၂၀၂၃ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ယာယီသမ္မတ ဒူဝါလရှီးလ က ONE DAY CHALLENGE ရဲ့ လစဥ် ထောက်ပံ့ငွေ ဒေါ်လာတစ်သိန်းအား ကောင်းစွာ လက်ခံရရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုလွှာ (၁၅) ကြိမ်မြောက်ပေးပို့
📌 ၂။ နွေဦးတော်လှန်ရေးဟာ မကြာမီအချိန်အတွင်း သမိုင်းအချိုးအကွေ့တစ်ခုကို ရောက်လာတော့မှာ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် အသိပေးပြောကြား
📌 ၃။ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာပြုမူခြင်းဆိုင်ရာ အကာကွယ်ပေးရေးမူဝါဒ လာမယ့်အပတ်မှာ ထုတ်ပြန်မယ်လို့ ဝန်ကြီးနော်ဆူစန်နာလှလှစိုးအသိပေးဆို
📌 ၄။ စနစ်ဆိုး အကျင့်ဆိုးတွေကို အပြီးသတ် ဖျက်သိမ်းဖို့ စီစဉ်ပြင်ဆင်ဆောင်ရွက်ဆဲ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းဆို
📌 ၅။ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာအား NUG အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရာ၀န်ကြီးဌာနမှ ထောက်ပံ့ငွေပေးအပ်
📌 ၆။ NUG က CDM ကျန်းမာရေးပညာရှင်များကို ကြားကာလ ပြည်နယ်/ ဖက်ဒရယ် ယူနစ်များအတွင်းရှိ ဆေးရုံ/ဆေးခန်းများတွင် တာဝန်ထမ်းဆောင်နိုင်ရန်ခေါ်ယူ
📌 ၇။ Early Partnership Program ရဲ့ မိုးကုတ်လုပ်ကွက်များထဲက သူရိန်တောင်တွင် ရင်းနှီးမြုပ်နှံနိုင်သော စုစုပေါင်းလုပ်ကွက် ၆ ကွက်အား မိတ်ဆက်
📌 ၈။ ရေစကြိုမြို့နယ် ၂၅၈ တပ်ထဲမှ အိမ်စီးကား သုံးစီးအပြည့်ဖြင့် စကစတပ်များ လိုက်ပါလာစဥ် မိုင်းဆွဲတိုက်ခိုက်
📌 ၉။ မိုးကုတ်မြို့အနောက်ပိုင်း၊ ကသည်းရပ်ကွက်ရှိ စကစ တပ်စိတ်တစ်စိတ် လုံခြုံရေးချထားသော ကသည်းအုပ်စု အထွေထွေအုပ်ချုပ်ရေးရုံးသို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်၍ စကစ ဘက်မှ (၄) ယောက် သေပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ယာယီသမ္မတ ဒူဝါလရှီးလ က ONE DAY CHALLENGE ရဲ့ လစဥ် ထောက်ပံ့ငွေ ဒေါ်လာတစ်သိန်းအား ကောင်းစွာ လက်ခံရရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုလွှာ (၁၅) ကြိမ်မြောက်ပေးပို့
ယာယီသမ္မတ ဒူဝါလရှီးလ က ONE DAY CHALLENGEရဲ့ လစဥ် ထောက်ပံ့ငွေ ဒေါ်လာတစ်သိန်းအား ကောင်းစွာ လက်ခံရရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုလွှာ( ၁၅) ကြိမ်မြောက်ပေးပို့ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၃ ရက်မှာ One Day Challenge လှုပ်ရှားမှုဆိုင်ရာကို ထုတ်ပြန်ခဲ့ပါတယ်။
"စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)သည် ၂၀၂၁ခုနှစ် သြဂုတ်လမှ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလအထိ ရရှိခဲ့သော ONE DAY CHALLENGE လှုပ်ရှားမှု ရန်ပုံငွေများအနက်မှ လစဉ် ဒေါ်လာတစ်သိန်းနှင့်ညီမျှသော ဝမ်ငွေအား အမျိုးသား ညီညွတ်ရေးအစိုးရ NUGထံ ပေးပို့လာခဲ့ရာ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ၂၃ရက်နေ့ အထိ စုစုပေါင်း ဒေါ်လာ ၁၅သိန်းအား ပေးပို့ခဲ့ပြီး ဖြစ်တယ်"လို့ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG သည် ONE DAY CHALLENGE ထောက်ပံ့ငွေအား အမျိုးသားညီညွတ်ရေးအစိုးရ၏ ဒေသန္တရအုပ်ချုပ်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် နယ်မြေစိုးမိုးရေး ကိစ္စရပ်များအတွက် သုံးစွဲလျှက်ရှိကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG၏ ယာယီသမ္မတ ဒူဝါလရှီးလသည် လစဉ် ONE DAY CHALLENGE ထောက်ပံ့ငွေ ဒေါ်လာတစ်သိန်းအား ကောင်းစွာ လက်ခံရရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုလွှာများအား ပေးပို့ခဲ့ရာ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ၂၃ရက်နေ့တွင် ၁၅ ကြိမ်မြောက် ပေးပို့ခဲ့ပါတယ်။
========================
📌📌 ၂။ နွေဦးတော်လှန်ရေးဟာ မကြာမီအချိန်အတွင်း သမိုင်းအချိုးအကွေ့တစ်ခုကို ရောက်လာတော့မှာ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် အသိပေးပြောကြား
နွေဦးတော်လှန်ရေးဟာ မကြာမီအချိန်အတွင်း သမိုင်းအချိုးအကွေ့တစ်ခုကို ရောက်လာတော့မှာ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် အသိပေးပြောကြားလိုက်ပါတယ်။ ဖေဖော်ဝါရီ ၂၃ ရက်ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ်(၈/၂၀၂၃)မှာ ဝန်ကြီးချုပ်က ဆိုပါတယ်။
"မတူကွဲပြားမှုတွေနဲ့ ညီညွတ်မှုကို အခြေခံတဲ့ နွေဦးတော်လှန်ရေးဟာ မကြာမီအချိန်အတွင်း သမိုင်းအချိုးအကွေ့တစ်ခုကို ရောက်လာတော့မှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ပြီးခဲ့တဲ့ပြည်သူ့အစိုးရ လက်ထက်မှာ အစိုးရတစ်ရပ်ရဲ့ အခြေခံအကျဆုံးတာဝန်ဖြစ်တဲ့ ပြည်သူတွေကို နိုင်ငံရေးအသိနဲ့ ဒီမိုကရေစီရဲ့ အနှစ်အရသာကို ပြည်သူတိုင်း နားလည်သဘောပေါက်လာအောင် စွမ်းဆောင်နိုင်ခဲ့လို့သာ ဒီကနေ့ နွေဦးတော်လှန်ရေး မီးအိမ်ဟာ မပြတ်ထွန်းလင်းတောက်ပလျက်ရှိနေတာကို တွေ့ရမှာဖြစ်ပါတယ်"လို့ ဆိုပါတယ်။
ဒါ့အပြင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှုမှာလည်း အုပ်ချုပ်ရေးယန္တရားရဲ့ အခြေခံအကျဆုံးယူနစ်တွေဖြစ်တဲ့ ရပ်/ကျေး အုပ်ချုပ်ရေးနဲ့ မြို့နယ်အဆင့် အုပ်ချုပ်ရေးစနစ်တွေကို ၄င်းတို့ဘာသာ ရပ်တည်လာနိုင်အောင် ဆောင်ရွက်ပေးကြဖို့ လိုအပ်မှာဖြစ်တယ်လို့ ဝန်ကြီးချုပ်က ထပ်လောင်းဆိုပါတယ်။
========================
📌📌 ၃။ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာပြုမူခြင်းဆိုင်ရာ အကာကွယ်ပေးရေးမူဝါဒ လာမယ့်အပတ်မှာ ထုတ်ပြန်မယ်လို့ ဝန်ကြီးနော်ဆူစန်နာလှလှစိုးအသိပေးဆို
“လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာပြုမူခြင်း ဆိုင်ရာအကာကွယ်ပေးရေးမူဝါဒ လာမယ့်အပတ်မှာ ထုတ်ပြန်မယ်လို့ ဝန်ကြီးနော်ဆူစန်နာလှလှစိုး အသိပေးဆိုလိုက်ပါတယ်။ ဖေဖော်ဝါရီလအတွင်း ဥပဒေအကြံဉာဏ်ပေးရေးနှင့် ဥပဒေစိစစ်အကြံပြုရေး ဦးစီးဌာနနှင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေးခြင်း အစည်းအဝေးမှာ ဝန်ကြီးက ဆိုပါတယ်။
"လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာပြုမူခြင်း ဆိုင်ရာ အကာကွယ်ပေးရေးမူဝါဒ” N-PSHEA Policy သည် Final Draft ဖြစ်ပါကြောင်း၊ အဆိုပါ မူဝါဒသည် အကျင့်စာရိတ္တကို ထိန်းချုပ်မည့် လမ်းညွှန်ချက်တစ်ခု ဖြစ်ပါကြောင်း၊ အမျိုးသားညီညွတ်ရေး အစိုးရလက်အောက်ရှိ ဝန်ကြီ:ဌာန (၁၇)ခုမှ ဝန်ထမ်းများနှင့် ကာကွယ်ရေးတွင် တာဝန်ထမ်းဆောင်နေသည့် စစ်သည်တော်များ၊ အရာရှိများ၊ အုပ်ချုပ်ရေးတွင် ဆောင်ရွက်နေကြသော ပကဖ၊ ပလဖများနှင့် အထူးသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ လမ်းညွှန်မှုကို လိုက်နာရန်အတွက် ထုတ်ပြန်မည် ဖြစ်ပါကြောင်း၊ ယင်းမူဝါဒအား လာမည့် အပတ်တွင် အစိုးရအဖွဲ့သို့ တင်ပြီး ထုတ်ပြန်နိုင်ရန် စီစဉ်ထားပါကြောင်း"ဝန်ကြီးက ဆိုပါတယ်။
အစည်းအဝေးမှာ “လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာပြုမူခြင်း ဆိုင်ရာ အကာကွယ်ပေးရေးမူဝါဒ” နှင့်စပ်လျဉ်း၍ ဥပဒေအကြံဉာဏ်ပေးရေးနှင့် ဥပဒေစိစစ်အကြံပြုရေး ဦးစီးဌာနမှ တာဝန်ရှိသူများမှ ဥပဒေနှင့် အညီပြင်ဆင်ချက်များ၊ ရေးထုံးနှင့်အညီ ပြင်ဆင်ချက်များ၊ ထည့်သွင်းရန် မသင့်သည့် အချက်များကို ရှင်းလင်းဆွေးနွေးခြင်း၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ် ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများကလည်း အဆိုပါ ဆွေးနွေးချက်များ အပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခြင်း တို့ကို ဆောင်ရွက်ခဲ့ကြပါတယ်။
========================
📌📌 ၄။ စနစ်ဆိုး အကျင့်ဆိုးတွေကို အပြီးသတ် ဖျက်သိမ်းဖို့ စီစဉ်ပြင်ဆင်ဆောင်ရွက်ဆဲ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းဆို
စနစ်ဆိုး အကျင့် ဆိုးတွေကို အပြီးသတ် ဖျက်သိမ်းဖို့ စီစဉ်ပြင်ဆင် ဆောင်ရွက်ဆဲ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းဆိုလိုက်ပါတယ်။ ဖေဖော်ဝါရီ ၂၃ ရက် လူမှုကွန်ရက်မှာ NUG လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးက သုံးသပ်ပြောပါတယ်။
"လွန်ခဲ့တဲ့ ၇ နှစ် က တိုင်းပြည်ကြီးကို အသစ်ပြန်လည် တည်ဆောက်ဖို့ အားမာန်ကြီးစွာနဲ့ စခဲ့တာပါ။ လုပ်နိုင်ခဲ့တာများစွာအတွက်လည်း ကျေနပ်ပါတယ်။ ခုလည်းအားအင်က လျော့မသွားတဲ့အပြင် ပိုပြင်းထန်နေဆဲ။ စနစ်ဆိုး၊ အကျင့်ဆိုးကို အပြီးသတ် ဖျက်သိမ်းဖို့ စီစဉ်ပြင်ဆင် ဆောင်ရွက်ဆဲ ဖြစ်ပါတယ်။ အရေးတော် ပုံ အောင်ကို အောင်ရပါမယ်"လို့ဆိုပါတယ်။ နွေဦးတော်လှန်ရေးမှာ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနဟာ စစ်ကောင်စီရဲ့ ဝင်ငွေစီးဆင်းမှုကို ဖြတ်တောက်ခြင်း၊ ပြည်သူများနဲ့ တော်လှန်ရေးအင်အားစုများ လျှပ်စစ်မီးရရှိအောင်ထောက်ပံ့ပေးခြင်းတို့ ဆောင်ရွက်လျက်ရှိပါတယ်။
========================
📌📌 ၅။ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာအား NUG အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရာ၀န်ကြီးဌာနမှ ထောက်ပံ့ငွေပေးအပ်
ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာအား NUG အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ရေးရာ၀န်ကြီးဌာနမှ ထောက်ပံ့ငွေပေးအပ်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၃ ရက်မှာ CAF-SPUPDF ပခုက္ကူခရိုင်အမှတ် (၄) တပ်ရင်း တပ်ခွဲ(၁)က အသိပေးဆိုပါတယ်။
"ဖေဖော်ဝါရီ ၂၀ ရက် ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီးသူငယ်နှင့် ကလေးသူငယ်ရေးရာ၀န်ကြီးဌာနမှ ပေးအပ်သည့် အလှူငွေပေးအပ်ခြင်းအခမ်းနားသို့ ကျွန်ပ်တို့ Caf-Spu pdf ပခုက္ကူခရိုင် အမှတ် ၄တပ်ရင်းတပ်ခွဲ ၁ အနေဖြင့် ပူပေါင်းပါ၀င်ပေးခဲ့ပါတယ်"လို့ဆိုပါတယ်။ အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ရေးရာ၀န်ကြီးဌာနဟာ ကိုယ်ဝန်ဆောင်သည် သောင်းနဲ့ချီကိုလည်း ထောက်ပံ့မှုများ ပေးအပ်ခဲ့ပါသေးတယ်။
========================
📌📌 ၆။ NUG က CDM ကျန်းမာရေးပညာရှင်များကို ကြားကာလ ပြည်နယ်/ ဖက်ဒရယ် ယူနစ်များအတွင်းရှိ ဆေးရုံ/ဆေးခန်းများတွင် တာဝန်ထမ်းဆောင်နိုင်ရန်ခေါ်ယူ
NUG က CDMကျန်းမာရေး ပညာရှင်များကို ကြားကာလ ပြည်နယ်/ ဖက်ဒရယ် ယူနစ်များအတွင်းရှိ ဆေးရုံ/ဆေးခန်းများတွင် တာဝန်ထမ်းဆောင်နိုင်ရန် ခေါ်ယူနေပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ (၂၃) ရက်မှာ လျှောက်လွှာများခေါ်ယူခဲ့ပါတယ်။
"အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ကြားကာလ ပြည်နယ်/ ဖက်ဒရယ် ယူနစ်များ အတွင်းရှိ ဆေးရုံ/ဆေးခန်းများတွင် တာဝန်ထမ်းဆောင်နိုင်ရန် တာဝန်များအတွက် လျှောက်လွှာတင်သွင်းနိုင်ပါတယ်"လို့ ဖော်ပြထားပါတယ်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃) ရက်နေ့မှ မတ်လ (၁၆) ရက်နေ့အတွင်း လျှောက်ထားရမည့် ရာထူးနေရာများမှာ
၁။ အထူးကုဆရာဝန်များ
၂။ ဆရာဝန်များ
၃။ သွားနှင့်ခံတွင်း အထူးကုဆရာဝန် များ
၄။ သွားနှင့်ခံတွင်း ဆရာဝန်များ
၅။ အထူးကုဘွဲ့လွန်သင်တန်းသားများ
၆။ ဆေးနှင့် ဆေးနှီးနွှယ်ဆိုင်ရာ ဒီပလိုမာဘွဲ့ ရရှိသူများ
၇။ သူနာပြုများ
၈။ ဆေးဘက်ဆိုင်ရာ နည်းပညာ တက္ကသိုလ်များမှ ဒီပလိုမာ/ ဘွဲ့ ရရှိသူများ
၉။ ဆေးဝါးတက္ကသိုလ်များမှ ဘွဲ့ရရှိသူများ
၁၀။ တိုင်းရင်းဆေးပညာရှင်များတို့ပါဝင်ပါတယ်။
ဒါ့အပြင် မတ်လ (၁၇) ရက်နေ့မှ ဧပြီလ (၇) ရက်နေ့အတွင်း လျှောက်ထားရမည့် ရာထူးနေရာများမှာ
၁။ ကျန်းမာရေးမှူးများ (HA)
၂။ အမျိုးသမီးကျန်းမာရေးဆရာမများ (LHV)
၃။ သားဖွားဆရာမများ (Midwife)
၄။ ပြည်သူ့ကျန်းမာရေးကြီးကြပ်-၁ များ (PHS-1)
၅။ ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂ များ (PHS-2)တို့ ပါဝင်ပါတယ်။
လျှောက်ထားသူဟာ ပြည်ထောင်စုမြန်မာနိုင်ငံဖွား ဖြစ်ရမည်ဖြစ်ပြီး ကျန်းမာရေးကောင်းမွန်သူ ၊နိုင်ငံ့ဝန်ထမ်းဖြစ်ပါက CDM ဝန်ထမ်း အကြမ်းဖက်စစ်ကောင်စီနှင့် ပတ်သက်မှု မရှိသူ ဖြစ်ရမယ်လို့ ဖော်ပြထားပါတယ်။
========================
📌📌 ၇။ Early Partnership Program ရဲ့ မိုးကုတ်လုပ်ကွက်များထဲက သူရိန်တောင်တွင် ရင်းနှီးမြုပ်နှံနိုင်သော စုစုပေါင်းလုပ်ကွက် ၆ ကွက်အား မိတ်ဆက်
Early Partnership Program ရဲ့ မိုးကုတ်လုပ်ကွက်များထဲက သူရိန်တောင်တွင် ရင်းနှီးမြုပ်နှံနိုင်သော စုစုပေါင်းလုပ်ကွက် ၆ ကွက်အား မိတ်ဆက်လိုက်ပါတယ်။ ဖေဖော်ဝါရီ ၂၃ ရက်မှာ NUGရဲ့ Early Partnership Program က အသိပေးဖော်ပြပါတယ်။
"သူရိန်တောင်လုပ်ကွက်သည် နာမည်ကျော် ၆၉၀ ကာရက်ရှိ နီလာအစုအဝေး ထွက်ရှိခဲ့သည့် လုပ်ကွက်ဖြစ်ပါတယ်။ အဖိုးတန် ကျောက်မျက်ရတနာများသည် သူရိန်တောင်ဝန်းကျင်တွင် ပြန့်ကြဲစွာ တည်ရှိပါတယ်။ သူရိန်တောင်တွင် ရင်းနှီးမြုပ်နှံနိုင်သော စုစုပေါင်းလုပ်ကွက် ၆ ကွက်အား ဖေါ်ထုတ်ပေးထားပါတယ်။ ကျောက်မျက်ထုတ်လုပ်ခွင့်ကာလမှာ လုပ်ငန်းစတင်ချိန်မှ ၁၀ နှစ်ဖြစ်ပါတယ်"လို့ဆိုပါတယ်။
သူရိန်တောင်အနောက်ဘက်ပိုင်းတွင် အရည်အသွေးအမြင့်ဆုံး နီလာများနှင့် ရောင်စုံနီလာများ၊ အပြာရောင်သန်းသည့် အစိမ်းရောင်နီလာ၊ ရောင်ပြောင်းနီလာနှင့် ပိန်းနိုက်ကြောင်မျက်လုံး၊ ပိန်းနိုက်ပုံဆောင်ခဲနှင့် ဘက်ဒလေရိုက် ပုံဆောင်ခဲများ ကဲ့သို့သော အခြားအဖိုးတန် ကျောက်မျက်ရတနာများကို တွေ့ရှိရပါတယ်။ လုပ်ကွက်များတွင် ရင်းနှီးမြုပ်နှံလိုသူများ www.earlypartnership.org/booking တွင် ဝင်ရောက်စာရင်းသွင်းနိုင်တယ်လို့သိရပါတယ်။
========================
📌📌 ၈။ ရေစကြိုမြို့နယ် ၂၅၈ တပ်ထဲမှ အိမ်စီးကား သုံးစီးအပြည့်ဖြင့် စကစတပ်များ လိုက်ပါလာစဥ် မိုင်းဆွဲတိုက်ခိုက်
ရေစကြိုမြို့နယ် ၂၅၈ တပ်ထဲမှ အိမ်စီးကား သုံးစီးအပြည့်ဖြင့် စကစတပ်များ လိုက်ပါလာစဥ် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဖေဖော်ဝါရီ ၂၃ ရက်မှာ စစ်ရေးသတင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုက အတည်ပြုဆိုပါတယ်။
"ရေစကြိုမြို့နယ် ၂၅၈ တပ်ထဲမှ အိမ်စီးကားလေး သုံးစီးအပြည့်ဖြင့် မြို့ထဲသို့ဝင်လာသော စကစတပ်များအား မြို့အပြင် စိုက်ပျိုးရေးခြံနားအရောက်တွင် ပဒေသာ ၃ လုံးတွဲ ၂ဆိုင်းဖြင့် တိုက်ခိုက်ခဲ့ပါတယ်"လို့ ဆိုပါတယ်။
မိုင်းထိ၍ ကားနှစ်စီးမှာနေရာတွင် ထိုးရပ်ပျက်စီးသွားပြီး စကစတပ်များ အထိအခိုက်အကျဆုံးအား ဆက်လက်စုံစမ်းလျက်ရှိပါတယ်။ ပြည်သူ့ကာကွယ်ရေးရဲဘော်များအထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။
========================
📌📌 ၉။ မိုးကုတ်မြို့အနောက်ပိုင်း၊ ကသည်းရပ်ကွက်ရှိ စကစ တပ်စိတ်တစ်စိတ် လုံခြုံရေးချထားသော ကသည်းအုပ်စု အထွေထွေအုပ်ချုပ်ရေးရုံးသို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်၍ စကစ ဘက်မှ (၄) ယောက် သေပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့
မိုးကုတ်မြို့အနောက်ပိုင်း၊ ကသည်းရပ်ကွက်ရှိ စကစ တပ်စိတ်တစ်စိတ်လုံခြုံရေးချထားသော ကသည်းအုပ်စုအထွေထွေအုပ်ချုပ်ရေးရုံးသို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဖေဖော်ဝါရီ ၂၃ ရက် မနက် (၅:၄၀နာရီ) ချိန်တွင် မိုးကုတ်မြို့အနောက်ပိုင်း၊ ကသည်းရပ်ကွက်ရှိ စကစ တပ်စိတ်တစ်စိတ်လုံခြုံရေးချထားသော ကသည်းအုပ်စုအထွေထွေအုပ်ချုပ်ရေးရုံးကို ပစ်ခတ်ခဲ့တယ်လို့ Red Wolves Of Mogok က အတည်ပြုဆိုပါတယ်။
"ဖေဖော်ဝါရီ၂၃ရက် မနက် (၅:၄၀နာရီ) ချိန်တွင် မိုးကုတ်မြို့အနောက်ပိုင်း၊ ကသည်းရပ်ကွက်ရှိ စကစ တပ်စိတ်တစ်စိတ်လုံခြုံရေးချထားသော ကသည်းအုပ်စုအထွေထွေအုပ်ချုပ်ရေးရုံးသို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း - ၁၂၂၁ (Red Wolves Of Mogok)နှင့် တပ်ရင်း - ၁၂၂၃ တို့ ပူးပေါင်းစစ်ဆင်ရေးအဖွဲ့သည် 79လက်ထောက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
ထို့နောက် လက်နက်ငယ်များဖြင့် ၇ မိနစ် ကြာအောင် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွါးခဲ့ပြီးကာကွယ်ရေးရဲဘော်များ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ပါတယ်။ တိုက်ခိုက်မှုကြောင့် နံရံပေါက်၊ ရုံးအမိုးပွင့်ထွက်ခဲ့ပြီး စကစ ဘက်မှ (၄)ယောက် သေပြီး ၂ယောက် ဒဏ်ရာရရှိခဲ့သည်ဟု ကနဦးသတင်းရရှိပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment