၂၀၂၃ ဧပြီလ ၁၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များမှ ပြည်သူလူထုကို နှစ်သစ်ကူးဆုမွန်ကောင်းများတောင်းပေးခဲ့
📌 ၂။ တစ်နှစ်မဟာဗျူဟာအရ စစ်ရေးနှင့်လူထုလှုပ်ရှားမှု ပူးပေါင်းဆောင်ရွက်နိုင်ရေးကို ဆောင်ရွက်ရမယ်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ဆို
📌 ၃။ မြန်မာနိုင်ငံရဲ့ ကျေးလက်ဒေသ အများအပြားကို စိုးမိုးနယ်မြေအဖြစ် ဖော်ဆောင်နိုင်ပြီဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး အသိပေး
📌 ၄။ "ဝ” ပြည်နယ် ငြိမ်းချမ်းရေးတည်ဆောက်မှု (၃၄) နှစ်ပြည့်သို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဂုဏ်ပြုသဝဏ်လွှာ ပေးပို့
📌 ၅။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၏ မိုးကုတ်ဒေသရှိ တပ်ရင်းတပ်ဖွဲ့များကို လက်နက်တပ်ဆင် ပေးအပ်ခဲ့
📌 ၆။ နှစ်ဆန်း၁ရက်နေ့ကနီမြို့နယ်ရှိ ရန်သူ့အင်အား(၃၀)ခန့် ရှိသော တာဝါတိုင်စခန်းကုန်းအား ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) (ယင်းမာပင်ခရိုင်) တပ်ရင်း(၁)မှ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့
📌 ၇။ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့၊ ဆိတ်ဖူးကျေးရွာနေ ပြည်သူ့စစ်ခေါင်းဆောင် ကျော်ဝင်း၊ ဒုခေါင်းဆောင် မြင့်အောင်တို့အား ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှရှင်းလင်း
📌 ၈။ Spring Inya ကွန်ဒိုတိုက်ခန်းများကို ဧပြီလ ၂၉ ရက်တွင် စတင်ရောင်းချမှာဖြစ်ပြီးတော့ EOD ကိုယ်စားလှယ်များထံ ကြိုတင်စာရင်းပေးသွင်းနိူင်
📌 ၉။ မြန်မာနိုင်ငံဒေသအတော်များများတွင် အချိန်အခါမဟုတ် ပျံကျမိုးများ ထစ်ချုန်းရွာနိူင်တယ်လို့ NUGက မိုးလေဝသသတင်းအသိပေး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များမှ ပြည်သူလူထုကို နှစ်သစ်ကူးဆုမွန်ကောင်းများတောင်းပေးခဲ့
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များမှ ပြည်သူလူထုကို နှစ်သစ်ကူးဆုမွန်ကောင်းများ အသီးသီးတောင်းပေးခဲ့ပါတယ်။
ဧပြီ ၁၇ရက်မှာ ပြည်ထောင်စုဝန်ကြီးများက ဆုတောင်းစကားများဆိုခဲ့ကြပါတယ်။
"နှစ်သစ်တွင် အာဏာရှင်စနစ်ဟောင်းအလုံးစုံ ပပျောက်ချုပ်ငြိမ်း၍ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်၏ အလင်းရောင်ခြည်များ မြန်မာပြည်သူများအပေါ် ထွန်းလင်းသာယာ၍ ငြိမ်းချမ်းသာယာသည့် နိုင်ငံတော်သစ်ပေါ်ထွန်းနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ခေါင်းဆောင်များအပါအဝင် တိုင်းရင်းသားညီအကို မောင်နှမအပေါင်း အေးချမ်းသာယာကြပါစေ"လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဆိုထားပါတယ်။
အလားတူNUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကလည်း
"နှစ်သစ်မှာ အဆိုးတွေကို အကောင်းအဖြစ်ပြောင်းပြီး အာဏာရှင်ကိုမောင်းထုတ်နိုင်ကြဖို့ ဆထက်တပိုးကြိုးစားကြပါစို့"လို့ပြောကြားထားပါတယ်။
ထို့အပြင်ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်ကလည်း
"စစ်အာဏာရူးရဲ့လက်အောက်က အမြန်လွတ်မြောက်ကြဖို့လည်း ထပ်ပြီးဆုတောင်းပေးလိုပါတယ်။ အဟောင်းတွေကို နှစ်ဟောင်းမှာ ချန်ထားခဲ့ပြီး နှစ်သစ်ကို သွားကြတဲ့အခါ ခွန်အားအပြည့်၊ အားမာန်အပြည့်နဲ့ အာဏာရှင်စနစ် နိဂုံးချုပ်သည့်အထိ တိုင်းရင်းသား ညီအကိုမောင်နှမတွေအားလုံး တစည်းတလုံး တညီတညွတ်တည်းနဲ့ တော်လှန်သွားကြပါစို့လို့လည်း ပြောကြားလိုပါတယ်"လို့ နှစ်သစ်ဆုတောင်းစကားဆိုထားပါတယ်။
========================
📌📌 ၂။ တစ်နှစ်မဟာဗျူဟာအရ စစ်ရေးနှင့်လူထုလှုပ်ရှားမှု ပူးပေါင်းဆောင်ရွက်နိုင်ရေးကို ဆောင်ရွက်ရမယ်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ဆို
ဧပြီ ၁၇ ရက်ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲမှာ ပြည်ထဲရေးဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ပါတယ်။
"၂၀၂၃ခုနှစ်၌ တစ်နှစ်မဟာဗျူဟာအရ စစ်ရေးနှင့် လူထုလှုပ်ရှားမှု ပူးပေါင်းဆောင်ရွက်နိုင်ရေးကို ဆောင်ရွက်ရမည်ဖြစ်သဖြင့် လုပ်ငန်းစဉ်များသည် ပိုမိုများပြားလာမည်ဖြစ်ကြောင်း၊ လတ်တလောအခြေအနေတွင် အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိသော ထိန်းချုပ်နယ်မြေများ၌ ပြည်သူလူထု၏ လုံခြုံရေး၊ ကာကွယ်ရေး၊ လူသားချင်းစာနာမှုစသော ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ မြို့နယ်ပအဖများနှင့် တွေ့ဆုံကာ ညှိနှိုင်းဆောင်ရွက်သွားရန်ရှိပါကြောင်း၊ နှစ်သစ်မှာ နှစ်ဟောင်းမှ အားနည်းချက်များကို ပြန်လည်သုံးသပ်၍ အားသာချက်များကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ တော်လှန်ရေး အဆုံးအဖြတ်ဖြစ်ရန်အတွက် လိုအပ်ချက်များကို ပေါင်းစပ်၍ ဆောင်ရွက်သွားကြရန်"ဝန်ကြီးကဆိုပါတယ်။
ထို့နောက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှမူဝါဒ၊ လမ်းညွှန်ချက်များ၊ မြေပြင်အုပ်ချုပ်ရေး ဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရသည့် အခက်အခဲများကို မေးမြန်းဆွေးနွေးရာ ဝန်ကြီးဌာန တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်မှ ဦးဆောင်ကာ ဒုတိယဝန်ကြီး ခူးထဲဘူး၊ အမြဲတမ်းအတွင်းဝန်၊ တွဲဖက်အမြဲတမ်းအတွင်းဝန်၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းထောက်လှမ်းရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်းတို့မှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၃။ မြန်မာနိုင်ငံရဲ့ ကျေးလက်ဒေသ အများအပြားကို စိုးမိုးနယ်မြေအဖြစ် ဖော်ဆောင်နိုင်ပြီဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး အသိပေး
မြန်မာနိုင်ငံရဲ့ ကျေးလက်ဒေသ အများအပြားကို စိုးမိုးနယ်မြေအဖြစ် ဖော်ဆောင်နိုင်ပြီဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။
ဧပြီလ (၁၇) ရက်နေ့ မြန်မာနှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် PDF တပ်မတော်သို့ ပေးပို့သည့် တော်လှန်နှစ်သစ် သဝဏ်လွှာမှာ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဆိုထားပါတယ်။
"အကြမ်းဖက်စစ်အုပ်စုဟာ တနိုင်ငံလုံး နိုင်ငံ့မြောက်ဖျား ပူတာအိုလိုနေရာကနေ ဟိုးတောင်ဖျား မြိတ်၊ ထားဝယ်အထိမှာ ပြည်သူ့တော်လှန်ရေး အင်အားစုတွေနဲ့ စစ်မျက်နှာဖွင့် ရင်ဆိုင်နေရတာဖြစ်တယ်။ အားလုံးရဲ့ စုပေါင်းတိုက်ပွဲဝင် ကြိုးပမ်းမှုကြောင့် အခုဆိုရင် မြန်မာနိုင်ငံရဲ့ ကျေးလက်ဒေသ အများအပြားကို ငါတို့ရဲ့ စိုးမိုးနယ်မြေအဖြစ် ဖော်ဆောင်နိုင်ပြီဖြစ်တယ်။ ဒါ့အပြင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်လို မြို့ကြီးတွေမှာလည်း မြို့ပြပျောက်ကြားလှုပ်ရှားမှုတွေက စစ်အုပ်စုကို စဉ်ဆက်မပျက် ခြိမ်းခြောက်၊ ဒုက္ခပေးနေတာဖြစ်တယ်။ သေချာတာကတော့ အကြမ်းဖက် စစ်အုပ်စုဟာ ငါတို့ပြည်သူ့တော်လှန်ရေးကို အနိုင်ယူ၊ ဖြိုဖျက်နိုင်ဖို့ဆိုတာ ရုပ်ဝတ္ထုအင်အားအရကော စိတ်ဓာတ်အင်အားအရ လုံးဝ မဖြစ်နိုင်တော့ဘူးဆိုတာပဲ"လို့ဝန်ကြီးက ဆိုပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုဟာ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတကာရေး စတဲ့အဖက်ဖက်မှာ အရေးမလှ၊ အကြပ်အတည်းဆိုက်နေတာကို တွေ့မြင်ရမှာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးက ထပ်လောင်းဆိုပါတယ်။
========================
📌📌 ၄။ "ဝ” ပြည်နယ် ငြိမ်းချမ်းရေးတည်ဆောက်မှု (၃၄) နှစ်ပြည့်သို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဂုဏ်ပြုသဝဏ်လွှာ ပေးပို့
“ဝ” ပြည်နယ် ငြိမ်းချမ်းရေးတည်ဆောက်မှု (၃၄) နှစ်ပြည့်သို့NUG ကာကွယ်ရေးဝန်ကြီးဌာနကဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
ဧပြီ ၁၇ရက် ပေးပို့သော သဝဏ်လွှာတွင် ယနေ့ ကျရောက်သော “ဝ” ပြည်နယ်၏ ငြိမ်းချမ်းရေးတည်ဆောက်မှု (၃၄) နှစ်မြောက်နေ့တွင် “ဝ” အမျိုးသား ပြည်သူလူထု တရပ်လုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေဟု နှုတ်ခွန်းဆက်သ နှစ်သစ်ဆုမွန်ကောင်း တောင်းလျက် ဝမ်းမြောက် ဂုဏ်ယူကြောင်း ဦးစွာဖော်ပြအပ်ပါတယ်လို့ ဆိုပါတယ်။
၁၉၈၉ ခုနှစ် ဧပြီလ (၁၇) ရက်နေ့မှ စတင်ခဲ့သည့် ငြိမ်းချမ်းရေးတည်ဆောက်မှုခရီးတွင် “ဝ” ပြည်သူများသည် “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ၊ “ဝ”ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်၏ ဦးဆောင်ကြိုးပမ်းမှုအောက်တွင် အတူတကွ ရုန်းကန်ကြိုးစားလျက် ဒေသဖွံ့ဖြိုးရေး၊ တည်ဆောက်ရေး လုပ်ငန်းများကို စည်းလုံးညီညွတ်စွာဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြသောကြောင့် ယနေ့အချိန်တွင် တည်ငြိမ်အေးချမ်း၊ သာယာဝပြော၍ လူမှုစီးပွားဘဝ အာမခံချက်အပြည့်အဝရှိသော လူနေမှုဘဝကို ရရှိခံစား နေထိုင်နေကြပြီ ဖြစ်တယ်လို့ ဖော်ပြပါတယ်။
ယနေ့ ပြည်သူလူထုတရပ်လုံး ကြုံတွေ့ခံစားနေရသည့် မတရားအာဏာသိမ်း အကြမ်းဖက် စစ်တပ်၏ အဆုံးစွန်သော ရက်စက် ကြမ်းကြုတ်မှုများနှင့် နှစ်ကာလပေါင်းများစွာသော မတရား ဖိနှိပ်မှုများကို အဆုံးသတ် အမြစ်ဖြတ်ရန်မှာ အကြမ်းဖက်စစ်တပ်အား အပြီးတိုင်ဖယ်ရှားပြီး ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတရပ်ကို အားလုံးအတူတကွ လက်တွဲထူထောင်ကြရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ဝ” ပြည်နယ်၏ ရရှိပြီးသော တည်ငြိမ်အေးချမ်းမှု၊ ဒေသဖွံဖြိုးမှု၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုများကို ဆက်လက်ခိုင်မာ မြင့်မားတိုးတက်စေရန် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ၊ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၊ “ဝ” ပြည်နယ် ပြည်သူ့အစိုးရတို့သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်များနှင့်အညီ ဦးဆောင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါစေကြောင်းနှင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို အတူတကွ လက်တွဲပုံဖော် တည်ထောင်ကြရန် လေးစားစွာဖြင့် တိုက်တွန်းနှိုးဆော်လျက် ယနေ့ ၂၀၂၃ ခုနှစ် ဧပြီလ (၁၇) ရက်နေ့တွင် ကျရောက်သော “ဝ” ပြည်နယ်၏ ငြိမ်းချမ်းရေးတည်ဆောက်မှု (၃၄) နှစ်ပြည့် အခမ်းအနားသို့ ဤသဝဏ်လွှာကို ဂုဏ်ယူစွာဖြင့် ပေးပို့အပ်ပါတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။
========================
📌📌 ၅။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၏ မိုးကုတ်ဒေသရှိ တပ်ရင်းတပ်ဖွဲ့များကို လက်နက်တပ်ဆင် ပေးအပ်ခဲ့
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၏ မိုးကုတ်ဒေသရှိ တပ်ရင်း တပ်ဖွဲ့များကို လက်နက်တပ်ဆင် ပေးအပ်ခဲ့ပါတယ်။
ဧပြီ ၁၇ရက်မှာ လက်နက်တပ်ဆင်မှုနဲ့ ပတ်သက်လို့ ကာကွယ်ရေးဝန်ကြီးဌာန ကအသိပေးဆိုပါတယ်။
၂၀၂၃ ခုနှစ်၊ ဧပြီလ (၁၆) ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၏ မိုးကုတ်ဒေသရှိ တပ်ရင်းတပ်ဖွဲ့များကို လက်နက်တပ်ဆင် ပေးအပ်ခဲ့ပါတယ်လို့ဖော်ပြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၏ တပ်ရင်းတပ်ဖွဲ့များအား လက်နက်တပ်ဆင်ခြင်းကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ တပ်ဆင်ပေးအပ်လျက်ရှိကြောင်းနှင့် လက်နက်တပ်ဆင်မှုများအား ဆက်လက်အရှိန်မြှင့်သွားမယ်လို့ အသိပေးဖော်ပြပါတယ်။
========================
📌📌 ၆။ နှစ်ဆန်း၁ရက်နေ့ကနီမြို့နယ်ရှိ ရန်သူ့အင်အား(၃၀)ခန့် ရှိသော တာဝါတိုင်စခန်းကုန်းအား ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) (ယင်းမာပင်ခရိုင်) တပ်ရင်း(၁)မှ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့
နှစ်ဆန်း၁ရက်နေ့ ကနီမြို့နယ်ရှိ ရန်သူ့အင်အား(၃၀)ခန့် ရှိသော တာဝါတိုင်စခန်းကုန်းအား ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) (ယင်းမာပင်ခရိုင်) တပ်ရင်း(၁)မှ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဧပြီ ၁၇ရက်နေ့မှာ စစ်ရေးသတင်းကို ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးဖော်ပြပါတယ်။
" ဧပြီလ(၁၇)ရက်နေ့ မနက်(၇:၄၀)နာရီမှ မနက်(၈)နာရီအထိ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်ရှိ ရန်သူ့အင်အား(၃၀)ခန့် ရှိသော တာဝါတိုင်စခန်းကုန်းအား ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) (ယင်းမာပင်ခရိုင်) တပ်ရင်း(၁)မှ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။
ရန်သူ့တပ်ထံမှ MA-2 (၃) လက်၊MA - 11 (၆) လက်၊MA - 3 (၅)လက်၊MA - 4 (၁)လက်၊ MA ကျည်ဘောက် (၈)ခု ၊ ၅.၅၆ ကျည် (၉၃၈၀) တောင့် ၊ 60mm - ပြောင်းတို (၁)လက် ၊ 60 mm ဗုံးသီး (၅၀) လုံး၊ 40 mm ဗုံးသီး (၅၇) လုံး ၊ လက်ပစ်ဗုံးသီး (၅၆) လုံး ၊ ရှေ့ထွက်မိုင်း (၁၀) လုံး၊ နင်းမိုင်း (၂၉) လုံး ၊ Detonator(လက်ပစ်) (၃၇) ခု၊ Detonator (မိုင်း) (၄၅) ခု၊ ချပ်ဝတ်တန်ဆာ (၂) ခု နဲ့ ငွေကျပ် (၁၁၁၀၀) ကျပ်တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ရုံးချုပ်က အသိပေးပါတယ်။
========================
📌📌 ၇။ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့၊ ဆိတ်ဖူးကျေးရွာနေ ပြည်သူ့စစ်ခေါင်းဆောင် ကျော်ဝင်း၊ ဒုခေါင်းဆောင် မြင့်အောင်တို့အား ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှရှင်းလင်း
ကော့သောင်းမြို့နယ်၊ခမောက်ကြီးမြို့၊ ဆိတ်ဖူးကျေးရွာနေ ပြည်သူ့စစ်ခေါင်းဆောင် ကျော်ဝင်း၊ ဒုခေါင်းဆောင် မြင့်အောင်တို့အား ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရှင်းလင်းခဲ့တယ်လို့ ဧပြီ ၁၆ ရက်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တနင်္သာရီတိုင်း က အသိပေးဖော်ပြပါတယ်။
ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့၊ ဆိတ်ဖူးကျေးရွာနေ ပြည်သူ့စစ်ခေါင်းဆောင် ကျော်ဝင်း၊ ဒုခေါင်းဆောင် မြင့်အောင်တို့အား ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ယနေ့ (၁၆;၀၀)နာရီခန့်တွင် သွားရောက်ရှင်းလင်းခဲ့ကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။
သိမ်းဆည်းရမိသည့် လက်နက်များမှာ AK-47 နှစ်လက်၊ AK ကျည် (၁၁၉)တောင့်၊ 9mm ပစ္စတို တစ်လက်၊ ကျည်ကာ (၄)ထည်၊ယူနီဖေါင်း နှစ်စုံ၊ ဆုံလည် ဂစ်(စ်)သေနတ် တစ်လက်၊ ကျည်ဘောက် (၅)ခု နှင့် ဓါးများ သိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။
အထက်ပါရှင်းလင်းမှုတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ အထိခိုက်မရှိပဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ပါတယ်။
========================
📌📌 ၈။ Spring Inya ကွန်ဒိုတိုက်ခန်းများကို ဧပြီလ ၂၉ ရက်တွင် စတင်ရောင်းချမှာဖြစ်ပြီးတော့ EOD ကိုယ်စားလှယ်များထံ ကြိုတင်စာရင်းပေးသွင်းနိူင်
Spring Inya ကွန်ဒိုတိုက်ခန်းများကို ဧပြီလ ၂၉ ရက် တွင် စတင်ရောင်းချမှာဖြစ်ပြီးတော့ EOD ကိုယ်စားလှယ်များထံ ကြိုတင်စာရင်းပေးသွင်းနိုင်တယ်လို့ နွေဦးအင်းလျား ကွန်ဒိုနဲ့ပတ်သက်လို့ EODက အသိပေးဖော်ပြပါတယ်။
"Spring Inya ကွန်ဒိုတိုက်ခန်းများကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၉ ရက် တွင် စတင်ရောင်းချမည် ဖြစ်၍ EOD ကိုယ်စားလှယ်များထံတွင် ဝယ်ယူလိုသည့် အခန်းအမျိုးအစားအလိုက် စာရင်းစတင် ပေးသွင်းနိုင်ပါပြီ။ တော်လှန်ရေး ကာလအတွင်း ပေးသွင်းရမည့် ပမာဏကို တစ်ကြိမ်တည်း ပေးချေနိုင်သလို ၆ လအတွင်း ၆ ကြိမ်ခွဲ၍လည်း ပေးသွင်းနိုင်ပါမယ်"လို့ဆိုပါတယ်။
Spring Inya Condo ကို ပါရမီလမ်းမပေါ်ရှိ အကြမ်းဖက်တပ်ပိုင် မြေနေရာ ဧက ၃၀ အနက်မှ ဦးထွန်းငြိမ်းလမ်းဘက် နေရာတွင် ဆောက်လုပ်မှာဖြစ်ပါတယ်။
ကွန်ဒိုအခန်းပေါင်း ၇၅၀ ရောင်းချပေးနိုင်မှာ ဖြစ်ပြီး 1B+, 2B+, 3B+ ဟူ၍ အခန်း အမျိုးအစား ၃ မျိုး ပါရှိမှာဖြစ်ပါတယ်။
========================
📌📌 ၉။ မြန်မာနိုင်ငံဒေသအတော်များများတွင် အချိန်အခါမဟုတ် ပျံကျမိုးများ ထစ်ချုန်းရွာနိူင်တယ်လို့ NUGက မိုးလေဝသသတင်းအသိပေး
မြန်မာနိုင်ငံဒေသအတော်များများတွင် အချိန်အခါမဟုတ် ပျံကျမိုးများ ထစ်ချုန်းရွာနိူင်တယ်လို့ NUGက မိုးလေဝသသတင်းအသိပေးဆိုပါတယ်။
ဧပြီလ (၁၇)ရက်နေ့ မှ ဧပြီလ (၂၃)ရက်နေ့ အထိ တပတ်အတွင်း မိုးလေဝသအခြေအနေကို ထုတ်ပြန်ခဲ့ပါတယ်။
ယခုတစ်ပတ်တွင် အပူချိန်အပေါ်မူတည်၍ လေဖိအားစနစ် ပြောင်းလဲလာမှုသည် ယခင်နှစ်များနှင့်မတူ ကွဲပြားသော လေတိုက်ခတ်မှု ဖြစ်ပေါ်လာနေစေသည်ကို ပြသလာပါတယ်လို့ဆိုပါတယ်။
မုတ်သုံလေဦးကို စောင့်ဆိုင်းလျက်ရှိသော မြန်မာနိုင်ငံအလယ်ပိုင်းမှ လေဖိအားလျော့နည်းရပ်ဝန်းသည် အနောက်မြောက်ဘက်မှ အင်အားကောင်းစွာ ထိုးဆင်းလာနေသောလေများကြောင့် မုတ်သုံလေဦးကို လက်ခံနိုင်ခြင်းမရှိသည့် အခြေအနေမျိုး ဖြစ်စေတယ်လို့ ဖော်ပြပါတယ်။
ယခုရက်သတ္တပါတ်ကုန်တွင် အဆိုပါလေတိုက်ခတ်မှုပုံစံများ စတင်ပြောင်းလဲလာနိုင်ပြီး မြန်မာနိုင်ငံဒေသအတော်များများတွင် အချိန်အခါမဟုတ် ပျံကျမိုးများ ထစ်ချုန်းရွာလာနိုင်တယ်လို့ဆိုပါတယ်။
မိုးကြောင့် အလယ်ပိုင်းဒေသများတွင် နေ့အပူချိန်များ ပြန်လည်လျော့ကျလာနိုင်တယ်လို့လည်းဖော်ပြပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment