ဆီး၍ မြို့ပြမြေယာများအား အဓမ္မလုယက်လျက်ရှိတယ်လို့ ဆိုပါတယ်။
၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်း ရန်ကုန်နှင့် မန္တလေးမြို့ကြီးများအပါအဝင် မြို့ကြီးအချို့တွင် အကြမ်းဖက်စစ်အုပ်စုက မြို့ပြနေ အခြေခံလူတန်းစားများ၏ နေအိမ်များအား အတင်းအဓမ္မ ဖြိုဖျက်ကာ မြေယာလုယက်မှုများကျူးလွန်လျက်ရှိရာတွင် မင်္ဂလာဒုံမြို့နယ်ရှိ ရပ်ကွက် ၅ ခုမှ အိမ်ခြေပေါင်း ၁ သောင်းကျော်၊ လူဦးရေ ၅ သောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့သကဲ့သို့ မရမ်းကုန်းမြို့နယ်တွင် အိမ်ထောင်စုပေါင်း ၁၀၀ ကျော်၊ မန္တလေးမြို့တွင် အိမ်ထောင်စုပေါင်းများစွာ အား အိမ်မဲ့ရာမဲ့ဘ၀သို့ ရောက်စေခဲ့ပါတယ်လို့ဖော်ပြပါတယ်။
ကိုဗစ်ကူးစက်ရောဂါနှင့် နိုင်ငံတော်အာဏာလုယူမှုကြောင့် လူမှုဒုက္ခအ၀၀ကို ခံစားနေကြရသည့် အခြေခံပြည်သူများ၏ ဘ၀ကို စာနာနားလည်မှုမရှိ၊ ဖေးမကူညီမှုမရှိဘဲ ၎င်းတို့၏ ကျောတခင်းစာ နေရာများကို ဖျက်စီးခြင်း၊ ပြည်သူများ၏ အသိုက်အမြုံအားဖျက်စီးခြင်း၊ ၎င်းတို့၏ မြေယာများကို လုယူခြင်းသည် အကြမ်းဖက်စစ်အုပ်စု၏ အရပ်သားပြည်သူများအပေါ် ယုတ်မာရက်စက်မှုကို ထပ်လောင်း အတည်ပြုပေးနေသည်။ ထိုသို့ ရက်စက်ယုတ်မာခြင်းသည် အခြေခံလူ့ကျင့်ဝတ်ကို ချိုးဖောက်ခြင်းဖြစ်သည်သာမက နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ပြဌာန်းချက်များပါ လူတိုင်း လုံလောက်သော အိမ်ရာ၊ စားနပ်ရိက္ခာ နှင့် အခြေခံဝန်ဆောင်မှုများ ရရှိခွင့်ကိုလည်း ပြောင်ပြောင် တင်းတင်း ချိုးဖောက်လျက်ရှိနေတယ်လို့ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းလက်အောက်ရှိ စည်ပင်သာယာရေးကော်မတီအပါအဝင် ဝန်ထမ်းများနှင့် ၎င်းစစ်ကောင်စီ၏ အပေါင်းပါများအနေဖြင့် ယခုကဲ့သို့ မြို့ပြနေပြည်သူလူထု၏ နေအိမ်များကို အတင်းအဓမ္မဖျက်စီးခြင်း၊ မြေယာများအား လုယက်ခြင်းများကို ချက်ချင်းရပ်ဆိုင်းရန်၊ ပြည်သူလူထု၏ နေအိမ်များ ဖျက်စီးခြင်းကို ဆက်လက်မပြုလုပ်ရန် ပြင်းထန်စွာသတိပေး တားမြစ်လိုက်တယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၄။ ခုခံတွန်းလှန်စစ်ရဲ့ ဒုတိယတစ်နှစ်တာမှာ ရည်မှန်းထားတဲ့ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ပြည့်မီသွားလိမ့်မယ်လို့ ဝန်ကြီး ဦးတင်ထွန်းနိုင်ပြောကြား
ခုခံတွန်းလှန်စစ်ရဲ့ ဒုတိယတစ်နှစ်တာမှာ ရည်မှန်းထားတဲ့ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ပြည့်မီသွားလိမ့်မယ်လို့ ဝန်ကြီး ဦးတင်ထွန်းနိုင်ပြောကြားလိုက်ပါတယ်။ ဒီဇင်ဘာလအတွင်း တွေ့ဆုံမေးမြန်းခန်းမှာ စီမံကိန်း၊ဘဏ္ဍာရေးနဲ့ ရင်းနှီးမြုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်ကပြောပါတယ်။
"ကျွန်တော်တို့အနေနဲ့က မတူကွဲပြားတဲ့ စီမံကိန်းပေါင်းစုံ၊ ပရောဂျက်ပေါင်းစုံနဲ့ ပြည်သူလူထုအားကိုးရယ်၊ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တွေရဲ့ တော်လှန်ရေးပေါ်မှာ လိုက်ပါဆောင်ရွက်မှုကို အခြေအနေတွေ မူတည်ပြီးတော့ ပရောဂျက်တွေ အားလုံးကို တချို့ဟာတွေက တစ်ပြိုင်နက်ထဲ ဆောင်ရွက်သွားမှာရှိတယ်။ တချို့ဟာ တစ်ခုပြီးတစ်ခုဆောင်ရွက်သွားမှာ ရှိပါတယ်။ အဲ့တာတွေ အားလုံးပေါင်းလိုက်ရင်တော့ ကျွန်တော်ယုံကြည်ပါတယ်။ကျွန်တော်တို့ရည်မှန်းထားတဲ့ ခုခံတွန်းလှန်စစ်ရဲ့ ဒုတိယတစ်နှစ်တာမှာ ကျွန်တော်တို့ ရည်မှန်းထားတဲ့ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ဆိုတဲ့ ကိစ္စ ပြည့်မှီသွားလိမ့်မယ်လို့ ယုံကြည်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အမေရိကန်ဒေါ်လာသန်းတစ်ရာ ရရှိထားကာ အထူးငွေတိုက်စာချုပ်နဲ့EODရှယ်ယာများကိုရောင်းချပြီးတော်လှန်ရေးဘဏ္ဍာရန်ပုံငွေအဓိက လည်ပတ်လျက်ရှိပါတယ်။
========================
📌📌 ၅။ စစ်အာဏာရှင်စနစ်အောက်မှာလူ့စွမ်းအားအရင်းအမြစ်နှင့် ထုတ်ကုန်လျော့ကျနေမှုမြင့်တက်နေပြီး နိုင်ငံရဲ့အဆိုးဆုံးအချိန်ကို ရောက်ရှိနေတယ်လို့ဆို
စစ်အာဏာရှင်စနစ်အောက်မှာလူ့စွမ်းအားအရင်းအမြစ်နှင့် ထုတ်ကုန်လျော့ကျနေမှုမြင့်တက်နေပြီး နိုင်ငံရဲ့အဆိုးဆုံးအချိန်ကို ရောက်ရှိနေတယ်လို့စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး၀န်ကြီးဒေါ်ခင်မမမျိုးကဆိုပါတယ်။ ဒီဇင်ဘာလ ၈ ရက်အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ဂုဏ်ပြုဟောပြောပွဲမှာပြည်ထောင်စုဝန်ကြီးဒေါ်ခင်မမမျိုးကဆိုခဲ့ပါတယ်။
"စစ်အာဏာရှင်စနစ်အောက်တွင် ကျရောက်နေသော မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေ ဆုတ်ယုတ်နေမှု၊ အလုပ်လက်မဲ့ဦးရေတိုးလာမှု၊ လူ့စွမ်းအားအရင်းအမြစ်နှင့် ထုတ်ကုန်လျော့ကျနေမှုမြင့်တက်နေပြီး နိုင်ငံ၏အဆိုးဆုံးအချိန်ကို ရောက်ရှိနေကြောင်း"ဆွေးနွေးပြောကြားခဲ့ပါတယ်။
ထို့နောက်တက်ရောက်လာသော Belarus, Iran, UK နိုင်ငံများမှ လူ့အခွင့်အရေး စည်းရုံးလှုံ့ဆော်သူများ၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ၊ ဥပဒေပညာရှင်များ၊ ဥပဒေကျောင်းသား/သူများကလည်း လက်သုံးချောင်းထောင်ကာ မြန်မာပြည်သူများနှင့် တသားတည်းရပ်တည်ကြောင်း ပြသခဲ့ပါတယ်။ ဟောပြောပွဲကို LSBU ကျောင်းသား/သူများနှင့် ဝန်ထမ်းများ၊ နိုင်ငံတွင်းမှ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ၊ လူ့အခွင့်အရေးစည်းရုံးလှုံဆော်သူများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၆။ စီးပွားရေးလုပ်ငန်းရှင်ပြည်သူများအနေနဲ့ တော်လှန်ရေးရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အခွန်ဆောင်ဖို့ NUG ပြည်တွင်းအခွန်များဦးစီးဌာနဆို
စီးပွားရေးလုပ်ငန်းရှင်ပြည်သူများအနေနဲ့ တော်လှန်ရေးရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အခွန်ဆောင်ဖို့ NUG ပြည်တွင်းအခွန်များဦးစီးဌာနကဆိုထားပါတယ်။ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ဖို့ NUG ပြည်တွင်းအခွန်များဦးစီးဌာနကတရားဝင်အသိပေးဆိုပါတယ်။
"စီးပွားရေးလုပ်ငန်းရှင်ပြည်သူများအနေနဲ့ တော်လှန်ရေးရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အခွန်ဆောင်ဖို့ မေတ္တာရပ်ခံလိုပါတယ်။အခွန်ထမ်းပြည်သူအတွက် အခွန်ပေးဆောင်ရမယ့် ပမာဏကို ကန့်သတ်မထားပါဘူး။ ပေးဆောင်ထားတဲ့ ပမာဏကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရက လုံခြုံသေချာစွာမှတ်တမ်းတင် ထိမ်းသိမ်းထားမှာဖြစ်ပါတယ်"လို့ဖော်ပြပါတယ်။ NUG အစိုးရတွင် အခွန်ဆောင်သော လုပ်ငန်းရှင်များအနေနဲ့အသိအမှတ်ပြုမှာဖြစ်ပြီးတော့ နွေဦးတော်လှန်ရေးအလွန်ကာလမှာ အခွန်တာဝန်ကျေသော လုပ်ငန်းရှင်အဖြစ် သတ်မှတ်မှာလည်းဖြစ်ပါတယ်။
========================
📌📌 ၇။ Kachin State Civilian Movement- KSCM သပိတ်ကော်မတီမှ မြစ်ကြီးနားမြိုရှိ UN ရုံးရှေ့တွေ သပိတ်မှောက်ခဲ့
Kachin State Civilian Movement- KSCM သပိတ်ကော်မတီမှ မြစ်ကြီးနားမြိုရှိ UN ရုံးရှေ့တွေ သပိတ်မှောက်ခဲ့ပါတယ်။ ဒီဇင်ဘာ ၁၀ ရက်နေ့ လူ့အခွင့်ရေးနေ့မှာ Kachin State Civilian Movement- KSCM သပိတ်ကော်မတီမှလှုပ်ရှားခဲ့တာလို့ဆိုပါတယ်။
"မြန်မာနိုင်ငံတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ ပြည်သူများကို လက်နက်အားကိုးဖြင့် ဖိနှိပ်ညှင်းဆဲသတ်ဖြတ်နေပါတယ်။အဆိုပါ မြန်မာစစ်တပ်ကို ထိရောက်သော အရေးမှုမရှိသော ကုလသမဂ္ဂ(UN)ကို လူ့အခွင့်အရေးရပ်တည်ချက်များနှင့် မြန်မာစစ်တပ်ကို ပြင်းပြင်းထန်ထန် အရေးယူပြီး မြန်မာပြည်သူများလိုလားသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာဖို ဝိုင်းဝန်းကူညီပေးရန်အတွက် နိုင်ငံတကာလူ့အခွင့်အရေးနေ့တွင် မိမိတို့ Kachin State Civilian Movement- KSCM သပိတ်ကော်မတီမှ မြစ်ကြီးနားမြိုရှိ UN ရုံးရှေ့တွေ သပိတ်မှောက်ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။ အလားတူ တိုင်းနဲ့ပြည်နယ် မြို့နယ်အသီးသီးမှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ကြပါတယ်။
========================
📌📌 ၈။ စစ်ကိုင်းတိုင်း မြောင်မြို့နယ်ထဲကဘအိမ်ခြေ ၃၀၀ ခန့် ပြာကျသွားတဲ့ ရွာကြီးတစ်ရွာအတွက် စားစရာနဲ့ အနွေးထည်များလိုအပ်နေ
စစ်ကိုင်းတိုင်း မြောင်မြို့နယ်ထဲက အိမ်ခြေ ၃၀၀ခန့် ပြာကျသွားတဲ့ ရွာကြီးတစ်ရွာအတွက် စားစရာနဲ့ အနွေးထည်များလိုအပ်နေတယ်လို့သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၁၀ ရက်မှာ ဆရာတော် အဂ္ဂဝံသကအသိပေးမိန့်ကြားပါတယ်။
"စစ်ကိုင်းတိုင်း မြောင်မြို့နယ်ထဲက စခတွေမီးရှို့လို့ အိမ်ခြေ (၃၀၀) သုံးရာခန့် ပြာကျသွားတဲ့ ရွာကြီးတစ်ရွာကမီးဘေးသင့်ပြည်သူတွေအတွက် စောင်နဲ့ စားရာ စတီးဇလုံ အနွေးထည်တွေလိုအပ်နေလို့ အရှင်ဘုရားတို့ တတ်နိုင်သလောက်ကူညီပေးပါဦးဘုရားဆိုပြီးဖုန်းဆက်အကူအညီတောင်းလာပါတယ်"လို့မိန့်ပါတယ်။ ပါဝင်လှုဒါန်းလိုပါကဆရာတော် အဂ္ဂဝံသထံဆက်သွယ် စုံစမ်း လှူဒါန်းနိုင်တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၉။ ရန်ကုန်မြို့လှိုင်မြို့နယ်အင်းစိန်လမ်းမကြီးနှင့် ကန်လမ်းထောင့်ရှိ့ EPC ရုံးမှာတပ်စွဲထားတဲ့ စကစတပ်ကင်းစခန်းအား ဗုံးပစ်တိုက်ခိုက်
ရန်ကုန်မြို့လှိုင်မြို့နယ်အင်းစိန်လမ်းမကြီးနှင့်နှင့် ကန်လမ်းထောင့်ရှိ့ EPC ရုံးမှာတပ်စွဲထားတဲ့ စကစတပ်ကင်စခန်းအား ဗုံးပစ်တိုက်ခိုက်ခဲ့ပါတယ်။ ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်းမှာ EPC ရုံးမှာတပ်စွဲထားတဲ့ စကစတပ်ကင်စခန်းအား ဗုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
"မိမိတို့ Emerald Girls Army (EGA) ,နိင်ငံရေးအကျဉ်းသားများအားလုံးကိုယ်စားပြုတိုက်ခိုက်ရေးအဖွဲ့ Freeland Attack Force (FLA) နှင့် Revolution of 21 Century အဖွဲ့တို့ ပူးပေါင်းပြီး ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်အင်းစိန်လမ်းမကြီးနှင့် ကန်လမ်းထောင့်ရှိ့ EPC ရုံးမှာတပ်စွဲထားတဲ့ ခွေးကင်းအား ယနေ့ ဒီဇင်ဘာ10ရက်နေ့ ညနေ 3နာရီ 45 မိနစ်၀န်းကျင်တွင် နာနတ်သီး ကျွေးမွေးဧည့်ခံခဲ့ပြီး မဟာမိတ်ရဲဘော်အားလုံးအောင်မြင်စွာဆုတ်ခွာနိင်ခဲ့ပါတယ်"လို့ဆိုပါတယ်။ စကစတပ်ကထိခိုက်မှုအခြေအနေမသိရသေးတဲ့အတွက် လမ်းသွားလမ်းလာများသတိပြုရန်ဆိုထားပါတယ်။
========================
📌📌 ၁၀။ ပေါင်းတည်မြို့နယ် တိုက်ဂါးစစ်ကြောင်းက ကင်းပုန်းဝပ်နေစဥ်စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးအား လက်နက်ခဲယမ်းများနှင့်အတူဖမ်းဆီးရမိ
ပေါင်းတည်မြို့နယ် တိုက်ဂါးစစ်ကြောင်းက ကင်းပုန်းဝပ်နေစဥ်စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးအား လက်နက်ခဲယမ်းများနှင့်အတူဖမ်းဆီးရမိခဲ့ပါတယ်။ ဒီဇင်ဘာ ၁၀ ရက်မှာ BAGOPDF က ဖြစ်စဥ်ကိုအသိပေးဆိုပါတယ်။
"ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ကြာနီကန်ကျေးရွာအုပ်စုတွင် ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁၊ တပ်ခွဲ၂ တိုက်ဂါးစစ်ကြောင်းက ကင်းပုန်းဝပ်လျက်ရှိစဉ် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးအား လက်နက်ခဲယမ်းများနှင့်အတူ ဒီဇင်ဘာလ(၉)ရက်နေ့တွင် အရှင်ဖမ်းဆီးနိုင်ခဲ့တယ်"လို့ဆိုပါတယ်။
၄င်းအကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်နှင့်အတူ MA2 (၁)လက်၊ ကျည်ဘောက်(၄)ခုနှင့် 5.56ကျည် အတောင့်(၂၀၀)တို့ကို သိမ်းဆည်းရရှိခဲ့ပါတယ်။ ထိုသို့အရှင်ဖမ်းဆီးရခဲ့သော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်အား လုံခြုံစိတ်ချသောနေရာသို့ ခေါ်ဆောင်ထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားထားသော စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားလျက်ရှိတယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၁၁။ ကန့်ဘလူမြို့နယ်အတွင်းကျွန်းသစ်များခိုးထုတ်နေသော စစ်ကောင်စီတပ်နှင့် ပျူများအား လက်နက်ကြီးများဖြင့်ကာကွယ်ရေးတပ်များ ပစ်ခတ်တိုက်ခိုက်
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်းကျွန်းသစ်များခိုးထုတ်နေသော စစ်ကောင်စီတပ်နှင့် ပျူများအား လက်နက်ကြီးများဖြင့်ကာကွယ်ရေးတပ်များကပစ်ခတ်တိုက်ခိုက် ခဲ့ပါတယ်။ ဒီဇင်ဘာ ၁၀ ရက်မှာ စစ်ရေးသတင်းကို လင်းယုန်နီ ကန့်ဘလူကအသိပေးဆိုပါတယ်။
ဒီဇင်ဘာ ၉ ရက်နေ့ ကန့်ဘလူမြို့နှင့် စပါးနံ့သာရွာကြားရှိ ဝက်ပုတ်ရွာအရှေ့ဘက် ကျွန်းတောထဲ၌ စစ်ကောင်စီလက်အောက်ခံတပ်နှင့် ပျူစောထီး ၃၀၀ခန့်ကျွန်းသစ်များ ခိုးထုတ်နေရာ လင်းယုန်နီ ကန့်ဘလူ၊ Kanbalu Underground Warriors၊ MPF.U-18 နင့် တော်လှန်ရေးအဖွဲ့များ မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြပါတယ်"လို့ဆိုပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုကြောင့်ပျူများ ဝရုန်းသုန်းကားဖြင့် ထွက်ပြေးခဲ့ကြပြီး ထိခိုက်တဲ့ပျူများကို နာရေးကားတစ်စီးဖြင့် တင်ဆောင်သွားကြတယ်လို့ဖော်ပြပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment