၂၀၂၂ ဒီဇင်ဘာလ ၂၆ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ PTT ကိုဘွိုင်းကော့ပြုလုပ်တဲ့ လှုပ်ရှားမှုကို Twitter ပလက်ဖောင်းမှာ မှာစတင်လိုက်တဲ့သတင်း
📌 ၂။ စစ်ကောင်စီနှင့်အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှုပျက်ပြားသွားခဲ့သတင်း
📌 ၃။ စစ်ကောင်စီဒေါက်တိုင် အရာရှိများကို PDF တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးမိတဲ့သတင်း
📌 ၄။ ပဲခူးရိုးမတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ဗိုလ်မှူးအပါအဝင် ၂၀ ကျော်သေဆုံးခဲ့တဲ့သတင်း
📌 ၅။ အိမ်ခြေ ၅၀၀ ကျော်ရှိ ပျံကျရွာကို ရွာလုံးကျွတ် မီးရှို့ပြီးနောက် စစ်ကောင်စီတပ်များ ဆက်လက်စစ်ကြောင်းထိုးလာနေတဲ့သတင်း
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ PTT ကိုဘွိုင်းကော့ပြုလုပ်တဲ့ လှုပ်ရှားမှုကို Twitter ပလက်ဖောင်းမှာ မှာစတင်လိုက်တဲ့သတင်း
အကြမ်းဖက်စစ်အုပ်စုအတွက် တစ်နှစ်ကို ဒေါ်လာသန်းပေါင်း ၅၀၀ လောက်ထောက်ပံ့နေတဲ့ PTTကုမ္ပဏီကို သပိတ်မှောက်ဆန့်ကျင်နေတဲ့အကြောင်း နိုင်ငံတကာအသိုင်းဝိုင်းကသိအောင် ဒီဇင်ဘာလ ၂၆ရက်နေ့မှာ Twitter မှာ Mass Trending လုပ်ကြဖို့ရှိပါတယ်။ Twitter အသုံးပြုတဲ့ မိတ်ဆွေတို့အနေနဲ့ အခုလို Twitter Mass Trending မှာ အတူ ပါဝင်ကြဖို့တိုက်တွန်းတဲ့အကြောင်း တွစ်တာကမ်ပိန်းကို ဉီးဆောင်တဲ့ သွေးစွန်းငွေရပ်တန့်ရေးအဖွဲ့က ၄င်းတို့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။
အသုံးပြုရမယ့် Hashtag များကတော့ #PTT_MustStopPaymentToJunta #BoycottPTT #2022Dec26Coup #WhatsHappeningInMyanmar တို့ဖြစ်ကြောင်းကိုလည်း ဖော်ပြထားပါတယ်။ ဒါ့အပြင် PTT ကိုသပိတ်မှောက်တဲ့အကြောင်းရင်းကို ရှင်းလင်းဖော်ပြထားရာမှာ ဘာကြောင့် PTT ကိုမှ ရွေးပြီးသပိတ်မှောက်ရသလဲဆိုရင် မင်းအောင်လှိုင်က လူသတ်တယ်။ မီးရှို့တယ်။ ဗုံးကျဲပါတယ်။ ဒါကအားလုံးသိပြီးသားပါပဲ။ ဒါပေမဲ့သူအဲ့လိုလုပ်နိုင်ဖို့က ပိုက်ဆံတွေ အများကြီးလိုပါတယ်။ သူလိုတဲ့ပိုက်ဆံကဘယ်ကရလဲဆိုတော့ ပြောရရင် နေရာအများကြီးပါပဲ။ ပြည်တွင်းမှာဆိုရင်တော့ စစ်တပ်လုပ်ငန်းတွေနဲ့ ပေါ်တင်ခိုးတဲ့ ဝှက်တဲ့လုပ်ငန်းတွေကပေါ့။ ဒါပေမဲ့ တကယ့်အလုံးအရင်းနဲ့ အတိအကျပြောရရင် ဝင်ငွေတွေထဲမှာအများဆုံးက မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကပေါ့။
ကိန်းဂဏန်းနဲ့ပြောရရင် အမေရိကန်ဒေါ်လာသန်း ၁၈၀၀ လောက်ရှိပါတယ်။ ( ၂၀၂၂ ခုနှစ်မှာ ကမ္ဘာ့ရေနံစိမ်းဈေးတက်လာလို့ ခန်းမှန်းထားတာထက် ဒေါ်လာသန်း ၁၀၀၀ ခန့်ပို့နိုင်ခြေရှိလို့ ပညာရှင်များသုံးသပ်ပြီး အချက်အလက်များကိုစီစစ်နေဆဲ ဖြစ်ပါတယ် ) အဲ့ လောက်ပိုက်ဆံနဲ့ ဘာလုပ်လို့ရလဲမေးရင် လူရော တိရစ္ဆာန်ပါမကျန် တစ်နိုင်ငံလုံး မီးရှို့ပစ်လိုက်လို့ရပါတယ်။ အရမ်းကြောက်ဖို့ကောင်းပါတယ်။ အဲ့မှာ မင်းအောင်လှိုင် နဲ့ လူသတ်သမားတစ်သိုက်ကို ပိုက်ဆံပေးတာအများဆုံးနဲ့အကြီးဆုံး နေရာကိုထိုင်းအစိုးရပိုင် ဖြစ်တဲ့ PTTက ဗိုလ်စွဲနေပါတယ်။ PTT တစ်ဦးတည်း စစ်အုပ်စုကို ၂၀၂၁ခုနှစ်မှာပေးခဲ့တဲ့ပိုက်ဆံ ကို ကိန်းဂဏန်းနဲ့အတိအကျပြောရင် ဒေါ်လာ ၄၅၈.၉သန်းတောင်ရှိခဲ့ပါတယ်။ ဒီနှစ် ၂၀၂၂ မှာတော့ သူတစ်ဦးတည်းကို ဒေါ်လာသန်းတစ်ထောင်လောက်ပေးနိုင်ချေရှိကြောင်း စောင့်ကြည့်လေ့လာသူတွေနဲ့ပညာရှင်တွေက ဆိုပါတယ်လို့ သွေးစွန်းငွေရပ်တန့်ရေးလှုပ်ရှားမှုအဖွဲ့ကဖော် ပြထားပါတယ်။သပိတ်မှောက်ရမယ့်ဟာတွေကတော့ ကရင်ပြည်နယ် မြဝတီမြို့မှာရှိတဲ့ PTT ဆီဆိုင် ၃ ဆိုင်၊ မြန်မာတစ်နိုင်ငံလုံးမှာရှိ တဲ့ Cafe Amazon ၈ ဆိုင်နဲ့ PTT အမှတ်တံဆိပ်နဲ့ အင်ဂျင်ဝိုင် အမျိုးမျိုးတို့ပဲဖြစ်ပါတယ်။ ဒီအရေးကကျွန်တော်တို့အားလုံးနဲ့ဆိုင်ပါတယ်။ တွေဝေနေလို့မရပါဘူး။ တော်လှန်ရေးဆိုတာ သေနက်ကိုင်မှ လမ်းပေါ်ထွက်ဆန္ဒပြမှမဟုတ်ပါဘူး ဟန်ချက်ညီညီကိုယ်နိုင်တဲ့အပိုင်းက ပါဝင်နေဖို့ပါပဲ။ နေ့စဉ်မိမိဘဝရဲ့ပုံမှန် လုပ်ငန်းဆောင်တာတွေကိုလုပ်ရင်း ဒီထုတ်ကုန်တွေကို သပိတ်မှောက်ရုံနဲ့ အာဏာရှင်ကို တော်လှန်နေလို့ရပါတယ်။ ဆိုတဲ့အကြောင်း PTT ကိုဘွိုင်းကော့ ပြုလုပ်ကြဖို့ အသိပေးနှိုးဆော် ထားပါတယ်ခင်ဗျာ
========================
📌📌 ၂။ စစ်ကောင်စီနှင့်အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှုပျက်ပြားသွားခဲ့သတင်း
အကြမ်းဖက် စစ်ကောင်စီကအအမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) လို့ အမည်ပေးထားတဲ့ အဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရန် ယခုလ ၁၉ ရက်နေ့ ဖိတ်ကြားချက်ဟာ ဖြစ်မြောက်လာခြင်းမရှိဘဲ ပျက်ပြားခဲ့ပါတယ်။ စစ်ကောင်စီရဲ့ ဖိတ်ကြားချက်နှင့်ပတ်သက်ပြီး အလွတ်သဘောတွေ့ဆုံပြီးမှသာ ဒီ ဖိတ်ခေါ်မှုကို လက်ခံမယ်လို့ အကြောင်းပြန်ခဲ့ကြောင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က သတင်းဌာနများကို ထုတ်ဖော် ရှင်းလင်းသွားပါတယ်။ အာဏာသိမ်းခဲ့လို့ ပြည်သူ့ခုခံတွန်းလှန်စစ်များနဲ့ ထိပ်တိုက်ရင်ဆိုင်နေရတဲ့ အကြမ်းဖက်စစ်ကောင်စီဟာအပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့ ဥက္ကဌများထံသို့ ဒီဇင်ဘာ ၂၇ ရက်မှ ၂၉ ရက်အတွင်း တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ ဖိတ်ကြားချက်မှာ ခေါင်းစဉ်ကတော့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲလို့ စစ်ကောင်စီကသုံးနှုန်းဖော်ပြခဲ့ပြီး ၂၀၀၈ အခြေခံဥပဒေမှာအပစ်ရပ် ၇ ဖွဲ့က ပြင်ဆင်ချင်တဲ့အချက်တွေကို တွေ့ဆုံဆွေးနွေးဖို့ဆိုပြီး ကမ်းလှမ်းခဲ့တာလို့ ဗိုလ်မှူးကြီး စောကျော်ညွန့်ကဆိုပါတယ်။
အပစ်ရပ် PPST အဖွဲ့အစည်းအတွင်း ယမန်နေ့က ဆွေးနွေးပြီးနောက်မှာတော့ ဒီလိုမျိုး တွေ့ဆုံဆွေးနွေးပွဲတွေ မလုပ်ခင် နှစ်ဖက်စလုံးအတွက် အဆင်ပြေမယ့် နေ့ရက်၊ အဆင်ပြေမယ့် နေရာ၊ အဆင်ပြေမယ့် agena (အစီအစဉ်)တွေနဲ့ အလွတ်သဘော ကြိုတင်ညှိနှိုင်းတဲ့ ဖြတ်သန်းမှု တစ်ခုကိုတော့ ဆက်လက်ပြီး ကြိုးပမ်းဆောင်ရွက်ပေးဖို့ ကျွန်တော်တို့ကပြန်ကြားထားပါတယ် လို့ ဒီဇင်ဘာလ ၂၄ ရက်နေ့က ပြောပါတယ်။ စစ်ကောင်စီကဖိတ်ကြားတဲ့ အပစ်ရပ် ခုနှစ်ဖွဲ့တွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ ကရင်အမျိုးသားငြိမ်းချမ်းရေးကောင်စီ (KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နှင့် လားဟူဒီမိုကရက်တစ်ပါတီ (LDU) တို့ ပါဝင်ပါတယ်ခင်ဗျာ
========================
📌📌 ၃။ စစ်ကောင်စီဒေါက်တိုင် အရာရှိများကို PDF တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးမိတဲ့သတင်း
အကြမ်းဖက်စစ်တပ်ရဲ့ ခမရ- ၈၂၈ တွင်ဗိုလ်ကြီးအဆင့်ဖြင့်တာဝန်ထမ်းဆောင်ပြီး အရပ်ဘက်ရဲအရာရှိသို့ပြောင်းလည်းကာ ဒွန်ဘန်အကျဉ်းထောင်မှူးဖြစ်နေသူ ဗိုလ်ကြီးကိုင်ဇာလျန်ကို ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းရရှိပါတယ်။ မိုးကောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့UG BLACK K အဖွဲ့က သတင်းထုတ်ပြန်ရာတွင် ပြည်သူများတွက်ခရစ္စမတ်လက်ဆောင်လို့ ရေးသားဖော်ပြထားတာတွေ့ရပီး ကျွန်တော်တို့မိုးေကာင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့UG BLACK K မှဗိုလ်ကြီးကိုင်ဇာလျန်နေအိမ်သို့ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။ အလားတူ ဒီဇင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန် တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ် လမ်းမကြီး တစ် နေရာတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက လုံခြုံရေးအတွက် စစ်ဆေး ရေးများ ပြုလုပ်နေချိန် ခရီးတင်ယာဥ်တစ်စီးပေါ်တွင် လိုက်ပါလာ သော ကော့သောင်း အကျဉ်း ထောင် ဦးစီးမှူးသီရစိုးကို မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဖမ်းဆီးရမိခဲ့တယ်လို့ မြိတ်ခရိုင် တပ်ရင်း(၁) PPDFက တရားဝင် ထုတ်ပြန်ပြောဆိုထားတာ တွေ့ရပါတယ်။ “စစ်ကောင်စီရဲ့ အဓိက လက်ကိုင်တုတ်အနေနဲ့ စစ်ကောင်စီယန္တရား လည်ပတ်အောင် ပူးပေါင်းလုပ်ဆောင်နေတဲ့သူဖြစ်လို့ ဖမ်းဆီးလိုက်တာပါ၊ ဆီအုန်းကားကို အရင်လွှတ်လိုက်ပြီး လူက ခရီးသည်တင်ကားနဲ့လိုက်လာတာ၊ ကျန်တဲ့သူတွေနဲ့ ကားတွေကို လွှတ်ပေးလိုက်ပါပြီ။ အကျဉ်းဦးစီးမှူးတဦးပဲ ဖမ်းဆီးခဲ့တာ” လို့ မြိတ်ခရိုင်တပ်ရင်း ၁ မှ တာဝန်ရှိသူ ဆိုပါတယ်။၎င်းထံမှ ငွေကျပ် ၁၇ သိန်းနှင့်အတူ ဖုန်းတလုံးလည်း သိမ်းဆည်းရရှိထားပြီး လတ်တလောတွင် လုံခြုံသည့်နေရာ၌ ထိန်းသိမ်း ထားရှိကြောင်းလည်း ထုတ်ဖော် ပြောဆိုပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များရဲ့ စိုးမိုးနယ်မြေ တလျှောက် ကားလမ်းပေါ်များတွင် အကြမ်းဖက်စစ်တပ်ရဲ့ ဒေါက်တိုင်များကို စစ်ဆေးမှုများ ပြုလုပ်လေ့ရှိရာတွင် ပြည်သူများအနေဖြင့်လည်း ပူးပေါင်းပါဝင်ပေးကြပါရန် ဒေသကာကွယ်ရေးတပ်များက တိုက်တွန်းထားပါတယ်ခင်ဗျာ
========================
📌📌 ၄။ ပဲခူးရိုးမတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ဗိုလ်မှူးအပါအဝင် ၂၀ ကျော်သေဆုံးခဲ့တဲ့သတင်း
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပဲခူးရိုးမအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၅၀၁) တို့ ဒီဇင်ဘာ ၁၅ ရက်နေ့မှ စတင်ပြီး တိုက်ပွဲဖြစ်ပွားနေရာ ဗိုလ်မှူးအဆင့် တစ်ဦးအပါအဝင် ၂၀ ကျော်သေဆုံးတယ်လို့ သိရပါတယ်။၁၀ရက်ကျော်ကြာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ ထိတွေ့တိုက်ပွဲ ၁၁ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ဗိုလ်မှူး နန္ဒအောင်နှင့် အရာရှိတစ်ဦးအပါအဝင် အခြားအဆင့် ၂၀ဦးထက်မနည်းသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပဲခူးတိုင်း စစ်ဒေသခွဲမှ ဒီဇင်ဘာ၂၅ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားပါတယ်။ တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှလည်း ရဲဘော်သုံးဦးတိုင်းပြည်တွက် အသက်ပေးဆပ်ခဲ့ကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းဆိုပါတယ်။
တိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ MA 2 စက်သေနတ် တစ်လက်၊ MA 1 ချေမှုန်းရေးရိုင်ဖယ် နှစ်လက်၊ MA 3 ချေမှုန်းရေးရိုင်ဖယ် နှစ်လက်၊ ၆၀-မမ ဗုံးသီး တစ်ခု၊ အာပီဂျီ ဗုံးသီး တစ်ခုနှင့် ကျည်မျိုးစုံတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း တောင်ငူခရိုင် Pdf က သတင်းထုတ်ပြန်ပါတယ်။ လက်ရှိအချိန်အထိ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ပဲခူးရိုးမကို စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲများပြင်းထန်နေပြီး ဒေသခံပြည်သူ ၁,၀၀၀ကျော်ထက်မနည်း စစ်ရှောင်နေရကြောင်းကိုလည်း တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ ထုတ်ပြန်ချက်တွင်
ရေးသားဖော်ပြထားပါတယ်ခင်ဗျား
========================
📌📌 ၅။ အိမ်ခြေ ၅၀၀ ကျော်ရှိ ပျံကျရွာကို ရွာလုံးကျွတ် မီးရှို့ပြီးနောက် စစ်ကောင်စီတပ်များ ဆက်လက်စစ်ကြောင်းထိုးလာနေတဲ့သတင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်အနောက်တောင်ခြမ်းရှိ ပျံကျရွာကို မီးရှို့ဖျက်ဆီးပြီးနောက် ဒီပဲယင်းမြို့ထဲ ပြန်ဝင်သွားသည့် စစ်ကြောင်းသည် ယနေ့နံနက်ပိုင်း၌ ကျေးရွာများဘက်ထပ်မံစစ်ကြောင်းထိုးလာသောကြောင့် ကျေးရွာပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံများထံမှ သိရပါတယ်။ စစ်ကောင်စီရဲ့ မီးရှို့စစ်ကြောင်းထိုးမှုကြောင့် ဒီဇင်ဘာ ၂၅ ရက်နေ့ နံနက်အစောပိုင်းမှာ ဒီပဲယင်းမြို့အနီးရှိ ခွန်တောင်း၊ ပုဂံ၊ ယင်းတွေ၊ နတ်ကြီး အစရှိတဲ့ ကျေးရွာများအပါအဝင် ကျေးရွာ ၅ ရွာခန့်မှ ဒေသခံပြည်သူများ ထွက်ပြေးနေရတယ်လို့ဆိုပါတယ်။
" သူတို့က ပျံကျရွာကို နှစ်ရက်ဆက်မီးရှို့ဖျက်ဆီးပြီးနောက် အခုစစ်ကြောင်းထပ်ထိုးနေတာ။ အခုက ဘယ်ရွာတွေဝင်နေလည်းဆိုတာတော့ အတိအကျမသိရသေးဘူး " လို့ ဒေသခံတစ်ဉီးကပြောပါတယ်။ အိမ်ခြေ ၅၀၀ နှင့် ၇၀၀ ကြားဝန်းကျင်ရှိ ပျံကျရွာဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်တွင် ပထမအကြိမ် မီးရှို့ဖျက်ဆီးခံထားရပြီး နေအိမ် ၂၇ လုံးမီးလောင်ပျက်စီးခဲ့ရပါသေးတယ်။ ပထမအကြိမ်မီးရှို့ဖျက်ဆီးခဲ့ရပြီးနောက် ၅လ ကျော်အကြာ၌ ယခုအကြိမ်မီးရှို့ဖျက်ဆီးခံရမှု၌ ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့ရပြီလို့ ပျံကျရွာဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ် ခမရ ၃၆၄ မော်လိုက်အခြေစိုက်တပ်နှင့် ခလရ ၇၀၁ တပ်တို့ ပေါင်းကာ အင်အား ၁၅၀ နှင့် ၁၈၀ ဦးဝန်းကျင်ရှိ စစ်ကြောင်းက ယခုဒီဇင်ဘာလ ၁ ရက်မှစ၍ ဒီပဲယင်းမှ ရေဦး၊ ရေဦးမှဒီပဲယင်း ကျေးရွာများကို လှည့်ပတ်၍ စစ်ကြောင်းထိုးနေခြင်း ဖြစ်ကြောင်း သိရှိရပါတယ်ခင်ဗျာ
ယခုတင်ပြခဲ့တဲ့သတင်းတွေကို ဝန်ကြီးဌာနများနှင့်ခိုင်မာတဲ့သတင်းရင်းမြစ်တွေကိုအခြေခံပြီးရေဒိယိုသတင်းထောက်လွတ်လပ်နွေဉီးကပေးပို့တာ ဖြစ်ပါတယ်ရှင်
No comments:
Post a Comment