၂၀၂၃ ဇန်နဝါရီလ ၅ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ နွေဦးတော်လှန်ရေးအောင်မြင်ပါက တိုင်းရင်းသားများပါဝင်ရေးဆွဲထားတဲ့ ဖက်ဒရယ်ချာတာအတိုင်းသွားမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို
📌 ၂။ နွေဦးထီ ကံထူးရှင်များမှ ဆုကြေးများ ပြန်လည်လှူဒါန်း၍ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင် လက်မှတ်ထိုး ထားတဲ့ ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့
📌 ၃။ လွတ်လပ်ရေးနေ့မှာ ဝင်စီးခံရတဲ့ ကြာအင်းဆိပ်ကြီးကအကြမ်းဖက် စစ်ကောင်စီတပ်ရဲ့တပ်ရင်းများမှ စကစတပ်များ ကျဆုံးမှုအများအပြားရှိခဲ့
📌 ၄။ အကြမ်းဖက်စစ်အုပ်စု၏တပ်မှ ရမ်းသန်းပစ်ခတ်ခြင်းကြောင့် ထင်းခွေနေသော အသက် ၁၂ နှစ်အရွယ်ကလေးငယ်တစ်ဦး ထိမှန်သေဆုံး
📌 ၅။ ကြာညှပ်ကျေးရွာရှိ အုပ်ချုပ်ရေးမှုးရုံးမှာ ပျူစောထီးများနှင့် စကစတပ်များအစည်းအဝေးလုပ်စဥ် ဒရုန်းနဲ့ဗုံးကြဲချတိုက်ခိုက်
📌 ၆။ စစ်အာဏာရှင် လက်အောက်မှာ မုံရွာမြို့ကို လုံးဝအုပ်ချုပ် ခွင့်မရစေရ ဘန်နာကို ကိုင်စွဲကာ မုံရွာမှာ အာရုဏ်ဦးသပိတ်ဆင်နွှဲ
📌 ၇။ NYAFM အလှူခံအသင်းရဲ့ အလှူခံ ကို Osukannon ဘုရားကျောင်းအနီး တွင် ကျင်းပခဲ့ရာ စုစုပေါင်း အလှူငွေ ၁၃၅,၀၁၅ ယန်း ကို ကောက်ခံရရှိ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ နွေဦးတော်လှန်ရေးအောင်မြင်ပါက တိုင်းရင်းသားများပါဝင်ရေးဆွဲထားတဲ့ ဖက်ဒရယ်ချာတာအတိုင်းသွားမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို
ဇန်နဝါရီလအတွင်း သတင်းဌာန တစ်ခုနဲ့တွေ့ဆုံမေးမြန်းရာမှာပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက အခုလိုထည့်သွင်းပြောဆိုခဲ့ပါတယ်။ "ဒီတော်လှန်ရေး အောင်မြင်သွားရင် EROတေွပါဝင်ရေးဆွဲထားတဲ့ချာတာတွေရှိတယ်လေ။ အောင်မြင်သွားရင် ချာတာမှာပါတဲ့အတိုင်း ဖက်ဒရယ် ဒီမိုကရေစီကိုသွားမယ်။ ပြည်သူလူထုကလည်းလက်ခံမယ့်ဟာဖြစ်တယ်။နောက်ပြီးအားလုံးကလည်း သဘောတူလက်ခံထားတယ်။အခု စစ်ရေးကလည်း အောက်မြင်နေတယ်။ပြည်သူလူထုကလည်း ငါတို့နောက်မှာရှိတယ်"လို့ဝန်ကြီးချုပ်ကဆိုပါတယ်။
နွေဦးတော်လှန်ရေးဟာ ပြည်သူ့တော်လှန်ရေး ဖြစ်ပြီးတော့ ပြည်သူလူထုထေယက်ခံမှုအပြည့်ရှိကာ တော်လှန်ရေးကို စစ်ကောင်စီအနေနဲ့မဖြိုခွင်းနိုင်တော့ဘူးလို့ဝန်ကြီးချုပ်ကဆိုထားပါတယ်။
========================
📌📌 ၂။ နွေဦးထီ ကံထူးရှင်များမှ ဆုကြေးများ ပြန်လည်လှူဒါန်း၍ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင် လက်မှတ်ထိုး ထားတဲ့ ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့
နွေဦးထီ ကံထူးရှင်များမှ ဆုကြေးများ ပြန်လည်လှူဒါန်း၍ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင် လက်မှတ်ထိုး ထားတဲ့ ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့တယ်လို့ ဇန်နဝါရီလအတွင်းမှာ အောင်လံလွှင့်ချီ နွေဦးထီ မိသားစုကအသိပေးဖော်ပြပါတယ်။
"အောင်လံလွှင့်ချီ နွေဦးထီ၏ ဒီဇင်ဘာလ အတွက် ကံထူးရှင်များမှ ပြန်လည်လှုဒါန်းထားသည့် ဆုကြေးများအတွက် ပေးအပ်ထားသည့် ဂုဏ်ပြုမှတ်တမ်းများကို မျှဝေလိုက်ပါတယ်။ ပြည်သူဖက်မှ ရပ်တည်သော CDM ဝန်ထမ်းများအား ချီးမြှင့်နိုင်ဖို့ နွေဦးထီလက်မှတ် ဝယ်ကြပါစို့"လို့ဆိုထားပါတယ်။
နွေဦးထီကို လစဉ် လကုန်ရက် တစ်ရက်မှလွဲ၍ ကျန်ရက်များတွင် ၂၄ နာရီ ၇ ရက်ပါတ်လုံးရောင်းချပေးလျက်ရှိပါတယ်။ ရောင်းချရငွေများရဲ့ ၇၀% ကိုတော့ CDM သူရဲကောင်းများကိုချီးမြှင့်ပေးလျက်ရှိပြီး၊ ၃၀% ကိုတော့ဆုကြေးအဖြစ်ဖွင့်လှစ်ပေးလျက်ရှိပါတယ်။
နွေဦးထီရဲ့ဆုကြေးတွေကတော့အထူးဆု ကျပ်သိန်း ၁၀၀၊ကျပ် ၁၅ သိန်းဆုများ၊ကျပ် ၅ သိန်းဆုများနဲ့ကျပ် ၁ သိန်းဆုများ ပဲဖြစ်ပါတယ်။ NUGPay နဲ့ လုံလုံခြုံခြုံ ထီထိုးကံစမ်းရင်း CDM သူရဲကောင်းများကို တတ်အားသ၍ချီးမြှင့်နိုင်ဖို့ အောင်လံလွှင့်ချီနွေဦးထီကို ဝယ်ယူအားပေးကြဖို့ကိုလဲ တိုက်တွန်းထားပါတယ်။
========================
📌📌 ၃။ လွတ်လပ်ရေးနေ့မှာ ဝင်စီးခံရတဲ့ ကြာအင်းဆိပ်ကြီးကအကြမ်းဖက် စစ်ကောင်စီတပ်ရဲ့တပ်ရင်းများမှ စကစတပ်များ ကျဆုံးမှုအများအပြားရှိခဲ့
ကရင်ပြည်နယ်မှာ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ လွတ်လပ်ရေးနေ့မှာ ဝင်စီးခံရတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့တပ်ရင်းများမှ စကစတပ်များ ကျဆုံးမှုအများအပြားရှိခဲ့တယ်လို့သတင်းရရှိပါတယ်။
ဇန်နာဝါရီ ၄ ရက်နေ့မှာတိုက်ပွဲ ပြင်းထန်ခဲ့တဲ့ ကြာအင်းဆိပ်ကြီး မြို့ရှိ အကြမ်းဖက် စကစ၏ တပ်များဖြစ်သော ခလရ ၃၂ ၊ခလရ ၂၈၃ ၊ ခလရ ၂၈၄ တပ်ရင်းများကို တော်လှန်ရေးတပ်ပေါင်းစုများက ဝင်ရောက်စီးတဲ့ဖြစ်စဥ်မှာ အကြမ်းဖက် စစ်တပ်အထိနာကျဆုံးခဲ့တယ်လို့ ကြာအင်းဆိပ်ကြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတင်းမှာ ဖော်ပြပါတယ်။
အကြမ်းဖက် စစ်တပ်ဘက်က လေကြောင်းပစ်ကူနဲ့အကြိမ်ကြိမ်ပစ်ခတ်ခဲ့သော်လည်း စကစတပ်က တပ်ရင်း ၂ ရင်းပေါင်း အယောက်၂၀၀ နီးပါးရှိနိုင်တယ်လို့ သတင်းထုတ်ပြန်ဖော်ပြပါတယ်။ တော်လှန်ရေး အင်အားစုဖက်မှ စစ်သား CDM သူရဲကောင်း ရဲဘော် ရဲနိုင်သွေး အပါဝင် ၄ ဦးကျဆုံးခဲ့ပြီး စကစတပ်ရဲ့ တပ်ရင်းတချို့ရှိ နေရာများကို မီးရှို့ဖျက်ဆီးနိုင်ပါတယ်။
========================
📌📌 ၄။ အကြမ်းဖက်စစ်အုပ်စု၏တပ်မှ ရမ်းသန်းပစ်ခတ်ခြင်းကြောင့် ထင်းခွေနေသော အသက် ၁၂ နှစ်အရွယ်ကလေးငယ်တစ်ဦး ထိမှန်သေဆုံး
ဇန်နဝါရီလ ၁ ရက်နေ့ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ထမ္မကောက်ကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်အုပ်စု၏တပ်မှ ရမ်းသန်းပစ်ခတ်ခြင်းကြောင့် ရွာ၏ အနောက်တောင်ဘက်ရှိ တောင်ကုန်းပေါ်တွင် ထင်းခွေနေသော အသက် ၁၂ နှစ်အရွယ် ဧမူမူအောင်သည် ကျည်ထိမှန်ပြီး သေဆုံးခဲ့တယ်လို့ဆိုပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေးလှုပ်ရှားသူများ နှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၇၀၁) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။
========================
📌📌 ၅။ ကြာညှပ်ကျေးရွာရှိ အုပ်ချုပ်ရေးမှုးရုံးမှာ ပျူစောထီးများနှင့် စကစတပ်များအစည်းအဝေးလုပ်စဥ် ဒရုန်းနဲ့ဗုံးကြဲချတိုက်ခိုက်
သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်တိုက်နယ် ၊ကြာညှပ်ကျေးရွာရှိ အုပ်ချုပ်ရေးမှုးရုံးမှာ ပျူစောထီးများနှင့် စကစတပ်များအစည်းအဝေးလုပ်စဥ် ဒရုန်းနဲ့ဗုံးကြဲချတိုက်ခိုက်ခဲ့ပါတယ်။ ဇန်နဝါရီ ၅ ရက်မှာ စစ်ရေးသတင်းကို TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့ကအတည်ပြုဆိုပါတယ်။
"ယမန်နေ့က ဇန်နဝါရီ၊ ၄ ရက် မွန်းလွဲပိုင်း ၁ နာရီခွဲ ဝန်းကျင်က သပိတ်ကျင်းမြို့နယ်၊ကြာညှပ်တိုက်နယ်၊ ကြာညှပ်ကျေးရွာရှိ အုပ်ချုပ်ရေးမှုးရုံးတွင် ပျူစောထီးများနှင့် စကစတပ်များ အင်အား (၁၅) ယောက်ဝန်းကျင်ခန့် ပူးပေါင်းကာ အစည်းအဝေးလုပ်စဥ် မိမိတို့ TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့မှာ ဒရုန်းဖြင့် ဗုံးသီးချ (M9) တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
တိုက်ခိုက်မှုကြောင့် ပျူစောထီး နှစ်ဦး နေရာတွင် တုန့်ကနဲ လဲကျသွားပြီး ပြန်မထန်ိုင်သည်အထိ ဖြစ်ခဲ့ကာ၊ စကစတပ်က ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်သတင်းပေးပို့ချက်အရသိရတယ်လို့ဆိုပါတယ်။ ထိုသို့ ဒရုန်းဖြင့် ဗုံးထု တိုက်ခိုက်မှု့ကို TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့နှင့် နယ်မြေခံ ရပ်ကျေး (ပကဖ)များ ပူးပေါင်းကာ စစ်ဆင်ခဲ့ပါတယ်။
တိုက်ခိုက်မှု့အပြီးတွင် စကစတပ်က အင်အား ၂၀ ခန့် ထပ်မံရောက်ရှိလာပြီး အဆိုပါ အုပ်ချုပ်ရေးရုံး၌ အထိုင်ချ လုံခြုံရေးယူကာ လက်နက်ကြီး၊ ငယ်များဖြင့် ပြန်လည်ပစ်ခဲ့မှု့များရှိခဲ့သော်လည်း ရဲဘော်များအားလုံး အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ဆိုပါတယ်။
========================
📌📌 ၆။ စစ်အာဏာရှင် လက်အောက်မှာ မုံရွာမြို့ကို လုံးဝအုပ်ချုပ် ခွင့်မရစေရ ဘန်နာကို ကိုင်စွဲကာ မုံရွာမှာ အာရုဏ်ဦးသပိတ်ဆင်နွှဲ
စစ်အာဏာရှင် လက်အောက်မှာ မုံရွာမြို့ကို လုံးဝအုပ်ချုပ် ခွင့်မရစေရ ဘန်နာကို ကိုင်စွဲကာ မုံရွာမှာ အာရုဏ်ဦးသပိတ်ကို ဇန်နဝါရီ ၅ ရက်နေ့နံနက်အစောပိုင်းမှာ မုံရွာသပိတ်အင်အားစုကမုံရွာမြို့တစ်နေရာမှာ လှုပ်ရှားကျင်းပခဲ့ပါတယ်။
''စစ်အာဏာရှင် လက်အောက်မှာ မုံရွာမြို့ကို လုံးဝအုပ်ချုပ် ခွင့်မရစေရ''ဘန်နာ စာသားကို ကိုင်ဆွဲပြီး အကြမ်းဖက်စစ်တပ် ကျရှုံးရေး ဟစ်ကြွေးမှုတွေနဲ့အတူ လူငယ်တွေက ဆန္ဒပြခဲ့ကြပါတယ်။ မုံရွာမြို့ဟာ အကြမ်းဖက်စစ်တပ် လုံခြုံရေး တင်းကြပ်စွာချထားတဲ့မြို့ဖြစ်သော်လည်း လူထုလှုပ်ရှားမှုသပိတ်များဟာ ပေါ်ပေါက်နေဆဲ ဖြစ်ပါတယ်။
========================
📌📌 ၇။ NYAFM အလှူခံအသင်းရဲ့ အလှူခံ ကို Osukannon ဘုရားကျောင်းအနီး တွင် ကျင်းပခဲ့ရာ စုစုပေါင်း အလှူငွေ ၁၃၅,၀၁၅ ယန်း ကို ကောက်ခံရရှိ
NYAFM အလှူခံအသင်းရဲ့ ၂၀၂၃ နှစ်ရဲ့ ဒုတိယအကြိမ် အလှူခံ ကိုဂျပန်နိုင်ငံ Osukannon ဘုရားကျောင်းအနီး တွင် (၄၆ကြိမ်မြောက် အလှူခံ)ကိုကျင်းပခဲ့ရာ စုစုပေါင်း အလှူငွေ ၁၃၅၀၁၅ ယန်း ကောက်ခံရရှိခဲ့တယ်လို့ ဇန်နဝါရီ၅ရက်နေ့မှာ NYAFMအသင်းကအသိပေးဆိုပါတယ်။ စနစ်ဆိုးကို အမြန်ချေမှူန်းဖို့ NYAFM မှ ထောက်ပို့ သူရဲကောင်းတွေက ၂၀၂၃ နှစ်အစပိုင်းမှာကတည်းက ခံပြင်းစိတ်အပြည့်နှင့် ကြိုးစားပေးနေပါတယ်လို့ဖော်ပြပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment