၂၀၂၃ မတ်လ ၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ တော်လှန်ရေးအရှိန် မြင့်တင်ဖို့ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြား
📌 ၂။ နယ်စပ်ဒေသတွေမှာ ရောက်ရှိနေကြတဲ့ တော်လှန်ရေးတက်ကြွလှုပ်ရှားသူတွေနဲ့ CDM တွေ အားလုံး အတွက် လုံလုံခြုံခြုံ နေထိုင်ခိုလှုံခွင့်ရအောင် ဝိုင်းဝန်းကြိုးပမ်းပေးဖို့ ဝန်ကြီးချုပ်ပြောကြား
📌 ၃။ လူသားချင်းစာနာထောက်ထားရေးအကူအညီအတွက် မြန်မာကိုပေးဖို့ ယူကေအစိုးရက ယူကေ စတာလင်ပေါင် ၄၅ မီလီယံပြင်ဆင်ထား
📌 ၄။ “လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနဲ့ မဖွယ်မရာပြုမူခြင်း ဆိုင်ရာ အကာအကွယ်ပေးရေး မူဝါဒ" နဲ့ ပတ်သက်၍ အစိုးရအဖွဲ့အစည်းအဝေးမှာတင်ပြ
📌 ၅။ ပြည်ထဲရေးဝန်ကြီးအမိန့်နဲ့ကန့်ဘလူမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်း
📌 ၆။ မြင်းမူမြို့နယ်အတွင်းရှိ Zero ပြောက်ကျားတပ်ဖွဲ့၏ ယာယီ Camp နေရာကိုနယ်ကျွံလာတဲ့ စကစတပ် စစ်ကြောင်းတိုက်ခိုက်ခံရ၍ ၁၇ ဦးထိသေဆုံး
📌 ၇။ မြင်းမူမြို့ပေါ်ရှိစီးပွားရေးဘဏ်မှာ အထိုင်ချတပ်စွဲထားသောစကစတပ်များကို ကာကွယ်ရေးတပ်များ ပစ်ခတ်တိုက်ခိုက်ရာ စကစဘက်က နှစ်ဦးသေဆုံး
📌 ၈။ မြိတ်-ထား၀ယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ သိမ်ကုန်းရွာမှာ ခရီးသွားပြည်သူများအပေါ် ငွေကြေး ကောက်ခံခြင်း ပြုလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့၀င်များနှင့် ပျူစောထီးများကို ကစယ်ဒိုဖက်ဒရယ် စစ်ကြောင်းတိုက်ခိုက်
📌 ၉။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်တစ်စီးဖြင့် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၍ ကချင်ပြည်နယ်မှာ အမျိုးသားနှစ်ဦးသေဆုံး
📌 ၁၀။ ဖယ်ခုံမှာ စကစတပ်နဲ့ PNA တပ်တို့ KA၊ KNDF ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲ ဖြစ်၍ ၄င်း စကစ တပ်ဘက်က ကိုးဦးသေဆုံးကာ M16 နဲ့ AK သေနတ်များသိမ်းဆည်းရရှိ
📌 ၁၁။ ယင်းမာပင်မြို့နယ်၊ကုန်းရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ တော်လှန်ရေးအရှိန် မြင့်တင်ဖို့ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြား
တော်လှန်ရေးအရှိန် မြင့်တင်ဖို့ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားလိုက်ပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက် အမျိုးသားညီညွတ်ရေးအစိုးရ ၈ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ ယာယီသမ္မတ ကပြောပါတယ်။
" အကြမ်းဖက်စစ်အုပ်စုဟာ လူထုကို အကြောက်တရားနှင့် ဖိပြီး အုပ်ချုပ်လို့ ရမယ်လို့ ထင်နေပါတယ်။ လက်တွေ့အမှန်က လူထုတရပ်လုံးဟာ စစ်အုပ်စုရဲ့ ရက်စက်မှုကို ခါးသီးနေကြပြီဖြစ်ပါတယ်။ စစ်အုပ်စုကို လက်လျော့အရှုံးမပေးဘဲ အဆုံးအထိ တိုက်ဝင်ဖို့ အားလုံးက ယနေ့အထိ စိတ်ဆန္ဒပြင်းပြနေကြဆဲ
ဖြစ်ပါတယ်။ ကျနော်တို့အစိုးရ ကတ်ဘိနက်အဖွဲ့ဝင်များအနေဖြင့်လည်း လက်ရှိသွားနေတဲ့ အရှိန်ထက် မလျှော့ဘဲ ဆက်လက် အားတင်းကာ တော်လှန်ရေးအရှိန်ကို မြင့်တင်ဖို့ လိုအပ်ပါတယ်"လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ လက်ရှိမှာ ပြည်သူ့ခုခံတွန်းလှန်ကို ဆင်နွှဲလျက်ရှိပြီးတော့ စစ်ဆင်ရေးတစ်နှစ်ကျော်ကာလအတွင်း စကစ တပ်ဖွဲ့ဝင်နှစ်သောင်းကျော် ကျဆုံးခဲ့ပါတယ်။
========================
📌📌 ၂။ နယ်စပ်ဒေသတွေမှာ ရောက်ရှိနေကြတဲ့ တော်လှန်ရေးတက်ကြွလှုပ်ရှားသူတွေနဲ့ CDM တွေ အားလုံး အတွက် လုံလုံခြုံခြုံ နေထိုင်ခိုလှုံခွင့်ရအောင် ဝိုင်းဝန်းကြိုးပမ်းပေးဖို့ ဝန်ကြီးချုပ်ပြောကြား
နယ်စပ်ဒေသတွေမှာ ရောက်ရှိနေကြတဲ့ တော်လှန်ရေးတက်ကြွလှုပ်ရှားသူတွေနဲ့ CDM တွေ အားလုံး အတွက်လုံလုံခြုံခြုံ နေထိုင်ခိုလှုံခွင့်ရအောင် ဝိုင်းဝန်းကြိုးပမ်းပေးဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောကြားပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက် အစိုးရ အဖွဲ့အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ်ကဆိုပါတယ်။
"အခုဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ ဆိုးရွားလွန်းတဲ့ အခြေအနေများနဲ့ လူမဆန်တဲ့ လူ့အခွင့်အရေး ချိုးဖောက် ခံရမှုများကြောင့် မိမိတို့နိုင်ငံတွင်း နေထိုင်နိုင်ရန် မဖြစ်တော့လို့ နယ်စပ်ဒေသတွေမှာ ရောက်ရှိနေကြတဲ့ တော်လှန်ရေးတက်ကြွလှုပ်ရှားသူတွေ၊ CDM တွေ အားလုံးအတွက်လည်း အတိုင်းအတာတစ်ခုအထိ လုံလုံခြုံခြုံ နေထိုင်ခိုလှုံခွင့်ရအောင် ဝိုင်းဝန်းကြိုးပမ်းပေးဖို့ ထပ်မံ တောင်းဆိုလိုပါတယ်"လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။
မြန်မာနိုင်ငံတဝှမ်းမှာ အိုးအိမ်စွန့်ခွါပြည်သူ ၁ ဒသမ ၅ သန်းကျော်ရှိလာပြီး ၂၀၂၃ ခုနှစ်မှာ ပြည်သူ ၁၇ ဒသမ ၆ သန်း စုစုပေါင်းလူဦးရေရဲ့ ၃ ပုံ ၁ပုံနီးပါးဟာ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ လိုအပ်မယ်လို့ ခန့်မှန်းထားပါတယ်။
========================
📌📌 ၃။ လူသားချင်းစာနာထောက်ထားရေးအကူအညီအတွက် မြန်မာကိုပေးဖို့ ယူကေအစိုးရက ယူကေ စတာလင်ပေါင် ၄၅ မီလီယံပြင်ဆင်ထား
လူသားချင်းစာနာထောက်ထားရေးအကူအညီအတွက် မြန်မာကိုပေးဖို့ ယူကေအစိုးရက ယူကေ စတာလင်ပေါင် ၄၅ မီလီယံပြင်ဆင်ထားတယ်လို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက ပြောပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်မှာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာက သံတမန်ရေး၊ နိုင်ငံတကာဆက်ဆံရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မူ လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြဆွေးနွေးရာမှာ ထည့်သွင်းပြောပါတယ်။
"လူသားချင်းစာနာထောက်ထားရေးအကူအညီ အင်မတန်မှ လိုအပ်နေတာကြောင့် အခုဆိုရင်တော့ ယူကေအစိုးရကလည်း ကျနော်တို့ကို စာတွေရေးပြီးပြောထားတာကတော့ ၂၀၂၂-၂၀၂၃ အတွင်းမှာ ယူကေ စတာလင်ပေါင် ၄၅ မီလီယံတော့ပြင်ဆင်ထားတဲ့အကြောင်းကို သူတို့ပြောထားပါတယ်။ USကလည်း သန်း ၅၀ လူသားချင်းစာနာမှုအတွက် ဆိုတာလုပ်လာတယ်။ ဒါပေမယ့်လည်း ကျနော်တို့ မြန်မာနိုင်ငံက လူဦးရေ တဝက်က ဆင်းရဲနွမ်းပါးမှုအောက်ရောက်သွားပြီ"လို့ဆိုပါတယ်။
လက်ရှိမှာ မြန်မာနိူင်ငံက လူဦးရေ ၁.၆ သန်းမှာ ဒုက္ခသည်ဖြစ်နေရပြီး ၁၇သန်းဟာ လူသားချင်းစာနာမှု အကူအညီများလိုအပ်နေပြီးတော့ လုံလောက်တဲ့အကူအညီ မရရှိသေးဘူးလို့ဝန်ကြီးကဆိုပါတယ်။
========================
📌📌 ၄။ “လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနဲ့ မဖွယ်မရာပြုမူခြင်း ဆိုင်ရာ အကာအကွယ်ပေးရေး မူဝါဒ" နဲ့ ပတ်သက်၍ အစိုးရအဖွဲ့အစည်းအဝေးမှာတင်ပြ
"လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနဲ့ မဖွယ်မရာပြုမူခြင်း ဆိုင်ရာ အကာအကွယ်ပေးရေး မူဝါဒ" နဲ့ ပတ်သက်၍ အစိုးရအဖွဲ့အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်အမျိုးသားညီညွတ်ရေးအစိုးရ ၈ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ တင်ပြခဲ့တာဖြစ်ပါတယ်။
အစည်းအဝေးမှာ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာနက "လိင်ပိုင်းဆိုင်ရာ ထိပါး နှောက်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနဲ့ မဖွယ်မရာပြုမူခြင်း ဆိုင်ရာ အကာအကွယ်ပေးရေး မူဝါဒ" နဲ့ ပတ်သက်ပြီး တင်ပြဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၅။ ပြည်ထဲရေးဝန်ကြီးအမိန့်နဲ့ကန့်ဘလူမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်း
ပြည်ထဲရေးဝန်ကြီးအမိန့်နဲ့ ကန့်ဘလူမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်းလိုက်ပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်မှာ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်အမိန့်နဲ့ကြေညာစာအမှတ် (၆/၂၀၂၃) ကိုထုတ်ပြန်ခဲ့ပါတယ်။
ထုတ်ပြန်ချက်အရ "အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ၂၀၂၂ ခုနှစ် ပြည်သူ့ရဲတပ်ဖွဲ့ ဥပဒေပုဒ်မ ၁၄(ခ) အရ ပြည်သူ့ရဲတပ်ဖွဲ့ လက်အောက်တွင် ကန့်ဘလူ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့အား ဖွဲ့စည်းလိုက်တယ်"လို့ဖော်ပြပါရှိပါတယ်။လက်ရှိမှာ ကလေးမြို့နယ်ရဲတပ်ဖွဲ့နဲ့ ဝက်လက်မြို့နယ်ရဲ တပ်ဖွဲ့တို့မှာ ဖွဲ့စည်းပြီးဖြစ်ပါတယ်။
========================
📌📌 ၆။ မြင်းမူမြို့နယ်အတွင်းရှိ Zero ပြောက်ကျားတပ်ဖွဲ့၏ ယာယီ Camp နေရာကိုနယ်ကျွံလာတဲ့ စကစတပ် စစ်ကြောင်းတိုက်ခိုက်ခံရ၍ ၁၇ ဦးထိသေဆုံး
မြင်းမူမြို့နယ်အတွင်းရှိZero ပြောက်ကျားတပ်ဖွဲ့၏ ယာယီ Camp နေရာကိုနယ်ကျွံလာတဲ့ စကစတပ်စစ်ကြောင်း တိုက်ခိုက်ခံရ၍ ၁၇ ဦးထိ သေဆုံးခဲ့ပါတယ်။ ဖေဖော်ဝါရီနောက်ဆုံးပတ်မှာ စစ်ရေးသတင်းကို Zero ပြောက်ကျားတပ်ဖွဲ့က အသိပေးဆိုပါတယ်။
"ဖေဖော်ဝါရီလ ၂၆ ရက်မြင်းမူမြို့နယ်အတွင်းရှိZero ပြောက်ကျားတပ်ဖွဲ့၏ ယာယီ Camp နေရာကို နယ်ကျွံလာတဲ့ စခ အင်အား ၈၀ခန့် စစ်ကြောင်းကို မနက် ၉ နာရီမှ ည ၇ နာရီ ၃၀ မိနစ်အထိ ZERO ပြောက်ကျား တပ်ဖွဲ့ နဲ့အတူ မဟာမိတ် တပ်ရင်းများ၊ LPDF များပူးပေါင်း တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
အဆိုပါစကစတပ်စစ်ကြောင်းဟာ ဖမ်းဆီးထားတဲ့ ညောင်ပင်ကန်ရွာက ကလေးနှစ်ယောက်ကို လိုက်ပြခိုင်းပြီး ZERO ပြောက်ကျားတပ်ဖွဲ့၏ ယာယီcamp ကို စစ်ကြောင်းဝင်လာခဲ့တာဖြစ်ပါတယ်။ ထိတွေ့တိုက်ပွဲမှာ ဆားတောင်မိုးကြိုးအဖွဲ့မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့ပြီး စကစဘက်မှ ၁၇ ဦးထိသေဆုံးနိူင်ပြီးဗိုလ်ကြီးတစ်ဦးခြေထောက်ဒဏ်ရာရတယ်လို့သိရပါတယ်။
တိုက်ပွဲကို ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံခရိုင် တပ်ရင်း ၇)၊ မြင်းခြံခရိုင် တပ်ရင်း ၂ ၊ ကျောက်ဆည်ခရိုင် တပ်ရင်း ၁ ၊ စစ်ကိုင်းခရိုင် တပ်ရင်း ၂ ၊ စစ်ကိုင်းခရိုင် တပ်ရင်း ၁ (CDSOM )၊ ဆားတောင်မိုးကြိုးအဖွဲ့၊ G4G စစ်ကိုင်း၊ နယ်မြေခံလက်နက်ကြီးအဖွဲ့ နဲ့ နယ်မြေခံ ဒေသကာကွယ်ရေးတပ်ဖွဲ့ (LDF) တွေ စုပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။
========================
📌📌 ၇။ မြင်းမူမြို့ပေါ်ရှိစီးပွားရေးဘဏ်မှာ အထိုင်ချတပ်စွဲထားသောစကစတပ်များကို ကာကွယ်ရေးတပ်များ ပစ်ခတ်တိုက်ခိုက်ရာ စကစဘက်က နှစ်ဦးသေဆုံး
မြင်းမူမြို့ပေါ်ရှိစီးပွားရေးဘဏ်မှာ အထိုင်ချတပ်စွဲထားသောစကစတပ်များကို ကာကွယ်ရေးတပ်များ ပစ်ခတ်တိုက်ခိုက်ရာ စကစဘက်ကနှစ်ဦးသေဆုံးခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်မှာ စစ်ရေးသတင်းကို People's Army to Fight Dictatorshipင အသိပေးဆိုပါတယ်။
"ဖေဖော်ဝါရီလ၂၇ ရက် ညနေ ၆နာရီဝန်းကျင်ခန့်တွင် မြင်းမူမြို့ပေါ်ရှိစီးပွားရေးဘဏ်၌ အထိုင်ချ တပ်စွဲထားသော စကစတပ်များအား တော်လှန်ရေးရဲဘော်များမှ လက်နက်ငယ်များဖြင့် အလစ်ငိုက်လျှပ်တပြတ်ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။ ထိုတိုက်ခိုက်မှုတွင် စကစတပ်က နှစ်ဦးအား သုတ်သင်နိုင်ခဲ့ပြီး ထိုဖြစ်စဉ်နှင့်တစ်ချိန်ထဲမှာပင် အ ထ က (၁)ကျောင်းထဲရှိ စကစတပ်များကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့သေးတယ်လို့ဆိုပါတယ်။
စစ်ဆင်ရေးကို People's Army To Fight Dictatorship(PAFD).တပ်ခွဲ DK PDF(MMU).People's Knight Defense Force Myinmu(PKDF.MMU).မြင်းမူမြို့တိုက်နယ်အ နောက်ခြမ်း ပ က ဖ TAUNGTHA People DefenseForce(TTAPDF).D.B.B.F.MMUမဟာမိတ်အဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။
========================
📌📌 ၈။ မြိတ်-ထား၀ယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ သိမ်ကုန်းရွာမှာ ခရီးသွားပြည်သူများအပေါ် ငွေကြေး ကောက်ခံခြင်း ပြုလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့၀င်များနှင့် ပျူစောထီးများကို ကစယ်ဒိုဖက်ဒရယ် စစ်ကြောင်းတိုက်ခိုက်
မြိတ်-ထား၀ယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ သိမ်ကုန်းရွာမှာ ခရီးသွားပြည်သူများအပေါ် ငွေကြေး ကောက်ခံခြင်း ပြုလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့၀င်များနှင့်ပျူစောထီးများကို ကစယ်ဒိုဖက်ဒရယ် စစ်ကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်မှာ စစ်ရေးသတင်းကို ကစယ်ဒိုဖက်ဒရယ်စစ်ကြောင်းက အသိပေးဆိုပါတယ်။
"ဖေဖော်ဝါရီ (၂၆)ရက်၊ ညနေ (၅:၁၅) နာရီခန့်တွင် မြိတ်-ထား၀ယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ သိမ်ကုန်းရွာ၌ ခရီးသွားပြည်သူများအပေါ် စစ်ဆေးခြင်း၊ ငွေကြေးကောက်ခံခြင်း ပြုလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့၀င်များနှင့်ပျူစောထီးများကို ကစယ်ဒိုဖက်ဒရယ်စစ်ကြောင်းက သွားရောက်ချေမှုန်းခဲ့ပါတယ်"လို့ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုတွင် ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့ကပူးပေါင်းပါ၀င်ခဲ့ပြီး စစ်ကောင်စီနှင့် ပြူစောထီးအဖွဲ့၀င် (၃) ဦးသေဆုံးပြီး (၄) ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
========================
📌📌 ၉။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်တစ်စီးဖြင့် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၍ ကချင်ပြည်နယ်မှာ အမျိုးသားနှစ်ဦးသေဆုံး
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်တစ်စီးဖြင့် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၍ ကချင်ပြည်နယ်မှာ အမျိုးသားနှစ်ဦးသေဆုံးခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့၊ ညနေ ၃ နာရီခန့်အချိန်တွင် အကြမ်းဖက်စစ်အုပ်စု၏တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ငပေါက်ကျေးရွာအနီးရှိ ဧရာဝတီမြစ်ကမ်းဘေးတွင် ရွှေတူးဖော်နေကြသော အရပ်သားများကို တိုက်လေယာဉ်တစ်စီးဖြင့် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် မိုးစစ်ကျေးရွာမှ အမျိုးသားတစ်ဦးနှင့် ပေါက်ကုန်းကျေးရွာမှ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ AAPPကဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်ဟာ အရပ်သားများကိုပစိမှတ်ထားတိုက်ခိုက်သတ်ဖြတ်နေလျက်ရှိပြီးတော့ လေကြောင်းတိုက်ခိုက်မှုများကိုပိုမိုပြုလုပ်လာခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများ နှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၃၀၇၁) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။
========================
📌📌 ၁၀။ ဖယ်ခုံမှာ စကစတပ်နဲ့ PNA တပ်တို့ KA၊ KNDF ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲ ဖြစ်၍ ၄င်း စကစ တပ်ဘက်က ကိုးဦးသေဆုံးကာ M16 နဲ့ AK သေနတ်များသိမ်းဆည်းရရှိ
ဖယ်ခုံမှာစကစတပ်နဲ့ PNA တပ်တို့ KA၊KNDFပူးပေါင်းတပ်တွေနဲ့တိုက်ပွဲ ဖြစ်၍ ၄င်း စကစတပ်ဘက်က ကိုးဦးသေဆုံးကာ M16နဲ့AKသေနတ်များ သိမ်းဆည်းရရှိခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်မှာ စစ်ရေးသတင်းကို ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့က အတည်ပြုဖော်ပြပါတယ်။
ဖယ်ခုံမြို့နယ် ပြည်လုံးရွာမှာ ဖေဖော်ဝါရီ ၂၇ ရက် ညနေပိုင်းကKA, KNDF, PDF ပူးပေါင်း တပ်တွေနဲ့ အကြမ်းဖက်စစ်တပ်၊ ပအိုပ်အမျိုးသားတပ်မတော် (PNA)တို့ တွေ့ဆုံတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဖော်ပြပါတယ်။ တိုက်ပွဲမှာ စစ်ကောင်စီနဲ့ PNA ပူးပေါင်းအဖွဲ့တို့က (၉)ဦးသေဆုံးခဲ့ပြီး အချို့ဒဏ်ရာရရှိခဲ့ကာ M.16 (၃)လက်၊ AK(၁)လက်၊ 9MM(၄)လက်နှင့် ကျည်များ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က စစ်သည် (၁) ဦးကျဆုံးခဲ့ရပြီး ဒဏ်ရာအချို့ရရှိခဲ့ပါတယ်။
========================
📌📌 ၁၁။ ယင်းမာပင်မြို့နယ်၊ကုန်းရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်၊ကုန်းရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက် ည ၇ နာရီအချိန် ၊ကုန်းရွာကို စစ်ကောင်စီတပ်က မီးရှို့ခဲ့တယ်လို့ ယင်းမာပင် ဗိုလ်သူရိန် တပ်ရင်း ကဆိုထားပါတယ်။
"ယင်းမာပင်မြို့နယ်၊ ကုန်းရွာကို စစ်ကောင်စီတပ်က ဒီနေ့ဖေဖော်ဝါရီ ၂၈ရက် ညပိုင်း ၇နာရီက မီးစတင်ရှို့ နေတယ်လို့ သိရပါတယ်"လို့ဆိုပါတယ်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ စစ်တပ်နှင့် ဆက်စပ်အဖွဲ့များက နိုင်ငံတစ်ဝှမ်းရှိ အရပ်သားအိမ်ခြေ ၅၅၄၈၄ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ထိုသို့မီးရှို့ဖျက်ဆီးရာမှာ စစ်ကိုင်းတိုင်းဒေသကြီးတွင် အိမ်ခြေ ၄၃၂၉၂ လုံး၊ မကွေးတိုင်း ဒေသကြီးတွင် ၈၈၆၃ လုံး၊ ချင်းပြည်နယ်တွင် ၁,၄၈၄ လုံးနှင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် အိမ်ခြေ ၁၈၄၅ လုံး မီးလောင်ပျက်စီးခဲ့ရတယ်လို့ Data for Myanmarကသိရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment