၂၀၂၃ မတ်လ ၁၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အကြမ်းဖက်မင်းအောင်လှိုင်နဲ့ စစ်အုပ်စုကို အမြစ်ဖြတ်ဖို့ လက်ရှိအချိန်ဟာ အကောင်းဆုံး အချိန်ဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြား
📌 ၂။ ပြည်သူကို ရှေးမရှုဘဲ တော်လှန်ရေးအပေါ် သစ္စာပျက်ယွင်းလာသူတွေ ရှိခဲ့မယ်ဆိုရင်လည်း စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူ ဆောင်ရွက်ကြရမှာ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား
📌 ၃။ CRPH ကိုယ်စားလှယ်အဖွဲ့ IPUparliament President Duate Pacheco နှင့်IPU146 ညီလာခံနှင့် ဆက်စပ်အစည်းအဝေးများအတွင်း တွေ့ဆုံခဲ့
📌 ၄။ တရားမျှတမှုနဲ့ အမှန်တရားကို နေ့စဉ်ရက်ဆက် ရှာဖွေလျက်ရှိပြီး စစ်အာဏာရှင်ကို တော်လှန်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို
📌 ၅။ အကြမ်းဖက်စစ်ကောင်စီရဲ့ ရက်စက်ယုတ်မာကောက်ကျစ်လှသည့် ရာဇဝတ်မှုနဲ့ လူမဆန်မှုများကို နိုင်ငံတကာသံတမန်များထံ သီးသန့်တွေ့ဆုံပြီး ပြောကြားခွင့်ရရှိခဲ့တယ်လို့ဆို
📌 ၆။ တအာင်းပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ တတိယမူကြမ်း ဆွေးနွေးပွဲမှာ NUGတရားရေးဝန်ကြီး ဦးသိန်းဦးမှ ပြည်နယ်ဖွဲ့စည်းပုံအခြခံဥပဒေ ရေးဆွဲရာတွင် ပါဝင်သင့်သည့် အကြောင်းအရာများပြောကြားခဲ့
📌 ၇။ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ အတွင်းရှိ စာမေးပွဲဖြေဆိုမည့် ရဲဘော်များအတွက် ငွေကျပ် ၁၀ သိန်းတိတိကို ဒုဝန်ကြီး ဒေါ်အိသဥ္ဇာမောင်ကထောက်ပံ့
📌 ၈။ နွေဦးတက္ကသိုလ်အနေနဲ့ အမေရိကန် အခြေစိုက်အစိုးရတက္ကသိုလ်တစ်ခုတို့ သဘောတူ စာချွန်လွှာ ရေးထိုးပြီး ပညာရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားမယ်
📌 ၉။ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံရှိရာ Norway နိုင်ငံ Frodlandမှာ"ရောင်နီလာရာလမ်း"ရုပ်ရှင်ကို ပြသမယ်
📌 ၁၀။ ဖားကန့်မြို့၊ မှော်ဝမ်းရပ်ကွက်ရှိ မျိုးသန့်ဆံသဆိုင်ကို စကစတပ်များ ဝင်စီး၍ ဆိုင်ရှင်အပါအဝင် ဒေသခံခုနှစ်ဦးကို ဖမ်းဆီးခဲ့
📌 ၁၁။ မွန်ပြည်နယ် ဇင်းကျိုက်မြို့ရှိ စစ်ကောင်စီလက် အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူး"Double Zip Drill" ဖြင့် ရှစ်ချက်ပစ်ခံရ၍သေဆုံး
📌 ၁၂။ “ထကြွတော်လှန် ကျောင်းသားထုအားမာန်” ဘန်နာကိုင်စွဲ၍ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှား
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အကြမ်းဖက်မင်းအောင်လှိုင်နဲ့ စစ်အုပ်စုကို အမြစ်ဖြတ်ဖို့ လက်ရှိအချိန်ဟာ အကောင်းဆုံး အချိန်ဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြား
အကြမ်းဖက်မင်းအောင်လှိုင်နဲ့ စစ်အုပ်စုကို အမြစ်ဖြတ်ဖို့ လက်ရှိအချိန်ဟာ အကောင်းဆုံး အချိန်ဖြစ်တယ်လို့ မတ်လ ၁၄ ရက်မှာ ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၀ / ၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားလိုက်ပါတယ်။
"အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူတွေကို ရက်စက်စွာ သတ်ဖြတ်ပြီး အောင်နိုင်မှုကို ရရှိမယ်လို့ မျှော်လင့်နေဟန်ရှိပါတယ်။ သူတို့သိထားရမှာက တိုင်းရင်းသားပြည်သူလူထုတရပ်လုံးဟာ စစ်အုပ်စုကို လုံးဝ မလိုလားတော့ဘူးဆိုတာ ကျွန်တော်တို့အားလုံးအသိပင်ဖြစ်ပါတယ်။ အကြောက်တရားနဲ့ ပြည်သူများကို ဆက်လက်အုပ်ချုပ်လို့ မရတော့ပါဘူး။ အကြမ်းဖက်မင်းအောင်လှိုင်နဲ့ စစ်အုပ်စုကို အမြစ်ဖြတ်ဖို့ ဒီအချိန်ဟာ အကောင်းဆုံး အချိန်ဖြစ်ပါတယ်။ ပြည်သူလူထုတရပ်လုံးနှင့်အတူ ဆက်လက် တွန်းလှန်ကြပါမယ်"လို့ ယာယီသမ္မတ ကပြောပါတယ်။ ဒါ့အပြင် NUG အစိုးရ ကတ်ဘိနက်အဖွဲ့ဝင်များအနေဖြင့်လည်း လက်ရှိသွားနေတဲ့ အရှိန်ထက် မလျှော့ဘဲ ဆက်လက် အားတင်းကာ တော်လှန်ရေးအရှိန်ကို မြှင့်တင်ဖို့ လိုအပ်တယ်လို့ ယာယီသမ္မတက ထပ်လောင်းပြောပါတယ်။
========================
📌📌 ၂။ ပြည်သူကို ရှေးမရှုဘဲ တော်လှန်ရေးအပေါ် သစ္စာပျက်ယွင်းလာသူတွေ ရှိခဲ့မယ်ဆိုရင်လည်း စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူ ဆောင်ရွက်ကြရမှာ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား
ပြည်သူကို ရှေးမရှုဘဲ တော်လှန်ရေးအပေါ် သစ္စာပျက်ယွင်းလာသူတွေ ရှိခဲ့မယ်ဆိုရင်လည်း စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူ ဆောင်ရွက်ကြရမှာ ဖြစ်တယ်လို့ မတ်လ ၁၄ရက် ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ၁၀ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားလိုက်ပါတယ်။
"ကျွန်တော်တို့ အားလုံးဟာ အုပ်ချုပ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာမှာ ပြည်သူများကို ကောင်းမွန်စွာ ဝန်ဆောင်မှု ပေးနိုင်ဖို့၊ အကာအကွယ်ပေးနိုင်ဖို့ လူထုအကျိုးကို ရှေးရှုပြီး လုပ်ဆောင်ကြရမှာ ဖြစ်တယ်ဆိုတာကို အမြဲနှလုံးသွင်းထားကြဖို့ လိုအပ်ပါတယ်။ အကယ်၍ ပြည်သူကို ရှေးမရှုဘဲ တော်လှန်ရေးအပေါ် သစ္စာပျက်ယွင်းလာသူတွေ ရှိခဲ့မယ်ဆိုရင်လည်း စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်"လို့ ဆိုပါတယ်။ ဒါ့အပြင် စီမံခန့်ခွဲမှု ယန္တရားမှာလည်း စနစ်တကျနဲ့ အားကောင်းကောင်း လည်ပတ်နိုင်ဖို့ ကြိုးစားကြရမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်က ထပ်လောင်းဆိုပါတယ်။
========================
📌📌 ၃။ CRPH ကိုယ်စားလှယ်အဖွဲ့ IPUparliament President Duate Pacheco နှင့်IPU146 ညီလာခံနှင့် ဆက်စပ်အစည်းအဝေးများအတွင်း တွေ့ဆုံခဲ့
CRPH ကိုယ်စားလှယ်အဖွဲ့ IPU parliament President Duate Pacheco နှင့်IPU146 ညီလာခံနှင့် ဆက်စပ်အစည်းအဝေးများအတွင်း တွေ့ဆုံခဲ့တယ်လို့ မတ်လ ၁၄ရက်မှာ CRPH နိုင်ငံတကာဆက်ဆံရေးရုံးက သတင်းထုတ်ပြန်ပါတယ်။
"CRPH ကိုယ်စားလှယ်အဖွဲ့ IPU parliament President Duate Pachecoနှင့် ယနေ့ ဘာရိန်းတွင် IPU146 ညီလာခံနှင့် ဆက်စပ် အစည်းအဝေးများအတွင်း တွေ့ဆုံခဲ့ပါတယ်"လို့ဖော်ပြပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးအတွက် ပံ့ပိုးကူညီမှုအတွက် IPUP President ကို ကျေးဇူးတင်ရှိပါတယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် CRPH ကိုယ်စားလှယ်အဖွဲ့မှ ဒေါက်တာဝင်းမြတ်အေးက IPU146 ညီလာခံမှာ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။
"ဒီနေ့ IPU146 မှာ 2မြန်မာ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒေါက်တာ ဝင်းမြတ်အေးက ညီလာခံတွင် မိန့်ခွန်းပြောခဲ့ပါတယ်"လို့ဆိုပါတယ်။
ဘာရိန်းနိုင်ငံ၊ မနာမာမြို့မှာကျင်းပတဲ့ IPU146 ညီလာခံသို့ CRPHကိုယ်စားလှယ်အဖွဲ့ဟာ လေ့လာသူအဖြစ် တက်ရောက်လျက်ရှိပြီး CRPHနဲ့ NUGအစိုးရကိုယ်စားလှယ်အဖွဲ့အနေနဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ တက်ရောက်ခဲ့ကြပါတယ်။ IPU146 ညီလာခံကို မတ်လ ၁၁ရက်ကနေ ၁၅ရက်အထိ ကျင်းပသွားမှာဖြစ်ပါတယ်။
========================
📌📌 ၄။ တရားမျှတမှုနဲ့ အမှန်တရားကို နေ့စဉ်ရက်ဆက် ရှာဖွေလျက်ရှိပြီး စစ်အာဏာရှင်ကို တော်လှန်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို
တရားမျှတမှုနဲ့ အမှန်တရားကိုနေ့စဉ်ရက်ဆက် ရှာဖွေလျက်ရှိပြီးစစ်အာဏာရှင်ကို တော်လှန်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက မတ်လ ၁၄ရက်မှာကျင်းပါတဲ့ ဆေးတက္ကသိုလ်(၁) Foundation Year ကျောင်းသား ကိုခန့်ညားဟိန်း၂နှစ်ပြည့်အခမ်းအနားမှာ ပညာရေးနဲ့ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။
"သား ခန့်ညားဟိန်း ဒီနေ့ (၂) နှစ် ပြည့်ခဲ့ပြီ။ သား လိုချင်တဲ့ တရားမျှတမှုနဲ့ အမှန်တရားကို နေ့စဉ်ရက်ဆက် ရှာဖွေလျက်ရှိတယ်။ စစ်အာဏာရှင်ကို တော်လှန်လျက်ရှိတယ်။ သားအတွက် တရားမျှတမှု (Justice) မရမချင်းတိုက်ပွဲဝင်သွားပါမယ်လို့ သစ္စာအဓိဋ္ဌာန် ပြုပါတယ်"လို့ဆိုပါတယ်။ ၂၀၂၁ ခုနှစ် မတ်လ ၁၄ ရက်၊ ရန်ကုန်မြို့ တာမွေမြို့နယ်၊ ရဲစခန်းအမှတ်(၄၀)ရှေ့၌ ဆန္ဒပြပြည်သူလူထုအား စစ်တပ်နှင့်ရဲမှ ကျည်အစစ်များဖြင့် ပစ်ခတ်ဖြိုခွင်းရာတွင် ဆေးတက္ကသိုလ်(၁) Foundation Year ကျောင်းသားလေး မောင်ခန့်ညားဟိန်းသည် ရင်ဘတ်ကျည်ထိမှန်ပြီး ကျဆုံးခဲ့ရပါတယ်။
========================
📌📌 ၅။ အကြမ်းဖက်စစ်ကောင်စီရဲ့ ရက်စက်ယုတ်မာကောက်ကျစ်လှသည့် ရာဇဝတ်မှုနဲ့ လူမဆန်မှုများကို နိုင်ငံတကာသံတမန်များထံ သီးသန့်တွေ့ဆုံပြီး ပြောကြားခွင့်ရရှိခဲ့တယ်လို့ဆို
အကြမ်းဖက်စစ်ကောင်စီရဲ့ ရက်စက်ယုတ်မာကောက်ကျစ်လှသည့် ရာဇဝတ်မှုနဲ့ လူမဆန်မှုများကို နိုင်ငံတကာသံတမန်များထံ သီးသန့်တွေ့ဆုံပြီး ပြောကြားခွင့်ရရှိခဲ့တယ်လို့ NUG လူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းက ဆိုပါတယ်။ မတ်လ ၁၄ ရက် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီများ အစည်းအဝေးမှာ ဝန်ကြီးကပြောပါတယ်။
"အကြမ်းဖက်စစ်ကောင်စီသည် ရက်စက်ယုတ်မာကောက်ကျစ်လှသည့် ရာဇဝတ်မှု၊ လူမဆန်မှု များကို ကျူးလွန်လျက်ရှိကြောင်း၊ အထူးသဖြင့် ပြီးခဲ့သည့်(၂)ပတ်အတွင်း ဖြစ်ပွားခဲ့သော တာတိုင်ကျေးရွာနှင့် နန်းနိမ်းကျေးရွာများ၏ ပြည်သူများ သတ်ဖြတ်ခြင်းခံရသော ကိစ္စကို မြေပြင်နှင့် တိုက်ရိုက်ချိတ်ဆက်ပြီး တိကျသည့် သတင်းများရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတကာသံတမန်များကို သီးသန့်တွေ့ဆုံပြီး မြေပြင်အခြေအနေများကို ပြောကြားခွင့်ရရှိခဲ့ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အချက်အလက်များ စုဆောင်းမှုသာမက ပိုမိုပြီးအရေးယူဆောင်ရွက်ခြင်းများ ဖြစ်လာရန် လုပ်ဆောင်လျက်ရှိကြောင်း"ဝန်ကြီးကဆိုပါတယ်။
အစည်းအဝေးသို့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြု ကော်မတီများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၆။ တအာင်းပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ တတိယမူကြမ်း ဆွေးနွေးပွဲမှာ NUGတရားရေးဝန်ကြီး ဦးသိန်းဦးမှ ပြည်နယ်ဖွဲ့စည်းပုံအခြခံဥပဒေ ရေးဆွဲရာတွင် ပါဝင်သင့်သည့် အကြောင်းအရာများပြောကြားခဲ့
တအာင်းပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေတတိယမူကြမ်း ဆွေးနွေးပွဲမှာ NUGတရားရေးဝန်ကြီး ဦးသိန်းဦးမှ ပြည်နယ်ဖွဲ့စည်းပုံအခြခံဥပဒေ ရေးဆွဲရာတွင် ပါဝင်သင့်သည့် အကြောင်းအရာများ ပြောကြားခဲ့ပါတယ်။ ဖက်ဒရယ်နှင့် တအာင်းပြည်နယ် ဖွဲ့စည်းပုံအေခြခံဥပဒေ တတိယမူးကြမ်းဆွေးနွေးပွဲ အောင်မြင်စွာကျင်းပပြီးစီးခဲ့တယ်လို့ မတ်လ ၁၄ရက်မှာ PSLF/TNLAက သတင်းထုတ်ပြန်ဖော်ပြပါတယ်။
တအာင်းပြည်နယ်၊ တပ်မဟာ (၂)စစ်ဒေသ၊ နမ့်ဆန်မြို့နယ်ရှိ လွတ်မြောက်နယ်မြေတစ်နေရာတွင် တအာင်းနိုင်ငံရေး အတိုင်ပင်ခံကော်မတီ - TPCC မှ ဦးဆောင်ကျင်းပသော တအာင်းပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေတတိယမူကြမ်း ဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁၁/၁၂ ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။
ထိုအစည်းအဝေးတွင် PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တအာင်းပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရသည့် အဓိကအကြောင်းအရာများကို ရှင်းလင်းတင်ပြခဲ့ပြီးNUG တရားရေးဝန်ကြီး ဦးသိန်းဦးမှ ZOOM Video ဖြင့် ပြည်နယ်ဖွဲ့စည်းပုံအခြခံဥပဒေ ရေးဆွဲရာတွင် ပါဝင်သင့်သည့် အကြောင်းအရာများ ရှင်းလင်းပြောကြားခဲ့ပါတယ်။
တအာင်းပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခန်း ၁၂ ခန်းပါဝင်ပြီး ပြည်နယ်သားများ၏ အခွင့်အရေးနှင့် တာဝန်များ၊ တအာင်းပြည်နယ် စုဖွဲ့ပုံ၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး၊ အရေးပေါ်အခြအနေ၊ အသွင်ကူးပြောင်းရေးကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ တအာင်းပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ခြင်းနှင့် အထွေထွေပြဋ္ဌာန်းချက်များ ပါဝင်ပါတယ်။
========================
📌📌 ၇။ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ အတွင်းရှိ စာမေးပွဲဖြေဆိုမည့် ရဲဘော်များအတွက် ငွေကျပ် ၁၀ သိန်းတိတိကို ဒုဝန်ကြီး ဒေါ်အိသဥ္ဇာမောင်ကထောက်ပံ့
တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ အတွင်းရှိ စာမေးပွဲဖြေဆိုမည့် ရဲဘော်များအတွက် ငွေကျပ် ၁၀ သိန်းတိတိကိုဒုဝန်ကြီး ဒေါ်အိသဥ္ဇာမောင်ကထောက်ပံ့ခဲ့တယ်လို့ မတ်လ၁၄ရက်မှာ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် ၃က အသိပေးဖော်ပြခဲ့ပါတယ်။ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် ၃ အတွင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းကာ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ရဲဘော်များအတွက် "ပြန်လှန်လေ့ကျင့်ခန်း" အစီအစဥ်ကို အောင်မြင်စွာဖြင့် ပြုလုပ်နိုင်ခဲ့ပါတယ်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လှန်လေ့ကျင့်ခန်းအစီအစဥ်ကို ပညာရေးဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ Zoom Platform ဖြင့် ၂၀၂၃ ခုနှစ်၊ မတ်လ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ ဘာသာရပ်အလိုက် မေးခွန်းဟောင်းများကို သင်ကြားပေးခြင်း၊ သင်ကြားခဲ့ရသော ဘာသာရပ်များကို ဆွေးနွေးခြင်းနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၏ နမူနာ မေးခွန်းပုံစံများကို ရှင်းလင်းသင်ကြားပေးခြင်းများအား ဆောင်ရွက်ပေးခဲ့ပါတယ်။ ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန၏ ဒုဝန်ကြီး ဒေါ်အိသဥ္ဇာမောင်မှလည်း တောင်ပိုင်း စစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ အတွင်းရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် ငွေကျပ် ၁၀ သိန်းတိတိကို ထောက်ပံ့ကူညီပေးခဲ့ကြောင်းသတင်းရရှိပါတယ်။
========================
📌📌 ၈။ နွေဦးတက္ကသိုလ်အနေနဲ့ အမေရိကန် အခြေစိုက်အစိုးရတက္ကသိုလ်တစ်ခုတို့ သဘောတူ စာချွန်လွှာ ရေးထိုးပြီး ပညာရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားမယ်
နွေဦးတက္ကသိုလ်အနေနဲ့ အမေရိကန် အခြေစိုက် အစိုးရတက္ကသိုလ် တစ်ခုတို့ သဘောတူ စာချွန်လွှာ ရေးထိုးပြီး ပညာရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ မတ်လအတွင်းမှာ နွေဦးတက္ကသိုလ်က အသိပေးဖော်ပြပါတယ်။
"နွေဦးတက္ကသိုလ်အနေနဲ့ အမေရိကန် အခြေစိုက် အစိုးရတက္ကသိုလ်တစ်ခုနှင့် သဘောတူ စာချွန်လွှာ ရေးထိုးပြီး ပညာရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိပါတယ်။ ကျောင်းသားထုရဲ့ ပူးပေါင်းပါဝင်မှု အင်အားနဲ့အတူ နွေဦးတက္ကသိုလ်ဟာ ယခုလို ပညာရေးအစီအစဉ်တွေကို ဖော်ဆောင်နိုင်လာတာပဲဖြစ်ပြီး အနာဂတ်ကာလများမှာလည်း ကျောင်းသားထုအင်အားနဲ့ အတူဆက်လက် လက်တွဲ၍ ပိုမိုကောင်းမွန်သော ပညာရေးအစီအစဉ်များကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ကတိပြုအပ်ပါတယ်"လို့ဆိုပါတယ်။ ပူးပေါင်းဆောင်ရွက်မှု နဲ့ ပတ်သတ်ပြီး အသေးစိတ်ကို ဆက်လက်ကြေညာပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။
========================
📌📌 ၉။ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံရှိရာ Norway နိုင်ငံ Frodlandမှာ"ရောင်နီလာရာလမ်း"ရုပ်ရှင်ကို ပြသမယ်
ဒေါ်အောင်ဆန်းစုကြည်ပန်းခြံရှိရာ Norway နိုင်ငံ Frodlandမှာ"ရောင်နီလာရာလမ်း"ရုပ်ရှင်ကို ပြသမယ်လို့ မတ်လ ၁၄ရက်မှာ ရောင်နီလာရာလမ်း ရုပ်ရှင်ပြသရေး ကော်မတီက အသိပေးဆိုပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်ပန်းခြံရှိရာ Norway နိုင်ငံ Frodlandမှာ"ရောင်နီလာရာလမ်း"ရုပ်ရှင်ကို မတ်လ ၂၅ ရက်မှာ ပြသမှာဖြစ်ပြီး Norway နိုင်ငံမြို့တော် Osloမြို့မှာ လာမယ့်စနေနေ့ မတ်လ ၁၈ ရက်နေ့မှာ ပြသမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။ မြန်မာ့အရေး ပါတ်သက်ရင် အမြဲတမ်းရှေ့ဆုံးက ရှိနေတဲ့ Norway ပရိတ်သတ်များ လာရောက်အားပေးကြဖို့လည်း ဖိတ်ခေါ်ထားပါတယ်။
========================
📌📌 ၁၀။ ဖားကန့်မြို့၊ မှော်ဝမ်းရပ်ကွက်ရှိ မျိုးသန့်ဆံသဆိုင်ကို စကစတပ်များ ဝင်စီး၍ ဆိုင်ရှင်အပါအဝင် ဒေသခံခုနှစ်ဦးကို ဖမ်းဆီးခဲ့
ကချင်ပြည်နယ် ဖားကန့်မြို့၊ မှော်ဝမ်းရပ်ကွက်ရှိ မျိုးသန့်ဆံသဆိုင်ကို စကစတပ်များ ဝင်စီး၍ ဆိုင်ရှင်အပါအဝင် ဒေသခံခုနှစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ မတ်လ ၁၄ရက်မှာ လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ AAPPက ဖော်ပြအသိပေးပါတယ်။ မတ်လ ၁၃ ရက်နေ့၊ နံနက် ၁ နာရီခန့်အချိန်တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မှော်ဝမ်းရပ်ကွက်ရှိ မျိုးသန့်ဆံသဆိုင်ကို အင်အား ၂၀ ခန့် ပါဝင်သော အကြမ်းဖက်စစ်အုပ်စု၏ တပ်ဖွဲ့ဝင်များက ဝင်ရောက်စီနင်းပြီး ဆိုင်ရှင်အပါအဝင် ဒေသခံခုနှစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။
ဖမ်းဆီးခြင်းခံရသူများမှာ ဆိုင်ရှင် ကိုမျိုးသန့်၊ ကိုဖိုးချမ်း၊ ဦးဖုလမ်ခိုင်၊ ဦးချစ်ခိုင်၊ ဦးကျော်မြင့်၊ ဦးနောင်နောင် (ခ) ဦးဖြိုးကျော်နှင့် ဦးအောင်ဇေယျတို့ ဖြစ်ကြပါတယ်။ လက်ရှိတွင် ၎င်းတို့အား မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကို မရှိရသေးဘူးလို့ဆိုပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ် မတ်လ ၁၄ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၆၄၉၄) ဦးရှိပြီး ၎င်းတို့ အနက်မှ (၅၀၆၄) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။
========================
📌📌 ၁၁။ မွန်ပြည်နယ် ဇင်းကျိုက်မြို့ရှိ စစ်ကောင်စီလက် အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူး"Double Zip Drill" ဖြင့် ရှစ်ချက်ပစ်ခံရ၍သေဆုံး
မွန်ပြည်နယ် ဇင်းကျိုက်မြို့ရှိ စစ်ကောင်စီလက် အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူး"Double Zip Drill" ဖြင့် ရှစ်ချက်ပစ်ခံရ၍ သေဆုံးခဲ့တယ်လို့ မတ်လ ၁၄ရက်မှာ အထူးစစ်ဆင်ရေးတပ်ဖွဲ့- S.O.Fက အသိပေးဆိုပါတယ်။
"နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေးအဖြစ် မွန်ပြည်နယ် ဇင်းကျိုက်မြို့ပေါ် ဖလပ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ကျော်စိုးမိုး (ခေါ်) စတီးဆိုသူအား မတ်လ ၁၄ရက်မွန်းလွဲ ၁၂း၁၅ နာရီတွင် ရှင်းလင်းခဲ့ပါတယ်"လို့ဆိုပါတယ်။
ကျော်စိုးမိုး (ခေါ်) စတီးဆိုသူသည် အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ရဲများနှင့်အတူပူးပေါင်း၍ လောင်းကစားဝိုင်းများ၊ ချဲထီ၊ ဖဲဝိုင်း၊ ကြက်ဝိုင်းများ ဦးဆောင်စီစဥ်၍ စက်ကြေးကောက်ကာ တရားမဝင်လုပ်ငန်းများ ဆောင်ရွက်နေသူဖြစ်တယ်လို့ဖော်ပြပါတယ်။ စစ်ကောင်စီလက်အောက်ခံ အကြမ်းဖက် သမား စတီးအား "Double Zip Drill" ဖြင့် ဦးခေါင်း၊ လည်ပင်း၊ ရင်ဘတ်၊ ဆီးခုံတို့အား ရှစ်ချက် ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။
========================
📌📌 ၁၂။ “ထကြွတော်လှန် ကျောင်းသားထုအားမာန်” ဘန်နာကိုင်စွဲ၍ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှား
“ထကြွတော်လှန် ကျောင်းသားထုအားမာန်”ဘန်နာကိုင်စွဲ၍ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားခဲ့တယ်လို့ မတ်လ၁၄ရက်မှာ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(ထားဝယ်ခရိုင်)က အသိပေးဆိုပါတယ်။
"မတ်လ ၁၄ ရက်နေ့ နေ့လည်ပိုင်းတွင် ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။
လှုပ်ရှားမှုကို ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ၏ အဖွဲ့ဝင်အင်အားစုတစ်ခုဖြစ်သည့် အခြေခံပညာကျောင်းသားများ သပိတ်ကော်မတီ ဦးဆောင်၍ “ထကြွတော်လှန် ကျောင်းသားထုအားမာန်” ဘန်နာနှင့် ချီတက်လှုပ်ရှားခဲ့ကြပြီး လူငယ်များနှင့် အမျိုးသမီးများ အပါအဝင် ဒေသခံအလုပ်သမား လယ်သမားအများအပြား ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment