၂၀၂၃ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ NUG အစိုးရရဲ့ အယူခံတရားရုံး ဖွဲ့စည်းမယ်
📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့်စစ်ကိုင်းတိုင်း၊ မကွေးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး
📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနမှ မြို့နယ်ပညာရေးဘုတ်အဖွဲ့ ၁၃ ဖွဲ့ကို အသိအမှတ်ပြုကြောင်းကြေညာ
📌 ၄။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က AAC မဟာမိတ် အဖွဲ့ရုံးမှာ NUG အစိုးရ အလုပ်သမားဒုဝန်ကြီးက AAC မဟာမိတ်အဖွဲ့နဲ့ တွေ့ဆုံပြီး အလုပ်သမား အရေးဆွေးနွေး
📌 ၅။ အာဏာသိမ်းမှုဖြစ်ရပ်အပြီး သေဆုံးခဲ့ရသူများ၊ ပျောက်ဆုံးသွားခဲ့သူများအားလုံးအတွက် အမှတ်တရ နှင်းဆီပန်းများ ချပြီး ပြင်သစ်သံအမတ်ကြီး ဂုဏ်ပြုခဲ့
📌 ၆။ နွေဦးစံရိပ်မွန် (Spring Bliss) အိမ်ယာများ စတင်ရောင်းချခဲ့သည့် ဖေဖေါ်ဝါရီ ၁၁ရက်နေ့မှ ယနေ့အထိ အိမ်ခန်းပေါင်း ၆၃၀၀ ခန့် ရောင်းချပေးခဲ့ရပြီး ဘဏ္ဍာငွေ ဒေါ်လာ ၁၇.၈ သန်းခန့် စာရင်းသွင်းရရှိထား
📌 ၇။ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ (၂) ရက်အတွင်း တိုက်လေယာဉ် (၆) စင်းဖြင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ကာလတန်ဖိုး ထိုင်းဘတ်ငွေ (၃) သန်းဖိုးကျော် ဆုံးရှုံးသွားခဲ့တယ်လို့ KNU ဗဟိုက အသိပေးထုတ်ပြန်
📌 ၈။ မြိုင်နယ်တောင်ပိုင်း သရက်ကန် ပျူစခန်းအားဒရုန်းနဲ့ ဗုံးသီးရှစ်လုံးကြဲချတိုက်ခိုက်
📌 ၉။ ခင်ဦးမြို့နယ်၊ လက်ပံလှကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏တပ်နှင့် မီးရှို့ဖျက်ဆီးခဲ့ရာ သီလရှင်တစ်ပါး မီးလောင်သေဆုံးခဲ့
📌 ၁၀။ ရေစကြိုမြို့နယ်၂၅၈ တပ်ရင်းမှ စကစတပ်များ ရှင်မတောင်တောင်ပေါ်သို့ လူပြောင်းရန်အသွားကာကွယ်ရေးတပ်များက ဒရုန်းနဲ့တိုက်ခိုက်၍ ခုနစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ
📌 ၁၁။ လေကြောင်းတက္ကသိုလ်ကျောင်းသားဟောင်းကိုကောင်းထက်သူနှင့်ဇနီးကို တို့အား ပုဒ်မ ၅၀ (ည) ဖြင့် နှစ်ရှည်ထောင်ဒဏ်များချမှတ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ NUG အစိုးရရဲ့ အယူခံတရားရုံး ဖွဲ့စည်းမယ်
NUG အစိုးရရဲ့ အယူခံတရားရုံး ဖွဲ့စည်းမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကဆိုပါတယ်။ ဖေဖော်ဝါရီ ၁၇ ရက် ကြားကာလပြည်သူ့တရားစီရင်ရေး ဖော်ဆောင်မှု ကော်မတီ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။
"အထူးတရားရုံးတွေမှာ စစ်ကောင်စီကို တရားစွဲဆိုနိုင်ရေးကိစ္စအတွက် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက အမှုတွဲတွေ တင်ပြပြီး စတင်စစ်ဆေး စီရင်မယ်လို့ ဆွေးနွေးခဲ့တာ ရှိပါတယ်။ အဲ့အခြေအနေနဲ့ ပတ်သက်ပြီး လုပ်ဆောင်နေတဲ့ လုပ်ငန်း process တွေ၊ အဆင်ပြေတာတွေ၊ အဆင်မပြေတာတွေ တိုင်ပင်ဆွေးနွေးပေးကြပါ။ နောက်ပြီးတော့ အယူခံတရားရုံး ဖွဲ့စည်းရာမှာ တရားသူကြီးဦးရေ ခန့်အပ်နိုင်ဖို့ ကိစ္စတွေအတွက် နောက်တစ်ကြိမ် အစည်းအဝေးမှာ ဆုံးဖြတ်အတည်ပြုမယ်လည်း ဆုံးဖြတ်ခဲ့ကြတာမို့ ဒီကိစ္စကိုလည်း ဆွေးနွေးပေးကြဖို့ တိုက်တွန်းလိုပါတယ်"လို့ဝန်ကြီးချုပ်က ဆိုခဲ့ပါတယ်။
ဒါ့အပြင်တချို့ကိစ္စတွေက တော်လှန်ရေးကာလမို့ အဆင်ပြေသလို စီမံလို့ ဖြစ်နိုင်ပေမယ့် တရားရေးကိစ္စမှာတော့ အဆင်ပြေသလို လုပ်လို့ အဆင်မပြေနိုင်တာ ရှိသလို တစ်ဖက်ကလည်း တော်လှန်ရေးကာလမို့ ကိစ္စတိုင်း အသေးစိတ် သွားဖို့ ခက်ခဲတဲ့အပိုင်းလည်း ရှိနေတယ်လို့ ဝန်ကြီးချုပ်ကထပ်လောင်းဆိုပါတယ်။
========================
📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့်စစ်ကိုင်းတိုင်း၊ မကွေးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့်စစ်ကိုင်းတိုင်း၊ မကွေးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၇ ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၇/၂၀၂၃) ကိုကျင်းပခဲ့ပါတယ်။ အစည်းအဝေးကို ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ(ခ) နိုင်သုဝဏ္ဏမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ထို့နောက် ကန့်ဘလူခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နှင့် မုံရွာခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့မှ ခရိုင်အတွင်း နယ်မြေကွင်းဆင်းစစ်ဆေးမှုများအပေါ် လုပ်ငန်းဆောင်ရွက်မှုများ၊ အကြံပြုချက်၊ သုံးသပ်ချက်များကို ချပြရှင်းလင်းပြောကြားခဲ့ပြီးနောက် တက်ရောက်လာသော ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများမှ ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး စစ်ကိုင်းတိုင်း၊ မကွေးတိုင်းရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့် သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြကာ သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။ အစည်းအဝေးသို့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါတယ်။
========================
📌📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနမှ မြို့နယ်ပညာရေးဘုတ်အဖွဲ့ ၁၃ ဖွဲ့ကို အသိအမှတ်ပြုကြောင်းကြေညာ
အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနမှ မြို့နယ်ပညာရေးဘုတ်အဖွဲ့ ၁၃ ဖွဲ့ကို အသိအမှတ်ပြုကြောင်းကြေညာလိုက်ပါတယ်။ ဖေဖော်ဝါရီ ၁၇ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနမှ ကြေညာချက်အမှတ် (၆/၂၀၂၃) နဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ကြေညာချက်အရ ဖေဖော်ဝါရီ ၁၆ရက်နေ့အထိ မြို့နယ်အလိုက်ပညာရေးဘုတ်အဖွဲ့များ ဖွဲ့စည်းပြီးဖြစ်ကြောင်း တင်ပြလာသည့် ဘုတ်အဖွဲ့များကို အသိအမှတ်ပြုပါကြောင်းနဲ့ ပညာရေးဝန်ကြီးဌာနအနေနဲ့ ပညာရေးလုပ်ငန်းများကို လက်တွဲပူးပေါင်းဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
ထို့ကြောင့် မြို့နယ်ပညာရေးဘုတ်အဖွဲ့ ၁၃ဖွဲ့ကို အသိအမှတ်ပြုလိုက်ပြီး ကျန်ရှိ မြို့နယ် ပညာရေးဘုတ်အဖွဲ့များအနေနဲ့လည်း မြို့နယ်ပညာရေးဘုတ်အဖွဲ့များ ဖွဲ့စည်းပြီးပါက ဆက်သွယ်အကြောင်းကြားလျှင် အတည်ပြုပေးသွားမယ်လို့ဆိုထားပါတယ်။
========================
📌📌 ၄။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က AAC မဟာမိတ် အဖွဲ့ရုံးမှာ NUG အစိုးရ အလုပ်သမားဒုဝန်ကြီးက AAC မဟာမိတ်အဖွဲ့နဲ့ တွေ့ဆုံပြီး အလုပ်သမား အရေးဆွေးနွေး
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က AAC မဟာမိတ် အဖွဲ့ရုံးမှာ NUG အစိုးရအလုပ်သမားဒုဝန်ကြီးက AAC မဟာမိတ်အဖွဲ့နဲ့တွေ့ဆုံပြီး အလုပ်သမား အရေးဆွေးနွေးခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၇ ရက်မှာ PVTV သတင်းဌာနက ဖော်ပြထားပါတယ်။
အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုဝန်ကြီးဦးကျော်နီဦးဆောင်တဲ့အဖွဲ့ဟာ AAC မဟာမိတ် အဖွဲ့၊ LPN Foundation တို့နဲ့ ဘန်ကောက်မြို့မှာ တွေ့ဆုံပြီး မြန်မာရွှေ့ပြောင်း အလုပ်သမားများအရေးအတွက် ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။
အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) အလုပ်သမားဝန်ကြီးဌာနနဲ့ ကိုရဲမင်း ဦးဆောင် တဲ့ AAC မဟာမိတ်အဖွဲ့ဟာ ယခင်ကတည်းက မြန်မာရွှေ့ ပြောင်း အလုပ်သမားတွေ အရေးဆောင်ရွက်နေတာဖြစ်ပြီး ယခုဆွေးနွေးမှုက ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်သွားဖို့အတွက် ဖြစ်တယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၅။ အာဏာသိမ်းမှုဖြစ်ရပ်အပြီး သေဆုံးခဲ့ရသူများ၊ ပျောက်ဆုံးသွားခဲ့သူများအားလုံးအတွက် အမှတ်တရ နှင်းဆီပန်းများ ချပြီး ပြင်သစ်သံအမတ်ကြီး ဂုဏ်ပြုခဲ့
အာဏာသိမ်းမှု့ ဖြစ်ရပ်အပြီး သေဆုံးခဲ့ရသူများ၊ ပျောက်ဆုံးသွားခဲ့သူများအားလုံးအတွက် အမှတ်တရ နှင်းဆီပန်းများချပြီး ပြင်သစ်သံအမတ်ကြီး ဂုဏ်ပြုခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၇ ရက်မှာ ပြင်သစ်သံရုံး ရန်ကုန်က အသိပေးဖော်ပြပါတယ်။
"၂၀၂၁-ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း သေဆုံးခဲ့သူ (၃၀၀၀) ကျော်ရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ယနေ့ စာရင်းပြုစုထားပါတယ်။ ပြင်သစ်သံအမတ်ကြီး Mr. Christian Lechervy သည် ထိုအာဏာသိမ်းမှု့ ဖြစ်ရပ်အပြီး အထူးသဖြင့် သေဆုံးခဲ့ရသူများ၊ ဒဏ်ရာရခဲ့သူများ (သို့မဟုတ်) ပျောက်ဆုံးသွားခဲ့သူများအားလုံးအတွက် အမှတ်တရ နှင်းဆီပန်းများ ချပြီး ဂုဏ်ပြုခဲ့ပါတယ်"လို့ဆိုပါတယ်။
အသက်ဆုံးရှုံးခဲ့ရသူများ နှင့် ၄င်းတို့၏ မိသားစုများအပါအဝင် မြန်မာပြည်တွင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ပြန်လည်အသက်ဝင်လာစေရန် တိုက်ပွဲဝင်နေကြသူများအားလုံးကို သံအမတ်ကြီးက စာနာထောက်ထားမိပါကြောင်း ဖော်ပြထားပါတယ်။
========================
📌📌 ၆။ နွေဦးစံရိပ်မွန် (Spring Bliss) အိမ်ယာများ စတင်ရောင်းချခဲ့သည့် ဖေဖေါ်ဝါရီ ၁၁ရက်နေ့မှ ယနေ့အထိ အိမ်ခန်းပေါင်း ၆၃၀၀ ခန့် ရောင်းချပေးခဲ့ရပြီး ဘဏ္ဍာငွေ ဒေါ်လာ ၁၇.၈ သန်းခန့် စာရင်းသွင်းရရှိထား
နွေဦးစံရိပ်မွန် (Spring Bliss) အိမ်ယာများ စတင်ရောင်းချခဲ့သည့် ဖေဖေါ်ဝါရီ ၁၁ရက်နေ့မှ ယနေ့အထိ အိမ်ခန်းပေါင်း ၆၃၀၀ ခန့်ရောင်းချပေးခဲ့ရပြီးဘဏ္ဍာငွေ ဒေါ်လာ ၁၇.၈ သန်းခန့် စာရင်းသွင်း ရရှိထားတယ်လို့ သတင်းရရှိပါတယ်။ ဖေဖော်ဝါရီ ၁၇ ရက်မှာ EOD က အသိပေးဖော်ပြပါတယ်။
"နွေဦးစံရိပ်မွန် (Spring Bliss) အိမ်ယာများ စတင်ရောင်းချခဲ့သည့် ၁၁ ဖေဖေါ်ဝါရီ မှ ယနေ့အထိ ရောင်းချပေးခဲ့ရသော အိမ်ခန်းပေါင်း ၆၃၀၀ ခန့်ရောက်ရှိသွားပါပြီ။ စုစုပေါင်းတော်လှန် ဘဏ္ဍာငွေ ဒေါ်လာ ၁၇.၈ သန်းခန့် စာရင်းသွင်းရရှိပြီးဖြစ်ပါတယ်။ ငါတို့မှာ ငါတို့ရှိတယ် ဆိုတဲ့စကားကို တော်လှန်ပြည်သူတွေ ပြောခဲ့ကြတယ်။ ပြောတဲ့အတိုင်းလည်း မဆုတ်မနစ်ချီတက်ခဲ့ကြတာ။ ပန်းတိုင်ရောက်သည်အထိ ချီဆက်ကြမယ်၊ အောင်မြင်မှုတွေကို မျှဝေခံစားရင်း တိုင်းပြည်ကို ဘယ်လိုပြန်တည်ဆောက်ကြမယ် အတွေးပုံရိပ်ဖေါ်နေကြပါပြီ"လို့ EODက ဖော်ပြထားပါတယ်။
နွေဦးစံရိပ်မွန်ရဲ့ နောက်ဆုံးလက်ကျန်အခန်း ၃၀၀၀ ကျော်ကို ၁၆ ဖေဖေါ်ဝါရီမှ စတင်ရောင်းချပေးနေပြီး နီးစပ်ရာ EOD ကိုယ်စားလှယ်များကို ဆက်သွယ်ပြီး ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
========================
📌📌 ၇။ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ (၂) ရက်အတွင်း တိုက်လေယာဉ် (၆) စင်းဖြင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ကာလတန်ဖိုး ထိုင်းဘတ်ငွေ (၃) သန်းဖိုးကျော် ဆုံးရှုံးသွားခဲ့တယ်လို့ KNU ဗဟိုက အသိပေးထုတ်ပြန်
အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ (၂) ရက်အတွင်း တိုက်လေယာဉ် (၆) စင်းဖြင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ကာလတန်ဖိုး ထိုင်းဘတ်ငွေ (၃) သန်းဖိုးကျော် ဆုံးရှုံးသွားခဲ့တယ်လို့ KNU ဗဟိုကအသိပေးထုတ်ပြန်လိုက်ပါတယ်။ ဖေဖော်ဝါရီ ၁၇ ရက်မှာ စစ်ရေးသတင်းကို KNU ဗဟိုကအသိပေးဖော်ပြပါတယ်။
"ဖေဖော်ဝါရီလ(၁၄)ရက်၊ ည (၂၂:၀၀) နာရီအချိန်တွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ တိုက်လေယာဉ်(၃)စင်းမှ ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မူတြော်ခရိုင် တပ်မဟာ (၅)၊ လူသောမြို့နယ်၊ ဒေဘုနိုကျေးရွာအတွင်းသို့ ဗုံးသီး(၆)လုံးအားလာရောက် ကြဲချခဲ့ရာ နေအိမ်(၆)လုံးမှာထိမှန်ပြီး မီးလောင်ပြာကျပျက်စီးသွားခဲ့ပါတယ်"လို့ဆိုပါတယ်။
ထို့အပြင် ဖေဖော်ဝါရီလ (၁၅) ရက်နေ့ည (၂၃:၃၀) နာရီအချိန်တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ တိုက်လေယာဉ်(၃)စင်းသည် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မူတြော်ခရိုင် တပ်မဟာ (၅)၊ လူသောမြို့နယ်၊ ပေးကေးဒဲကျေးရွာအုပ်စု အတွင်းရှိ ထော့ထီးပယ်ကျေးရွာအတွင်းသို့ တိုက်လေယာဉ်တစ်စင်းလျှင် ဗုံးသီး(၂)လုံးနှုန်းဖြင့် စုစုပေါင်း ဗုံးသီး (၆)လုံး လာရောက်ကြဲချခဲ့တယ်လို့ဖော်ပြပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဆောက်အဦ (၇)လုံးပါရှိသည့် စာသင်ကျောင်း (၁) ကျောင်း၊ နေအိမ် (၆) လုံး၊ ဈေးဆိုင် (၃) ဆိုင်နှင့် စပါးကျီ (၂) လုံးအားထိမှန်ကာ မီးလောင်ပြာကျသွားပြီး လယ်ထွန်စက် (၄)စီး၊ ဆိုင်ကယ်(၂)စီး၊ အင်တာနက်ဝိုင်ဖိုင်စလောင် (၁)ချပ်နှင့် ဆန်စက်(၁)လုံးလည်း ထိခိုက်ပျက်စီးသွားပြီး စုစုပေါင်းကာလတန်ဖိုး ထိုင်းဘတ်ငွေ (၃) သန်းဖိုးကျော် ဆုံးရှုံးသွားခဲ့တယ်လို့ဆိုပါတယ်။
========================
📌📌 ၈။ မြိုင်နယ်တောင်ပိုင်း သရက်ကန် ပျူစခန်းအားဒရုန်းနဲ့ ဗုံးသီးရှစ်လုံးကြဲချတိုက်ခိုက်
မကွေးတိုင် မြိုင်မြို့နယ် တောင်ပိုင်း သရက်ကန် ပျူစခန်းအားဒရုန်းနဲ့ ဗုံးသီးရှစ်လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။ ဖေဖော်ဝါရီ ၁၇ ရက် မနက် ၁၀ နာရီ ၃၀ အချိန်တွင် ဒရုန်းဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Myaing Garuda PDF ကဆိုပါတယ်။
"မြိုင်နယ်တောင်ပိုင်း သရက်ကန် ပျူစခန်းကို ဖေဖော်ဝါရီ ၁၇ ရက် မနက် ၁၀:၃၀ နာရီခန့်တွင် ဒရုန်းဖြင့် ဗုံးသီးရှစ်လုံးချ၍ တိုက်ခိုက်ခဲ့ရာ ပျူသုံးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်"လို့ဆိုပါတယ်။
လတ်တလောမှာ ထိခိုက်မှုအခြေအနေ ဆက်လက်စုံစမ်းဆဲဖြစ်တယ်လို့သိရပါတယ်။ ယင်းတိုက်ခိုက်မှုအား မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၁-တပ်ခွဲ ၁၊ တပ်ခွဲ ၂ (ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။
========================
📌📌 ၉။ ခင်ဦးမြို့နယ်၊ လက်ပံလှကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏တပ်နှင့် မီးရှို့ဖျက်ဆီးခဲ့ရာ သီလရှင်တစ်ပါး မီးလောင်သေဆုံးခဲ့
ခင်ဦးမြို့နယ်၊ လက်ပံလှကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏တပ်နှင့် မီးရှို့ဖျက်ဆီးခဲ့ရာ သီလရှင်တစ်ပါး မီးလောင်သေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ လက်ပံလှကျေးရွာကို အင်အား ၁၀၀ ခန့်ပါဝင်သော အကြမ်းဖက်စစ်အုပ်စု၏ cတပ်နှင့် ပျူစောထီးတို့မှ ဝင်ရောက်စီးနင်းခဲ့ပြီး နေအိမ်များကို မီးရှို့ခဲ့ရာ သီလရှင် တစ်ပါးဖြစ်သော ဒေါ်ဆိတ်မှာ အသက်ကြီး၍ ထွက်မပြေးနိုင်သောကြောင့် နေအိမ်အတွင်း မီးလောင်သေဆုံးခဲ့တယ်လို့ AAPPကဖော်ပြပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများ နှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၃၀၀၀) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။
========================
📌📌 ၁၀။ ရေစကြိုမြို့နယ်၂၅၈ တပ်ရင်းမှ စကစတပ်များ ရှင်မတောင်တောင်ပေါ်သို့ လူပြောင်းရန်အသွားကာကွယ်ရေးတပ်များက ဒရုန်းနဲ့တိုက်ခိုက်၍ ခုနစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ
မကွေးတိုင်း ရေစကြိုမြို့နယ်၂၅၈ တပ်ရင်းမှ စကစတပ်များ ရှင်မတောင်တောင်ပေါ်သို့ လူပြောင်းရန်အသွား ကာကွယ်ရေးတပ်များက ဒရုန်းနဲ့တိုက်ခိုက်၍ ခုနစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၇ ရက်မှာ စစ်ရေးသတင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ် ပကဖကအတည်ပြုဆိုပါတယ်။
"ရေစကြိုမြို့နယ်၂၅၈ တပ်ရင်းမှစကစတပ်များသည် ရှင်မတောင်တောင်ပေါ်သို့ အင်အားထပ်တိုးရန်နှင့်လူပြောင်းလဲရန် သွားသော အင်အား ၇၀ဦးခန့်ရှိသော စကစတပ်တစ်သိုက်အား သွားလမ်းတစ်လျှောက်တွင် လိုက်လံ၍ တိုက်ခိုက်ရန်ကြိုးပမ်းခဲ့ပါတယ်။ ထန်းတိုကျေးရွာနှင့် ချင်းယားကုန်းကျေးရွာကြားအရောက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ်(ပ.က.ဖ)မှ Droneတပ်သားများနှင့် အခြားသောတော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်း၍ Drone ဖြင့် အီနာဂါ ၅လုံး ချ၍ ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။
စကစတပ်များ ၇ ဦးထက်မနည်း ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး တပ်ထဲသို့အပြန်တွင် ဖောကားပေါ်သို့ ဒဏ်ရာရရှိသော စကစတပ်များအား ခေါ်ဆောင်သွားကြောင်း စုံစမ်းသိရှိရတယ်လို့ ရေစကြိုမြို့နယ် ပကဖကဆိုပါတယ်။ စစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ် ပကဖ နှင့်အတူ MTRF ၊ Young Force UG ၊ သံမဏိသိန်းငှက်ပျောက်ကြားတပ်တို့နှင့် ပူးပေါင်း၍တိုက်ပွဲဖော်ဆောင်ခဲ့ပါတယ်။
========================
📌📌 ၁၁။ လေကြောင်းတက္ကသိုလ်ကျောင်းသားဟောင်းကိုကောင်းထက်သူနှင့်ဇနီးကို တို့အား ပုဒ်မ ၅၀ (ည) ဖြင့် နှစ်ရှည်ထောင်ဒဏ်များချမှတ်
လေကြောင်းတက္ကသိုလ်ကျောင်းသားဟောင်း ကိုကောင်းထက်သူနှင့်ဇနီးကို တို့အား ပုဒ်မ ၅၀ (ည) ဖြင့် နှစ်ရှည်ထောင်ဒဏ်များချမှတ်လိုက်ကြောင်း သတင်းရရှိပါတယ်။ ဖေဖော်ဝါရီ ၁၇ ရက်မှာ ""လေကြောင်းတက္ကသိုလ်ကျောင်းသားသမဂ္ဂက အသိပေးဖော်ပြပါတယ်။
"မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ အပတ်စဉ် (၁၀) ကျောင်းသားဟောင်း ကိုကောင်းထက်သူ နှင့် ဇနီးဖြစ်သူတို့နှစ်ဦးလုံးကို အကြမ်းဖက်စစ်ကောင်စီ လက်ဝေခံတရားရုံးက အလုပ်နှင့်ထောင်ဒဏ် (၁၀) နှစ်မတရားချမှတ်လိုက်တယ်"လို့ဆိုပါတယ်။
ကိုကောင်းထက်သူအား ပုဒ်မ (၁၈၈) ဖြင့် ထောင်ဒဏ်သုံးလ ချမှတ်ခဲ့ပြီးနောက် ၅၀ (ည)ဖြင့်ထပ်မံစွဲချက်တင်ခါ ဖမ်းဆီးခံရပြီး တစ်နှစ်ကျော်အကြာမှ ထပ်တိုး ပုဒ်မ (၅၀-ည) ဖြင့် ထောင်ဒဏ် (၁၀) နှစ်မတရားချမှတ်လိုက်ခြင်းဖြစ်ပါတယ်။ ကိုကောင်းထက်သူ နှင့် ဇနီးဖြစ်သူအား(၂၀၂၁) ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့တွင် ဇနီးဖြစ်သူနှင့်အတူ မုံရွာမြို့၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment