၂၀၂၃ ဇွန်လ ၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ The Sydney Peace Foundation မှ လူ့အခွင့်အရေးဆိုင်ရာ စွမ်းစွမ်းတမံဆောင်ရွက်မှုများအတွက် ချီးမြင့်သော ရွှေတံဆိပ်ဆုလူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းလက်ခံရယူ
📌 ၂။ ကြားကာလပညာရေးအတွက် မိမိလက်လှမ်းမှီရာ ပညာရေးကို သင်ယူကြဖို့ ပညာရေးဒုဝန်ကြီး ပြောကြား
📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ယင်းမာပင်ခရိုင်တပ်ရင်း- ၁၉(Pale Jokers PDF)အား သေနတ်၅လက်၊ ကျည်ဘောက်၁၅ဘောက်နှင့် ကျည်၅၀၀ကို ပေးအပ်ခဲ့
📌 ၄။ အကြမ်းဖက် စစ်တပ်က ချင်းပြည်နယ်တခုတည်းကို လေကြောင်းကနေ ၃၈ ကြိမ်တိတိ တိုက်ခိုက်ခဲ့ပြီး အရပ်သား ၁၉ ဦးနဲ့ တော်လှန်ရေးတပ်သား ၆ ဦး ကျဆုံးခဲ့
📌 ၅။ ကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးမြို့တွင် စကစတပ်များက လက်နက်ကြီးများနဲ့ လူနေရပ်ကွက်သို့ ရမ်းသမ်းပစ်ခတ်၍ လူသုံးဦးနှင့် သံဃာတော်တစ်ပါး ပျံလွန်တော်မူသွားခဲ့ပြီး ကိုရင်တစ်ပါးဒဏ်ရာရ
📌 ၆။ အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လိူင် မြင်းခြံစစ်တပ်နှင့် အမှတ် (၁)သံမဏိရောက်ရှိနေချိန် မြင်းခြံမြို့အခြေစိုက် ခမရ(၁၅)တပ်ကို ဒရုန်းနဲ့ဗုံးကြဲချ
📌 ၇။ ချောက်မြို့နယ်၊ အမှတ် (၁၁) နယ်မြေ၊ ဗဟိုကွက်သစ်ရပ်၊ သာသနာ့ဗိမ္မာန် အနီး၌ ကပစ (၂၁) မှ တပ်ကြပ်ကြီးရှင်းလင်းခံရ
📌 ၈။ မကွေးခရိုင်အမှတ်၂တပ်ရင်းအတွက်"အညာမြေအတွက် RPG တစ်လက် ကမ်ပိန်း"စတင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ The Sydney Peace Foundation မှ လူ့အခွင့်အရေးဆိုင်ရာ စွမ်းစွမ်းတမံဆောင်ရွက်မှုများအတွက် ချီးမြင့်သော ရွှေတံဆိပ်ဆုလူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းလက်ခံရယူ
ဇွန်လ၂
The Sydney Peace Foundation မှ လူ့အခွင့်အရေးဆိုင်ရာ စွမ်းစွမ်းတမံဆောင်ရွက်မှုများအတွက် ချီးမြင့်သော ရွှေတံဆိပ်ဆုလူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းလက်ခံရယူခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဇွန်လ (၂) ရက်မှာ သြစတြေးလျနိုင်ငံသို့ ခေတ္တခဏရောက်ရှိနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ရွှေတံဆိပ်ဆု (Gold Medal for Human Rights - 2023) အားလက်ခံယူခဲ့တယ်လို့သိရပါတယ်။
လူ့အခွင့်အရေးဆိုင်ရာ စွမ်းစွမ်းတမံဆောင်ရွက်မှုများအတွက် ချီးမြင့်သော ရွှေတံဆိပ်ဆု (Gold Medal for Human Rights - 2023) အား ဆစ်ဒနီငြိမ်းချမ်းရေးဖောင်ဒေးရှင်း၏ ယာယီဌာနမှူး ပရော်ဖက်ဆာ ရော့ဒနီ စမစ် မှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းအား ဂုဏ်ပြုချီးမြှင့် ပေးအပ်ခဲ့ပါတယ်။
ဆစ်ဒနီ ငြိမ်းချမ်းရေးဖောင်ဒေးရှင်း၏ ဦးဆောင်သူအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဆစ်ဒနီတက္ကသိုလ်၏ အာရှ-ပစ္စဖိတ် ရေးရာကျွမ်းကျင်သူ ဆူစန်ဘန်ကီမှ “မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးကြိုးပမ်းလှုပ်ရှားသူမျိုးဆက်တွေကို အားပေးလှုံ့ဆော်နိုင်ခဲ့တဲ့ ဦးအောင်မျိုးမင်းကို အခုလို ဆစ်ဒနီ ငြိမ်းချမ်းရေးဖောင်ဒေးရှင်းရဲ့ လူ့အခွင့်အရေးရွှေတံဆိပ်ဆုနဲ့ ပေးအပ်ဂုဏ်ပြုခွင့်ရတာကို ဂုဏ်ယူမိပါတယ်။ အကန့်အသတ်အခက်အခဲတွေကြားက ဦးအောင်မျိုးမင်းရဲ့ လူ့အခွင့်အရေးအတွက် ကြိုးပမ်းလုပ်ဆောင်မှုတွေဟာ မျှော်လင့်ချက်၊ သတ္တိနဲ့ တရားမျှတမှုတန်ဘိုးတွေ အခက်ခဲဆုံးအခြေအနေတွေကြားထဲကနေ ပေါ်ထွက်လာနိုင်တဲ့ စံနမူနာတခုပါ”လို့ဆိုပါတယ်။
ရွှေတံဆိပ်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရ၏ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေ၊ ဆစ်ဒနီမြို့နေ မြန်မာမိသားစုများ၊ တိုင်းရင်းသားအင်အားစုများ၊ မြန်မာနိုင်ငံဒီမိုကရေစီအရေး တက်ကြွစွာ ကြိုးပမ်းဆောင်ရွက်နေကြသူများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ ကြားကာလပညာရေးအတွက် မိမိလက်လှမ်းမှီရာ ပညာရေးကို သင်ယူကြဖို့ ပညာရေးဒုဝန်ကြီး ပြောကြား
ဇွန်လ၂ရက်
ကြားကာလပညာရေးအတွက် မိမိလက်လှမ်းမှီရာ ပညာရေးကိုသင်ယူကြဖို့ ပညာရေးဒုဝန်ကြီး ပြောကြားလိုက်ပါတယ်။
ကြားကာလပညာရေးနဲ့ ပတ်သက်လို့ NUG ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီးဂျာထွယ်က ဆိုထားပါတယ်။
"ကြားကာလမှာ ပုံစံအမျိုးမျိုးနဲ့ သင်ကြားရတဲ့ ကျောင်းသားအားလုံးကို တော်လှန်ရေးပြီးချိန်မှာ ပြည်သူ့အစိုးရရဲ့ မူဝါဒတွေအတိုင်းပဲ ဆက်လက်လက်ခံသွားရမှာဖြစ်ပါတယ်။ ပြောချင်တာက ကြားကာလပညာရေးအတွက် မိမိလက်လှမ်းမှီရာ ပညာရေးကိုသင်ယူကြပါ။ ဖက်ဒရယ်ပညာရေးသဘောတရားတွေ၊ မူဝါဒတွေ၊ ပညာရေးစနစ်တွေအကြောင်းသိရှိလာအောင်လည်း လေ့လာပါ။ အတန်းတက်တာထက် ကိုယ့်ရဲ့ တတ်မြောက်မှုတိုးတက်လာဖို့ ဦးစားပေးပါ။ ကိုယ်လေ့လာကြိုးစားလို့ တိုးတက်ရရှိလာတဲ့ သိရှိတတ်မြောက်မှုကိုတော့ ဘယ်သူကမှ ငြင်းပယ်လို့မရပါ"လို့ဆိုပါတယ်။
လက်ရှိမှာ CDM ကျောင်းသားကျောင်းသူများရှိကြပြီး တော်လှန်ရေးအောင်နိုင်ပြီးနောက် အသက်အရွယ်အလိုက် အတန်း တက်ရောက်ခွင့်ကိုပေးအပ်မှာဖြစ်တယ်လို့လည်း ပညာရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။
========================
📌📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ယင်းမာပင်ခရိုင်တပ်ရင်း- ၁၉(Pale Jokers PDF)အား သေနတ်၅လက်၊ ကျည်ဘောက်၁၅ဘောက်နှင့် ကျည်၅၀၀ကို ပေးအပ်ခဲ့
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ယင်းမာပင်ခရိုင်တပ်ရင်း- ၁၉(Pale Jokers PDF)အား သေနတ်၅လက်၊ ကျည်ဘောက်၁၅ဘောက်နှင့် ကျည်၅၀၀ကို ပေးအပ်ခဲ့ပါတယ်။
ဇွန်လ၂ရက်မှာ ယင်းမာပင်ခရိုင်တပ်ရင်း- ၁၉(Pale Jokers PDF)က အသိပေးဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ကျွန်တော်တို့ယင်းမာပင်ခရိုင်တပ်ရင်း-၁၉(Pale Jokers PDF)အား ယနေ့ ဇွန်လ ၁ရက်နေ့တွင် သေနတ်၅လက်၊ ကျည်ဘောက်၁၅ဘောက်နှင့် ကျည်၅၀၀ကို ရင်းစောင့်အဖြစ် တပ်ဆင်ပေးအပ်ခဲ့ပါတယ်လို့ဆိုပါတယ်။
လက်နက်တပ်ဆင်ပေးမှုအတွက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအား ကျွန်တော်တို့ ယင်းမာပင်ခရိုင်တပ်ရင်း- ၁၉အနေဖြင့် ကျေးဇူးအထူးတင်ရှိတယ်လို့ဆိုပါတယ်။
========================
📌📌 ၄။ အကြမ်းဖက် စစ်တပ်က ချင်းပြည်နယ်တခုတည်းကို လေကြောင်းကနေ ၃၈ ကြိမ်တိတိ တိုက်ခိုက်ခဲ့ပြီး အရပ်သား ၁၉ ဦးနဲ့ တော်လှန်ရေးတပ်သား ၆ ဦး ကျဆုံးခဲ့
ဇွန်လ၂ရက်
အကြမ်းဖက် စစ်တပ်က ချင်းပြည်နယ်တစ်ခုတည်းကို လေကြောင်းကနေ ၃၈ ကြိမ်တိတိ တိုက်ခိုက်ခဲ့ပြီး အရပ်သား ၁၉ ဦးနဲ့ တော်လှန်ရေးတပ်သား ၆ ဦး ကျဆုံးခဲ့တယ်လို့သိရပါတယ်။
ဇွန်လအတွင်းမှာ (Burma Affairs and Conflict Study) အဖွဲ့ရဲ့ အစီရင်ခံစာကို မင်းတပ်မြို့နယ်ပြည်သူ့အဖွဲ့ကဆိုထားပါတယ်။
"ဒီနှစ် ဇန်နဝါရီကတည်းက ဧပြီလထိ စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့တဲ့အထဲ စစ်ကိုင်းတိုင်းမှာ တိုက်ခိုက်ပစ်ခတ်မှု အများဆုံးဖြစ်ခဲ့ပေမဲ့ လေကြောင်းကနေ အများဆုံး တိုက်ခိုက်ခံခဲ့ရတာက ချင်းပြည်နယ်ဖြစ်ပါတယ်။ ချင်းပြည်နယ်တစ်ခုတည်း လေကြောင်းကနေ ၃၈ ကြိမ်တိတိ တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။ အရပ်သား ၁၉ ဦးနဲ့ တော်လှန်ရေးတပ်သား ၆ ဦး ကျဆုံးခဲ့ပါတယ်။ တိုက်ပွဲတွေ တောက်လျှောက်ရှိနေတဲ့ စစ်ကိုင်းမှာတော့ လေကြောင်းတိုက်ခိုက်မှု ၃၇ ကြိမ် ရှိခဲ့ပါတယ်"လို့ဆိုပါတယ်။
.
လေကြောင်းတိုက်ခိုက်ခံရတဲ့နေရာများဟာ ထန်တလန်၊ မင်းတပ်နဲ့ မတူပီတို့ အဓိက တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပြီး ထန်တလန်မြို့နယ် တစ်ခုတည်းမှာ ၁၇ ကြိမ်တိတိ ရှိခဲ့ပါတယ်။
တိုက်ပွဲမဖြစ်တဲ့ လူနေကျေးရွာတွေကို လေယာဉ်နဲ့ ပစ်ခတ်ဗုံးကြဲခဲ့တာကြောင့် လူနေအိမ်အဆောက်အအုံတွေ အများအပြား ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။
========================
📌📌 ၅။ ကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးမြို့တွင် စကစတပ်များက လက်နက်ကြီးများနဲ့ လူနေရပ်ကွက်သို့ ရမ်းသမ်းပစ်ခတ်၍ လူသုံးဦးနှင့် သံဃာတော်တစ်ပါး ပျံလွန်တော်မူသွားခဲ့ပြီး ကိုရင်တစ်ပါးဒဏ်ရာရ
ဇွန်လ၂ရက်
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့တွင် စကစတပ်များက လက်နက်ကြီးများနဲ့လူနေရပ်ကွက်သို့ ရမ်းသမ်းပစ်ခတ်၍ လူသုံးဦးနှင့် သံဃာတော်တစ်ပါးပျံလွန်တော်မူသွားခဲ့ပြီး ကိုရင်တစ်ပါးဒဏ်ရာရခဲ့ပါတယ်။
ဇွန်လ၂ရက် မနက်ပိုင်း စကစဘက်မှ၁၂၀မမလက်နက်ကြီးဖြင့် စစ်ရေးပစ်မှတ်မဟုတ်သော ဘုန်းကြီးကျောင်းများ ဗလီများနှင့် လူနေရပ်ကွက်များထဲသို့ ပစ်ခတ်ခဲ့တယ်လို့ ကြာအင်းဆိပ်ကြီးပအဖက အတည်ပြုဆိုပါတယ်။
"ကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးမြို့တွင်တော်လှန်ရေးတပ်ဖွဲ့များက ယနေ့နံနက်၄း၃၀နာရီတွင် အကြမ်ဖက်စကစ၏ ထောက်တိုင်ဖြစ်သော မြို့မရဲစခန်း၊ ထွေအုပ်ရုံးနှင့်ဌာနဆိုင်ရာအသီသီးတို့တွင် နေရာယူထားသော စကစတပ်သားများအား ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲအနေအထားမှာ ပြင်းထန်ပြီးစကစဘက်မှ၁၂၀မမလက်နက်ကြီးဖြင့် စစ်ရေးပစ်မှတ်မဟုတ်သော ဘုန်းကြီးကျောင်းများ ဗလီများနှင့် လူနေရပ်ကွက်များထဲသို့ အကြောင်းမဲ့ပစ်ခတ်ခဲ့ရာ အမှတ်၃ရပ်ကွက်မဏိရတနာစာသင်တိုက်တွင် လက်နက်ကြီးကျည်၃လုံးထိမှန်ခဲ့ကာ ကိုရင်တစ်ပါးဒဏ်ရာရ၍ သံဃာတော်တစ်ပါးပျံလွန်တော်မူသွားခဲ့ပြီး အဆောက်အဦးအတော်များများ ပျက်စီးသွားခဲ့ပါတယ်"လို့ဆိုပါတယ်။
ထို့အပြင်အမှတ်(၆)ရပ်ကွက်မှ ပြည်သူနှစ်ဦးလည်း အိမ်ပေါ်သို့လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲသဖြင့် ပွဲချင်းပြီးသေဆုံးကာ ကလေးတစ်ဦးဒါဏ်ရာပြင်းထန်ရပြီး မကြာခင်ဆုံးသွားခဲ့ပါတယ်လို့သိရပါတယ်။
========================
📌📌 ၆။ အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လိူင် မြင်းခြံစစ်တပ်နှင့် အမှတ် (၁)သံမဏိရောက်ရှိနေချိန် မြင်းခြံမြို့အခြေစိုက် ခမရ(၁၅)တပ်ကို ဒရုန်းနဲ့ဗုံးကြဲချ
ဇွန်လ၂
အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လိူင် မြင်းခြံစစ်တပ်နှင့် အမှတ် (၁)သံမဏိရောက်ရှိနေချိန် မြင်းခြံမြို့အခြေစိုက် ခမရ(၁၅)တပ်ကို ဒရုန်းနဲ့ဗုံးကြဲချခဲ့တယ်လို့ ဆိုပါတယ်။
မေလ၃၁ရက်နေ့ မနက်ပိုင်းအချိန် အကြမ်းဖက် စစ်ခေါင်းဆောင်(မင်းအောင်လိူင်) မြင်းခြံစစ်တပ်နှင့် အမှတ် (၁)သံမဏိရောက်ရှိနေသော သတင်းအရ Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်းမှ တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
"မန္တလေးတိုင်းမြင်းခြံခရိုင် မြင်းခြံမြို့အခြေစိုက် ခမရ(၁၅)တပ်အား Natogyi People Defence Force မြင်းခြံခရ်ိုင်အမှတ်(၄)တပ်ရင်း မှ ဝေဟင်တိုက်ခိုက်မူ တစ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။ မေလ၃၁ရက်မနက် (11:45) မိနစ်အချိန်တွင် အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လိူင် မြင်းခြံစစ်တပ်နှင့် အမှတ် (၁)သံမဏိရောက်ရှိနေသောသတင်းအရ Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်းမှ သွားရောက်တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
အဆိုပါတိုက်ခိုက်မူတွင် စကစဘက်က ၇ဦးသေဆုံးပြီး (၈)ဦးဒဏ်ရာရရှိလို့ဆိုထားပါတယ်။
အဆိုပါတိုက်ခိုက်မူတွင် Natogyi People Defence Force မြင်းခြံခရိုင်အမှတ်(၄)တပ်ရင်း နှင့်အတူMyingyan District Drone Strike Team ၊မြင်းခြံခရိုင်တပ်ရင်းအမှတ် (၁)၊ မြင်းခြံခရိုင်တပ်ရင်းအမှတ် (၃)၊ မြင်းခြံခရိုင်တပ်ရင်းအမှတ် (၈)တို့မှ ပူးပေါင်းဆောင်ရွက်တိုက်ခိုက်ခဲ့ပါတယ်။
========================
📌📌 ၇။ ချောက်မြို့နယ်၊ အမှတ် (၁၁) နယ်မြေ၊ ဗဟိုကွက်သစ်ရပ်၊ သာသနာ့ဗိမ္မာန် အနီး၌ ကပစ (၂၁) မှ တပ်ကြပ်ကြီးရှင်းလင်းခံရ
ဇွန်လ၂ရက်
ချောက်မြို့နယ်၊ အမှတ် (၁၁) နယ်မြေ၊ ဗဟိုကွက်သစ်ရပ်၊ သာသနာ့ဗိမ္မာန် အနီး၌ ကပစ (၂၁) မှ တပ်ကြပ်ကြီးရှင်းလင်းခံရတယ်လို့ ဇွန်လ (၂) ရက် “ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ချောက်မြို့နယ် (ပကဖ) ကအသိပေးဖော်ပြပါတယ်။
" ဇွန်လ (၂) ရက်နေ့ မနက် (၉) နာရီခွဲခန့်တွင် ချောက်မြို့နယ်၊ အမှတ် (၁၁) နယ်မြေ၊ ဗဟိုကွက်သစ်ရပ်၊ သာသနာ့ဗိမ္မာန် အနီး၌ ကပစ (၂၁) မှ တပ်ကြပ်ကြီး အောင်သူတင့် (ခ) တိုက်ကြက် အား မဟာမိတ် အင်အားစုများနှင့် ပူးပေါင်း၍ အောင်မြင်စွာ သုတ်သင်ရှင်းလင်းနိုင်ခဲ့တယ်"လို့ဆိုပါတယ်။
ကပစ (၂၁) ၏ အဝယ်တော် အောင်သူတင့် (ခ) တိုက်ကြက်သည် ကပစ (၂၁) မှ စကစဗိုလ်
ကြီးရန်နိုင်၏ တပည့်အရင်းဖြစ်ပြီး အောင်သူတင့် (ခ) တိုက်ကြက်သည်တပ်ကြပ်ကြီး တစ်ယောက်ဖြစ်တယ်လို့ဆိုပါတယ်။
တပ်ကြပ်ကြီး အောင်သူတင့် (ခ) တိုက်ကြက် ကို သုတ်သင်ရှင်းလင်းရာတွင် ၎င်းနှင့်အတူ လျှို့ဝှက် စာရွက်စာတမ်းများနှင့် ဆက်စပ်အသုံးအဆောင်များ သိမ်းဆည်းရမိတယ်လို့ဆိုပါတယ်။
========================
📌📌 ၈။ မကွေးခရိုင်အမှတ်၂တပ်ရင်းအတွက်"အညာမြေအတွက် RPG တစ်လက် ကမ်ပိန်း"စတင်
ဇွန်လ၂ရက်
မကွေးခရိုင်အမှတ်၂တပ်ရင်းအတွက်"အညာမြေအတွက် RPG တစ်လက် ကမ်ပိန်း"စတင်ပြီဖြစ်ကြောင်းသိရပါတယ်။
ဇွန်လ၂ရက်နေ့မှာ မကွေးခရိုင်အမှတ်၂တပ်ရင်းရဲ့ Fundrising Teamကအသိပေးကြေညာပါတယ်။
"အခုကမ်ပိန်းလေးကတော့ ကျနော်တို့မကွေးခရိုင်အမှတ်၂တပ်ရင်းရဲ့ Fundrising Teamကနေ စီစဥ်ပြုလုပ်တဲ့ RPGတစ်လက်ဝယ်ယူနိုင်ရေး သိန်း၃၀၀ မဲကမ်ပိန်းလေးပါ။ ကျနော်တို့မကွေးခရိုင်အမှတ်၂တပ်ရင်းအနေနဲ့ မကွေးခရိုင်အတွင်း ထိန်းချုပ်နယ်မြေရရှိနိုင်ရေးကြိုးပမ်းရာမှာ စကစစစ်ကြောင်းများအား ခုခံကာကွယ်ရန်နဲ့ စစ်ဆင်ရေးများဆောင်ရွက်ရန်အတွက် RPG တစ်လက်အရေးပေါ်လိုအပ်နေတာကြောင့် အခုလို ကမ်ပိန်းလေးကို စီစဥ်ပြုလုပ်လိုက်တာ ဖြစ်ပါတယ်"လို့ဖော်ပြပါတယ်။
RPGဝယ်ယူရေးကမ်ပိန်းမှာ မဲလက်မှတ်အစောင်ရေ ၁၅၀၀ ကို တစ်စောင်ငွေကျပ်၂၀၀၀၀နှုန်းနဲဇွန်လ၁ရက်နေ့မှ ဇူလိုင်၃၁ရက် နေ့အထိ ကမ်ပိန်းကာလ ၂လအတွင်း ဝယ်ယူအားဖြည့်နိုင်ပါတယ်။
ပါဝင်အားဖြည့်ပေးကြတဲ့ပြည်သူတွေကို ရဲဘော်တစ်ဦးရဲ့ သိန်း၄၀ ခန့်တန်ကြေးရှိတဲ့ Super Four (Honda CB400SF) ဆိုင်ကယ်တစ်စီးအား မဲဖောက်ပေးသွားမှာလည်းဖြစ်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment