၂၀၂၂ ဒီဇင်ဘာလ ၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ပွင့်ဖြူ NLD အလုပ်အမှုဆောင်တဦးကို စစ်ကောင်စီလက်ပါးစေများက သတ်ဖြတ်လိုက်တဲ့သတင်း
📌 ၂။ အာဏာသိမ်းစစ်အုပ်စုကဖမ်းဆီးခဲ့သော ရိုဟင်ဂျာ ၁၃ ဦး ရုပ်အလောင်းများတွေ့ရှိတဲ့သတင်း
📌 ၃။ ဒီးမော့ဆိုမှာ မိုင်းရှင်းလင်းရာမှ တော်လှန်ရေးရဲဘော် ၃ ဦးဒဏ်ရာရရှိတဲ့သတင်း
📌 ၄။ ယုံကြည်ချက်ကြောင့် သေဒဏ်ချမှတ်ခံထားရသူများနှင့်အတူ တသားတည်းရပ်တည်သည် - Profile Photo Campaign သတင်း
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ပွင့်ဖြူ NLD အလုပ်အမှုဆောင်တဦးကို စစ်ကောင်စီလက်ပါးစေများက သတ်ဖြတ်လိုက်တဲ့သတင်း
မကွေးတိုင်း ပွင့်ဖြူမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ အလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးကို စစ်ကောင်စီလက်ပါးစေများက သတ်ဖြတ်လိုက်ကြောင်း မြို့နယ်အလုပ်အမှု ဆောင်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အသက် ၄၅ နှစ်အရွယ် ဦးဝင်းဌေးဟာ ဒီဇင်ဘာလ ၄ ရက်မနေ့က ညနေ ၅ နာရီဝန်းကျင်မှာ မိသားစုကျန်းမာရေးကိစ္စနဲ့ မကွေးမြို့ကနေအပြန် ပွင့်ဖြူမြို့နယ်၊ သစ်ချိုကုန်းရွာအဝင်မှာ လက်နက်ကိုင်လူတစုက ဖမ်းဆီးသွားပြီးနောက် အခုလိုအသတ်ခံခဲ့ရတာဖြစ်ပါတယ်။
“သူက သရက်ကုန်းရွာကပါ သူ့ကိုသစ်ချိုကုန်းရွာအဝင်မှာ အမည်မသိ လက်နက်ကိုင်လူတစုအဖွဲ့ကနေ သူတို့ကိုသေနတ်တွေနဲ့ချိန်ပြီး ခေါင်းငုံ့ထားဆိုပြီးတော့ ဦးဝင်းဌေးကို ဖမ်းဆီးသွားတယ်။ ကျန်တဲ့သူ့မိသားစုဝင်နဲ့ စပယ်ယာကိုတော့ ပြန်လွှတ်လိုက်တယ်။ စစ်ကောင်စီကဖမ်းဆီးတယ်မှတ်ပြီးတော့ သက်ဆိုင်ရာပွင့်ဖြူရဲစခန်းကို သွားမေးတော့ သူတို့ဖမ်းဆီးတာမဟုတ်ဘူးပြောတယ်” လို့ ပြောပါတယ်။
ဖမ်းခေါ်သွားသူတွေဟာ ကျောက်ကုန်းကြီးကျေးရွာက ပျူစောထီးတွေလို့ခန့်မှန်းရပြီး ဖမ်းဆီးခံရပြီးနောက် မိသားစုဝင်တွေက လိုက်လံရှာဖွေရာ ဒီဇင်ဘာလ ၅ ရက်ဒီမနက် ၉ နာရီဝန်းကျင်မှ လည်လှီးဒဏ်ရာနဲ့သေဆုံးနေတဲ့ ဦးဝင်းဌေးရဲ့အလောင်းကို ကျောက်ကုန်းကြီးရွာမြောက်ဘက်က တောထဲမှာတွေ့ရှိခဲ့တယ်လို့ ပွင့်ဖြူမြို့နယ် NLD အလုပ်အမှု ဆောင်တစ်ဦးက ပြောပြခဲ့တာပါ။
၂၀၂၁ ခုနှစ်၊ အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ပွင့်ဖြူမြို့နယ်၊ ကျောက်ကုန်းကြီးကျေးရွာက NLD အလုပ်အမှုဆောင် ဦးဌေးနိုင်နဲ့ ပါတီဝင်လူငယ်တဦးကို အဆိုပါရွာနေ စစ်ကောင်စီထောက်ခံသူ ၃၀ ဦးဝန်းကျင်လောက်က ဝိုင်းဝန်းကန်ကျောက်ကာ ဓါးနဲ့ခုတ်သတ်တဲ့ ဖြစ်စဥ်တခုဖြစ်ပေါ် ခဲ့တာရှိပေမယ့် ပြစ်မှုကျူးလွန်သူတွေကို ထိုစဥ်ကတည်းက ဖော်ထုတ် အရေးယူနိုင်ခြင်း မရှိခဲ့ပါဘူး။
========================
📌📌 ၂။ အာဏာသိမ်းစစ်အုပ်စုကဖမ်းဆီးခဲ့သော ရိုဟင်ဂျာ ၁၃ ဦး ရုပ်အလောင်းများတွေ့ရှိတဲ့သတင်း
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်နှင့်မင်္ဂလာဒုံမြို့နယ် အစပ် ၊ရွှေနံ့သာနှင့် ငွေနံ့ သာ ကျေးရွာ အကြား လူပြတ်တဲ့ လမ်းဘေးတစ်နေရာတွင် ရိုဟင်ဂျာ အမျိုးသား ၁၃ ဦးရဲ့ သေ ဆုံးနေသော အလောင်းများကို ဒီဇင်ဘာလ ၅ ရက်နေ့မှာ တွေ့ရှိခဲ့ကြပါတယ်။ အဆိုပါ ရိုဟင်ဂျာ ၁၃ ဦးကို နိုဝင်ဘာလနှောင်းပိုင်းက စစ်တပ်က ဖမ်းဆီးခဲ့ကာ ဒီဇင်ဘာ ၄ ရက်နေ့ ညပိုင်းတွင် သတ်ဖြတ်ပြီး အလောင်းများကို စွန့်ပစ်ခဲ့တာ ဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းရင်းမြစ်က အတည်ပြု ဖော် ပြထားပါတယ်။
နယ်မြေတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်က အခုလို အလောင်းတွေ့ရှိမှုနဲ့ပက်သက်ပြီး သတင်းအစထွက်ပါက ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်နေကြောင်းဒေသခံတွေကို ပြောပါတယ်။ ငွေနံ့သာကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ သတင်းပို့ချက်အရ သွားရောက်စစ်ဆေးရာကစလို့ ရေတွေစိုကာလက်ဖျားတွေ နူးပွနေတဲ့ အမျိုးသားရုပ်အလောင်းများတွေ့ရှိမှု အခင်းအကျင်းပေါ် ပေါက်ခဲ့တာပါ။ ခုတော့ ရန်ကုန်ပြည်သူ့ဆေးရုံကိုပို့ဆောင်ကာ စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ စစ်အုပ်စုသတင်းထုတ်ပြန်ရေးက ဆိုပါတယ်။ ဒါ့ အပြင် စစ်ကောင်စီနဲ့နီးစပ်တဲ့ ပြည်တွင်းသတင်းဌာန အချို့ကလည်းလှည်းကူးမြို့အဝင်သေဆုံးနေသူတွေဟာဘင်္ဂါလီတွေဖြစ်တယ်လို့ ဖော်ပြထားကြပါတယ်။ စစ်အုပ်စုနှင့်၄င်းတို့အသိုင်းအဝိုင်းဟာ ရိုဟင်ဂျာတွေကို ဘင်္ဂလီတွေလို့ ခေါ် ဝေါ် သုံးစွဲလေ့ရှိကြပြီး အသက်ရှုရပ်ပြီး သေဆုံးတယ်လို့ သတင်းလွှင့်နေကြပါတယ်။
ဒါပေမယ့် သေဆုံးနေသူတွေမှာ ဗိုက်ကိုဓားဖြင့်ထိုးသွင်းထားသောဒဏ်ရာများတွေ့ရကြောင်း အချို့တွင်မျက်နှာပေါ် သွေးသံရဲရဲ ရှိနေပြီး ခြေထောက်များမှာလည်း ညိုမဲဒဏ်ရာများတွေ့ရကြောင်း တချို့ရုပ်အလောင်းများမှာတော့ ကျောကုန်းတွင် မီးလောင်ဒဏ်ရာများတွေ့ရကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနကတော့ ဓာတ်ပုံမှတ်တမ်းများကို ကိုးကားပြီး အတိအလင်းဖော် ပြပါတယ်။ ဒါ့အပြင် အခုလိုစစ်ကောင်စီနှင့် ပျူစောထီးများ သတ်ဖြတ်ထားတဲ့ ရိုဟင်ဂျာ လူငယ် ၁၃ ဦး ရဲ့ ရုပ်အအလောင်း ဓာတ်ပုံသက်သေများကို တယ်လီဂရမ်ချန် နယ်တွင် ဖော်ပြပေးထားကြောင်းကိုလည်း ရေးသားဖော်ပြထားပါတယ်။ ယခုဖြစ်ရပ်မတိုင်မီနိုဝင်ဘာလ နှောင်းပိုင်းမှာ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်တွေမှာတော့ ရိုဟင်ဂျာအမျိုးသား အမျိုးသမီးများ ကို ဆက်တိုက်ဆိုသလိုစုစုပေါင်း ၇၁ ဦးထိဖမ်းမိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားတာကိုလည်း သိရှိရပါတယ်။
========================
📌📌 ၃။ ဒီးမော့ဆိုမှာ မိုင်းရှင်းလင်းရာမှ တော်လှန်ရေးရဲဘော် ၃ ဦးဒဏ်ရာရရှိတဲ့သတင်း
ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့၊ ကုန်းသာကျေးရွာ နယ်မြေကို ဒီဇင်ဘာ ၁ ရက်က ပြန်လည်ရယူပြီး နယ်မြေရှင်းလင်းရေး၊ မိုင်းရှင်းလင်းရေးတွေ ပြုလုပ်နေတုန်း ကယား (ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု (KRU) အဖွဲ့က ရဲဘော် ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KRU က သတင်းထုတ်ပြန်ပါတယ်။ မိုင်းရှင်းလင်းရေးအဖြစ် ၃ ရက် မြောက်နေ့မှာ KRU ရဲဘော် ၃ ဦး ဒဏ်ရာရရှိခဲ့ကြတာ ဖြစ်ပါတယ်။ ၃ ဦးအနက် ၁ ဦးမှာ အနည်းငယ် ဒဏ်ရာ ပြင်းထန်ခဲ့ပြီး လက်ရှိမှာတော့ မစိုးရိမ်ရတဲ့ အခြေအနေနဲ့ ကျန်းမာရေး စောင့်ရှောက်ပေးထားကြောင်း KRU တာဝန်ခံက ပြောပါတယ်။ “ကျေးရွာအတွင်း မိုင်းရှင်းလင်းရေးတွေလုပ်ရင်း ထိသွားတာပါ။ သုံးယောက်မှာ တယောက်က ဒဏ်ရာအနည်းငယ်ပြင်းထန်ပေမဲ့ အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး။” ကုန်းသာကျေးရွာကို ကယား (ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစုနဲ့ KGZ Volunteer Army အဖွဲ့တို့ ပူးပေါင်းပြီး မိုင်းရှင်းလင်းတာနဲ့ ပြင်ဆင်မှုတွေ အတူတကွ လုပ်ဆောင်လျက်ရှိကြပါတယ်။ ထိုနေရာမှာ အန္တရာယ်ရှိတဲ့ အခြေအနေ ဖြစ်နေတဲ့အတွက် ဒေသခံ တခြားကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံပြည်သူတွေလည်း သွားလာမှုမပြုလုပ်ကြဖို့၊ သွားလာဖို့ လိုအပ်ပါက အသိပေးပြီးမှ သွားလာကြဖို့ အသိပေးကြေငြာ ထားပါတယ်။
========================
📌📌 ၄။ ယုံကြည်ချက်ကြောင့် သေဒဏ်ချမှတ်ခံထားရသူများနှင့်အတူ တသားတည်းရပ်တည်သည် - Profile Photo Campaign သတင်း
အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စုက ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးဖြစ်တဲ့ ကိုခန့်ဇင်ဝင်း၊ ကိုသူရမောင်မောင်၊ ကိုဇော်လင်းနိုင်၊ ကိုသီဟထက်ဇော်၊ ကိုဟိန်းထက်၊ ကိုသက်ပိုင်ဦးနှင့် ကိုခန့်လင်းမောင်မောင် တို့ကို သေဒဏ်ချမှတ်ခဲ့ပါတယ်။
သေဒဏ်ချမှတ်တာ၊ စီရင်တာတွေဟာ လူ့အခွင့်ရေးစံနှုန်းအရ ဘယ်လိုမှ မကိုက်ညီသလို နိုင်ငံတကာမှာလည်း သေဒဏ်နဲ့ပတ်သတ်ပြီး တားဆီးကန့်သတ်ထားတာတွေရှိပါတယ်။ ဒီလိုတွေရှိပါလျက်နဲ့ လူငယ်လူရွယ်ကျောင်းသားတွေကို စစ်အုပ်စုက အဓမ္မသေဒဏ်ချမှတ်နေတာဟာ သူတို့ကိုဆန့်ကျင်တဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို အလုံးစုံပျက်သုဉ်းတဲ့အထိ လက်စားချေမယ်ဆိုတဲ့ စစ်အုပ်စုရဲ့ ယုတ်မာရိုင်းစိုင်းတဲ့ ဖက်ဆစ်သရုပ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ သေဒဏ်ချမှတ်ခံထားရသူ ၁၄၀ ကျော်ရှိနေပြီး ယင်းတို့အနက်မှ ထင်ရှားသူ (၄) ဦးကို ရက်စက်စွာစီရင်ကွပ်မျက်ခဲ့ပြီးဖြစ်ပါတယ်။ ဒဂုံတက္ကသိုလ်ကျောင်းသား ၇ဦးအပါအဝင် ဒီမိုကရေစီအရေးအတွက်လှုပ်ရှားရင်း သေဒဏ်ချမှတ်ခံရတဲ့ ကျောင်းသားပြည်သူများနဲ့အတူ တသားတည်း ရပ်တည်ရင်း စစ်ကောင်စီရဲ့ အဓမ္မသေဒဏ်ချမှတ်နေမှု၊ စီရင်နေမှုတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချဖို့လိုအပ်တယ်လို့ Profile Photo Campaign ကိုဦးဆောင်နေသူတွေနှင့် တော်လှန်ပြည်သူတွေက သဘောထားထုတ်ပြန်လျက်ရှိပါတယ်။ အခုလိုသေဒဏ်စီရင်ချက်ကို လက်နက်သဖွယ်အသုံးချနေမှုနဲ့ပက်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးကလည်း
" ဒီစစ်အုပ်စုဟာ သေဒဏ်ချမှတ်ပြီးတော့ သတ်ဖြတ်ခြင်းကို လက်နက်သဖွယ် အသုံးပြုပြီး ပြည်သူတယောက်ချင်းရဲ့ အသက်ရှင်သန်ခွင့်ကိုမသိကျိုးကျွံပြုပြီး ချိုးဖောက်နေတာ ဖြစ်တယ်။ နိုင်ငံတကာလူ့အခွင့်အရေးစံတွေကို မျက်ကွယ်ပြုပြီး ဒီမိုကရေစီအခွင့်အရေးတွေကို ကန့်သတ်နေတာ ဖြစ်တယ်။ ကျူးလွန်ခံရသူတွေအတွက် တရားမျှတမှူရရေးအတွက် မိမိတို့အနေနဲ့ အစွမ်းကုန်ကြိုးစားသွားမယ်လို့ကတိပေးပါကြောင်း ဒီအကြမ်းဖက်စစ်အုပ်စုကို အမြစ်ပြတ်ချေမှုန်းရမယ်ဆိုတဲ့အကြောင်းကိုလည်း ဒီဇင်ဘာလ ၅ ရက်နေ့မှာ ကတိပေးသတင်းစကားဆိုလိုက်ပါတယ်။ Profile Photo Campaign ကိုပြုလုပ်ကြရာမှာ #StopExecuteOurStudents #StopExecuteOurFriends #DagonUniversityStudents #FailLaw #MyanmarUnderDeathPenalty #WeAreUnderDeathPenalty စတဲ့ Hashtag များကို ကူးယူဖော်ပြကြဖို့ကိုလည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို ဝန်ကြီးဌာနများနှင့် ခိုင်လုံသောသတင်းရင်းမြစ်တွေအပေါ် အခြေခံပြီး ရေဒီယိုသတင်းတာဝန်ခံလွတ်လပ်နွေဦးက ပေးပို့ထားတာ ဖြစ်ပါတယ်ခင်ဗျာ။
No comments:
Post a Comment