၂၀၂၃ ဇန်နဝါရီလ ၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ တိုင်းရင်းသားအဖွဲ့အစည်း အများစုနဲ့ညီညွတ်မှုရရှိနေတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်အသိပေးပြောကြား
📌 ၂။ Israel -Palestine ဆိုင်ရာ resolutions ၅ ခုကို မြန်မာနိုင်ငံအနေနှင့် ထောက်ခံမဲပေးခဲ့
📌 ၃။ အဆုံးအဖြတ်ပေးမည့်နှစ်တစ်နှစ်ဖြစ်၍ ကျရာကဏ္ဍမှ တိုက်ပွဲဝင်ကြရန် CDM များကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတိုက်တွန်း
📌 ၄။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေဆုံဆွေးနွေး
📌 ၅။ CDM အင်အားစုများကို ဂုဏ်ပြုမှတ်တမ်းများပေးမယ်
📌 ၆။ ၂၀၂၂ ခုနှစ် (၁) နှစ်တာ ကာလအတွင်း ဒရုန်းပျံသန်းစစ်ဆင်မှုပေါင်း (၄၃၇) ကြိမ် တိုက်ပွဲဝင်နိုင်ခဲ့ပြီး စကစတပ်သား၂၀၀ ခန့်သေဆုံးခဲ့တယ်လို့ Federal Wings ထုတ်ပြန်
📌 ၇။ စစ်အာဏာရှင်ဆန့်ကျင်သော ဆန္ဒပြလှုပ်ရှားမှု၌ ပါဝင်သည့် သံဃသမဂ္ဂ (မန္တလေး) မှ အရှင်အာစာရ (ခ) သပိတ်ခင်ကို အကြမ်းဖက်စစ်အုပ်စု၏တပ်မှ ဖမ်းဆီးသွား
📌 ၈။ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ထမ္မကောက်ရွာ ကျောင်းဝိုင်းထဲတပ်စွဲထားတဲ့ စကစတပ်များကို ဒရုန်းနဲ့ဗုံးကြဲချရာ သုံးဦးသေဆုံး
📌 ၉။ ကနီမြို့နယ်အတွင်းသို့စစ်ကြောင်းထိုးလာတဲ့ အင်အား၂၀၀ ကျော်ပါ စကစတပ်စစ်ကြောင်းကို ၁၁ရက်ကြာတိုက်ခိုက်ရာ စကစဘက်ကအယောက်၆၀ ကျော်ကျဆုံး
📌 ၁၀ ။ တန့်ဆည်မြို့နယ်၊ ဆင်ငယ်ရွာတိုက်ပွဲ စစ်ကောင်စီတပ်သားနှင့် ပျူစောထီးအဖွဲ့ဝင် ၃၀ဦးခန့် သေဆုံးခဲ့တယ်လို့ TAZE PDF အတည်ပြု
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ တိုင်းရင်းသားအဖွဲ့အစည်း အများစုနဲ့ညီညွတ်မှုရရှိနေတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်အသိပေးပြောကြား
တိုင်းရင်းသားအဖွဲ့အစည်း အများစုနဲ့ညီညွတ်မှုရရှိနေတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကအသိပေးပြောပါတယ်။ ဇန်နဝါရီလအတွင်း သတင်းဌာနတစ်ခုနဲ့တွေ့ဆုံမေးမြန်းရာမှာ တိုင်းရင်းသားအဖွဲ့အစည်းများနဲ့ ညီညွတ်မှုကို ဝန်ကြီးချုပ်ကထည့်သွင်းဆိုပါတယ်။
"စိတ်ဓာတ်မှန်မှန်နဲ့ လုပ်ရင်တော့ အောင်မြင်မယ်လို့ NUGအစိုးရအဖွဲ့က ယုံကြည်တယ်။ စိတ်ဓာတ် သန့်သန့်နဲ့လုပ်မယ်။ အရည်အချင်းနဲ့လုပ်မယ်ဆိုပြီးတော့ တိုင်းရင်းသားအဖွဲ့အစည်းတွေကို လိုက်လံဆောင်ရွက်ခဲ့တယ်။အဲဒီအတွက်လည်းတော်တော်လေး အောင်မြင်မှုရနေပါတယ်။ဒါကြောင့် တော်တော်များများ တိုင်းရင်းသားအဖွဲ့အစည်းများနဲ့ညီညွတ်မှုရနေပါတယ်"လို့ဆိုပါတယ်။
အမျိုးသား ညီညွတ်ရေးအစိုးရနဲ့ ပုံမှန် တရားဝင်တွေ့ဆုံသော တိုင်းရင်းသား တော်လှန်ရေးအင်အား စုများ တွေ့ဆုံဆွေးနွေးမှုတွင်မပါဝင်သော်လည်း တော်လှန်ရေးအတွက် လုပ်ဆောင်ရန် သဘောတူထားသော အဖွဲ့အစည်းအချို့လည်း ရှိနေတယ်လို့ ဝန်ကြီးချုပ်ကဆိုပါတယ်။
========================
📌📌 ၂။ Israel -Palestine ဆိုင်ရာ resolutions ၅ ခုကို မြန်မာနိုင်ငံအနေနှင့် ထောက်ခံမဲပေးခဲ့
Israel -Palestine ဆိုင်ရာ resolutions ၅ ခုကို မြန်မာနိုင်ငံအနေနှင့် ထောက်ခံမဲပေးခဲ့တယ်လို့သတင်းရရှိပါတယ်။ ဇန်နဝါရီလအတွင်းမှာ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်အသိပေးခဲ့ပါတယ်။
ယခုနှစ် (၇၇) ကြိမ်မြောက် ညီလာခံ၏ ဒီဇင်ဘာ ၁၂ ရက်နေ့ကပြုလုပ်ခဲ့သည့် plenary meeting တွင် Israel -Palestine ဆိုင်ရာ resolutions ၅ ခုကို မြန်မာနိုင်ငံအနေနှင့် ထောက်ခံမဲပေးခဲ့ပါတယ်လို့ဖော်ပြပါတယ်။
ကျန်ရှိနေသည့် အခြားသောResolution တခုသည် Program Budget Implication ရှိနေခြင်းဖြစ်သည့်အတွက် 5th Committeeတွင် ထပ်မံ မဲခွဲရသည့် တစ်ခုတွင်သာ ကြားနေမဲ ပေးခဲ့ခြင်းဖြစ်ပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက အသိပေးကြေညာပါတယ်။
========================
📌📌 ၃။ အဆုံးအဖြတ်ပေးမည့်နှစ်တစ်နှစ်ဖြစ်၍ ကျရာကဏ္ဍမှ တိုက်ပွဲဝင်ကြရန် CDM များကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတိုက်တွန်း
အဆုံးအဖြတ်ပေးမည့်နှစ်တစ်နှစ်ဖြစ်၍ ကျရာကဏ္ဍမှ တိုက်ပွဲဝင်ကြရန် CDM များကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတိုက်တွန်းပြောပါတယ်။ ဇန်နဝါရီ ၃ ရက် စစ်ကိုင်းတိုင်းဒေသကြီးမှ CDMer များနှင့် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးမှာ ပညာရေးဝန်ကြီးဌာနနှင့်ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကဆိုပါတယ်။
"တော်လှန်ရေးကာလမှာ(၂) နှစ်အထိ ရောက်လာချိန်တွင် နိုင်ငံတကာကလည်း လေးစားလက်ခံလာကြပြီး ဘက်ပေါင်းစုံတွင် တိုးတက်မှုများ ရှိလာပါကြောင်း၊ ယခုနှစ်သည် အဆုံးအဖြတ်ပေးမည့်နှစ်တစ်နှစ်ဖြစ်၍ ကျရာကဏ္ဍမှ တိုက်ပွဲဝင်ကြရန်နှင့် ထို့သို့တိုက်ပွဲဝင်ရာတွင် “ငါဆိုသည့်မာန်မာနမထားဘဲ အချင်းချင်းကြားတွင် နားလည်မှုဖြင့်တည်ဆောက်ကြရန်"ဝန်ကြီးကဆိုခဲ့ပါတယ်။
ဒါ့အပြင်တော်လှန်ရေးအတွက် မြေပြင်စည်းလုံးညီညွတ်ရေးက အရေးကြီး၍ မြေပြင်မှာ ဒေသအလိုက် အနာဂတ်အတွက် မည်သည့်ပုံစံဖော်ဆောင်မည်ကို စီမံခန့်ခွဲဆုံးဖြတ်ကြရန်ဝန်ကြီးကထပ်လောင်းဆိုပါတယ်။
========================
📌📌 ၄။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေဆုံဆွေးနွေး
ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေဆုံဆွေးနွေးမှု အစည်းအဝေး (၁/၂၀၂၃) ကို ဇန်နဝါရီ ၄ ရက်နေ့က ကျင်းပခဲ့ပါတယ်။ အစည်းအဝေးတွင် ပြည်ထဲရေးနှင့်လူဝင်မှုကြီး ကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ လုပ်ငန်း ဆောင်ရွက်ချက်များအပေါ် လိုအပ်သည်များမှာကြားဆောင်ရွက်ခဲ့ပါတယ်။
ဆက်လက်ပြီး ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့်ကိစ္စရပ်များနှင့် လိုအပ်ချက်များ၊ အခက်အခဲများကို ပြောကြားကာ အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။ အစည်းအဝေးသို့ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာန၊ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါတယ်။
========================
📌📌 ၅။ CDM အင်အားစုများကို ဂုဏ်ပြုမှတ်တမ်းများပေးမယ်
CDM အင်အားစုများကို ဂုဏ်ပြုမှတ်တမ်းများပေးမယ်လို့သတင်းရရှိပါတယ်။ ဇန်နဝါရီ ၃ ရက် စစ်ကိုင်းတိုင်းဒေသကြီးမှ CDMer များနှင့် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးသည့် အစီအစဥ်တစ်ရပ်မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အတွင်းရေးမှူး ဒေါ်ဖြူဖြူသင်းကပြောကြားခဲ့ပါတယ်။
"CRPH အနေဖြင့် စတင်ဖွဲ့စည်းချိန်ကတည်းက CDM စာရင်းများ ပြုစုခဲ့ပြီး ထောက်ပံ့မှုများပြုလုပ်ခဲ့ပါကြောင်း၊ CDM အင်အားစုများသည် စစ်အာဏာရှင်စနစ် ပြုတ်ကျသည်အထိသွားရန် ခွန်အားတစ်ရပ်ဖြစ်ပြီး ဂုဏ်ပြုမှတ်တမ်းများပေးရန်လည်း အဆင့်သင့်ဖြစ်၍ CRPH နှင့် NUG တို့ပူးပေါင်း လုပ်ဆောင်ရန်ရှိပါကြောင်း၊ CDM များ၊ Generation Z များနှင့် အတူ ကိုယ်စားလှယ်များအနေဖြင့်လည်း တော်လှန်ရေးပြီးဆုံးသည်အထိသွားရန် သန္နိဋ္ဌာန်ချထားပြီးဖြစ်ကြောင်း၊ ယနေ့အချိန်ထိ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးတွင် ပါဝင်ခဲ့ကြသော CDM သူရဲကောင်းများအား ကျေးဇူးတင်ရှိပါကြောင်း"ဆိုခဲ့ပါတယ်။
တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အတွင်းရေးမှူး ဒေါ်ဖြူဖြူသင်း၊ ပညာရေးဝန်ကြီးဌာနနှင့်ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခင်စိုးစိုးကြည်နှင့် အဖွဲ့ဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီးမှ CDM အရေး ဦးဆောင်သူများနှင့် CDMer များတက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၆။ ၂၀၂၂ ခုနှစ် (၁) နှစ်တာ ကာလအတွင်း ဒရုန်းပျံသန်းစစ်ဆင်မှုပေါင်း (၄၃၇) ကြိမ် တိုက်ပွဲဝင်နိုင်ခဲ့ပြီး စကစတပ်သား၂၀၀ ခန့်သေဆုံးခဲ့တယ်လို့ Federal Wings ထုတ်ပြန်
၂၀၂၂ ခုနှစ် (၁) နှစ်တာ ကာလအတွင်း ဒရုန်းပျံသန်းစစ်ဆင်မှုပေါင်း (၄၃၇) ကြိမ် တိုက်ပွဲဝင်နိုင်ခဲ့ပြီး စကစတပ်သား၂၀၀ ခန့်သေဆုံးခဲ့တယ်လို့ Federal Wingsက ထုတ်ပြန်ဖော်ပြပါတယ်။ ဇန်နဝါရီ ၄ ရက်နေ့မှာ Federal Wings ဒရုန်းတပ်ဖွဲ့က ၂၀၂၂ ခုနှစ်အတွက် ပြည်သူလူထုအား အစီရင်ခံ အသိပေးဖော်ပြပါတယ်။
"၂၀၂၂ ခုနှစ်အတွင်း၌ Federal Wings ၏ တပ်အင်အားတိုးချဲ့မှုလုပ်ငန်းများ၊ တိုက်ခိုက်ရေး Mission များနှင့် တိုက်ခိုက်ရေးဒရုန်းအမျိုးအစားအသစ် စမ်းသပ်ထုတ်လုပ်မှုများကို အရှိန်တိုးမြှင့်လုပ်ဆောင်နိုင်ခဲ့ပါတယ်။KNU တပ်မဟာ (၃) နှင့် တပ်မဟာ (၆) နယ်အတွင်းရှိ ထိတွေ့တိုက်ပွဲများနှင့် စခန်းသိမ်းတိုက်ပွဲကြီးများတွင် သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့ စစ်ကြောင်းများနှင့် ပူးတွဲတိုက်ပွဲဝင်နိုင်ခဲ့ပါတယ်။၂၀၂၂ ခုနှစ် (၁) နှစ်တာ ကာလအတွင်း၌ ဒရုန်းပျံသန်းစစ်ဆင်မှုပေါင်း (၄၃၇) ကြိမ်ဖြင့် တိုက်ပွဲဝင်နိုင်ခဲ့တယ်"လို့ဖော်ပြပါတယ်။
အဆိုပါတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀၀) ခန့် သေဆုံးခဲ့ပြီး ရာပေါင်းများစွာထိခိုက်ဒါဏ်ရာရရှိခဲ့ကြောင်း စစ်မြေပြင်သတင်းများအရ သိရှိရတယ်လို့ဆိုပါတယ်။
========================
📌📌 ၇။ စစ်အာဏာရှင်ဆန့်ကျင်သော ဆန္ဒပြလှုပ်ရှားမှု၌ ပါဝင်သည့် သံဃသမဂ္ဂ (မန္တလေး) မှ အရှင်အာစာရ (ခ) သပိတ်ခင်ကို အကြမ်းဖက်စစ်အုပ်စု၏တပ်မှ ဖမ်းဆီးသွား
စစ်အာဏာရှင်ဆန့်ကျင်သော ဆန္ဒပြလှုပ်ရှားမှု၌ ပါဝင်သည့် သံဃသမဂ္ဂ (မန္တလေး) မှ အရှင်အာစာရ (ခ) သပိတ်ခင်ကို အကြမ်းဖက်စစ်အုပ်စု၏တပ်မှ ဖမ်းဆီးသွားခဲ့ပါတယ်။ ဇန်နဝါရီလ ၃ ရက်နေ့အရှင်အာစာရသည် မန္တလေးတောင်ခြေအနီးရှိ ကျောက်တော်ကြီးဘုရားတွင် ဓာတ်ပုံကမ်ပိန်းပြုလုပ်နေစဥ် ဖမ်းဆီး ခြင်း ခံခဲ့ရခြင်းဖြစ်တယ်လို့ AAPP ကဖော်ပြပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၃၃၅၆) ဦးရှိပြီး ၎င်းတို့အနက်မှ (၁၉၂၃) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။ အကြမ်းဖက် စစ်တပ်ဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားတဲ့ သံဃသမဂ္ဂ (မန္တလေး) မှရဟန်းသံဃာများကိုလည်း အိုးဘိုအကျဥ်းထောင်မှာဖမ်းဆီးထိန်းသိမ်းထားပါတယ်။
========================
📌📌 ၈။ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ထမ္မကောက်ရွာ ကျောင်းဝိုင်းထဲတပ်စွဲထားတဲ့ စကစတပ်များကို ဒရုန်းနဲ့ဗုံးကြဲချရာ သုံးဦးသေဆုံး
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ထမ္မကောက်ရွာ ကျောင်းဝိုင်းထဲတပ်စွဲထားတဲ့ စကစတပ်များကို ဒရုန်းနဲ့ဗုံးကြဲချရာ သုံးဦးသေဆုံးခဲ့ပါတယ်။ ဇန်နဝါရီ ၄ ရက်နေ့မှာ စစ်ရေးသတင်းကို ပခုက္ကူခရိုင်တပ်ရင်း (၁၁) -PPCကအသိပေးဖော်ပြပါတယ်။
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ထဲက စစ်ကောင်စီတပ်ဖွဲ့တပ်စွဲထားတဲ့ ထမ္မကောက်ရွာ ကျောင်းဝိုင်းထဲကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ၃ ဦးသေဆုံးခဲ့တယ်လို့အသိပေးဆိုထားပါတယ်။ ဇန်နဝါရီလ ၁ ရက်မနက်ပိုင်းမှာ စစ်ကြောင်းထိုးရန်ပြင်နေတဲ့ စကစတပ်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ ဒုတိယအခေါက်တိုက်ခိုက်ရန် ပြင်နေစဥ် စကစဘက်ကဒရုန်းဖျက် ဂျမ်ဘာပါတဲ့အတွက် ဒရုန်းပျက်ကျသွားတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၉။ ကနီမြို့နယ်အတွင်းသို့စစ်ကြောင်းထိုးလာတဲ့ အင်အား၂၀၀ ကျော်ပါ စကစတပ်စစ်ကြောင်းကို ၁၁ရက်ကြာတိုက်ခိုက်ရာ စကစဘက်ကအယောက်၆၀ ကျော်ကျဆုံး
ကနီမြို့နယ်အတွင်းသို့စစ်ကြောင်းထိုးလာတဲ့ အင်အား၂၀၀ ကျော်ပါ စကစတပ်စစ်ကြောင်းကို ၁၁ ရက်ကြာတိုက်ခိုက်ရာ စကစဘက်ကအယောက် ၆၀ ကျော်ကျဆုံးခဲ့တယ်လို့ဆိုပါတယ်။ ဇန်နဝါရီ ၄ ရက်နေ့မှာ စစ်ရေးသတင်းကို ကျောက်လုံးကြီး KLG တပ်မဟာကအတည်ပြုဆိုပါတယ်။
"ကနီမြို့နယ်အတွင်းသို့ ရေကြောင်း ကုန်းကြောင်းမှ စစ်ကြောင်းထိုးလာသော အင်အားနှစ်ရာခန့်ပါ စကစများကို ကျွန်တော်တို့ KLG (တပ်မဟာ)နှင့်အတူဒေသခံ ပကဖများနှင့် မဟာမိတ်အဖွဲ့များပူးပေါင်းပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာ၂၁ ရက်နေ့ကနေ ၃၁ ရက်နေ့အထိတိုက်ပွဲကြာချိန် ၁၁ ရက်အထိ ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
ထိတွေ့တိုက်ပွဲအတွင်း စကစတပ်က အယောက်၆၀ ကျော် ကျပြီး ထိခိုက်သူများပြားခဲ့ပါတယ်။ ကျောက်လုံးကြီး KLG တပ်မဟာနှင့် မဟာမိတ်အဖွဲ့များဘက်မှ ရဲဘော် ၅ ဦးကျဆုံးပြီး ထိခိုက်ရဲဘော် ၂၅ ဦး တစ်ဦးစိုးရိမ်ရ တစ်ဦးပျောက်ဆုံးနေပါတယ်။
စစ်ဆင်ရေးကို Alpha Special Force၊ Truth Of Force၊Triple Two၊ ချင်းတွင်းဂဠုန်ရာဇာ၊ Yinmarbin Local PDF၊ Yoma Fighter PDF ၊ ဗိုလ်မုတ်ဆိတ် (တပ်ခွဲ)၊ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့၊ဗျတ္တညီနောင်၊ချိုမိုင်မိုင်၊ B 21 PDF၊ ချင်းတွင်းတိုက်ဂါး(LPDF)၊ ထန်းထပင် (LPDF)၊ Chindwin Tiger(PDF)၊ ယင်းမာပင် PDA(ရင်း35)၊ CRA၊ နဂါးညီနောင် DBTF၊ MPDFတို့ပူးပေါင်းခဲ့ပါတယ်။
========================
📌📌 ၁၀ ။ တန့်ဆည်မြို့နယ်၊ ဆင်ငယ်ရွာတိုက်ပွဲ စစ်ကောင်စီတပ်သားနှင့် ပျူစောထီးအဖွဲ့ဝင် ၃၀ဦးခန့် သေဆုံးခဲ့တယ်လို့ TAZE PDF အတည်ပြု
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်၊ ဆင်ငယ်ရွာတိုက်ပွဲ စစ်ကောင်စီတပ်သားနှင့် ပျူစောထီးအဖွဲ့ဝင် ၃၀ဦးခန့် သေဆုံးခဲ့တယ်လို့ TAZE PDF အတည်ပြုဆိုပါတယ်။ ဇန်နဝါရီ ၄ ရက်နေ့မှာ စစ်ရေးသတင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် တန့်ဆည်ကဆိုပါတယ်။
"တန့်ဆည်မြို့နယ်၊ ဆင်ငယ်ရွာရှိ အကြမ်းဖက် ပျူစောထီးစခန်းကို ဇန်နဝါရီလ၃ရက် နံနက်ပိုင်းတွင် တော်လှန်ရေးညီအစ်ကိုများ ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။ တိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီတပ်သားနှင့် ပျူစောထီးအဖွဲ့ဝင် ၃၀ဦးခန့် သေဆုံးခဲ့ပြီး MA-1 ၂ လက်၊ ကာဘိုင် ၂ လက်၊ ၉ဗို့ခါးချိုး ၄ လက်၊ လက်လုပ်ခါးချိုး၂ လက်၊ ကျည်မျိုးစုံ ၂၀၀ ကျော်နှင့် လက်ကိုင်ဖုန်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။ ကာကွယ်ရေးဘက်မှ ရဲဘော်တစ်ဦး စစ်အာဏာရှင်ကျဆုံးရေးအတွက် ရဲရင့်စွာ တိုက်ပွဲဝင်ရင်း မြင့်မြတ်စွာ ကျဆုံးခဲ့ရပါတယ်။
အခုတင်ပြပေးခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment