၂၀၂၃ မေလ ၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ တော်လှန်ရေးဟာ အောင်ပွဲခံဖို့ နီးသထက်နီးလာခဲ့ပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြားလိုက်
📌 ၂။ အကြမ်းဖက် စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် ပြည်သူ့တော်လှန်ရေး နောက်တွန့်သွားစရာ အကြောင်းမရှိဘူးလို့ ကာကွယ်ရေးဝန်ကြီးဆို
📌 ၃။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ များ၏ စုပေါင်းစွမ်းဆောင်ရည်ဖြင့် နှစ်နှစ်အတွင်း အနည်းဆုံး ရန်သူ့အင်အား (၃)သောင်းခန့်ကို သုတ်သင်နိုင်ခဲ့
📌 ၄။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအတွင်း မြို့နယ်အလိုက် ဒရုန်း တိုက်ခိုက်မှု (၁၉၃) ကြိမ်ရှိခဲ့ပြီး စခန်းသိမ်း တိုက်ပွဲ (၄၄) ကြိမ်ဆင်နွှဲခဲ့
📌 ၅။ ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး မေလ၈ရက်နေ့ ကျင်းပမယ်
📌 ၆။ အိန္ဒိယ အခြေစိုက် Adani အုပ်စု ကုမ္ပဏီဟာ ရန်ကုန်မြို့မှာ တည်ဆောက်မယ့် ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် စီမံကိန်းကို ဒေါ်လာသန်းပေါင်း ၁၅၀ လောက်အရှုံးခံရောင်းချ
📌 ၇။ ဘိုကလေး ခလရ ၂၇အောက် ကင်းစခန်းအား ဧရာဝတီနန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် တိုက်ခိုက်၊ တပ်ကြပ်ကြီးတစ်ဦးသေဆုံးကာ သေနတ်တစ်လက်နဲ့ကျည်ဆန်များသိမ်းဆည်းရရှိ
📌 ၈။ သပိတ်ကျင်းမြို့နယ် မတောင်ရွာအနီး ကြာညှပ်ဘက်မှ တက်လာသော စကစအင်အား (၃၀)ကျော်ပါ ၆ဘီးကားတစ်စီးအား မိုင်းဆွဲ
📌 ၉။ ရန်ကုန်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှား
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ တော်လှန်ရေးဟာ အောင်ပွဲခံဖို့ နီးသထက်နီးလာခဲ့ပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြားလိုက်
မေလ ၅ရက် ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းခြင်း (၂) နှစ်ပြည့် သဝဏ်လွှာမှာ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကထည့်သွင်းပြောပါတယ်။
"ငါတို့တော်လှန်ရေးဟာ အောင်ပွဲခံဖို့ နီးသထက်နီးလာခဲ့ပါပြီ။ ဘယ်လိုပင်ခက်ခဲ ကြမ်းတမ်းပါစေ။ အရေးတော်ပုံ အောင်ကိုအောင်ရမည်ဆိုတဲ့ စိတ်ကို နှလုံးသွင်းပြီးဇွဲရှိရှိ ဆက်လက်ရပ်တည်ကြပါ။ အချင်းချင်း ညီညွတ်ပါ။ စည်းလုံးပါ"လို့ဝန်ကြီးချုပ်က ဆိုပါတယ်။
ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ နေရာအနှံ့မှာ ဖြန့်ကျက်ထားနိုင်ပြီဖြစ်သလို ၂၀၂၃ ခုနှစ်ဟာ အပြောင်းအလဲကို အဆုံးအဖြတ်ပေးနိုင်မယ့် နှစ်တစ်နှစ်ဖြစ်တာနဲ့အညီ စစ်ရေးရည်မှန်းချက်များ ပြည့်မီဖို့ ကွပ်ကဲမှုများကို လေးစားလိုက်နာရန်လည်းလိုအပ်တယ်လို့ ဝန်ကြီးချုပ်ကဆိုပါတယ်။
========================
📌📌 ၂။ အကြမ်းဖက် စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် ပြည်သူ့တော်လှန်ရေး နောက်တွန့်သွားစရာ အကြောင်းမရှိဘူးလို့ ကာကွယ်ရေးဝန်ကြီးဆို
အကြမ်းဖက် စစ်ကောင်စီရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် ပြည်သူ့တော်လှန်ရေး နောက်တွန့်သွားစရာ အကြောင်းမရှိဘူးလို့ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကပြောပါတယ်။ မေလ ၅ရက် PDF ရဲဘော်များသို့ ပြောကြားရာမှာ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကဆိုပါတယ်။
"အညာမှာဆိုရင် နှစ်ပေါင်းရာချီခဲ့တဲ့ သမိုင်းဝင်ရွာကြီး အမြောက်အမြား မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်တယ်။ ဒါဟာပြည်သူ့အိုးအိမ် ဥစ္စာကို ဖျက်ဆီးတာသာမက ကိုယ့်နိုင်ငံရဲ့သမိုင်း ကိုယ့်အမျိုးသား ယဉ်ကျေးမှုကိုပါ ဖျက်ဆီးနေတာဖြစ်တယ်။ သရဲဘောကြောင်တဲ့ စစ်ကောင်စီဟာ ကိုယ့်လည်ပင်း ကိုယ် ကြိုးကွင်းစွပ်တဲ့ စစ်ရာဇဝတ်မှုတွေကို မျက်ကန်းတစ္ဆေမကြောက် ကျူးလွန်နေပြီလို့ပဲ ဆိုရမယ်။ ဒီရက်စက်ကြမ်းကြုတ်မှုတွေကြောင့်တော့ ပြည်သူ့တော်လှန်ရေး နောက်တွန့်သွားစရာ အကြောင်းမရှိ ၊ တော်လှန်ရေး မအောင်လို့မဖြစ် ၊ ရာဇဝတ်ကောင်တွေကို တရားစီရင်နိုင်ဖို့ တော်လှန်ရေးအောင်မှ ဖြစ်မယ်ဆိုတဲ့ သံန္နိဌာန်ကို ပိုပြီးခိုင်မာစေဖို့ပဲရှိလိမ့်မယ်"လို့ ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာ အကြမ်းဖက်စစ်အုပ်စုဟာ လူပေါင်းသုံးထောင် ကျော်ကိုသတ်ဖြတ်ခဲ့ပြီး အိုးအိမ်ပေါင်းခြောက်သောင်းကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
========================
📌📌 ၃။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ များ၏ စုပေါင်းစွမ်းဆောင်ရည်ဖြင့် နှစ်နှစ်အတွင်း အနည်းဆုံး ရန်သူ့အင်အား (၃)သောင်းခန့်ကို သုတ်သင်နိုင်ခဲ့
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် မဟာမိတ်တိုင်းရင်းသား တော်လှန်ရေး အဖွဲ့ များ၏ စုပေါင်းစွမ်းဆောင်ရည်ဖြင့် နှစ်နှစ်အတွင်း အနည်းဆုံး ရန်သူ့အင်အား (၃)သောင်း ခန့်ကို သုတ်သင်နိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
မေလ ၅ရက်နေ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းတည်ထောင်ခြင်း (၂) နှစ်ပြည့် သတင်းထုတ်ပြန်ချက်ကို ကာကွယ်ရေး ဝန်ကြီးဌာနက ဖော်ပြပါတယ်။
"ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် မဟာမိတ်တိုင်းရင်းသား တော်လှန်ရေး အဖွဲ့ များ၏ စုပေါင်းစွမ်းဆောင်ရည်ဖြင့် နှစ်နှစ်အတွင်း အနည်းဆုံး ရန်သူ့အင်အား (၃)သောင်း ခန့်ကို သုတ်သင်နိုင်ခဲ့ပြီး (၁)သောင်းကျော်ကို ထိခိုက်ဒဏ်ရာရရှိစေခဲ့ပါတယ်။ ရန်သူ့တပ်တွင် ရှိခဲ့သော်လည်း စစ်အာဏာသိမ်းမှုကို လက်မခံသည့် ရဲတပ်ဖွဲ့ဝင်နှင့် တပ်မတော်သား (၁၃၀၀၀) ကျော် ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့ပါတယ်"လို့ ဖော်ပြပါတယ်။
လက်ရှိမှာPDF တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များ အားလုံးအနေဖြင့်လည်း အဆင့်ဆင့်တည်ဆောက်ထားသော အမိန့်ပေးကွပ်ကဲမှုစနစ် (Chain of Command)၊ စစ်သည်တော်ကျင့်ဝတ် (Code of Conduct) များနှင့်အညီ တိကျ၊ မှန်ကန်စွာ လိုက်နာဆောင်ရွက်ကြရန် အထူးညွှန်ကြား၊ ကြပ်မတ်၊ ဆောင်ရွက်လျက်ရှိတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနကဆိုပါတယ်။
========================
📌📌 ၄။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအတွင်း မြို့နယ်အလိုက် ဒရုန်း တိုက်ခိုက်မှု (၁၉၃) ကြိမ်ရှိခဲ့ပြီး စခန်းသိမ်း တိုက်ပွဲ (၄၄) ကြိမ်ဆင်နွှဲခဲ့
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအတွင်း မြို့နယ်အလိုက် ဒရုန်း တိုက်ခိုက်မှု (၁၉၃) ကြိမ်ရှိခဲ့ပြီး စခန်းသိမ်း တိုက်ပွဲ (၄၄) ကြိမ်ဆင်နွှဲခဲ့ပါတယ်။
မေလ (၅) ရက်နေ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (စစ်ရုံးချုပ်) ကာကွယ်ရေးဝန်ကြီးဌာနက၂၀၂၃ ခုနှစ်၊ ပထမ လေးလပတ် အတွင်း ရန်သူ့တပ်ကို တိုက်ခိုက်ခဲ့မှုများ ကို သတင်းထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလ အထိ တနှစ်မဟာဗျုဟာ၏ ပထမ လေးလတာ ကာလအတွင်းတွင် ရန်သူ့တပ်ကို ပြည်သူ့စစ်မဟာဗျုဟာနှင့်အညီ ထိုးစစ်အသွင်ဆောင်သော ပြောက်ကျားစစ်ဆင်ရေးများဖြင့် တိုက်ခိုက်ခဲ့ပြီး ရန်သူ့တပ်၏ ရှေ့တန်းစခန်းများ၊ စစ်ကြောင်းများကိုသာမက တပ်ရင်းတပ်ဖွဲ့ နောက်တန်းစခန်း၊ စစ်တိုင်းဌာနချုပ်၊ ခြေမြန်တပ်မဌာနချုပ် (တမခ)၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ)၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)၊ လေတပ်စခန်း၊ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ)၊ စစ်လေယာဉ်ကွင်း၊ ဆီသိုလှောင်ကန်များကို Drone၊ ရှော့တိုက်ဒုံးနှင့် တာဝေးပစ် Rocket များ အသုံးပြု၍ တိုက်ခိုက်နိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအတွင်း အတည်ပြုနိုင်ခဲ့သည့် စစ်ဆင်ရေးများအနေဖြင့် မြို့နယ်အလိုက် ဒရုန်း တိုက်ခိုက်မှု (၁၉၃) ကြိမ်စခန်းသိမ်း တိုက်ပွဲ (၄၄) ကြိမ်၊ အရေးကြီးပစ်မှတ် တိုက်ခိုက်မှု (၂၆) ကြိမ်နှင့် မြေပြင်ထိတွေ့ တိုက်ပွဲ အကြိမ်ရေ များစွာ ဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်နှင့် ၄င်းတို့ကို ထောက်ခံသူအင်အား (၃၉၄၈) ဦး ကို သေဆုံးစေခဲ့ပြီး (၁၇၆၀) ဦး ကို ထိခိုက်ဒဏ်ရာရရှိစေခဲ့တယ်လို့သိရပါတယ်။
စစ်ဆင်ရေးများကို နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်နီ(ကယား)ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) များတွင် ဖော်ဆောင်တိုက်ခိုက်နိုင်ခဲ့ပါတယ်။
========================
📌📌 ၅။ ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး မေလ၈ရက်နေ့ ကျင်းပမယ်
ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး မေလ၈ရက်နေ့ ကျင်းပမယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက မေလ၅ရက်နေ့မှာ အသိပေးကြေညာပါတယ်။
"မင်းအောင်လှိုင်ခေါင်းဆောင်သော အကြမ်းဖက်စစ်တပ်သည် ဥပဒေမဲ့ အာဏာသိမ်းယူပြီးနောက် အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ အပါအဝင် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်တစ်ခုလုံးအပေါ် ရာဇဝတ်မှုကျူးလွန်မှုများကို ရည်ရွယ်ချက်ရှိရှိ တိုးမြှင့်လုပ်ဆောင်လျက်ရှိပါတယ်။ ထိုသို့ အကြမ်းဖက်စစ်တပ်၏ ဥပဒေမဲ့လုပ်ရပ်များနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အမြန်ဆုံးအဆုံးသတ်နိုင်ရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအသိုက်အဝန်းက ထိရောက်သောအရေးယူမှုများ ဆောင်ရွက်ပေးနိုင်ရေး အထူးအစည်းအဝေးမှတစ်ဆင့် တောင်းဆိုတိုက်တွန်းမှုများ ပြုလုပ်သွားပါမယ်"လို့ဖော်ပြပါတယ်။
၂၀၂၃ ခုနှစ်၊ မေလ ၈ ရက် (တနင်္လာနေ့)၊ နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးအား အများပြည်သူကြည့်ရှုနိုင်ရန် CRPH Facebook Pageတို့တွင် တိုက်ရိုက်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
========================
📌📌 ၆။ အိန္ဒိယ အခြေစိုက် Adani အုပ်စု ကုမ္ပဏီဟာ ရန်ကုန်မြို့မှာ တည်ဆောက်မယ့် ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် စီမံကိန်းကို ဒေါ်လာသန်းပေါင်း ၁၅၀ လောက်အရှုံးခံရောင်းချ
အိန္ဒိယ အခြေစိုက် Adani အုပ်စုကုမ္ပဏီဟာ ရန်ကုန်မြို့မှာ တည်ဆောက်မယ့် ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်စီမံကိန်းကို ဒေါ်လာသန်းပေါင်း ၁၅၀ လောက်အရှုံးခံရောင်းချလိုက်တယ်လို့ သတင်းရရှိပါတယ်။ Adani Ports က မြန်မာစစ်တပ်ဆိပ်ကမ်းစီမံကိန်းကို Solar Energy Limited ဆီ အမေရိကန်ဒေါ်လာ သန်း ၃၀ နဲ့ ရောင်းချကြောင်းကြေညာလိုက်ပါတယ်။
"Solar Energy Limited ကို ဘယ်သူပိုင်ဆိုင်ကြောင်းရယ် သူတို့ မှတ်ပုံတင်ထားတဲ့နေရာနဲ့ပတ်သက်ပြီး Justice For Myanmar ရဲ့ မေးမြန်းမှုအပေါ် Adani Ports က ထုတ်ဖော်ပြောကြားဖို့ ငြင်းဆိုခဲ့ပြီး မြန်မာပြည်သူတွေရဲ့ မူလပိုင်ဆိုင်မှုတွေကို စစ်တပ်ရဲ့စီးပွားရေးလုပ်ငန်းစု MEC က တရားမဝင်ထိန်းချုပ်ထားတဲ့ ပွင့်လင်းမြင်သာမှုကင်းမဲ့လွန်းတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ မြန်မာပြည်သူတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုတွေကျူးလွန်နေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းစုကြီးတစ်ခုအတွက် ငွေကြေးရှာဖွေပေးနေတာတွေကို ဖော်ထုတ်ပြီး နာရီပိုင်းအတွင်းမှာပဲ Adani ဟာ ဆိပ်ကမ်းတည်ဆောက်မှုကို ရပ်တန့်သွားမယ်လို့ ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်"လို့ Justice For Myanmarကဖော်ပြဆိုပါတယ်။
မြန်မာစီးပွားရေးကော်ပိုရေးရှင်း (MEC) ကို အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူပြီး နောက်ပိုင်းမှာပဲ ရန်ကုန်ဆိပ်ကမ်းစီမံကိန်းကို ဒေါ်လာသန်း ၃၀ လောက်နဲ့ ဈေးလျှော့ပြီး ပြန်လည် ရောင်းချလိုက်တာဖြစ်ပါတယ်။ Adaniကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာ ၁၉၅ သန်းအထိရှိနိုင်တယ်လို့ ခန့်မှန်းရပါတယ်။
"Adani Ports အနေနဲ့ သူရဲ့စီးပွားရေးလုပ်ငန်းတွေကို မြန်မာနိုင်ငံကနေ ရုတ်သိမ်းတဲ့လုပ်ရပ်က တာဝန်မဲ့လွန်းပြီး ကုမ္ပဏီရဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေးပျက်ကွက်မှုတွေကို ပြသနေပါတယ်။ Adani Ports အနေနဲ့ မြန်မာနိုင်ငံကနေ တာဝန်ယူမှုရှိရှိ နုတ်ထွက်ဖို့၊ သူတို့ရဲ့ လူ့အခွင့်အရေးတာဝန်တွေကို စနစ်တကျဆောင်ရွက်ဖို့၊ ဝယ်ယူသူရဲ့ အသေးစိတ် အချက်အလက် အပြည့်အစုံကို ထုတ်ပြန်ဖို့နဲ့ မြန်မာစီးပွားရေးကော်ပိုရေးရှင်းနဲ့ သူတို့ရဲ့စီးပွားရေးလုပ်ငန်း ရလဒ်တွေကြောင့် ထိခိုက်မှုလျော့ပါးစေရေး ကုစားပေးဖို့ ကျွန်ုပ်တို့ တောင်းဆိုပါတယ်"လို့ Justice For Myanmarကဆိုထားပါတယ်။
========================
📌📌 ၇။ ဘိုကလေး ခလရ ၂၇အောက် ကင်းစခန်းအား ဧရာဝတီနန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် တိုက်ခိုက်၊ တပ်ကြပ်ကြီးတစ်ဦးသေဆုံးကာ သေနတ်တစ်လက်နဲ့ကျည်ဆန်များသိမ်းဆည်းရရှိ
ဧရာဝတီတိုင်း ဘိုကလေး ခလရ ၂၇အောက် ကင်းစခန်းအား ဧရာဝတီနန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် တိုက်ခိုက် ၊တပ်ကြပ်ကြီးတစ်ဦးသေဆုံးကာ သေနတ်တစ်လက်နဲ့ကျည်ဆန်များသိမ်းဆည်းရရှိခဲ့ပါတယ်။ မေလ၅ရက်နေ့မှာ စစ်ရေးသတင်းကို ဟင်္သာတခရိုင်တပ်ရင်းကအသိပေးဆိုပါတယ်။
"မေလ၄ရက် ဘိုကလေးမြို့နယ် ပဒဲကောကျေးရွာရှိ ဆိပ်ခံကင်းစခန်းတွင် ကင်းစောင့်နေသော တပ်ကြပ်ကြီးအား ဧရာဝတီနန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် အောင်မြင်စွာပစ်ခတ်ရှင်းလင်းခဲ့ပါတယ်"လို့ဆိုပါတယ်။
စစ်ဆင်ရေးတွင် တပ်ကြပ်ကြီးတစ်ဦးသေဆုံး ကာMA3သေနတ်တစ်လက်၊ ကျည်၁၄တောင့်၊ ဖုန်းတစ်လုံးသိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။ တိုက်ခိုက်မှုကို ဘိုကလေးပကဖနဲ့ မဟာမိတ်အဖွဲ့တို့ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။
========================
📌📌 ၈။ သပိတ်ကျင်းမြို့နယ် မတောင်ရွာအနီး ကြာညှပ်ဘက်မှ တက်လာသော စကစအင်အား (၃၀)ကျော်ပါ ၆ဘီးကားတစ်စီးအား မိုင်းဆွဲ
သပိတ်ကျင်းမြို့နယ် မတောင်ရွာအနီး ကြာညှပ်ဘက်မှ တက်လာသော စကစအင်အား (၃၀)ကျော်ပါ ၆ဘီးကားတစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ မေလ၅ရက်နေ့မှာ တကောင်းပကဖက စစ်ရေးသတင်းကိုအတည်ပြုဆိုပါတယ်။
"မေ(၄)ရက်သပိတ်ကျင်းမြို့နယ် မတောင်ရွာအနီး ကြာညှပ်ဘက်မှ တက်လာသော စကစအင်အား (၃၀)ကျော်ပါ ၆ဘီးဒန့်ကားတစ်စီးအား မေ(၄)ရက် မနက်၉နာရီ၄၅မိနစ်တွင် မိုင်း၂လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရန်သူ့ဘက်မှ အထိအခိုက်များပြီး အသေပျောက်ရှိခဲ့ပါတယ်"လို့ဆိုပါတယ်။ ကားသည်လည်း ထိုးရပ်သွားပြီး ရန်သူဘက်မှ အနည်းငယ်ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။
========================
📌📌 ၉။ ရန်ကုန်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှား
ရန်ကုန်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားခဲ့ပါတယ်။ မေလ ၅ ရက် ရန်ကုန်မြို့ရဲ့တစ်နေရာမှာလူငယ်များက ဦးဆောင်ကျင်းပခဲ့ပါတယ်။
လှုပ်ရှားမှုကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ_DPNS နှင့် လူ့ဘောင်သစ်လူငယ်_YNS တို့ပူးပေါင်း၍ ဗကသရဲဘော် ကိုကောင်းဆက်ပိုင် အပါအဝင် ဒီမိုကရေစီအရေး လှုပ်ရှားဆောင်ရွက်သူများကို အကြမ်းဖက် ဖက်ဆစ်တပ်က မတရားဖမ်းဆီး သေဒဏ်ချမှတ်နေမှုများအား ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ကြပါတယ်။
အဆိုပါလှုပ်ရှားမှုကို "တော်လှန်ရေးသမားကို သေဒဏ်ချရုံနဲ့ တော်လှန်ရေးက သေဒဏ်မကျဘူး" စာသားပါဘန်နာအား ကိုင်စွဲ၍ ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။
မြောက်ဥက္ကလာပမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ မြေပြင်တာဝန်ခံ ကိုကောင်းဆက်ပိုင်အား ဧပြီလ ၂၅ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက မတရားသေဒဏ် အမိန့်ချမှတ်ထားခဲ့ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment