၂၀၂၃ မတ်လ ၂ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ One Year Plan ကို ချမှတ်ပြီး Phase တစ်ခုချင်းစီအလိုက် အားထည့် အကောင်အထည်ဖော်နေ
📌 ၂။ ၂၀၀၈ ရဲ့ မျက်နှာဖုံးအုပ်ထားတဲ့ စစ်တပိုင်း အာဏာရှင် အုပ်ချုပ်ရေးစနစ် ကို နွေဦးတော်လှန်ရေးမှာပြည်သူများက တခဲနက် ငြင်းဆိုပြီးသားဖြစ်တယ်လို့ဆို
📌 ၃။ ဂျပန်အစိုးရအနေဖြင့် မြန်မာကိုအမေရိကန်ဒေါ်လာ 60.3 သန်းကူညီပေးရန် ဆုံးဖြတ်ထား
📌 ၄။ လောင်းလုံးမြို့နယ်အတွင်း ကျေးရွာနှစ်ရွာရှိ ဈေးများသို့သွားရောက်၍လူထုစည်းရုံးလှုံ့ဆော်ရေး အသိပညာပေးလှုပ်ရှားမှုကို ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီလုပ်ဆောင်
📌 ၅။ ကန့်ဘလူနယ် ချပ်ကြီးရွာသို့Mi-35 ဖြင့်စစ်တပ်ကပစ်ခတ်
📌 ၆။ မင်းလှ-မြို့ချောင်းလမ်း ခါချဥ်တောင်အနားတွင် စစ်ကားသုံးစီးထဲမှတစ်စီးမှောက်၍ ငါးဦးသေဆုံး
📌 ၇။ မျက်ကွယ်သေဒဏ်ချမှတ်ထားသူ ၄၁ ဦးအပါအဝင်သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၄၄) ဦးထိရှိလာ
📌 ၈။ စစ်ကိုင်းတိုင်းဒေသကြီးမှာ စကစတပ်များက ဖေဖော်ဝါရီလအတွင်း နေအိမ်အလုံးပေါင်း (၆၆၀၀ )ကျော်ကို မီးရှို့ဖျက်ဆီးခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ One Year Plan ကို ချမှတ်ပြီး Phase တစ်ခုချင်းစီအလိုက် အားထည့် အကောင်အထည်ဖော်နေ
မတ်လ ၂ ရက်
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ One Year Plan ကို ချမှတ်ပြီး Phase တစ်ခုချင်းစီအလိုက် အားထည့် အကောင်အထည်ဖော်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၈/၂၀၂၃ တွင် ဆိုခဲ့ပါတယ်။
"ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ နိုင်ငံခြားရေးကဏ္ဍ၊ စစ်ရေးကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍ၊ မဟာမိတ်ဆက်ဆံရေးကဏ္ဍ၊ ဘဏ္ဍာငွေရှာဖွေရေးကဏ္ဍ၊ လူသားစာနာ အကူအညီများပေးရေးကဏ္ဍ၊ တရားရေးကဏ္ဍ စသဖြင့် ကဏ္ဍစုံမှနေ၍ တော်လှန်ရေးကို အရှိန်အဟုန် ပြင်းပြင်းနဲ့ ရွေ့နိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရာမှာ အောင်မြင်မှုများ ထိုက်သင့်သလောက် ရရှိနေတယ်ဆိုတာ အားလုံး သိမြင်ကြားသိနေကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုကဏ္ဍစုံမှာ သူ့ကဏ္ဍနဲ့သူ ရရှိနေတဲ့ အောင်မြင်မှုတွေကို ပေါင်းစုပြီး ဒီ့ထက် ပိုမိုအင်အားပြင်းပြင်းနဲ့ ချီတက် နိုင်ကြဖို့ လိုအပ်ပါတယ်။ အရင်က အမြဲပြောခဲ့သလိုပဲ တော်လှန်ရေးအင်အားစုတွေအတွက် အချိန်က အကန့်အသတ်ရှိပါတယ်။ ဒါကြောင့်လည်း အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ One Year Plan ကို ချမှတ်ပြီး Phase တစ်ခုချင်းစီအလိုက် အားထည့် အကောင်အထည်ဖော်နေကြတာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ စစ်ရေး၊ နိူင်ငံရေး၊ သံတမာန်ရေးစစ်မျက်နှာပေါင်းစုံဖွင့်၍ စစ်ကောင်စီကို ထိုးနှက်လျက်ရှိပါတယ်။
========================
📌📌 ၂။ ၂၀၀၈ ရဲ့ မျက်နှာဖုံးအုပ်ထားတဲ့ စစ်တပိုင်း အာဏာရှင် အုပ်ချုပ်ရေးစနစ် ကို နွေဦးတော်လှန်ရေးမှာပြည်သူများက တခဲနက် ငြင်းဆိုပြီးသားဖြစ်တယ်လို့ဆို
မတ်လ ၂ ရက်
၂၀၀၈ ရဲ့ မျက်နှာဖုံးအုပ်ထားတဲ့ စစ်တပိုင်း အာဏာရှင် အုပ်ချုပ်ရေးစနစ် ကို နွေဦးတော်လှန်ရေးမှာပြည်သူများက တခဲနက် ငြင်းဆိုပြီးသားဖြစ်တယ်လို့ ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်က မတ်လ ၂ ရက်နေ့မှာ ဆိုပါတယ်။
"အကြမ်းဖက် စစ်အုပ်စု မှာ အတွေးအခေါ် နှစ်မျိုးကွဲပုံရပါတယ်။ဒါပေမယ့် ရှင်းရှင်းသိထားရမှာက ၂၀၀၈ ရဲ့ မျက်နှာဖုံးအုပ်ထားတဲ့ စစ်တပိုင်း အာဏာရှင် အုပ်ချုပ်ရေးစနစ် ကို နွေဦးတော်လှန်ရေးမှာပြည်သူများက တခဲနက် ငြင်းဆိုပြီးသားဖြစ်ပါတယ်။ လွတ်လပ်တဲ့ တရားမျှတတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ကိုသာ လိုလားတယ် ဆိုတာ အကြိမ်ကြိမ် သိကြားစေပြီးသားပါ။ဒီပြည်သူ့ ဆန္ဒကို အကောင်အထည်ဖော်ရမှာက နိုင်ငံရေး လုပ်ဆောင်နေတဲ့ ပါတီ၊ လက်နက်ကိုင်၊ သပိတ်အင်အားစု၊ အားလုံးကိုပြည်သူကပေးလိုက်တဲ့ တာဝန်ပါ။၂၀၀၈ အောက်မှာ တိုင်းပြည်နွံထပ်နစ်မှာကို ပြည်သူတွေ ဆန္ဒမရှိပါ"လို့ ဆိုပါတယ်။
လက်ရှိမှာ ၂၀၀၈ ဖွဲ့စည်းပုံဟာလည်း CRPH ကဖျက်သိမ်းထားပြီးဖြစ်ကာ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း ဖက်ဒရယ်ချာတာအတိုင်း လျှောက်လှမ်းလျက်ရှိနေပါတယ်။
========================
📌📌 ၃။ ဂျပန်အစိုးရအနေဖြင့် မြန်မာကိုအမေရိကန်ဒေါ်လာ 60.3 သန်းကူညီပေးရန် ဆုံးဖြတ်ထား
ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန မှ မြန်မာနိုင်ငံအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအနေနဲ့ အမေရိကန်ဒေါ်လာ 60.3 သန်းကူညီပေးရန် ပေးအပ်ခဲ့ခြင်းကို သတင်းတစ်ရပ်ထုတ်ပြန်ချက်အရသိရပါတယ်။
"လွန်ခဲ့သည့်နှစ်ကတည်းက ဆိုးရွားလာသည့်အခြေအနေများကြောင့် လူသားချင်းစာနာ အထောက်အပံ့များ လိုအပ်မှု အလျင်အမြန်တိုးလာသည့်အပေါ် ဂျပန်အစိုးရအနေဖြင့် အမေရိကန်ဒေါ်လာ 60.3 သန်း ( ယမ်းပေါင်း သန်း ၇၀၇၇.၇ ခန့်) ကူညီပေးရန် ဆုံးဖြတ်ထားခဲ့တယ်"လို့ဖော်ပြပါတယ်။
အဆိုပါ ထောက်ပံ့ငွေများကိုUNHCR, UNICEF, WFP and AHA Centre ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများမှတစ်ဆင့် အစားအစာ၊ ဆေးဝါး၊ နေစရာ၊ ရေနှင့် မိလ္လာစနစ်၊ ကျန်းမာရေးဝန်ဆောင်မှု၊ ပညာသင်ကြားနိုင်ရေး၊ အဟာရပြည့်ဝစွာစားသုံးနိုင်ရေးနှင့် တရားမဝင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစီမံချက်များ စသည်တို့ကို ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ဆိုထားပါတယ်။
မြန်မာနိုင်ငံဘက်မှ အန္တရာယ်ကင်းပြီး အတားအဆီးမရှိ လူသားချင်းစာနာ အကူအညီ အခွင့်အလမ်းများကို လက်ခံခွင့်ပြုချိန်တွင် ဂျပန်အစိုးရအနေဖြင့် လူသားချင်းစာနာ အကူအညီ အထောက်အပံ့များကို အားတက်တရော ဆက်လက်ကူညီပေးသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၄။ လောင်းလုံးမြို့နယ်အတွင်း ကျေးရွာနှစ်ရွာရှိ ဈေးများသို့သွားရောက်၍လူထုစည်းရုံးလှုံ့ဆော်ရေး အသိပညာပေးလှုပ်ရှားမှုကို ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီလုပ်ဆောင်
မတ်လ ၂ ရက်နေ့မှာ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီက အခုလိုအသိပေးဆိုထားပါတယ်။
"မတ်လ ၂ ရက်နေ့ မနက်ပိုင်းတွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ၊ စည်းရုံးလှုံ့ဆော်ရေးဆပ်ကော်မတီဝင်များမှ လောင်းလုံးမြို့နယ်အတွင်း ကျေးရွာနှစ်ရွာရှိ ဈေးများသို့သွားရောက်၍ လူထုစည်းရုံး အသိပညာပေးလှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်"လို့ဆိုပါတယ်။
ထိုလှုပ်ရှားမှုတွင် စည်းရုံးရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ထိုင်းနိုင်ငံပိုင် PTTEP/ PTT ကုမ္ပဏီအား ဆန့်ကျင်ကြရန်နှင့် လက်နက်မဲ့လူထုတိုက်ပွဲတွင် ပူးပေါင်းပါဝင်ကြရန် စည်းရုံးဟောပြောပြီး တော်လှန်ရေးကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြပါတယ်။ စည်းရုံးရေးလှုံ့ဆော်ရေးဆပ်ကော်မတီအနေဖြင့် လူထုစည်းရုံး အသိပညာပေးလှုပ်ရှားမှုများကို အစဉ်တစိုက်လုပ်ဆောင်ရးလျှက်ရှိပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ကျေးရွာပေါင်း(၁၆)ရွာ၌ လူထုစည်းရုံးရေးလှုပ်ရှားမှုဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပါတယ်။
========================
📌📌 ၅။ ကန့်ဘလူနယ် ချပ်ကြီးရွာသို့ Mi-35 ဖြင့်စစ်တပ်ကပစ်ခတ်
မတ်လ ၂ ရက်
စစ်ကိုင်းတိုင်း ကန့်ဘလူနယ် ချပ်ကြီးရွာသို့Mi-35 ဖြင့်အကြမ်းဖက်စစ်တပ်က ပစ်ခတ်ခဲ့တယ်လို့ မတ်လ ၂ ရက်နေ့ မနက်ပိုင်းမှာ ကောလင်းတော်လှန်ရေးအင်အားစုကအသိပေးဆိုပါတယ်။
"မတ်လ၂ရက်ကန့်ဘလူနယ် ချပ်ကြီးရွာသို့ Mi-35 ဖြင့်ပစ်ခတ်ပြီး Mi-17ဖြင့် စကစ ခွေးများအားချခဲ့ပါတယ်"လို့ဆိုပါတယ်။ အကြမ်းဖက် စစ်တပ်ဟာ စစ်ကိုင်းတိုင်းဒေသတွင်းကို လေကြောင်းပစ်ကူများအပါအဝင် မြေပြင်စစ်ကြောင်းထိုးမှုများအား ၂၀၂၃ ခုနှစ်တွင်ပိုမိုလုပ်ဆောင်လာခဲ့ပါတယ်။
========================
📌📌 ၆။ မင်းလှ-မြို့ချောင်းလမ်း ခါချဥ်တောင်အနားတွင် စစ်ကားသုံးစီးထဲမှတစ်စီးမှောက်၍ ငါးဦးသေဆုံး
မတ်လ ၂
မတ်လ ၂ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရိုးမ ပဲခူးတိုင်းက အခုလိုအသိပေးဆိုပါတယ်။
"မတ်လ ၂ ရက်နေ့ မနက်၄နာရီ အချိန်တွင် မင်းလှ-မြို့ချောင်းလမ်း ခါချဥ်တောင်အနားတွင် စစ်ကား၃စီးတက်လာရာလူအပြည့် ကားတစ်စီးတိမ်းမှောက်၍၅ဦးသေဆုံးခဲ့ပါတယ်"လို့ဆိုပါတယ်။
စစ်ကားတိမ်းမှောက်၍ ငါးဦးသေပြီးအများပြားဒဏ်ရာရရှိတယ်လို့ သတင်းရရှိပါတယ်။
========================
📌📌 ၇။ မျက်ကွယ်သေဒဏ်ချမှတ်ထားသူ ၄၁ ဦးအပါအဝင်သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၄၄) ဦးထိရှိလာ
မတ်လ ၁ ရက်နေ့မှာ AAPP ကအသိပေးဖော်ပြချက်အရအခုလိုသိရပါတယ်။
မတ်လ ၁ ရက်၊ ၂၀၂၃ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၀၃) ဦးရှိပြီဖြစ်ပါတယ်။ မျက်ကွယ်သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၁) ဦး အပါအဝင် (၁၂၀) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၄၄) ဦးရှိပြီဖြစ်တယ်"လို့ဆိုပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ် မတ်လ ၁ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၆၀၉၃) ဦးရှိပြီး ၎င်းတို့အနက်မှ (၄၇၀၉) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။
========================
📌📌 ၈။ စစ်ကိုင်းတိုင်းဒေသကြီးမှာ စကစတပ်များက ဖေဖော်ဝါရီလအတွင်း နေအိမ်အလုံးပေါင်း (၆၆၀၀ )ကျော်ကို မီးရှို့ဖျက်ဆီးခဲ့
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာန မှ စာရင်းပြုစုထုတ်ပြန်ချက်အရ "2023 ခုနှစ် ဖေဖော်ဝါရီလအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ကျူးလွန်ခဲ့သော မီးရှို့ဖျက်စီးမှုများမှာ စစ်ကိုင်းတိုင်းအတွင်း မီးရှို့ခံရမှုအကြိမ် ၇၃ ကြိမ်ရှိခဲ့ရာမီးလောင်ပျက်စီးတဲ့နေအိမ် ၆၆၆၂ လုံးရှိခဲ့တယ်"လို့ဆိုပါတယ်။
မီးရှို့သတ်ဖြတ်ခံရသူ ၁၉ ဦးထိရှိခဲ့ပြီးဘာသာရေးအဆောက်အဦ ၄ ခု၊စာသင်ကျောင်း ၁၀ ကျောင်း၊ဆေးရုံ ၂ ရုံ ကျေးလက်ဆေးပေးခန်းများ မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ မကွေးတိုင်းတွင်မီးရှို့ခံရမှု ၇ ကြိမ်တွင် မီးလောင်ပျက်စီးနေအိမ် ၃၄၅ လုံး၊မီးရှို့သတ်ဖြတ်ခံရသူ ၁ ဦး ရှိခဲ့ပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment