၂၀၂၃ မတ်လ ၂၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ တော်လှန်ရေးအတွက်ပေးဆပ်နစ်နာခဲ့မှုတွေဟာ တန်ဖိုးကြီးမားပြီး အလဟဿ မဖြစ်စေရဘူးလို့ ယာယီသမ္မတ ဒူဝါလရှီးလ သတင်းစကားပါး
📌 ၂။ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေဖို့ အရေးကြီးတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို
📌 ၃။ PSSTFက ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲအခမ်းအနားကျင်းပ
📌 ၄။ ကလေးမြို့ ဗိုလ်ချုပ်လမ်းမပေါ်တွင် စကစတပ်ရဲ့ဒေါက်တိုင် အာမခံလုပ်ငန်းမှ ခရိုင်တာဝန်ခံကို ဖမ်းဆီးရမိ၍ NUG တရားသူကြီးများအဖွဲ့ထံ တရားစွဲတင်ပို့မယ်
📌 ၅။ စစ်အုပ်စု၏ ဖမ်းဆီးပြီးနောက်သတ်ဖြတ်ခံရသူ (၁၀၇၀) ဦးရှိလာ
📌 ၆။ ပြည်သူ့ကာကွယ်ရေးတပ်မတော် တော်ဝင်ဒေါင်းစစ်ကြောင်းမှ ရဲဘော်များစစ်လေးလေ့ကျင့်မှုများလုပ်ဆောင်
📌 ၇။ တော်လှန်ရေးနေ့ ပျော်ဘွယ်မြို့နယ်မှာ ညောင်ကုန်းတိုက်နယ်ရဲစခန်းအား CRC - PLA မှ မောင်းပြန်လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်
📌 ၈။ ပုလောမြို့နယ်မှာ စကစတပ်များကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးနောက် မသက်ဆိုင်တဲ့အရပ်သားနှစ်ဦးကိုသတ်ဖြတ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ တော်လှန်ရေးအတွက်ပေးဆပ်နစ်နာခဲ့မှုတွေဟာ တန်ဖိုးကြီးမားပြီး အလဟဿ မဖြစ်စေရဘူးလို့ ယာယီသမ္မတ ဒူဝါလရှီးလ သတင်းစကားပါး
တော်လှန်ရေးအတွက်ပေးဆပ်နစ်နာခဲ့မှုတွေဟာ တန်ဖိုးကြီးမားပြီး အလဟဿ မဖြစ်စေရဘူးလို့ မတ်လ၂၇ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလမှ ပြည်သူများထံသို့ သတင်းစကားပါးဆိုလိုက်ပါတယ်။
"တော်လှန်ရေးထဲ အသက်ပေးခဲ့ရမှုတွေနဲ့ နေအိမ် မီးရှို့ဖျက်ဆီးခံရတဲ့ မိသားစုများရဲ့ ပူဆွေး မျက်ရည်တွေဟာ ကျနော်တို့ ပြည်သူတရပ်လုံးရဲ့ မျက်ရည်တွေဖြစ်ပါတယ်။ ကျနော်တို့အားလုံးရဲ့ ဆုံးရှုံးခဲ့မှု၊ ပေးဆပ်နစ်နာခဲ့မှုတွေဟာ တန်ဖိုးကြီးမားပြီး အလဟဿ မဖြစ်စေရဘူးလို့ ပြောပါရစေ"လို့ဆိုပါတယ်။ လက်ရှိအချိန်အထိ အကြမ်းဖက်စစ်အုပ်စုဟာ လူပေါင်း သုံးထောင်ကျော် သတ်ဖြတ်ခဲ့ပြီး လူပေါင်းတစ်သောင်းကျော် ဖမ်းဆီးချုပ်နှောင်ခဲ့ပါတယ်။
ဒါ့အပြင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နယ်မြေတွေကို ပေါင်းစပ်ပါက နိုင်ငံတစ်ဝက်ကျော်ကို ထိန်းချုပ်ထားနိုင်ပြီလို့ မတ်လအတွင်း တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ယာယီသမ္မတကပြောကြားလိုက်ပါတယ်။
"လက်ရှိမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ နယ်မြေတွေကို ပေါင်းစပ်မယ် ဆိုရင် နိုင်ငံတဝက်ကျော်ကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ကရင်နီဒေသ၊ချင်းပြည်နယ်တို့တွင် စိုးမိုးထိန်းချုပ်နယ်မြေများ ရှိနေပြီဖြစ်ကာ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများဖြစ်သော ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကိုပါ လုပ်ကိုင်လျက်ရှိပါတယ်။
========================
📌📌 ၂။ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေဖို့ အရေးကြီးတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို
ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေဖို့ အရေးကြီးတယ်လို့ မတ်လအတွင်း ကျင်းပတဲ့ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ် (၁၂/၂၀၂၃)တွင် ပြည်ထောင်စုဝန်ကြီးချုပ်က ပြောပါတယ်။
"ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တည်ရှိမှုဟာ တော်လှန်ရေးအတွက် အင်အားတစ်ရပ်ဖြစ်တာကိုလည်း အားလုံးသိရှိပြီးသားဖြစ်ပါတယ်။ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဟာ သူတို့မြို့ နယ်တွေအတွက် လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ပေးနိုင်တဲ့ ယန္တရားတစ်ရပ်အဖြစ် လုပ်ဆောင်နိုင်တဲ့အနေအထားရှိတာကြောင့် ကျွန်တော်တို့အစိုးရဘက်က တာဝန်ရှိသူတွေအနေနဲ့လည်း ချိတ်ဆက်ဆောင်ရွက်ထားကြဖို့လိုမှာဖြစ်ပါတယ်။ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း တစ်ခုရဲ့ ရှင်သန်ရပ်တည်ရေးအတွက် ဘဏ္ဍာငွေအလုံအလောက် ရရှိမှုကလည်း အရေးကြီးနေတာ ဖြစ်ပေမယ့် ကျွန်တော်တို့အစိုးရအနေနဲ့ကလည်း လုံလောက်တဲ့ ထောက်ပံ့မှုမျိုး မပေးနိုင်သေးတဲ့ အချိန်မှာ သူတို့တွေရဲ့ ရပ်တည်မှုဟာ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေဖို့တော့ အရေးကြီးပါတယ်။ လက်နက်ကိုင်ပြီး အနိုင်အထက်ပြုကျင့်မှုမျိုး မဖြစ်စေဖို့တော့ ကျွန်တော်တို့က ဝိုင်းဝန်းထိန်းကျောင်း ပေးရမှာဖြစ်ပါတယ်"လို့ ဆိုပါတယ်။
ဒါ့အပြင်တော်လှန် ရေးကို အမြန်ဆုံးအောင်မြင်စွာ အဆုံးသတ်နိုင်ဖို့ ကြိုးပမ်းကြဖို့ကိုလည်း ဝန်ကြီးချုပ်ကဆိုပါတယ်။
========================
📌📌 ၃။ PSSTFက ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲအခမ်းအနားကျင်းပ
မတ်လ၂၇ ရက်မှာ PSSTFက ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲအခမ်းအနားကို ကျင်းပရာမှာ ဒုဝန်ကြီး ခူးထဲဘူး၊ ဒုဝန်ကြီး ငိုင်းတမ်းမောင်နဲ့ CDMဝန်ထမ်းများ ဖိတ်ကြားထားသူများတက်ရောက်ခဲ့ပါတယ်။
အဆိုပါအခမ်းအနားမှာ ဆရာသန်းလွင်ဦးက ဖက်ဆစ်စနစ်နဲ့ ဖက်ဆစ်စစ်တပ်ဆိုးဝါးမှုများအကြောင်းကိုဟောပြောခဲ့ပါတယ်။ အခမ်းအနားတွင် CDMerများရဲ့ ရင်တွင်းစကားသံများ၊ တော်လှန်ရေးကဏ္ဍအမေးအဖြေနဲ့ ဖျော်ဖြေရေး ကဏ္ဍတို့ ပါဝင်ခဲ့ပြီး CDMဝန်ထမ်း အများအပြားတက်ရောက်ခဲ့ပါတယ်။
========================
📌📌 ၄။ ကလေးမြို့ ဗိုလ်ချုပ်လမ်းမပေါ်တွင် စကစတပ်ရဲ့ဒေါက်တိုင် အာမခံလုပ်ငန်းမှ ခရိုင်တာဝန်ခံကို ဖမ်းဆီးရမိ၍ NUG တရားသူကြီးများအဖွဲ့ထံ တရားစွဲတင်ပို့မယ်
ကလေးမြို့ ဗိုလ်ချုပ်လမ်းမပေါ်တွင် စကစတပ်ရဲ့ဒေါက်တိုင် အာမခံလုပ်ငန်းမှ ခရိုင်တာဝန်ခံကို ဖမ်းဆီးရမိ၍ NUG တရားသူကြီးများအဖွဲ့ထံ တရားစွဲတင်ပို့မယ်လို့ မတ်လ၂၇ရက်မှာ ကလေးပြည်သူ့ရဲတပ်ဖွဲ့က အသိပေးဆိုပါတယ်။
"ပြည်သူ့တရားစီရင်ရေးမှ မည်သူမှ ကင်းလွှတ်လိမ့်မည်မဟုတ်။ မိမိလုပ်ခဲ့တဲ့အလုပ်ကို မိမိတာ၀န်ပြန်ခံရပါလိမ့်မည်။ အကြမ်းဖက်မှုကို အားပေးနေတာကို အချိန်မီအသိ၀င်ကြပါ"လို့ ကလေးပြည်သူ့ရဲတပ်ဖွဲ့ကဆိုထားပါတယ်။
မတ်လ၂၅ ရက်နေ့မှာ ကလေးမြို့ ဗိုလ်ချုပ်လမ်းမပေါ်မှာ PDF ကလေးတပ်ရင်း၅က ၄င်းမြန်မာအာမခံ လုပ်ငန်းမှ ခရိုင်တာဝန်ခံကိုဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
========================
📌📌 ၅။ စစ်အုပ်စု၏ ဖမ်းဆီးပြီးနောက်သတ်ဖြတ်ခံရသူ (၁၀၇၀) ဦးရှိလာ
စစ်အုပ်စု၏ ဖမ်းဆီးပြီးနောက်သတ်ဖြတ်ခံရသူ (၁၀၇၀) ဦးရှိလာခဲ့ပြီ ဖြစ်တယ်လို့ မတ်လ၂၇ရက်မှာ AAPP က အသိပေးဆိုထားပါတယ်။
၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်မှ အစပြုခဲ့သည့် အဓမ္မအာဏာလုမှုကာလအတွင်း မြန်မာနိုင်ငံအနှံ့အပြားတွင် စစ်အုပ်စု၏ ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရသူ (၁၀၇၀) ဦးရှိလာပြီဖြစ်ပါတယ်။ ဖမ်းဆီးပြီးနောက်သတ်ဖြတ်ခံရသူများဟုဆိုရာတွင် စစ်အုပ်စုမှ ဖမ်းဆီးအကျဉ်းချ သို့မဟုတ် အတင်းအဓမ္မ ခေါ်ဆောင်ခြင်းခံရပြီးနောက် ထိန်းသိမ်းခံရစဉ် သေဆုံးခဲ့သောသူများကို ဆိုလိုခြင်းဖြစ်ပါတယ်လို့ဖော်ပြပါတယ်။
အချက်အလက်ကိန်းဂဏန်းများမှာ ဖေဖော်ဝါရီ ၁ ရက် ၂၀၂၁ ခုနှစ်မှ မတ်လ ၃ ရက် ၂၀၂၃ အထိ AAPP မှ ကောက်ယူမှတ်တမ်းတင်ထားသည့် အချက်အလက်များကို အခြေခံထားခြင်းဖြစ်ပြီး မြေပြင်၌ ဖြစ်ပွားနေသည့် အမှန်တကယ်ကိန်းဂဏန်းမှာ ယခုထက် ပို၍များပြားနိုင်တယ်လို့နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)ကဖော်ပြပါတယ်။
========================
📌📌 ၆။ ပြည်သူ့ကာကွယ်ရေးတပ်မတော် တော်ဝင်ဒေါင်းစစ်ကြောင်းမှ ရဲဘော်များစစ်လေးလေ့ကျင့်မှုများလုပ်ဆောင်
ပြည်သူ့ကာကွယ်ရေးတပ်မတော် တော်ဝင်ဒေါင်းစစ်ကြောင်းမှ ရဲဘော်များစစ်လေးလေ့ကျင့်မှုများ လုပ်ဆောင်ခဲ့ပါတယ်။ မတ်လ၂၇ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တော်ဝင်ဒေါင်းစစ်ကြောင်းမှအသိပေးဆိုပါတယ်။
"အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၂ )စစ်ဒေသ၊ တောင်ပိုင်းစစ်ဒေသအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် တော်ဝင်ဒေါင်းစစ်ကြောင်းမှရဲဘော်များသည် စစ်မြေပြင်၌ အထောက်ကူဖြစ်စေရန်တိုက်ပွဲဖော်ဆောင်သည့် ထိတွေ့တိုက်ပွဲငယ်များအတိုင်း လက်တွေ့ ကျည်အစစ်များသုံးကာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ် လေ့ကျင့်ခဲ့ပါတယ်"လို့ဆိုပါတယ်။
လေ့ကျင့်ခန်းပြုလုပ်ခဲ့သည့် ရဲဘော်များသည် ပြည်ပမှ ကျွမ်းကျင်ပညာရှင် Trainer များ၏ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချမှုများ၊ လေ့ကျင့်မှုများဖြင့် ရက်ရှည် မွန်းမံသင်တန်းတက်ရောက်ပြီးစီးသူများဖြစ်ပါတယ်။
========================
📌📌 ၇။ တော်လှန်ရေးနေ့ ပျော်ဘွယ်မြို့နယ်မှာ ညောင်ကုန်းတိုက်နယ်ရဲစခန်းအား CRC - PLA မှ မောင်းပြန်လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်
မတ်လ၂၇ရက် နေ့လယ် (၁၂:၃၅) အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ညောင်ကုန်းတိုက်နယ်ရဲစခန်းအား CRC - PLA မှ မောင်းပြန်လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။
"မတ်လ (၂၇) ရက်နေ့၊ နေ့လယ် (၁၂:၃၅) အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ညောင်ကုန်း တိုက်နယ်ရဲစခန်းအား CRC - PLA မှ မောင်းပြန်လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ထိုပစ်ခတ်မှုသည် CRC - PLA ရဲဘော်များမှ ရဲစခန်းအဝင်ဝထိ ချင်းနင်းဝင်ရောက်ပစ်ခဲ့ခြင်းဖြစ်ပြီး ရဲစခန်းအတွင်း၌ရှိသော စကစ လက်အောက်ခံ ရဲများနှင့် စကစတပ်များ အလန့်တကြား ဝရုန်းသုန်းကား ထွက်ပြေးသွားကြပါတယ်"လို့ဆိုပါတယ်။
၎င်းပစ်ခတ်မှုတွင် ပါဝင်သော CRC - PLA ရဲဘော်များအားလုံး အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စကစတပ်နဲ့ ရဲ အကျအဆုံးဦးရေ အတိအကျမသိရသေးဘူးလို့ဆိုပါတယ်။
========================
📌📌 ၈။ ပုလောမြို့နယ်မှာ စကစတပ်များကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးနောက် မသက်ဆိုင်တဲ့အရပ်သားနှစ်ဦးကိုသတ်ဖြတ်
ပုလောမြို့နယ်မှာ စကစတပ်များကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးနောက် မသက်ဆိုင်တဲ့အရပ်သားနှစ်ဦးကိုသတ်ဖြတ်ခဲ့လို့ မတ်လ၂၇ရက်မှာ ဖြစ်စဥ်ကို AAPPကအသိပေးဖော်ပြပါတယ်။
"မတ်လ ၂၄ ရက်နေ့တွင် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာအုပ်စုကို အကြမ်းဖက်စစ်အုပ်စု၏တပ်က စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းလာပြီးနောက် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ ထို့နောက် မတ်လ ၂၅ ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စုမှ ပုလောမြို့နယ်အတွင်းရှိ ပုလောကုန်းကျေးရွာသား ဦးတင်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်"လို့ဆိုပါတယ်။
ထို့ပြင် ပုလောမြို့နယ်၊ နတ်အိမ်တောင်ကျေးရွာသား ကိုမျိုးမင်းသူသည် စစ်ဘေးရှောင်နေစဉ် အကြမ်းဖက်စစ်အုပ်စု၏တပ်နှင့် ထိပ်တိုက်တွေ့၍ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများ နှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၃၁၆၆) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment